Showing posts with label အခန်းဆက် ၀တ္ဌုရှည်. Show all posts
Showing posts with label အခန်းဆက် ၀တ္ဌုရှည်. Show all posts

Sunday, June 6, 2010

တံလျှပ်ရွှေပြည် အပိုင်း (၁၀)

အဖေ့ခေါ်သံကြောင့် အိပ်ချင်မူးတူး မှုန်တေတေနှင့်ထွက်လာသော မိန်းခလေးကိုကြည့်ရင်း ဘယ်မှာ တွေ့ဖူးပါလိမ့်….ဟု ကိုမျိုးနိုင်က သူ့မှတ်ဉာဏ်ကို ပြန်လည်မေးခွန်း ထုတ်နေရသည်။

သည်လို မှုန်တေတေနှင့် စက်ရုပ်ဆန်ဆန် တုန့်ဆိုင်းဆိုင်း လျှောက်ဟန်ကလေး…သူ ဘယ်မှာ မြင်ဖူးခဲ့ပါလိမ့်။

“သမီး၊ ဒ်ီမှာလေ ကိုမြင့်နိုင်တဲ့။ သမီးအကိုက သမီးနဲ့ စကားခဏ ပြောမလို့တဲ့”

“ဟုတ်ကဲ့” ဟု တိုတုတ်တုတ်ပြောကာ ကလေးမက ခပ်ဆိတ်ဆိတ်ပဲ ခေါင်းငုံ့ကာ ငုတ်တုတ်ထိုင်နေသည်။

“ညီမ၊ ကျောင်းဆက်တက်ချင်တယ်ကြားလို့လေ။ အဲဒါ အမေရိကန်သံရုံးမှာ သင်တန်းလေးတွေရှိတယ်။ တက်ချင်ရင် အကို စီစဉ်ပေးမလို့”

“ဘယ်အချိန်တက်ရမလဲ။ ကျမက တစ်ပတ်မှာ ၆ ရက်က ကုမ္ပဏီအလုပ်လုပ်ရတယ်။ ညနေ ရုံးဆင်းရင် ၀ိုင်းကျူရှင် ၀င် သင်ပြီး အမြဲတမ်း ည ကိုးနာရီ တခါတလေ ကားအဆင်မပြေရင် ည ဆယ်နာရီမှ အိမ်ပြန်ရောက်တာ။ မနက်ဆို ရုံးကို ကိုးနာရီရောက်ဖို့ အိမ်က ခုနစ်နာရီခွဲက စထွက်ရတာ။ ဘယ်အချိန် သံရုံးသွားရမလဲ”

ကောင်မလေးက သူ့ကို ပြောနေသလား…ဒါမှမဟုတ် သူ့မကျေနပ်ချက်ကို သူ့ဖာသာသူ ရေရွတ်မြည်တမ်းနေသလား ဝေခွဲမရ နိုင်သည့် အသံဖြင့် ခပ်လေးလေးပြောနေသည်။ ကိုမျိုးနိုင် အတန်ကြာအောင် ငိုင်တွေကာ ဘာပြောရမှန်းမသိတော့ဘဲ ဦးခင်စိန်လှိုင်ကိုကြည့်တော့ ဦးခင်စိန်လှိုင်က တခြားကို အကြည့်လွှဲထားလို့…

“အလုပ်ချိန်…..” လျှော့လို့ မရဘူးလား… ဟုမေးလိုက်လျှင် ကိုယ်က မသိသားဆိုးဝါးသူဖြစ်ပေတော့မှာမို့ ကိုယ့်လျှာကို ကိုက်ကာ ပြန်ထိန်းလိုက်ရသည်။ ဦးခင်စိန်လှိုင်၏ဇနီး၊ ခင်ခင်လေး၏အမေ ဒေါ်မြလေးက အနားကပ်လာထိုင်ရင်း သမီးကို ကြည့်ကာ ငြိမ်သက် တိတ်ဆိတ်လို့….

“ကျူရှင်ပြတာ လျှော့လိုက်လို့မရဘူးလားညီမ…” ဟု ခပ်တိုးတိုးပြောတော့ ရယ်ရန်ကြိုးစားလိုက်သော နှုတ်ခမ်းက မျဉ်းကွေးချိုးကာ ငိုမဲ့မဲ့…

“တပတ်ကို ၂ ရက်မှာ တရက်ပဲ တက်နိုင်အုန်းတော့ Native Speaker တွေနဲ့ ပြောရ တော့ သူတို့ရဲ့ accent ကို ရတာပေါ့။ ထူးချွန်ရင် ထူးချွန်သလို အဝေးရောက်ဘွဲ့တွေ ဘာတွေ ယူဖို့တို့ တခြားအခွင့်အလမ်းတွေလည်း ရလာမယ်။ စကော်လာရရင် ညီမ နိုင်ငံခြားမှာ ပညာဆက်သင်ချင်တဲ့ကိစ္စလည်း ဖြစ်လာဖို့ နီးစပ်မယ်မဟုတ်လား။ စာကြည့်တိုက်မှာ ကိုယ် ဖတ်ချင်တာဖတ်လို့ရမယ်။ အင်တာနက် သုံးခွင့်ရတယ်။”

“ကျမ သိပါတယ်။ ဒါပေမဲ့ ကိုမျိုးနိုင်မသိတာက ကျမ တရက်မှကို အလုပ်ဖျက်လို့ မဖြစ်ဘူးဆိုတာပဲ။ အလုပ်လည်း ဖျက်ရ မယ်။ ခရီးစရိတ်လည်း ထပ်ကုန်မယ့် အလုပ်တခုကို ကျမ စိတ်ကူးယဉ်ဖို့ အချိန်လည်း မရှိဘူး။ ကျမကို ကူညီချင်တာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျမ အခုမအိပ်ရင် မနက်ကျ အလုပ်ထဲမှာ ခေါင်းမူးနေမှာမို့လို့ သွားအိပ်တော့မယ်”

ခင်ခင်လေးက ပြောပြောဆိုဆိုနှင့်ပင် ပြိုတော့မည့်မိုးလို ညိုအုံ့နေသည့် မျက်နှာလေးကို တိုနံ့နံ့ဆံစတို့နှင့် ဖုံးအုပ်ရန် ကြိုးစား ငဲ့စောင်းလျှက်က စကားဝိုင်းမှ ထရန်ပြင်တော့သည်။ သည်အချိန်မှာပဲ သူ့နားမှာ ပိတ်ထိုင်နေသည့် သူ့အမေခြေထောက်ကို သတိထားမိသွားကာ ခြေလှမ်းတို့ တုန့်ရပ်သွားလေသည်။

“အမေ့ ခြေထောက်ကြီးက ဘာဖြစ်နေတာလဲ”

ဒေါ်မြလေးက ကမန်းကတန်း ခြေထောက်ကို လုံခြည်နှင့် ပြန်အုပ်ဖို့ပြင်သည်။ ခင်ခင်လေးက ဇိုးဇိုး ဇတ်ဇတ်နှင့် လုံခြည်ကို ပြန်ဆွဲလှပ်သည်။ ဒေါ်မြလေး၏ ခြေထောက်အစုံက ယောင်အမ်းကာ ညို မည်း၍ပင်နေလေပြီ။

“အမေ၊ အဲဒါ ဘာဖြစ်နေတာလဲ။ ဘာလို့ အဲဒီလောက်တောင် ယောင်နေရတာလဲ။ ဆရာဝန်ဆီ မသွားဘူးလား”

အမေ့ကို စိုးရိမ်သော အသံသည်ပင်လျှင် အမိန့်သံနှယ် မာထန်လှသော်လည်း မှုန်တေတေ မာကျောကျော မျက်နှာပေါ်မှာ အမေ့အတွက် စိုးရိမ်စိတ်တွေကလည်း ယှက်သန်းပျက်ယွင်းလို့။ အမေကလည်း အပြစ်လုပ်ထားသည့် ကလေးတယောက် ဆရာရှေ့မှာ ခိုးထုတ်ခိုးထည်နှင့် မိထားသည့်နှယ် မျက်နှာချိုသွေးကာ ရယ်ပြနေရင်း ဆင်ခြေပေးသည်။

“ဘာမှ မဖြစ်ပါဘူး သမီးလေးရဲ့။ သွေး လေ အလျှောက်နည်းလို့ ဖြစ်တာထင်ပါရဲ့။ အမေ အဖောကျအောင် နရံ့ပတူရွက်တွေ သုတ်စားပါတယ်။ ရေနွေးပြုတ်ပြီးတော့လည်း ရေချိုးမလို့”

“လာပြန်ပြီ..တခါလာလည်း ဒီဆေးမြီးတို၊ အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ပေါက်နေရအုံးမယ်။ မနက်ဖြန် ဆရာဝန်ဆီသွား။ ကျနော့်ကို ထပ်ပြီး စိတ်မောစရာဖြစ်အောင် မလုပ်ကြပါနဲ့။ တောင်းပန်ပါတယ်”

အဖျားခတ်ကာ တုန်ရင်သွားသည့် အသံကိုထိန်းရင်း ကောင်မလေး ဘောက်ဆတ် ဘောက်ဆတ်နှင့် ထွက်သွားစဉ်မှာ ဟိုးတလောက ကားပေါ်မှာ ခြေထောက်အနင်းခံရပြီး မျက်ရည်ကျနေခဲ့သော ကောင်မလေးတယောက်ကို ပြန်သတိရ လာသည်။ သေချာတာပေါ့။ အဲသည်ကောင်မလေးဟာ သည် မိန်းကလေးပါပဲ။

ကောင်မလေးထွက်သွားတော့ ကိုမျိုးနိုင်က ဒေါ်မြလေး၏ ခြေထောက်ကို သေချာကိုင်တွယ်ကြည့်ရှုသည်။ တကယ်ကို ဆရာဝန်ဆီ သွားသင့်နေသော အခြေအနေပါ။ ခြေထောက်က နဂိုရ်အရောင်ပင် မရှိတော့ဘဲ ပြာနှမ်းနှမ်းဖြစ်ကာ သာမန် ယောင်တာနှင့်မတူတော့ဘဲ အသားတွေ ပျက်စီးနေသည့်ပုံမျိုး ဖြစ်နေသည်။ အထဲကသာ ပျော့အိနေသည့်တိုင် အရေပြား ကတော့ ရေမရသည့် လယ်မြေတွေမှာ ပတ်ကြားအက်သလို ကွဲကြောင်းတွေအထင်းသားနှင့်။

“ဟုတ်သားပဲ၊ အဒေါ်..ဆေးခန်းလေး ဘာလေး ပြမှဖြစ်မယ်နော်။ ဒီအတိုင်းနေလို့ မဖြစ်ဘူး”

“အင်း….” ဟု ဒေါ်မြလေးက သံရှည်ဆွဲလိုက်ပြီးမှ

“အစကတော့ ရိုးရိုးဆေးခန်းကို တခါ နှစ်ခါလောက် သွားပါသေးတယ်။ ဒါပေမယ့် ခဏပဲ၊ ပြန်ပြန်ဖြစ်လာတော့ ဒီ ရပ်ကွက် ထဲက ဆေးခန်းက ဆရာဝန်လေးက အထွေထွေသမားတော်နဲ့ သွားပြပါလို့ ပြောတယ်။ မြို့ထဲက ဆေးခန်းကြီးတွေသွားရင် ပိုက်ဆံက သောင်းနဲ့ချီကုန်မှာလေ။ သမီးတယောက်တည်း လုပ်စာနဲ့ တအိမ်လုံး လည်ပတ်နေရတာမို့လား။ ဒီကြားထဲ သားက ဗွေဖောက်လိုက်၊ အကြီးမက ဆေးကုရလိုက်နဲ့ဆိုတော့ သမီးလေးလည်း ငွေရှာဖို့သက်သက် လူဖြစ်နေရသလိုမို့လို့ အဒေါ် လည်း ဆေးမြီးတိုတွေနဲ့ ကောင်းရင်လည်း ကောင်းမှာပါဆို နေနေခဲ့တာလေ”

“ဘယ်ဟုတ်ပါ့မလဲ အဒေါ်ရယ်။ အရင်ဆုံးတော့ ဘာကြောင့် ဒီလို ယောင်လာသလဲဆိုတာ သေချာသိအောင် လုပ်မှရမှာ ပေါ့။ ရမ်းသမ်းလုပ်နေရင် အခုနက ညီမ ပြောသွားသလိုပဲ အပ်နဲ့ထွင်းရမှာ ပေါက်ဆိန်နဲ့ပေါက်နေရမှာပေါ့။ နောက်ဆုံး ဘားလမ်းက ကုသိုလ်ဖြစ် မွတ်စလင် ဆေးရုံပဲဖြစ်ဖြစ် သွားလိုက်သင့်တာပေါ့။ ကျနော် လိုက်ပို့မယ်။ မနက်ဖြန်ကျရင်”

“မနက်ဖြန်ကျရင် နယ်က ပို့လာတဲ့ ပစ္စည်းလေးတွေ ထွက်ရောင်းမလားလို့ စိတ်ကူးနေတာ…”

“အဒေါ်၊ ဒီလောက်ယောင်ကိုင်းနေတဲ့ ခြေထောက်နဲ့ ဘတ်စ်ကားတိုးစီးအုန်းမယ်။ မဖြစ်ဘူး။ လုံးဝ အဲဒါတော့ မဖြစ်ဘူး။ အဒေါ့်သမီးနဲ့ တိုင်လိုက်မယ်နော်”

သည်တော့မှ ဒေါ်မြလေးက ရယ်ကျဲကျဲနှင့် လက်ခံသည်။ အိမ်ကို အဓိက ဦးဆောင်နေသူ သမီးကိုတော့ မိဘနှစ်ပါးက အရေးထားပုံပင်။

အင်း…ကောင်မလေးရဲ့ မှုန်တေတေ မလှုပ်တချက်နဲ့ သံပတ်ပေးထားသည့် စက်ရုပ်ကလေးလို လှုပ်ရှားနေရလောက် အောင် ပိနေသည့် ၀န်ထုတ်တွေနဲ့ မျိုသိပ်ချုပ်တည်း ထားရသည့် ကိုယ်ပိုင်ဆန္ဒတွေကို ကိုမျိုးနိုင် နားလည်လိုက်ရသည်။ ပညာသင်ချင် သည့်စိတ်ကိုပင် ချုပ်တည်းလျှက် အချိန်မပေးနိုင်ရှာ။ စောစောအိပ်မယ်..ဆိုကာ ၀င်သွားသည့်တိုင် အခုမှ မြင်လိုက်ရသည့် အမေ့ခြေထောက်ကို စဉ်းစားရင်း အိပ်မှ ပျော်ပါတော့မလားမသိ။

“ကဲ…ကျနော်လည်း ပြန်မှပဲ။ ကားတွေက နောက်ကျရင် ဈေးအရမ်းကြီးလာတာဗျ။ မနက်ဖြန်ကျရင်တော့ အဒေါ် အသင့် လုပ်ထားနော်။ ကျနော် မနက် ရှစ်နာရီလောက် လာခေါ်မယ်။ နေ့ခင်းဘက် သွားစရာလေးရှိလို့ စောစောသွားထားရအောင် လို့လေ”

ဦးခင်စိန်လှိုင်ကတော့ နဂိုရ်က လူအေးဖြစ်တာရော… သူဘာမှ ဖြည့်ဆည်းစွမ်းဆောင်မပေးနိုင်တာရောကြောင့် ထင်သည်။ တုံဏှိဘာဝေ နှင့် အဝေးသို့သာ မျက်နှာလွှဲထားလေသည်။

♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦♦

တနှစ်ပြီးတနှစ် တိုးမြှင့်ကောက်ခံနေသည့် အိမ်စပေါ်ကတမျိုး...အလုပ်ကို ဆားမြည်းသလို မြည်းကာ ဘယ်တော့မှ အလုပ်မမြဲသည့် အမတယောက်၏ ကျန်းမာရေးစရိတ်စကတွေ...နေ့စဉ် တအိမ်သားလုံးလည်ပတ်နေသည့် စား၊ ၀တ်၊ နေမှုနှင့် သာရေးနာရေးစရိတ်ဆိုတာတွေက မိသားစုကိုယ်ပိုင် ၀င်ငွေဖြင့်သာ ဖြေရှင်းရမည့် ကဏ္ဍတွေဖြစ်နေပြန်သည်။
လူတယောက်...ဒါမှမဟုတ် မိသားတစုကို အဆင့်တခု ရောက်အောင် မြှင့်တင်ပေးဖို့ လက်ကမ်းသူက ကမ်းသည့်တိုင် လက်လှမ်းမည့် အကွာအဝေးက ဟ,လွန်းအားကြီးနေပါက ကမ်းနေသည့် လက်ကို လှမ်းဆွဲဖို့ရာပင် မလွယ်ပါလား...ဟု တွေးကာ ကိုမျိုးနိုင် သက်ပြင်းတချက်ကို ချဖြစ်သည်။

ဒါက သည်တမိသားစုတည်းပဲ ရှိသေးသည်။ ဗမာပြည်ထဲမှာ သည်လိုပဲ လက်လှုပ်မှ ပါးစပ်လှုပ်ရသည့် မိသားစုတွေ ဘယ်လောက်များ ဖြစ်နေပြီလဲ...တွေးသည့်အခါ ရင်ထဲမှာ မွန်း ကျပ်လာသလို...ဒေါသတွေနဲ့လူပဲ သတ်ချင်လာ သလိုလို...

ကားဂိတ်ရောက်အောင် လျှောက်ရသည့်လမ်းက အမှောင်။ ဘတ်စ်ကားဂိတ်ရောက်တော့လည်း အမှောင်...။ သည် အမှောင်ကမ္ဘာထဲမှာ အိမ်ပြန်ရန် ကားစောင့်နေသူအားလုံးကတော့ နွမ်းလျမျက်နှာတွေနှင့်။ ထမင်းတလုပ်စားဖို့ နေမထွက် ခင် အိမ်ကထွက်ခဲ့ကြရပြီး နေ၀င်ချိန်မှာတောင် အိမ်ပြန်မရောက်နိုင်သေးသည့် အလုပ်သမားတွေ...ပညာတတ်ရော ပညာ မဲ့ရော...၀န်ထမ်းမှန်သမျှ လမ်းမ ပေါ်က တိုက်ရိပ်အမှောင်ထုမှာ ညပ်ကြပ်နေသည့် အချိန်မှန် မထွက်သော ဘတ်စ်ကား တွေကို ၀မ်းဗိုက်ဟောင်းလောင်းနှင့်မျှော်နေကြရသည်။ ကားလာလျှင် ပန်းသမျှ ပြေစေဖို့ရယ်လို့ ခုံလေး တနေရာစာအတွက် အတင်းတိုးတိုက်ကာ တက်ကြလိမ့်မည်။

တချို့က အဲသည်လို ထိုင်ခုံတနေရာစာအတွက် တိုးကြိတ်လုနေတာကို အပြစ်မြင်သလို ရှုတ်ချကြသည်။ ကိုမျိုးနိုင်ကတော့ အဲသည်လို မမြင်ရက်။ မပြောရက်ပါ။ အလုပ်ကြမ်းသမား ယောက်ကျားရင့်မာကြီးတွေပေမယ့် သူတို့မှာရှိတဲ့အားကို မမျှတဲ့ ၀န်တွေ ထမ်းဆောင်ဖို့ အာဟာရမဖြစ်တဲ့ အစာတွေကိုသာ စားပြီး လုပ်သင့်တဲ့အချိန်ထက် အများကြီး လုပ်ခဲ့ကြရတာ။

သည်တော့ သူတို့လည်းပဲ သက်တောင့်သက်သာ အနားယူလိုသည်ကို အပြစ်မြင်သင့်သည် မထင်။

သည်အမှောင်ထဲမှာ အရက်သမား အုပ်တအုပ်လည်း ရှိသည်။ ခြင်းလေးတွေနှင့် အဖြူအစိမ်း ယူနီဖောင်းဝတ် ဆရာမလေး တွေလည်း ရှိသည်။ သူတို့လို နိုင်ငံရေးသမားတွေလည်းရှိသည်။ စတိုးဆိုင်တွေမှာ ညဆိုင်းဆင်းပြီး ပြန်လာကြသည့် ပုဂ္ဂလိကအရောင်းစာရေးမလေးတွေလည်း ရှိသည်။

သည်လို ရောက်တတ်ရာရာတွေ တွေးနေတုန်း သူ့နားကို လူရိပ်တခု အရမ်းကပ်လာသည့်အတွက် ဆတ်ကနဲ လှည့်ကြည့် မိတော့ မိန်းမငယ်လေးတယောက်။ သူ့ကို တခုခုပြောလိုဟန်နှင့် စိုက်ကြည့်နေသည်။
သူ့နဖူးထက်မှာ မှဲ့နက်အသီးကြီးက ထင်းလို့…။

“အကိုကြီး ကျမကို ခေါ်သွားပါလားဟင်…” ဆိုသည့်အသံက ခပ်တိုးတိုး။

ရင်ထဲမှာ နင့်ကနဲ လှိုက်တက်သွားရသည်။

သူ့ကြည့်ရတာ၊ အသစ်လား…အလုပ်မဖြစ်၍ စိတ်ပျက်အားငယ်နေသည်လား…တကယ်လို့ သည်ည ပိုက်ဆံ မရလျှင် သူ့ကို မှီခိုနေသူ တယောက်ယောက်အတွက် အန္တရာယ်ရှိသည့် အခြေအနေမှာလား… ပျော်လို့ သည်လိုလုပ်နေတာ မဟုတ်တာ…ဒါမှမဟုတ်..သည်အလုပ်မှာ ပျော်မွေ့နစ်မွန်းနေသည့် အသံမျိုး မဟုတ်တာတော့ သေချာလွန်းလှသည်။

“ကျမ ဒီအလုပ် လုပ်နေကျမဟုတ်ပါဘူးရှင်။ ကျမကို ခေါ်သွားပါနော်…”

“မင်း ဘယ်မှာနေလဲ”

“ထောက်ကြံ့ဘက်မှာပါ။ ကျမ ဒီက မဟုတ်ဘူးရှင့်။ နယ်ကပါ။ သူငယ်ချင်းအိမ်မှာ ခဏလာတည်းတာပါ။ အကိုကြီးခေါ်တဲ့ ဆီကို လိုက်ပါ့မယ်။ ခေါ်သွားပါနော်”

ထိုစဉ် မြေနီကုန်း ကားတစ်စီး ဆိုက်လာသည်။

“ကဲ လာ၊ လိုက်ခဲ့”

ဆိုပြီး သူက ကောင်မလေးကို ကားပေါ် အရင်တွန်းတင်လိုက်ပြီး ကောင်မလေးနှင့် ကပ်လျှက်နေရာမှာ သူမတ်တပ်ရပ်ကာ တွယ်စီးလိုက်သည်။ ကားပေါ်မှာ နေရာလွတ်တော့ ကောင်မလေးဘေးမှာ ၀င်ထိုင်ရင်း တိုးတိုးမေးလိုက်သည်။

“မင်း ဘယ်လောက်ကြာပြီလဲ၊ ဒီအလုပ်လုပ်နေတာ။”

ကောင်မလေးက မဖြေ။

“ငါမေးတာကို ဖြေလေ။”

“ဟုတ်ကဲ့ရှင့်” ဆိုသည့်အသံက ငိုသံစွက်နေသလို အဖျားခတ်တုန်ရီလျှက်…

“ဒီလို အချိန်မျိုး ဒီလိုနေရာမျိုးမှာ ပိုက်ဆံတပြားမှ မရဘဲ မင်းပါသမျှလုသွားမဲ့သူတို့ ပိုက်ဆံမပေးဘဲ မင်းကို အနိုင်ကျင့် သွားမယ့်သူတို့နဲ့ တွေ့နိုင်တယ်လို့ရော မင်း တခါမှ တွေးမကြည့်ဖူးဘူးလား”

“အဲလို လူမျိုးတွေနဲ့လည်း ကြုံဖူးခဲ့ပါတယ်ရှင်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ၊ ကျမ ပိုက်ဆံရမှ ဖြစ်မယ်။”

ဆက်မမေးရက်တော့။ စပယ်ယာ၏ လူခေါ်သံ ပိုက်ဆံတောင်းသံတွေကြားမှာ ပြွတ်သိပ်နေသည့် လူတွေကြောင့် ညီးစီစီ ဖြစ်လာသည်ဟု သူထင်မိသည်။

မြေနီကုန်းရောက်ခါနီးမှ အိပ်ထဲ ပါသမျှ အားလုံးနီးပါးကို ဆွဲထုတ်ကာ ကောင်မလေးလက်ထဲ ထိုးထည့်လိုက်သည်။ နောက် မြေနီကုန်းသို့ရောက်သောအခါ ကောင်မလေးက ပိုက်ဆံတွေကို ကျစ်နေအောင် ဆုပ်ထားရင်း သူ့ကို ပြူးကြောင် ကြောင်နှင့် ကြည့်နေလေသည်။

“သိမ်းလိုက်လေ” လို့ တိတ်တိတ်ကြိတ်ဆိုမှ သူ့ ရင်ဘတ်ကြားထဲက ပိုက်ဆံအိပ်သေးသေးလေးကို ဆွဲထုတ်ပြီး ပိုက်ဆံတွေကို ထိုး သိပ်ထည့်သည်။ ပြီးတော့ သူ့ကိုမျက်လုံးရွဲကြီးတွေနှင့် မ၀ံ့မရဲ ကြည့်လာသည်။

သူက- မင်း အိမ်ကို တန်းတန်းမတ်မတ်ပြန်တော့ ညီမလေး။ သိပ်ဉာဥ့်နက်နေပြီ…ဟု ပြောသောအခါ ကောင်မလေး မျက်ရည်တွေ ၀ဲတက်လာသည်။ တဆတ်ဆတ်တုန်နေသည့် နှုတ်ခမ်းလေးက ဘာစကားမှ မဆိုနိုင်။

♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦♦

Saturday, May 15, 2010

တံလျှပ်ရွှေပြည် အပိုင်း (၉)

နတ်..ဆိုတာ တကယ်ရှိရဲ့လား…
ဟု မေးတိုင်း အမေက ရှိတာပေါ့သမီးရဲ့၊ မရှိဘဲနဲ့ ရှေးလူကြီးတွေက ဒီအစဉ်အလာကို ထားခဲ့ပါ့မလား…ဟု ပြန်ဖြေလေ့ရှိပါသည်။

အိမ်မှာ ဦးရှင်ကြီးတင်သည့်အခါ…အိမ်တွင်းမင်းမဟာအတွက် အုန်းလဲသည့်အခါ ၀ါအ၀င်မှာ (၃၇) မင်းနတ်ကို ပ,သ သည့်အခါမျိုးတွေမှာဖြစ်သည်။ ညနေ မှောင်ရီသန်းလို့မှ အိမ်တွင်းအုန်းကို ကန့်လန့်ကာအနီစလေးနှင့်ဆွဲမပိတ်မိလျှင် နီးရာလူတော့ နားကွဲအောင်အမေဆူပြီသာ မှတ်ပေတော့။

ဝင်းဝင်းမာ တခု မသိတာက မီးကိုကြောက်သော အိမ်တွင်းမင်းမဟာမောင်နှမတတွေကို မီးနှင့်အရောင်ဆင်သည့် အနီ ရောင်နှင့်တော့ ဘာဖြစ်လို့ ကာပေးကြတာလဲဆိုတာပါပဲ။ တကယ်ဆို အနက်ရောင်တို့ အဖြူရောင်တို့နှင့် ကာသင့်သည် မဟုတ်လား။

ဝင်းဝင်းမာနှင့် တင်တင်တို့က အသိတအိမ်က နတ်ကန်တော့မလို့ လာကူပါဆိုတာနှင့် ၀င်းဝင်းမာနှင့် တင်တင်တို့ ရပ်ကွက် ကျော်ပြီး အေဘီရပ်ကွက်ထဲ ရောက်နေတာပါ။ အဲဒီ အမနှင့်က ဈေးထဲမှာဆုံရင်း အသိမိတ်ဆွေဖြစ်နေကြကာ၊ မနေ့က ကုလားဈေးမှာ ဈေးဝယ်ရင်း မနိုင်မနင်းဖြစ်နေသည့် သူ့ကို ပစ္စည်းတွေ လိုက်သယ်ပို့ပေးတော့ သူက နတ်တင်မှာမို့ လာကူ ပါ။ လာလည်းစားပါဟု ခေါ်တာနှင့် ရောက်လာကြရတာ။ မုန့်ဖြူ၊ မုန့်နီကျော်၊ မုန့်ဆီကျော်ကြော်..လက်ဖက်သားတွေနှပ်၊ လက်ဖက်ရည်တွေဖျော်…တပျော်တပါးကြီး… မနှဲလေးအတွက် ဘဲဥနှစ်လုံးပြုတ်ပီးပီလားဟု အိမ်ရှင်၏သားကလေးက မေးနေသံလည်းကြားရသည်။

“သားက မမနှဲလေး ၀င်လာရင် သိပ်ပျော်တာလေ။ အနှီးထုပ်ထဲကတည်းကပေါ့။ အခုထိ မနှဲလေးအတွက် ဘဲဥမပါမှာကို သူက အမြဲ သတိထားတယ်။ အဲဒါကြောင့် မမနှဲကလည်း သူ့ကို စောင့်ရှောက်တာ”

“သူ့သားကို မမနှဲစောင့်ရှောက်တာ ဘယ်လိုသိလဲမသိဘူးနော်” ဟု တင်တင်က တိုးတိုးလေး ၀င်းဝင်းမာကိုမေးသည်။

ဝင်းဝင်းမာက အိမ်ရှင်ကြားသွားမှာစိုးသောကြောင့် တင်တင့်ကို မျက်လုံးပြူးပြကာ ဟန့်တားတော့ တင်တင်က လျှာတစ် လစ်နှင့် ပုခုံးတွန့်ပြသည်။

“နတ်ကတော်ပြောလို့ သိတာပေါ့ဟဲ့” ဟု ဘေးက ကြားသွားသည့် အသက်ခပ်ကြီးကြီး အမျိုးသားတဦးက ခပ်တိုးတိုး လှမ်းပြောသည်။ အသံက လှောင်ပြောင်လိုဟန်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ နတ်တွေက အငွေ့ပဲ စားစား၊ အနံ့ ရှူရုံပဲရှူရှူ..ငါတို့က မုန့်ဆီကြော်မစားရတာ နှစ်ပေါင်းများစွာ ကြာ နေပီ။ သူတို့ နတ်တင်မှပဲ စားရတာဆိုတော့ ဘာမှ လာပြောမနေနဲ့။ မုန့်လုံးရေပေါ်လေး လှအောင်လုံး။ မုန့်ဆီကြော်စားဖို့ ပါးစပ်ပြင်ထား။ ဒါပဲ” ဟုပြောကာ အနားမှ ထွက်သွားတော့ ၀င်းဝင်းမာက မျက်စောင်းထိုးပြီး ကျန်ရစ်ခဲ့သည်။

“သာပေါင်း ညာစား…ဆိုတာ ဒီလိုလူမျိုးပေါ့…” ဟု တင်တင် ကြားရုံ နှုတ်ခမ်းလှုပ်ပြီး အတင်းချလိုက်သေးသည်။

တင်တင်ကလည်း အေးလေ။ ယောက်ကျားကြီးတန်မဲ့နဲ့…ဟု ဆက်ဖြည့်သည်။

မနေ့ညက သည်အိမ်က အမ၏ ဖိတ်ကြားချက်ကို တင်တင်ရော ၀င်းဝင်းမာပါလက်ခံခဲ့ပြီးသည့်နောက် ညဘက်တွင် နတ် ဆိုတာနှင့်ပတ်သက်ပြီး ရှိတယ်..မရှိဘူး ဆွေးနွေးဖြစ်ကြသည်။ သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ။ သူတို့ အိမ်တွေ ကိုယ်စီမှာလည်း မိခင်တွေ သို့မဟုတ် မိခင်၏ မိခင်တွေ ကြီးဒေါ်တွေက နှစ်စဉ် နတ်ကိုးလေ့ရှိတာမျိုး အနည်းဆုံး အိမ်တွင်းအုန်းကို အခြောက်မခံဘဲ လဲတာမျိုးတွေကိုတော့ လုပ်ရိုးလုပ်စဉ် ပုံမှန် ကိစ္စတခုအဖြစ် သိနားလည်ထားခဲ့ကြသည်။

နတ်ဆိုတာ တကယ်ရှိမရှိနှင့် ဖိတ်ပြီဆိုလျှင်လည်း နတ်က အိမ်တိုင်းစေ့က ဖိတ်သမျှကို ဘယ်လိုကြွနိုင်သလဲ..ဟု တယောက်ကိုတယောက် မဖြေတတ်သော မေးခွန်းတွေကို ထုတ်ကာ ရယ်နေခဲ့ကြတာဖြစ်သည်။ မြန်မာပြည်မှာဆို နတ်ကဏ္ဍားရာသီတွင် တမြို့တည်းကပင်လုပ်သည့် တနေ့ထဲမှာလုပ်သည့် အိမ်ပေါင်းက ရာနှင့်ချီရှိနေ တာ။ တနေ့မှာ နတ်ကန္နားပွဲ တရာ တပြိုင်တည်းရှိလျှင် တပါးဆီ အလှည့်နှင့် ခွဲကာ ကြွကြစေဦးတော့ (၃၇) ပွဲမှာသာ တပြိုင်တည်း ကျင်းပနိုင်မှာပါ။ ဒါဖြင့် ကျန်သည့် (၆၄) ပွဲက နတ်နန်းတွေမှာ နတ်ကတော်တွေက အင်ထု နေတာကို ခံနေကြရတာ သေချာသည်။

အိမ်ရှင်တွေက နတ်ပင့်တတ်သည့် သူတို့မိတ်ဆွေကို လည်တရှည်ရှည်နှင့်မျှော်နေကြသည်။ နတ်ပွဲကျကို နည်းအမျိုးမျိုးနှင့် နှုတ်ခမ်းပြင်ကာ စောင့်နေသူတွေကလည်း အိမ်ရှင်ထက်ပင် စိတ်အားထက်သန်နေကြသေးတော့သည်။ ကိုကြီးကျော်ပွဲကျ အရက်ကောင်းကောင်းကို မျှော်နေသူ၊ အမေဂျမ်းအကျ လက်ဖက်ပွဲကို တွယ်မည့်သူ…သုံးဆယ့်ခုနစ်မင်းကျ လက်ဖက်ရည် ပေါ့စိမ့်လေးကို မျှော်နေကြသူ… မုန့်ဆီကြော်ကို မျက်စောင်းခဲပြီး သွားရည်တမြားမြားကျနေသူ…. အားလုံး အသင့်ဖြစ် နေသော် လည်း နတ်ပင့်တတ်သူက ရောက်မလာခဲ့။

ရောက်လာသူတွေက ကိုမျိုး ဆိုသူတို့ သုံးယောက်တတွဲ…

“ဟေး… ကိုမိုးကျော်… ခင်ဗျားတို့ မာမီ့ကို စောင့်နေတာဆို..ဗျ”

“ဟာ…မျိုးဟန်ဇော် လာ..လာ၊ ငါလည်း အလုပ်နည်းနည်းရှုပ်တာနဲ့ မင်းတို့ကို ခေါ်ဖို့မေ့သွားတယ်ကွာ။ ဟုတ်တယ်။ ငါတို့ မာမီ့ကိုစောင့်နေတာ။ ဒီကောင် ဒီညနေအမီ မဲဆောက်က ပြန်လာမယ်ပြောပီး ဘယ်လိုဖြစ်လဲမသိဘူး။ နောက်ကျ လိုက်တာ။ ဒီမှာ အားလုံးက အဆင်သင့်ဖြစ်နေပြီ။ သူပဲ လိုတော့တာ”

ကိုမျိုးဆိုသူ၏အမည်က မျိုးဟန်ဇော်…ဆိုတာ အခုမှ ၀င်းဝင်းမာ သိလိုက်ရသည်။ မော့ကြည့်လာသော ၀င်းဝင်းမာအား ခေါင်းညိမ့်ကာ ပြုံးလျှက် သူက နှုတ်ဆက်၏။

“ခင်ဗျားတို့ကလည်း နှစ်ပေါင်း ဒိလောက်ကြာပီ၊ နှစ်တိုင်းလုပ်နေတဲ့အလုပ်ကို အခုထိ ကိုယ့်ဖာသာကိုယ် မလုပ်တတ် သေးဘူးလားဗျ။ နတ်ပင့်တာပဲ။ နတ်တွေ နံမည်အကုန်တန်းစီခေါ်ပြီးတော့ စားဖို့ သောက်ဖို့ ကြွပါ ဆိုပြီးရောမဟုတ်လား။

ဘုရားဆွမ်းတော်တင်တော့ ကိုယ့်ဖာသာကိုယ် တင်တာပဲဟာ”

ကိုမျိုးနှင့်တွဲဘက် တယောက်ဖြစ်သော ကိုတင်ထွဋ်က အပြစ်တင်စကားကို ခပ်ဖော့ဖော့လေသံနှင့် ခံသာအောင်ပြောရင်း လက်ကလည်း ဒါက အပိုမို့လား…ဟို မေးမေး ကောက်ကောက်နှင့် မုံ့လုံးရေပေါ်တလုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်သေးသည်။

“အို ကိုတင်ထွဋ်ကလည်း၊ ဘုရားက တပါးတည်း။ နောက်ပြီး ဘာမဆို မေတ္တာနဲ့ ခွင့်လွှတ်တော်မူတယ်။ နတ်တွေကျတော့ မတူဘူး။ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း၊ ကိုးကွယ်နေပေမယ့် သူတို့ကို တပြိုင်တည်း နံမည်တွေ ဘယ်လိုလုပ် မှတ်မိပါ့ မလဲ။ နောက်ပီး သူတို့က လူ့ဘ၀ကတည်းက စိတ်တွေက ထက်သလားမမေးနဲ့၊ အမှားအယွင်းခံခဲ့ကြတဲ့သူတွေ မဟုတ်ဘူး။ ဒီတော့ ကိုယ်တော်တွေကို စိတ်အလိုမကျ ဖြစ်အောင်လုပ်မိရင် နတ်ကိုင်လိုက်မှာစိုးရတယ်လေ။ ဒါကြောင့် နှုတ်စလျှာစရှိတဲ့ သူကို စောင့်နေရတာ။ တကတဲမှပဲတော်..နတ်ပင့်မယ့်သူကို ပင့်ရတာ နတ်ပင့်ရတာထက် လက်ဝင်နေတယ်”

ကိုမိုးကျော် ကတော် မအိက နတ်တွေ အစည်းဝေးထွက်သွားမှဖြင့် သူ့ပွဲကို မနွဲလာဘဲ နေတော့မယ် ဆိုကာ စိတ်စောနေ သည်။ နတ်ကို မယုံသည့်တိုင် အခြောက်သံနှောနှောပြီး ခပ်နွဲ့နွဲ့ နောက်ပြောင်တတ်လေ့ရှိသော..နောက်ပြီး ဘုန်းကြီး တရားဟောသံတို့ နတ်ပင့်သံတို့ လိုက်တုအော်ရမှာ ၀ါသနာ ထုံသော ကိုမော်ဇင်မှာ နံမည်ရင်းကို ခေါ်သူမရှိသလောက် ရှားကာ မာမီ…လို့သာ အခေါ်ခံနေရအောင် နတ်ပင့်ပေးရတာ လက်မလည်….

“ကျနော်တို့ ကြားတာကတော့ ကိုမော်ကြီးက သူ့လက်မှတ်ကို ကော်ပီလုပ်ပီး သူများကို ပေးလိုက်တာ အဲဒီလူက မြို့အထွက်က ဂိတ်မှာ အဖမ်းခံနေရလို့ သူလည်း ပြန်မလာရဲတော့ဘူးတဲ့ဗျ”

ကိုမျိုးက ခပ်အေးအေးနှင့် ကိုမိုးဇော်ကို ရှင်းပြသောအခါ မအိ ပျာယာခတ်သွားလေသည်။

“အို…ဒုက္ခပါပဲတော်။ ဒီမှာ အကုန်လုံး ပြင်ဆင်ပြီးမှ အထစ်ထစ် အငေါ့ငေါ့ဖြစ်ရတယ်လို့။ အဲဒါကြောင့် ပြောတာပေါ့ ၀က်သားမစားပါနဲ့ မင်းနှစ်ပါးက မကြိုက်ပါဘူးဆိုတာကို ရှင်က တော်တော် အစားသောင်းကျန်းတဲ့လူ။”

“ကိုမိုးကျော် ၀က်သားစားတာနဲ့ ကိုမော်ကြီး မဲဆောက်က မပြန်ရဲတာ ဘာဆိုင်လို့လဲ မအိရာ”

ဟု ကိုတင်ထွဋ် မေးခွန်းထုတ်သည်။ ကိုမိုးကျော်ကတော့ သူ့မိန်းမလျှာစောင်းကို ကြောက်ရသည်ထင်၏။ တုပ်တုပ်မှမလှုပ်။
“အို..ဘာလို့မဆိုင်ရမလဲ။ ကျုပ်က မင်းညီနောင်နှစ်ပါးကို ကိုးကွယ်ထားတာ။ မင်းညီနောင်က ၀က်သားစားတာ မကြိုက် တာကို သူနဲ့ မညားခင်ကတည်းက ပြောထားသားပဲ။ အစတုန်းကတော့ မင်းကိုမဖြတ်နိုင်ပါဘူး။ ၀က်သားပဲ ဖြတ်ပါမယ်… ဆိုပြီးတော့…”

ငယ်ကျိုးငယ်နာတွေပါလာသဖြင့် ကိုမိုးကျော်မျက်နှာက မချိုမချဉ်….အို့တို့အန်းတန်း။

နတ်တင်ရးကိစ္စ နှောင့်နှေး ကြန့်ကြာမှုသည် အိမ်ဦးနတ် ခင်ပွန်းသည် လင်ယောက်ကျား ၀က်သား ခိုးစားသည့်နေရာမှာ သွားပီး အမှုပတ်နေသည်ကို ၀င်းဝင်းမာ ရယ်ချင်မိသည်။ အင်း…ဘယ်လို လုပ်ကြပါမလဲ။

ငွေကုန်ကြေးကျကလည်း နည်းလှတာမဟုတ်။ နတ်ပင့်တတ်သူ အဆင်ပြေမှ နောက်တခါ ဒီလို ထပ်ပြီး သည်လိုမျိုး ကြော်ရလှော်ရမည့် စရိတ်စကကလည်း ဒုက္ခသည် စခန်းထဲမှာ သူများထောက်ပံ့ကြေးနှင့် နေရသည့်အချိန်မှာ အတော့်ကို မလွယ်သော ကိစ္စတခုဖြစ်သည်။

“ကဲဗျာ…မာမီကြီး မလာလည်း ကျနော်ပဲ လုပ်ပေးမယ်” ဟု ကိုမျိုးဟန်ဇော်က ခပ်ကျယ်ကျယ် ပြောလိုက်သောအခါ အားလုံး၏ တအံ့တသြအကြည့်တို့က ကိုမျိုးဟန်ဇော်ဆီမှာ သွားစုသည်။ သူက ခပ်တည်တည်။

မအိက ကိုမျိုးမျက်နှာကို စေ့စေ့ပါအောင် ကြည့်ပြီး စုံစမ်း စစ်ဆေရေးဝင်လေသည်။

“ရှင် နတ်ပင့်တတ်တယ်လို့ ကျမဖြင့် တခါမှ မကြားဘူးပါဘူး ကိုမျိုးရယ်။ ဟုတ်မှလည်း လုပ်စမ်းပါ၊ တော်ကြာ ကိုယ်တော်တွေ စိတ်ဆိုးကုန်လို့ တတိယနိုင်ငံ ထွက်ဖို့ အထစ်အငေါ့တွေ ဖြစ်ကုန်ပါ့မယ်”

“မအိကလည်း ကျနော့်ကို တော်တော် အထင် စမောတာပဲကိုး။ မာမီက ကျနော်သင်ပေးလို့ မာမီဖြစ်သွားတာပါဗျ.။ ခင်ဗျား ၃၇ မင်းကို ကျနော်က အရည်ကျိုသောက်နိုင်လောက်အောင် ကျွမ်းပါတယ်ဗျ။ ရေငံပိုင် ဦးရှင်ကြီးအတွက် မုန့်ဆန်းနဲ့အုန်းဆံ လေးနဲ့ ငှက်ပျောသီးလေး အခွံနွှာထားလား။ အိုကေ.. အမေရေယာဉ်အတွက်ရော ငါးရံ့ နှစ်ကောင်နဲ့ကန်စွန်းရွက် ပါရဲ့လား၊ ရွှေနှဲလေးအတွက်က ရွှေဘဲဥ နှစ်လုံးနဲ့ ချိုချဉ်နှစ်လုံး..ဟုတ်တယ်နော်။ သူက ကလေးနတ်ဆိုတော့ ကလေးစာ ကြိုက်တာ ကိုးဗျ၊ ကိုကြီးကျော်ကတော့ ပင်ကျရည်လေး ကောင်းကောင်းမက်မှာပေါ့။ အမေဂျမ်းအတွက် လက်ဘက်ပွဲ ကောင်းကောင်း နော်။ ဆီရွှဲရွှဲဆမ်း ပဲကြော်မပါဘဲ လက်ဘက်ရယ်၊ နှမ်းလှော်လေးရယ်…နောက်ပီး ကြက်သွန်ကြော် ရယ်..ဒါပဲ။ အိုကေ ဒါလည်း မှန်တယ်”…

ကိုမျိုးဟန်ဇော်က နတ်စာချရန် ပြင်ဆင်ထားသည့် ခန်းလုံးပြည့် ပွဲတွေကို တပွဲစီ လျှောက်ကြည့်ကာ သေချာ စစ်ဆေးရင်း နတ်တွေ၏ အမည်နာမနှင့် တင်လေ့ရှိသော အစားအစာတို့ကို ပူးတွဲ ရေရွတ်သွားသည်။ မအိမျက်နှာပေါ်မှာ ကိုမျိုးဟန် ဇော်အပေါ် နတ်နှင့်ပတ်သက်ပြီး ယုံကြည်စိတ်ချမှုတွေ တဖွားဖွား ပေါ်လာနေတာက အထင်းသား။

“’ဒါနဲ့ ကိုယ်တော်လေးရဲ့ စီးတော်ကျားအတွက် အုန်းသီးကရော ဘယ်မှာလဲ။ အော…ဟိုဘက်မှာကိုး၊ ကျနော်က မျက်စိ နည်းနည်းလျှမ်းသွားတယ်။ မအိက ကိုယ်တော်တွေကို နံမည်မမှတ်မိဘူးသာ ပြောနေတာ။ ပြင်ဆင်ထားတာကျတော့ လည်း ဟုတ်လို့ပဲ။ ဘာမှမလိုအပ်ဘူး”

ကိုမျိုးဟန်ဇော်၏ ချီးမွမ်းစကားအဆုံးမှာ မအိမျက်နှာပေါ်မှ ဂုဏ်တက်သည့်ခပ်မိန့်မိန့်အပြုံးဖြင့် တောက်ပသွားလေသည်။

“ရှင်က အလံနီ ကွန်မြူနစ်လို့ လူတကာ ပြောနေတာ။ ကွန်မြူနစ်တွေက ဘုရားတောင် မရှိခိုးဘူးဆို…ရှင်က နတ်တွေအကြောင်း အကုန်သိတာကိုး”

သူ့အား ကွန်မြူနစ်…ဟု သမုတ်သည်ကို ဘာမှ ပြန်မဖြေဘဲ ကိုမျိုးက ပြုံးတုံ့တုံ့လုပ်နေသည်။

ကိုမိုးကျော်က မြွေမြွေချင်း..ခြေမြင်…ဆိုသလို မယုံသင်္ကာမျက်လုံးတွေနှင့် ကိုမျိုးကို လှမ်းကြည့်နေသည်ကို ကိုမျိုးက မသိချင်ယောင်ဆောင်၏။

“လူတွေက နံမည် လိုက်ဖျက်နေတာပါဗျာ၊ ကိုမျိုးက အလံနီ မဟုတ်ပါဘူး။ အလံဖြူထောင်ထားတဲ့သူပါ”

သူတို့အချင်းချင်းသာ နားလည်မည့် စကားတွေနှင့် တဟဲဟဲ ရယ်နေကြပြန်သေးသည်။ နောက်တော့ မအိက မနေနိုင်ဘဲ ကိုမျိုးကို တကယ်ပဲနတ်ပင့်တတ်သလား မေးလာသည်။ ကိုမျိုးကလည်းတကယ်ပင့်တတ်ကြောင်း ပြော၏။ သည်လိုနှင့် နတ်တင်ပွဲ စတင်ဖြစ်သွားလေသည်။

ဘုရားစင်အောက်ဘက်သို့ နတ်တင်မည့် အစားအသောက်မျိုးစုံ ပန်းကန်တွေကို ဒါက ဘယ်နတ်မင်းအတွက်… ခေါ်ဝေါ် ရင်း ကိုမျိုးက နေရာချထားသည်ကို သူ့သူငယ်ချင်း ကိုတင်ထွဋ်နှင့် နောက်တယောက်က ရိုရိုကျိုးကျိုး ကူညီပေးကြသည်။

ထို့နောက် ဟန်ကျ ပန်ကျ ဘုရားကန်တော့ …လက်ကန်တော့ထိုးဖြင့် မုန့်ဖြူ မုန့်နီ ပွဲတို့ကို တင်ချည် မြှောက်ချည်လုပ်ကာ ပြုံး၍လည်း ခံတော်မူပါ…ရယ်၍လည်း ခံတော်မူပါ…ဟု သံနေသံထားနှင့် ကိုယ်တော်လေး နှစ်ပါးက စပြီး တန်းစီကာ နံမည်တွေကို ရေရွတ်လေသည်။

ဝင်းဝင်းမာက ကိုမျိုး၏ နောက်ကျောပြင်ကို တိတ်တိတ်လေး ခိုးငေးရင်း နတ်…ဆိုတာ တကယ်ရှိမရှိ ခပ်ဝေေ၀ ၀ါးဝါးဖြစ် နေရာက အော်…သူတို့လို ခေတ်ပညာတတ် အမြင်ကျယ်တဲ့သူတွေတောင်မှ ယုံကြည်တယ်ဆိုရင် ဒီ ၃၇ မင်းနတ် တကယ် ရှိမှာပါပဲလေ…ဟု အတည်ပြုချက်ပေးရင်း နတ် ရှိလား..မရှိလား..သံသယအတွေး ၀င်ခဲ့မိသည်ကို နတ်မင်းတွေသိကာ နတ်ကိုင်ခံလိုက်ရမှာကို နည်းနည်းတောင် ကြောက်သွားမိလိုက်သည်။

ရှိသမျှ နတ်စာပွဲတွေ အာလုံးကို ကိုမျိုးလက်နှင့် ထိတွေ့ ပင့်ဖိတ်ပြီးချိန်တွင်တော့ ကိုမျိုးက ခပ်ငိုင်ငိုင် အမူအယာနှင့် မျက်လုံး အစုံကို မှိတ်ကာ တစုံတယောက်ကို တိုးတိုး တိုးတိုးနှင့် တောင်းပန်တိုးလျှိုးနေပြန်သည်။ မအိက ကိုမျိုးကို မျက်တောင် မခတ်တမ်း လိုက်ကြည့် အကဲခတ်နေသည်။ သူ အကုန်အကျတွေခံကာ လုပ်ထားသမျှ ကိုယ်တော်တွေ စိတ်နှင့်မတွေ့မှာကို စိုးနေသည်။ အမေဂျမ်းက ပင့်ဖိတ်တာ နောက်ကျလျှင် ဖေ…တော့ မောင်တော့…နှင့် ပတ်ကြမ်းတိုက်တတ်တော့ ကြောက်ရ သေးသည်။ ကိုကြီးကျော် ကြက်လောင်းဖို့များ လောင်းကြေးငွေ တောင်းရင် ပေးနိုင်အောင် ပိုက်ဆံကို လက်ထဲမှာကျစ်နေ အောင် ဆုပ်ထားရသေးသည်။

နောက်ဆုံးတော့ ကိုမျိုးက မအိဘက်ကို သိပ်မကာင်းလှသော မျက်နှာနှင့်လှည့်ကာ စကားပြောလိုက်သည်။

“မအိရေ… စိတ်မကောင်းပါဘူးဗျာ။ ကျနော် ဘယ်လိုမှ မတတ်နိုင်တော့ဘူးဗျ”

“ဟင်..ဘာဖြစ်လို့လဲ ကိုမျိုး၊ ဘာများ အမှားအယွင်းပါသွားလို့လဲ။ မင်းကလေးက စိတ်ခုသွားတာလား။ ဘယ်အရှင်သခင် များ စိတ်ခုသွားလဲ ကိုမျိုးရယ်။ ကျမက တခြား ဘာဆုမှလည်း မတောင်းချင်ပါဘူး၊ တတိယနိုင်ငံကို အမြန်ဆုံး ထွက်ရရင် တော်ပါပြီ။ သူများတွေလို ဟိုး မထိချင်ဘူးလေ”

“အေးဗျာ…ကျနော်လည်း ကူညီချင်ပါတယ်။ အခုဟာက တော်တော် ခက်တယ်ဗျ၊ ကျနော် ဘယ်လိုမှ ပင့်လို့ မရဘူး ဖြစ်နေတာ”

“ဘာဖြစ်လို့လဲ ကိုမျိုး၊ ဘာများ လိုအပ်တာရှိနေလို့လည်း”

“ပတ်စ်ပို့ဗျ”

“အီ….” ကနဲ ကိုမိုးကျော်ထံမှ အသံသဲ့သဲ့တချက်ထွက်လာသည်။

“ဟုတ်တယ်။ ကိုမိုးကျော်။ ကျနော်တို့ရဲ့ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း အားလုံးသော နတ်မင်းတွေက ကျနော့် ပင့်ဖိတ်သံကို ကြားကြလို့ ကြွလာကြပါရဲ့။ အခု ထိုင်းနယ်စပ်မှာ ပြဿနာပေါ်နေတယ်။ ထိုင်းနတ်တွေက တားထားတယ် ဗျ။ ပတ်စ်ပို့မပါရင် ၀င်ခွင့် မပေးနိုင်ဘူးတဲ့။ သူတို့နယ်ထဲဇွတ်ဝင်ရင် တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ စွဲမယ်တဲ့။ ပြီးတော့ မြ၀တီဘက်မှာ သွားပြန်သွန်လိုက်မယ်တဲ့……”

♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦♦♦

ကိုမျိုး မေးရိုးပေါ်က နီညိုညိုအကွက်ကလေးကို ၀င်းဝင်းမာ ခိုးငေးတာကို အမိဖမ်းပြီး ကိုမျိုးက လှစ်ကနဲ မျက်စိမှိတ်ကာ ပြုံးပြသည်။ အနည်းငယ် ယောင်ကိုင်းနေသေးသည့် သူ့မေးစေ့ကို ခပ်ဖွဖွ ပွတ်လျှက် ကိုမျိုးက - ညီမ တို့ အိမ်မှာ နတ်တင်မယ်ဆိုရင် ပြောနော်… အကိုက နတ်ပင့်အော်ဒါတွေ လက်ခံဆောင်ရွက်ပေးနေတယ် ဟု နောက်ပြောင်သည်။

“ဘာဖြစ်လို့ အဲလို ပြောလိုက်တာလဲဟင်… သူငယ်ချင်းချင်း အခင်အမင် ပျက်သွားတာတော့ မကောင်းဘူး ထင်ပါတယ်”

အတွေးရိုးသော ၀င်းဝင်းမာကို ကြည့်ကာ ကိုမျိုးဟန်ဇော်တို့ သုံးယောက်က ရယ်နေကြသည်။

“ကိုယ်တို့က သေနတ်တွေ တဖောင်းဖောင်းကြားမှာ အတူတူ လက်တွဲပီး အလုပ်လုပ်လာကြတဲ့ တကယ့် သေအတူ ရှင်မကွာ ရဲဘော် ရဲဘက်တွေပါ။ ဒါကြောင့် လက်သီးတချက် အထိုးခံလိုက်ရရုံနဲ့တော့ ကိုယ်တို့ကြားက ခင်မင်မှု ပျက်စီး မသွားပါဘူး။ ကိုယ် ဒီစကားပြောရင် သူက ဒီလို လက်သီးစာကျွေးလိမ့်မယ် ဆိုတာ သိပြီးသားပဲ။ မိတ်ဆွေ သူငယ်ချင်း ကောင်းဆိုတာ အတွေးမှား အလုပ်မှားနေတဲ့ ကိုယ့်မိတ်ဆွေကို အမုန်းခံပြီး ဒါမှမဟုတ် အနာခံပြီး ပြောဆိုရဲတဲ့ သတ္တိမျိုးရှိရမယ်။ အဲဒါမှ မိတ်ဆွေကောင်းပီသမှာပေါ့။ ဒီကောင် ပြောလို့ရမှာလည်း မဟုတ်ပါဘူး ဆိုပြီး ပြောမကြည့်သေးဘဲ မပြောဘဲ နေလိုက်တာက မိတ်ဆွေကောင်းတယောက်ရဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး ညီမ၊ ကိုယ် တည့်မတ်ပေးတာကို လက်မခံတာ သူ့ကိစ္စ၊ ပြောစရာရှိတာကို မုန်းချင်မုန်း၊ ထိုးချင်ထိုး သိအောင် ပြောပေးဖို့က ကိုယ့် ကိစ္စလေ..”

တင်တင်က တောင်ကျစမ်းလေးက စိမ့်ထွက် စီးကျလာနေသည့် လက်သန်းတ၀က်လောက် ရေလုံးလေးအောက်က ပြည့်သွားသည့် ပလပ်စတစ်ပုံးကို ပုံးလွတ်တခုနှင့် လဲကာ ရေအပြည့်ပုံးနှစ်ပုံးကို ဆွဲပြီး လမ်းပေါ် ပြန်တက်လာသောအခါ ကိုတင်ထွဋ်က တင်တင့်လက်ထဲက ရေပုံးလေးတွေကို လမ်းပေါ်မှ လှမ်းယူကာ သူတို့ယူလာသည့် တွန်းလှည်းပေါ် တင်လိုက်သည်။

“ဟာ…နေပါစေ။ ကျနော်တို့ ဖာသာ လမ်းလျှောက်ရင်း သယ်ပါ့မယ်။ ကျနော်တို့ ဒီလိုပဲ သယ်နေကျပါ” ဟု တင်တင်က လမ်းပေါ် တက်လာရင်း အားနာပါးနာ ငြင်းသည်။

“အရေးတကြီး ကိစ္စမရှိရင် ကိုယ်တို့ရေပုံးစောင့်ပြီး အတူတူ ပြန်ကြတာပေါ့။ တွန်းလှည်းနဲ့ဆိုတော့ သက်သာတယ်လေ။ ဒီလောက်အဝေးကြီးကို ဆွဲရမယ်ဆိုရင် မသက်သာဘူး”

ဒုက္ခသည်စခန်းတွင်းမှာ ဘာမှ အရေးတကြီးကိစ္စ မရှိတာကြောင့် သူတို့ ကိုတင်ထွဋ်စကားကို အကျောက်အကန် မငြင်းကြတော့။ နောက် သည်လူစုနှင့် စကားပြောလိုက်တိုင်းလည်း စိတ်ဝင်စား ဗဟုသုတ တွေ တိုးပွားလာတာကို သူတို့ နှစ်ယောက်လုံးက နားထောင်လိုကြသည်။

“ဒါဖြင့် ကိုမျိုးတို့က နတ် ရှိတယ် ဆိုတာကို မယုံဘူးပေါ့” ဟု တင်တင်က သူတို့နှစ်ယောက်ဘေးမှာ ထိုင်ချရင်း ကိုမျိုးကို မေးခွန်းထုတ်သည်။

“ကိုယ်တို့ မမြင်ရတဲ့ အဲဒီ ကိစ္စတွေကို ရှိတယ် မရှိဘူး မငြင်းချင်ဘူး။ လက်တွေ့မပါတဲ့ ကိစ္စတွေနဲ့ ငြင်းခုန်နေရတာ အချိန်ကုန်တယ်။ ကိုယ့်ရဲ့ will power အဲ…ထားပါတော့ စိတ်စွမ်းအား၊ အဲဒီ စိတ်ရဲ့ စွမ်းအားတွေလည်း ကုန်တယ်ကွ။ ဒါပေမယ့် ဘုရားကိုယ်တိုင်က ဟောကြားတော် မူခဲ့တာပဲ။ ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရတယ်…ဆိုတာလေ။ သူကိုယ်တိုင်လည်း ဘုရားအဖြစ်ရောက်အောင် သူကိုယ်တိုင်ပဲ ကျင့်ကြံ အားထုတ်ခဲ့ရတာ နမူနာကောင်းပဲမဟုတ်လား။ ညီမတို့ စဉ်းစားကြည့်လေ…ဒီ ဒုက္ခသည်တွေ တတိယနိုင်ငံကို ရောက်ဖို့ဆိုတာ လတ်တလော ကိုယ့်ကို ခေါ်မယ့် နိုင်ငံရဲ့ စီးပွားရေးအခြေအနေကောင်းမကောင်းနဲ့ ဆိုင်လိမ့်မယ်။ သူတို့နိုင်ငံမှာ စီးပွားရေးကောင်းလို့ လူချမ်းသာတွေများပီး အလုပ်ကြမ်းနဲ့ အောက်ခြေအလုပ်တွေကို လုပ်ဖို့ လူမရှိတဲ့အတွက် အလုပ်ကြမ်းသမားလိုလို့ ခေါ်တာကို လူကြားကောင်းအောင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခသည်တွေကို စောင့်ရှောက်သလို အသံကောင်းဟစ်နေတာကို ကိုယ်က အမှန်အတိုင်း သိရမယ်။ အခုလို စီးပွားပျက် ကပ်ဆိုက်နေတဲ့အချိန် သူ့တိုင်းပြည်က လူတွေတောင်မှ သန်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်နေချိန်မှာ တစိမ်းတွေကို ခေါ်ကျွေးထားဖို့ အလုပ်ပေးထားဖို့က သူတို့တိုင်းပြည်အတွက် ၀န်ထုပ်ဖြစ်နေမယ်ဆိုရင် အဲဒီ ၀န်ထုတ်ကို သူတို့ ဘယ်ထမ်းပါ့မလဲ။”

အများကြီးတဆက်တည်း ပြောသမျှကို ခေါင်းထဲ တခါတည်းဝင်အောင် ၀င်းဝင်းမာ ဦးနှောက်အသစ်စက်စက်ကလေး တော်တော် အလုပ်လုပ်လိုက်ရသည်။ ဘယ်တုန်းကမှ သည်လို ကြောင်းကျိုးဆက်စပ်တွေးတောမှုမျိုးကို ရှည်ရှည်ဝေးဝေးလုပ်ခဲ့ကျင့် မရှိသောကြောင့်ပါ။

“လောကကြီးမှာ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် လူတွေက တခြား ဘာလုပ်နေတော့မလဲကွာ။ နဖူး ဂျွတ်တက်အောင်ပဲ ထိုင်ကန်တော့ ဆုတောင်းနေကြတော့မှာပေါ့” ဟု ကိုတင်ထွဋ်ကလည်း ၀င်ပြောသည်။

“အဲဒီ ကိုမိုးကျော်က အကိုတို့ သူငယ်ချင်း ဖြစ်နေပြီး ဘာလို့ အကိုတို့ တွေးသလို မတွေးတတ်တာတဲ့လဲ”
“ဒါက တယောက်ချင်းစီရဲ့ စာဖတ်အား။ ဆင်ခြင်စဉ်းစား ချင့်ချိန်နိုင်စွမ်းအားတွေ..နောက် ကိုယ်ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု။ နောက်ပြီး ပြီးပြီးရော…နေတတ်တဲ့ အကျင့် …အဲဒါတွေနဲ့ ဆိုင်တယ် မ၀င်းဝင်းမာ၊ ကိုမိုးကျော်က နတ်ကို ယုံလှလို့တော့ မဟုတ်ဘူး။ သူ့မိန်းမကို နားညည်းမှာကြောက်လို့ နားအေးပြီးရော…ထားရင်းနဲ့ တဖြေးဖြေး သူက ဦးဆောင်သူ မဟုတ်တော့ဘဲ မိန်းမနောက်လိုက်ဖြစ်သွားရတာ။ မိန်းမက ထက်ထက်မြက်မြက်နဲ့ ရှေ့တိုးလာရင်တော့ တမျိုးပေါ့။ အခုလို ကိစ္စမျိုးတွေမှာ အယူသီးတာ အမှတ်လွဲနေတာတွေကို ဒီလိုပဲ လွှတ်ထားတော့ သူတို့ မွေးထားတဲ့ ကလေးတွေမှာပါ အဲဒါက သွားပြီး ရိုက်ခတ်မှာလေ”

“ဒါဆို အခု အကိုမျိုးဟန်ဇော်က အနာခံပြီး အခုလို ပြောလိုက်ပါပြီတဲ့။ သူတို့က ပြင်သွားမှာတဲ့လား၊ ပြင်သွားလိမ့်မယ်လို့ ထင်လား” ကိုမျိုးဟန်ဇော်က မျက်ခုံးတချက်ပင့်ပြကာ ပြုံးနေသည်။

ခဏနေမှ “ကိုယ် ပြောပြီးပြီလေ၊ သူတို့ မပြင်ဘူး ဆိုရင်တောင် သူတို့ကလေးတွေရဲ့ ခေါင်းထဲမှာ မှတ်မှတ်ရရ အချက်တခု ရသွားမယ်။ အရွယ်ရောက်လို့ ကြောင်းကျိုး ဆက်စပ်ပြီး စဉ်းစားတတ်တဲ့အခါ သည်လိုအလုပ်မျိုးဟာ လက်တွေ့ဘ၀မှာ ဘယ်လောက် အကျိုးရှိလဲ မရှိဘူးလဲ သူတို့ဘာသာ ချင့်ချိန်သွားလိမ့်မယ်လေ။ အခုလောလောဆယ်တော့ မအိက အမိန့်ထုတ်ထားတယ်။ ကိုယ်တို့ကို သူ့အိမ်ရိပ်တောင် မနင်းနဲ့တဲ့…ဟား ဟားဟား…”

ကိုတင်ထွဋ်နှင့် နောက်တယောက်က ရေပြည့်သွားသော တင်တင့် ရေပုံးကို သူတို့ ရေပုံးနှင့် လဲလိုက်ကြပြီး တင်တင့်ရေပုံးကို သူတို့ တွန်းလှည်းပေါ် တင်လိုက်ကြသည်။

ဒုက္ခသည် စခန်းမှာ သောက်ရေအတွက် လှောင်ကန်များမှ ရေဖြန့်ဝေရေး စနစ်ရှိသော်လည်း ရေက ထုံးဓာတ်များလွန်း အားကြီးနေသည်။ ကျိုသလောက် ထုံးနှစ်တွေ ကျလာသည့်အတွက် ထုံးဓာတ်လုံးလုံးမပါသည့် တောင်ကျရေကို တမိုင်နီးပါး အကွာမှာ လာလာပြီး စိတ်ရှည်လက်ရှည် ထိုင်စောင့်ကာ သယ်ကြရသည်။ ကမ့်ထဲတွင် ရေထည့်ရန်ပေးသည့် ဂါလံပုံး အပြာလေးတွေနှင့် တင်တင်နှင့် ၀င်းဝင်းမာက ညနေတိုင်း လမ်းလျှောက်ကာ အေးအေး လူလူ သယ်လေ့ရှိသည်။

သူတို့ကတော့ ယောက်ကျားသားတွေဆိုတော့ လှည်းငှားပြီး ပုံးအကြီးကြီးတွေနှင့် တွန်းနိုင် သယ်နိုင်ကြသည့်အတွက် နေ့စဉ် လာရန်မလိုပေ။

“ညည်းတို့ နေ့တိုင်း ခပ်နေရတာလား” ဟု အသက်အကြီးဆုံး ဦးစိုးမြင့်က မေးသည်။ တဆက်တည်း နောက်ဆို သူတို့နှင့် အတူတူ ရေခပ်ဖို့ ပြောသည်။

“ကိစ္စမရှိပါဘူး။ ကျမတို့က ညနေပိုင်း လမ်းလျှောက်ရင်း နားနားနေနေ ခပ်တာပါ။ တခြားလည်း လုပ်စရာ မရှိဘူး မဟုတ်လား”

“လမ်းလျှောက်ချင်ရင် ညနေတိုင်း လွတ်လွတ်လပ်လပ် လျှောက်ပေါ့ ညီမ၊ ကျန်းမာရေးအတွက် လမ်းလျှောက် သင့်တာပေါ့။ ကိုယ်တို့ဆို မနက်တိုင်း ထတောင် ပြေးတယ်။ မနက်မနက်ဆို ထပြေးကြ လမ်းလျှောက်ကြတဲ့သူတွေ များလွန်းလို့ ကိုယ်တို့ ရောက်စက ရှိနေတဲ့ မျောက်လေးတွေတောင် နေရာရွှေ့သွားကြရှာတယ်။ လူတွေဒဏ်ကို မျောက်တောင် မခံနိုင်တော့ဘူး…ဟားဟား” ဟု ကိုတင်ထွဋ်က ရယ်ရင်း ပြောပြသည်။

“ရေခပ်ရင်းနဲ့ကျ တာဝန်တခုလို ဖြစ်နေတယ်လေ။ သုံးရက်တခါလောက် ကိုယ်တို့ လှည်းနဲ့ ကူတွန်းပေးရင် ဘာမှ အပမ်းကြီး တာမဟုတ်ပါဘူး” ဟု ကိုမျိုးက ၀င်ပြောသောအခါ တင်တင်ရော ၀င်းဝင်းမာပါ ဘာမှ ပြန်မပြောသာဘဲ ရယ်၍သာနေလိုက် တော့သည်။

ရေပုံးဆင်းလဲသော ဦးစိုးမြင့်နှင့် စကားတပြောပြောနှင့် လမ်းဘေးမှာ အလေ့ကျပေါက်နေသည့် ခရမ်းကသော့သီးလေးတွေကို လိုက်ဆွတ်နေသည့် ကိုတင်ထွဋ်နှင့် တင်တင်တို့ကို လိုက်ကြည့်ကာ တိတ်ဆိတ်နေသော ၀င်းဝင်းမာအား ကိုမျိုးက ခပ်တိုးတိုး တခွန်းလှမ်းပြောလိုက်သည်။

“မနက်မနက် လမ်းထွက်လျှောက်ပါလား၊ အလကားနေ အလကားပဲ။ ကျန်းမာရေးကောင်းအောင် လျှောက်သင့်တယ်လေ…”

ဟုတ်ကဲ့…ဟု ၀င်းဝင်းမာက အမှတ်တမဲ့နှင့် ချက်ချင်းပဲ သူ့အကြံပေးချက်ကို လက်ခံမိပြီးသား ဖြစ်နေခဲ့လေသည်။



ခွာညို

ဧပြီလ (၁၉) ရက်၊ ၂၀၁၀ ခုနှစ်။
Template by : kendhin x-template.blogspot.com