Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, April 20, 2010

ကဗျာစာဆို လူငယ်နှစ်ယောက်ရဲ့ အားပြိုင်ကဗျာ

ဟိုး...ရှေးတုန်းက ကဗျာစာဆိုတွေဟာ တယောက်ကို တယောက် ကဗျာအားစမ်းတဲ့အနေနဲ့ ကဗျာကို တယောက်က ရှေ့ကစပ်ရင် နောက်တယောက်က ရပ်လိုက်တဲ့နေရာကနေ အ
ချိတ်အဆက်မိမိ ထပ်ကဗျာစပ်တာမျိုးတွေ ရှိခဲ့ဖူးတယ်။

ပိုဒ်စုံ ရတုတွေအလွန်ကောင်းတဲ့ လက်ဝဲသုန္ဒရ အမတ်ကြီးလည်း ဧကပိုဒ် ရတုရေးပြီး အဖြည့်ပိုဒ်တွေ ထားထားခဲ့ဖူးတယ်။

အခု ဒီကဗျာလေး နှစ်ပုဒ်ကို ဖတ်ရတဲ့အခါ အဲဒီ ရှေးခေတ်က စာဆိုကြီးတွေအကြောင်း မမီ မကမ်း ဖတ်ဖူး မှတ်ဖူးတဲ့ အတိုအထွာလေးတွေကို ပြန်အမှတ်ရလာမိလို့ပါ။

တနေ့က ညကြီး ကိုးနာရီကျော်မှ ကဗျာဆရာ အေအမ်တီက ကျမဆီ ဖုံးဆက်ပါတယ်။ ထုံးစံအတိုင်း သူ့အသံ ခပ်လေးလေး ခပ်ရိုးရိုးနဲ့ အားပါးတရအာလုတ်သံနဲ့ပေါ့။

သူများဖုံးနဲ့ဆက်နေတာ..ဆိုတာလည်းပါရဲ့...ရေဘ၀ဲဖြစ်ချင်တယ်...လို့လည်း ပြောရဲ့...သူငယ်ချင်း (ဇော်ကြီး) က လေးရာစိုက်ပေးလို့ အခု ၈၀၀ တန် ကား ၀ယ်လိုက်ပီဆိုလား..အဲဒါလည်းပါရဲ့။

ကျမ အီးမေးလ်လည်း တောင်းသေးတယ်။ ကဗျာပို့ပေးမယ်တဲ့။ ဒါပေမယ့် သူ့ကဗျာက သူ့ဆီကနေ ကျမဆီ အမေရိကားတိုက်အတွင်းချင်း တိုက်ရိုက်ရောက်မလာခဲ့။ ထိုင်းနိုင်ငံကို အရင်ပြေးသွားပြီး ကဗျာရေးဘက် နေသွင်ဆီက ကဗျာတစကို ဆွဲထုတ်ပြီးမှ နေသွင်ဆီကနေ ကျမဆီ ရောက်လာခဲ့တော့တယ်။


'အမေရိကား အတွေ့အကြုံ

အခုတလော... ငါ
ရေဘ၀ဲတကောင်.. သိပ်ဖြစ်ချင်နေတယ်

နှစ်ချောင်းက မုန့်လုပ်မယ်...
နှစ်ချောင်းက မုန့်ဖုတ်မယ်...
တချောင်းက တံမျက်စည်းလှည်းမယ်
ကျန်တဲ့တချောင်းက "mop" တိုက်မယ်

လက်တွေအဲဒီလောက်ရှိမှ
အခွန်ဆောင်ပြီးဘာပြီး
ကိုယ့်အတွက် နှစ်ချောင်းလောက်ကျန်မယ်.....

AMT / 14.4.10


'၀ယ်လင်တန်' နေ့တွေ

ကျုပ်တို့အရပ်မှာတော့ ခြေထောက်များများလိုတယ်
ခြေထောက်တွေကိုယ်တိုင်က အခွန်ထမ်းဖြစ်နေတော့လေ

ဥပမာ
နှစ်ချောင်းက မြေမြှုပ်မိုင်းနင်းဖို့...
နှစ်ချောင်းက ရဲပြေးဖို့...
နှစ်ချောင်းက မြေကျွံတဲ့နေရာမှာ ထားခဲ့ဖို့လေ..

(ခင်ဗျားသိတဲ့အတိုင်း မြေပျော့တယ်မဟုတ်လား)

လိုရမယ်ရ
နောက် နှစ်ချောင်းကတော့ ကိုယ့်ချစ်သူနဲ့
ညနေခင်းမှာ အေးအေးလူလူ လမ်းလျှောက်ထွက်ဖို့ပေါ့...
ခြေထောက်များတော့လည်း အမူးလွန်တဲ့အခါ မလဲတော့ဘူးပေါ့။

ဒါပေမယ့် ဟေ့လူ
ခင်ဗျားတုန်းက
ငါး-ဖြစ်ချင်ခဲ့တယ်မဟုတ်လား
ဖိနပ်ဖိုး မတတ်နိုင်လို့လေ...

ဘာပဲဖြစ်ဖြစ်
ဘက်ဖဲလို* ဆိုတဲ့မြို့မှာတော့
ဆံပင်တွေရှည်လာတဲ့ တညနေမှာ
တပည့်မတယောက်က
ကဗျာဆရာခေါင်းကို လက်တည့်မစမ်းလောက်တော့ဘူး။

ကြည့်ပျော်ရှုပျော်
ဆရာမတယောက်ဆို
တော်ရော့ပေါ့ဗျာ...

ဒုက္ခသည်စခန်းက
လမ်းကြိုလမ်းကြားတွေမှာတော့
ဝယ်လင်တန်ဘု** တွေ
စိတ်ကူးမယဉ်ကြဘူး၊


* Buffalo အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်ထဲက ဒုတိယအစည်ကားဆုံးမြို့
** wellington boot ရေစိုခံ၊ အကြမ်းခံ ဒူးခေါင်းထိရှည်သော ရာဘာဖိနပ်

နေသွင်



သူတို့နှစ်ယောက်ဟာ နေသွင်ရဲ့ မင်္ဂလာညမှာလားမသိ၊ ကဗျာတပုဒ်ကို အတူစပ်ခဲ့ကြဖူးတယ်...ဆိုတာ ကျမ မှတ်မိနေသေးတယ်။ တကယ်လို့ ကျမ အမှတ်မမှားဘူး...ဆိုရင် ပြောတာပါ။

အခုလို အခံကဗျာနဲ့ အအုပ်ဖြည့်လိုက်တဲ့ ကဗျာလေးကိုက ကျမတို့ မြန်မာလူမျိုးတွေရဲ့ ပြင်ပက ဒုက္ခ သောကတွေကို ကိုယ်တိုင်ထုတ်ပိုး ပြေးလွှားနေရတဲ့ သမိုင်းတကွေ့ကို ကဗြည်းတင်ထိုးလိုက်ကြတယ်လို့ ခံစားမိတယ်။
အေအမ်တီနဲ့ နေသွင် များများရေးနိုင်ပါစေ။

Thursday, February 25, 2010

အမေရိကတိုက်နှင့် မြန်မာဒုက္ခသည်များအကြောင်း...

ရှင်တော်မြတ်ဘုရားက ဟောကြားတယ်
ပိယေဟိ ၀ိပ္ပယောကော ဒုက္ခော
အပိယေဟိ သမ္ပယောကော ဒုက္ခော…တဲ့
အစက နားမလည်
ဒါလေးများ…
ဘာမီတွန်သောက် ပျောက်…ပေါ့နော်..။

အိုပီအီး ပီးပီလား
ဒါဆို ဒီအိပ်ခ်ျအက်စ် ကတော့လိုပါသေးတယ်။
ကာချာရှော့မရအောင်
စီအို တက်ရမယ်တဲ့
တက်ကြွစွာသူတို့နှုတ်ဖျားက
အဟုတ်စကားကြွယ်လှ
ဆီမန်း မန်းမလို မန်းနေကြ
ခိုငြီးသံတွေကြားနေရ
ဂရုဏာသက်ရမှာလား
ဥပက္ခောပြုရမှာလား….။

အို….ဖ ဘုရားသခင်
ဘာကြောင့်များ “ကပ္ပတိန်ကွတ်” ကို...
ဘယ်အတွက်များ “ကိုလံဘတ်” ကို...
သမိုင်းစာမျက်နှာများမှာ
နေရာပေးခဲ့ပါလိမ့်...

စွန့်ဦးတည်ထွင်သူတွေထဲမှာ
အမုန်းဆုံးသူ “တစ်” နဲ့ “နှစ်” ဟာ
သူ နဲ့ သူပေါ့။

အခုတော့
သူတို့ကြောင့်….။

(ဇီဝဇိုး)

အိုပီအီး … Overseas Processing Entity (OPE)
ဒီအိပ်ခ်ျအက်စ် …. Department of Homeland Security (DHS)
ကာချာရှော့ …. Culture Shock
စီအို…. Culture Orientation

Saturday, February 13, 2010

နာမည်ကျော် 2010




ကမ္ဘာကျော်တွေကတော့
သူတို့ခြေထောက်ကို
ပေါင် သန်းနဲ့ချီလို့
လေလံပစ်ကြတယ် ...။

ကြိုက်သူလည်း ရှိသလို …
မကြိုက်သူလည်း ရှိတယ် …။


အရောင်းအဝယ် မကောင်းတဲ့ ခေတ်ကာလမှာ
ပေါချောင်ကောင်းတွေနဲ့ ပြည့်နေတဲ့
ကွင်းတကွင်းလုံး
အမောတကောနဲ့
သုညတွေကိုချည်း
ကျုံးကျုံးကန်ကြရတဲ့အခါ
ထွက်လာတဲ့အသံက
ဖုတ်လှိုက် …ဖုတ်လှိုက် …။

စိတ်ထောင်းကိုယ်ကြေနဲ့
နှစ်ပေါင်း ၂ဝဝဝ ကို တဆယ်ပေါင်းရင်း
ထွက်လာတဲ့ရလဒ်အပေါ်
သူသူ ကိုယ်ကိုယ်
စီးချင်းထိုးဖို့ကလည်း
အသင့်စောင့်နေကြတယ် ….။

သြော် …
ကျေးကျွန်ပိုင်ရှင်စနစ်တွေ
ပျောက်ဆုံးပြီ … ပျက်သုန်းပြီတဲ့ ..
ဒါပေမယ့်
ကမ္ဘာ့ရွာတွေမှာတော့
ကျွန်တွေပြန့်နေဆဲ …။

ကမ္ဘာကျော်တွေကလည်း
သူတို့ခြေထောက်တွေကို
ပေါင် သန်းနဲ့ချီ
လေလံပစ်လို့ကောင်းတုန်း …။


နွံနစ်နေတဲ့ ခြေထောက်တွေကလည်း
ခုချိန်ထိ … အိပ်မက်ကောင်းတုန်း …။ 

ဆောင်းလူ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၀ ခုနှစ်။
၁၈ နာရီ ၁၆ မိနစ် 
မစ္ဇျိမအင်တာနက်မဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်ပါသည်။
Template by : kendhin x-template.blogspot.com