Friday, February 26, 2010

မျောက်ကလေး နှစ်ကောင်

(တစ်)

(၉၆) ကနေ (၁၉၉၉) လောက်အထိ ကျမတို့နေရတဲ့အိမ်ကလေး၏မျက်နှာစာက လမ်းဘက်ကို မျက်နှာမူ နေပြီး ရှေ့မှာ ရပ်ကွက်ဈေးကလေးရှိနေသည်။ နောက်ပြီး အိမ်ခြံစည်းရိုးမှာ မေးတင်ဆောက်ထားသည့် ကွမ်းယာဆိုင်ကလေးလည်း ပါသည်။

အဲသည်တုန်းက မူလတန်းပြ ဆရာမတယောက်၏လစာက (၇၅၀) ကျပ်ဖြစ်ပြီး ဘားဆုံးပါမှ (၁၀၂၅)။ ညီအမနှစ်ယောက်လစာပေါင်းလို့မှ အိမ်လခ (၂၀၀၀) မပြည့်။ ရေ တပီပါကို (၃၀) ကျပ်နှင့် မိသားစု ခြောက်ယောက် ဘယ်လိုမှ လောက်အောင် သုံး၍မရပါ။ သည်တော့ ခြေတိုအောင် ကျူရှင်တွေလည်ပြ ကာမှ အိမ်စရိတ်ကာမိရုံ။ အမေ့ခရီးစရိတ်နှင့် လူမှုရေးစရိတ်တွေ…နောက်ပြီး အဖေ့ဆေးဖိုး…။

သည်လိုနှင့်ပဲ နတ်တို့ဖန်ဆင်းသလို အဆင်သင့်ပါလာသည့် ကွမ်းယာ ဆိုင်လေးမှာ ယူနီဖောင်းတောင် မချွတ်နိုင်ဘဲ ကွမ်းယာရောင်းခဲ့ရပါသည်။

ကျောင်းမှာ ကလေးတွေကို ဆေးလိပ်မသောက်ဖို့..ကွမ်းမစားဖို့ စသည်ဖြင့် တပြည့်ကျော်တွေကို ဆုံးမ လိုက်… အိမ်ပြန် ရောက်တော့ အဲဒါတွေရောင်းလိုက်။ သို့သော် ကျမအဖေအတွက်တော့ အပျင်းပြေ စကားပြောဖော်တွေ အများကြီးရလာသည်။ ကရင်ရပ်ကွက်ဖြစ်သည့်အတွက် ကွမ်းရောင်းကောင်းသော ရပ်ကွက်ဖြစ်သည်။ ကျမအမက ကွမ်းယာတာမျိုး ကို စိတ်မရှည်။ သို့သော် ဆိုင်အတွက်လိုအပ်သည့် ကွမ်း တို့ ကွမ်းသီးတို့ အဲလိုမျိုး အလေးအပင်တွေ မဟယ်…ချဟယ်နှင့် ဈေးသက်သာအောင် သီရိမင်္ဂလာဈေး သွားဝယ်ရမည်ဆိုလျှင် မညည်းမညူ။ ရွှံ့ပေပေ..ဗွက်ပေပေ သွားရှာသည်။

ကျမတို့ညီအမတွေက ကွမ်းစားတာနှင့် အလှမ်းကွာသည်။ ဘယ်သူမှ ကွမ်းမယာတတ်။ တခါတော့ ကျမ အမက ကွမ်းရွက် ကို အချောဘက် က ထုံးသုတ်လိုက်သည်။ သုတ်တာမှ တိုက်နံရံဆေးသုတ်သလို သုတ် လိုက်တာ။ “အဘရေ… ကျနော်တို့ ကို ပစ်မထားပါနဲ့” ဟု သူတို့ အဖေ့ကို အော်ခေါ်ကြသည်။ နောက်တော့ - ပိုက်ဆံသာယူပါဗျာ။ ကျနော့်ဖာသာ ယာ စားပါ တော့မယ် ဆိုပီး သူတို့ဖာသာ ယာယူသွားတတ်ကြသည်။

ကျမနှင့်ကျ (၉၂) လို့ပြောလည်း ဘယ်ဆေးဗူးမှန်းမသိ။ ဆေးပေါင်းဆိုတာလည်း ဘာမှန်းမသိ။ ဆေးမွှေးနှင့် အာမွှေးလည်း မခွဲတတ်။ ထည့်လိုက်လျှင်လည်း အများကြီးဖြစ်သွားတတ်သည်။ စိတ်ထဲမှာ နည်းနည်း ထည့်ပေးလျှင် မတန်ဘူးထင်မှာ စိုး၍ အများကြီး ခါချလျှင် သူတို့ကပဲပြန်ပြီး “ဒီဆေးကို အဲလောက်ထည့်ရင် ခင်ဗျား မွဲသွားမှာပေါ့ဗျ။ တယာကို ဒီလောက်ပဲ ထည့်ရတယ်” ဟု ပြန်ပြီးသင်ပြပေးသွားတတ်ကြသည်။

အဲသည်ကွမ်းယာဆိုင်မှာ လာစားနေကျ လူတယောက်နှင့်ဆက်နွယ်ပြီး ကျမ မျောက်ကလေး နှစ်ကောင်ကို တပြိုင်တည်း ထိန်းကျောင်းခဲ့ရဖူးလေသည်။

(နှစ်)

သူများတွေတော့ မသိ။

ကျမအတွက်ကတော့ ကူညီပါ..ဆိုသည့်စကားက တော်တော်ရုန်းရခက်သည့် ကြိုးတချောင်းဖြစ်သည်။ သူ့တူလေးကို တနှစ်ကျမသွားအောင် ကူညီပါဟု ကိုစောကျော်ဦးက အတူအညီတောင်းလာသည်။

အရည်အချင်းကလား…သူတို့အတန်းထဲမှာ ကျောင်းသား (၆၇) ယောက်အနက် အဆင့် (၆၆) တဲ့။ စာမေးပွဲဖြေဖို့က တလမျှသာ ကျန်တော့သည်။ ကျောင်းပျက်ရက်တွေများလွန်းလို့ ရုံးခန်းရောက်ပြီး သည့်နောက် ကျောင်းတက်ခွင့် မပေးတော့ဘဲ စာမေးပွဲဖြေဖို့ကိုသာ ခွင့်ပြုလိုက်သတဲ့။ အသက်က ဆယ့်လေးနှစ်၊ ရှစ်တန်းကျောင်းသား…

သူ့ချည့်ပဲသာလော…မေးလာလျှင်…၀န်ဇင်း မင်းရာဇာလေသံနှင့် “ဆားနှင့်ပါ ဘုရား” ….ဟု ဖြေရမည်။

သူ့သူငယ်ချင်း ကိုးတန်းကျောင်းသားလေးကိုလည်း တခါတည်းသင်ပေးပါ..တဲ့။ စာသင်ခန်းထဲမှာ ဆရာမကို ပြန်ပြောမှုဖြင့် သူလည်းပဲ စာမေးပွဲဖြေခွင့်ပဲရပြီး ကျောင်းတက်ခွင့်အပိတ်ခံထားရသူပဲဖြစ်နေပြန်သည်။

မအားသည့်အကြောင်း… တာဝန်ယူလက်စ ကလေးတွေကလည်း စာမေးပွဲရာသီရောက်လာလျှင် အချိန်တိုးပြီး ဂရုစိုက်ပေးနေရကြောင်း..ဘယ်လို အကြောင်းပြပြ..မရ။

ခက်တာက ဆရာမဆိုလျှင် ပညာအကုန်တတ်ပြီး ဘယ်ဘာသာရပ် ဘယ်အတန်းမဆို သင်တတ်တယ် ထင်နေတာ။ သူငယ်တန်းသင်နေကျဆရာမက ဘာကိုမှ မလေ့လာဘဲ လေးတန်းကိုတောင် သင်၍ မရတာ…ဆယ်တန်းဆရာမပေမယ့် ကလေးအထာ မကျွမ်းလျှင် သူငယ်တန်းကို သင်၍ မဖြစ်တာ…ဆိုတာတွေကို အရပ်သားတွေ နားမလည်။

တွေ့သည်နှင့် အတင်းပဲ အကူအညီပေးပါ..ဆိုသည့်စကားကို ဆိုင်ရှေ့မှာရပ်ပြီး နာရီဝက်ငြင်းလည်း မရ။ နောက်ဆုံးတော့ အဖေကိုယ်တိုင်က ကျမတို့ဆိုးမျိုးကိုခံကာ ကွမ်းယာကိုအားပေးကြသော သူ့ဖောက်သည် ကို အားနာပြီး “သမီးရယ်” …ဟု ဆိုလာတာနှင့်ပဲ ကျမ က နှစ်မဲ တမဲနှင့် အရေးနိမ့်ခဲ့ရလေသည်။

(သုံး)

“ဆရာမ တပြည့်တွေ အခြေအနေဘယ်လိုလဲ” ဟုမေးလာသော ကိုစောကျော်ဦးကို ကျမ အထူး အဆန်း ပြန်ကြည့်ကာ-

“သူတို့ကို ကျမ မြင်တောင် မမြင်ဘူးသေး ဘူး” ဟု ပြန်ဖြေလိုက်သည်။ ကိုစောကျော်ဦး သူ့နဖူးသူ ဖြန်းကနဲ...ရိုက်သံထွက် လာလေသည်။

တကယ်ဆို ကျမအိမ်နှင့် မျက်နှာချင်းဆိုင်မှာ လမ်းချိုးလေးထဲဝင်သွားလိုက်လျှင် တမိနစ်အတွင်းမှာ ကိုးတန်းကျောင်းသား လူဝင်းရဲ့အိမ်ရှိနေပြီး အေးအေးသက်သာ နောက်တမိနစ်လျှောက်ရုံနှင့် ရှစ်တန်း ကျောင်းသား သိုးကလေးတို့အိမ်ကို ခလုတ်တိုက်တွေ့ရမည်။ အဲသည်လောက် နီးကပ်သည့်အနေအထားမှာ ကျမဆီကိုလွှတ်လိုက်ဆိုထားသည့် တပတ်အထိ သူတို့နှစ်ယောက် ကျမဆီကို ရောက်မလာခဲ့။

ကျမက မနက်ပိုင်းကျောင်းသွားရသည်။ ပြန်လာတာနှင့် အိမ်ဝေယျဝစ္စတွေလုပ်ရသည်။ နေ့ခင်းနှင့်ညဦး ပိုင်းတွေမှာ နှစ်စ ကတည်းက ယူထားသည့် ဟုမ်းကျူရှင်တွေကို ပြေးရသည်။ ည ကိုးနာရီလောက်မှ အိမ်ပြန်ရောက်ရတာ။ သည်ကြားထဲက မေတ္တာနှင့်ကူညီရမည့် သူတို့နှစ်ယောက်ဆီကို သွားရမည်ဆိုလျှင် ကျမမှာ အ၀တ်လဲဦး..ခေါင်းဖြီးဦး… ဆိုသည့် ကရိကထ တွေ ထပ်တိုးလာဦးမည်။ မလုပ်ချင်။ တကယ်ဆို ကျမလို ကျန်းမာရေးညံ့သူတယောက်အတွက် နားချိန်ပင် မလုံလောက် သည့်ကြားက အိပ်ချိန်ကို ထပ်ဖဲ့ပြီး သင်ပေးရမှာ။ ဒါကို ကျေးဇူးရှင် မင်းနှစ်ပါးက ကြွချီတော် မူမလာခဲ့ကြ။

ခနနေတော့ ဦးလေးလုပ်သူက မောင်းသွင်းလာသဖြင့် အဲသည် မျောက်ကလေးနှစ်ကောင် ကျမရှေ့ ရောက်လာသည်။

အကြီးကောင် လူဝင်းက စကားသိပ်မပြော၊ အပြစ်တင်တာကို နှုတ်ခမ်းရဲရဲလေးမပွင့်တပွင့်ဖွင့်ကာ ရယ် နေသည်။ အ၀တ်အစား၊ ဆံပင်ပုံစံတို့က သပ်ယပ်မှုရှိပါသည်။ တရုတ်နှင့် ကချင်စပ်သည်ဆိုလား။ အသားဖြူသော ကလေးတယောက်ဖြစ်၏။

သိုးကလေးကတော့ အသားညိုညို ပိန်သွယ်သွယ်၊ ဆံပင်ဘုတ်သိုက် အုပ်လုံးလုံးလေးနှင့် အရည်လဲ့နေ သည့် မျက်လုံး လေးတွေက သူလုပ်သမျှ အပြစ်မဖြစ်ရလေအောင် ကာကွယ်ပေးထားနိုင်စွမ်းရှိ အောင်ကို ဆန်းကြယ်နက် ရှိုင်းသည်။ အရပ်ကြီးရှည်သလောက် အသားမရှိသောကိုယ်ခန္ဓာက ရေညှောင့်ကောင် လေးနှင့်တူနေစေသည်။ ယုံချင်စရာတခုမှ မပါမှန်း သူကိုယ်တိုင်သိသိကြီးနှင့် သားက… သားက…ဆိုသည့် စကားလုံးတွေထဲထည့်လိပ်သော ဆင်ခြေတွေကို ဇွတ်တရွတ်ပြောပြနေသည်။ ခွေးစွယ်လို သွားတက် ချွန်ချွန်လေး နှစ်ချောင်းထုတ်ထုတ်ပြပြီး ရယ်ပြနေ တာကို ကြည့်ရင်း နှင့်ပဲ နောက်ဆုံးတော့ ကျမပဲ သူတို့အိမ်သွားသင်ဖို့ သဘောတူလိုက်ရတော့တာ။

(လေး)

လူဝင်းရဲ့ဦးလေးက လာအကဲခတ်သည်…ဆိုတော့ စိတ်ထဲ ထောင်းကနဲဖြစ်သွားရသေးသည်။ ကျမက ငွေနှင့်သင်သည်ဆိုလျှင်တောင် အုပ်ထိန်းသူဖြစ်သည့် သူက ကျမဆီကို လာပြီး ကျောင်းသားအပ်ရဦးမှာ။ အခုတော့ ကြားလူတယောက်က အကူအညီတောင်းတာကို ကလေးကလည်း “ကျနော် ကိုယ်ဘာလုပ်ရ မယ်ဆိုတာကို သိပါတယ် ဆရာမ၊ ဒီနှစ် ကိုးတန်းမကျချင်ပါဘူး” ဆိုသည့် အပြုံးကို ရပ်တန့်ကာ တည်တည် တံ့တံ့နှင့် သူ့ဆန္ဒလေးကို ပြောခဲ့သောကြောင့်ပါ။

ကျမထံ သူ့ကိုလာအပ်တဲ့ ကိုစောကျော်ဦးက ဒီကလေးက ဦးလေးအိမ်မှာနေရပြီး ဦးလေးကလည်း ယောက်ခမ အိမ်မှာ နေရသူဖြစ်သောကြောင့် သည်ကလေးမှာ အိမ်တွင်းရေးပြဿနာအခက်အခဲတွေနှင့် စိတ်မပျော်ရွှင်မှုတွေ ရှိနေသည် ဆိုသောကြောင့် မိခင်စိတ်နှင့် ဆရာမစိတ်ပေါင်းကာ ကျမ စာသင်ပေးဖို့ လက်ခံခဲ့တာဖြစ်သည်။

ပိုက်ဆံနှင့် သင်ရမည်ဆိုလျှင် ဘယ်လောက်ရရ မသင်နိုင်။ တနှစ်လုံးသင်ထားသမျှစာကို ကျမက သူတို့ဆီ သွားခါနီးတိုင်း ရှစ်တန်းစာရော ကိုးတန်းစာကိုပါ ဘာသာစုံ ပြန်ဖတ်ရတာ။ သူတို့ ဘာမေးမေး ဖြေနိုင်ဖို့ ဆိုတာ ကျမအတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ ကျမသာလျှင်အသိဆုံး။

ကျမတို့တုန်းက ရူပဗေဒနှင့် ဓာတုဗေဒတို့သင်ခဲ့ရသော်လည်း မြန်မာလို။ အခု ကျမက တအုပ်လုံးကို အင်္ဂလိပ်လိုဖတ်ရသည်။ နောက်ပြီး ကျမက ဆယ်တန်းအောင်ကတည်းက ဒဿနိက ဗေဒကိုယူခဲ့သူမို့ သိပ္ပံဘာသာရပ်တွေနှင့် ဆယ်နှစ်ကျော်အဆက်ပြတ်နေခဲ့ပြီ။ ဇီဝဗေဒဆိုလျှင် သင်ခဲ့ရတာ တောင်မဟုတ်။ ဆိုတော့..သည်ကလေးနှစ်ယောက်ပေါင်းကို သင်ပေးဖို့ ကျမက ဘာသာရပ်ပေါင်း နှစ်ဆယ်လောက်ကို တနှစ်စာကို တထိုင်တည်းဖတ်ဖတ်ပြီးသင်ရတာ။

တကယ်ဆို အနီးကပ်ကျူရှင်ဆိုတာ နှစ်စကတည်းက သင်တာထက် သုံးလေးဆ ပိုက်ဆံပေးပြီး သင်ရတာ မျိုး။ အထူးသဖြင့် အိမ်ကိုလိုက်သင်လျှင် နောက်ထပ်ပိုတိုးပေးရတာမျိုး။ အခုတော့ အလကားလည်း သင် ပေးရသေး။ လူကြီးက လာအပ်တာလည်းမဟုတ်၊ ဒီကြားထဲက လာချောင်းသည်ဆိုတော့ ဘာကြောင့် ချောင်းချောင်း ကျမကို စော်ကားသလို ခံစားရသည်။ သို့သော် လူဝင်းကို သနားသောကြောင့် ကျမ သည်းခံမျိုသိပ်ထားလိုက်ပါသည်။

တပြည့်သက်တမ်း (၂) ရက်သာရှိသေးသည့်တိုင် ဆိုးရုံသာဆိုးပြီး မရိုင်းစိုင်းသော၊ ပြောစကားကို
မြေ၀ယ်မကျ နားထောင်သော သည်ကလေးနှစ်ယောက်၏ စရိုက်သဘာဝလေးတွေကို ခန့်မှန်းမိ သည့်အတွက် ဘယ်လိုပဲဖြစ်ဖြစ် ကျမ သူတို့ စာမေးပွဲ နောက်ဆုံးရက်အထိ တာဝန်ယူပေးဖို့ ဆုံးဖြတ်ပြီးသားဖြစ်ခဲ့ပြီ။

ကျမကိုမြင်သည်နှင့် နှစ်ယောက်သား မီးဖိုထဲပြေးဝင်ပြီး ကော်ဖီဖျော်ဖို့လုကြ…. ဒိုးဒိုးဒန့်ဒန့်…တွန်းတွန်း တိုက်တိုက်နှင့် ကြားက ကော်ဖီမမှောက်ကျအောင်သယ်လာကြနှင့် ဆရာမက သူတို့ကို ထားရစ်ခဲ့ကြမှာ ကိုတော့ စိတ်ပူရှာကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျမ သည်းခံလိုက်ပါသည်။

(ငါး)

“ဖိုးသိုး၊ မင်း လူဝင်းကို လျှာထုတ်ပြောင်ပြနေတာကို မရပ်ရင် ငါ တုတ်စာကျွေးတော့မယ်နော်” ဟု ကျမ ပြောလိုက်သံ အဆုံးတွင် ဓာတုဗေဒ ဗေလင်စီညှိနေသည့် လူဝင်းထံမှ ခပ်ကြိတ်ကြိတ်ရယ်သံနှင့်အတူ သိုးကလေးက ကျမဘေးကို စွေ့ ကနဲ ရောက်လာသည်။ ခေါင်းငုံ့ကာ စာစစ်နေသည့် ကျမမျက်လုံးတွေကို မြင်ရအောင် ရှည်ကိုင်းသော ခါးကိုညွတ်ချိုး လျှက် မျက်မှန်အောက်က ကျမမျက်လုံးတွေကို အတင်း လာ ကြည့်ဖို့ကြိုးစားသည်။

“ဆရာမ သား လျှာထုတ်နေတာကို ဘယ်လိုလုပ်မြင်လဲ။ ဆရာမက ခေါင်းလည်းငုံ့ထားတယ်။ မျက်လွှာလည်းချထားတယ်။ စာလည်းစစ်နေတယ်။ သားကို ဘယ်လိုလုပ်ပီး မြင်လဲ” ဟု အထူးအဆန်းမျက်လုံးတွေနှင့် အတင်းမေးနေသည်မှာ ပီဘိကလေးလေးလို…

စာရွတ်ဆိုနေရင်း နရီမှန်မှန် ပြတ်သွားသည့် အသံကြောင့် ကျမ သူ့ကို မော့မကြည့်လည်း သူဘာလုပ်နေ လည်း သိနိုင်နေတာပါ။ ကျမက ရယ်မောလျှက်

“ဆရာမ မဖြစ်ခင် ကျောင်းသားဘ၀ကို အရင်ဖြတ်သန်းခဲ့တာလေ သားရဲ့။ မင်းတို့လုပ်သမျှ ဆရာမသိ အောင် လုပ်လိုက် မယ်ဆိုတဲ့ ဆရာကို ပညာပြတာတွေ။ အရူးလုပ်တာတွေအားလုံး ဆရာမလည်း လုပ်ခဲ့ ဖူးတာပဲ” ဟု ခပ်တည်တည်နှင့် ဖိန့်လိုက်ပြီး ကိုယ့်နေရာကိုယ်ပြန်ထိုင်၊ စာကောင်းကောင်းကျက်…ဟု အမိန့်ပေးလိုက်တော့မှ ငြိမ်သွားသည်။

တခါတလေများ ကျမ နောက်ကျပြီဆိုလျှင် သူတို့ဆီ မလာတော့ဘူးထင်ပြီး မျက်နှာငယ်လေးတွေနှင့် စိတ်မကောင်းဖြစ်နေကြသည်ဟု သိုးကလေးရဲ့အမေက ပြန်ပြောပြ၏။ ဆရာမအနားမှာထိုင်နေရင် စာကျက်ဖြစ်တယ်။ စာကျက်ရတာလည်း အားရှိတယ်…ဟုလည်း ပြောသတဲ့။ သည်လိုနှင့် ကျမမှာ သန်းကောင်နားနီးမှချည့် အိမ်ပြန်ရတော့သည်။

(ခြောက်)

ကျမက စာမေးပွဲစမဖြေခင်ရက်နှင့် သူတို့ကျက်ရမည့် ကျောင်းကပေးထားသည့်စာအပုဒ်ရေကို အချိုးကျ တွက်ကာ တနေ့ကို ဘယ်ဘာသာမှာ ဘယ်နှစ်ပုဒ်ပီးအောင်ကျက်ရမည်ဆိုတာကို တခါတည်းတွက်ပေး ထားသည်။ ကျမက သမိုင်း၊ ပထ၀ီလိုစာတွေကို အဓိကအချက်ကလေးတွေထုတ်ပေးပြီး တထိုင်တည်း ရအောင် ရှင်းပြရင်း ကူကျက်ပေးသွားသည်။ အင်္ဂလိပ်စာနှင့်သိပ္ပံတွဲဆိုလျှင် ရှင်းပြပြီး လေ့ကျင့်ခန်းတွေ ထားပေးခဲ့သည်။ ကျမ ရောက်လာလျှင် တယောက်ကိုစာစစ်ပေးရင်း တယောက် စာပြန်တာကို နားထောင်၊ တပြိုင်တည်းမှာ နှစ်ယောက်လုံးကို အဲဒီလိုစာစစ်ပေးရသည်။

တနေ့ လူဝင်း စာကောင်းကောင်းမရဘဲဖြစ်နေတော့ ကျမ စိတ်နည်းနည်းတိုလာသည်။

“သားတို့ကို ဆရာမ နှိပ်စက်နေတာမဟုတ်ဘူး။ ဒီအချိန်မှာ ဒီလိုမှ မကြည့်ရင် သားတို့ စာမေးပွဲမှာ ဘယ်လိုမှ မဖြေနိုင်ဘူး။ သေချာတယ်။ နောက်တနှစ်လုံး ဒီစာတွေပြန်ကြည့်မနေရအောင် အခု တလလောက်ကို ဘာကြောင့် အပင်ပန်းမခံချင်ရတာလဲ” ဟု အပြစ်တင်သောအခါ လူဝင်းက မျက်နှာငယ်လေးနှင့် …

“သား၊ စာတကယ်ကျက်ထားပါတယ် ဆရာမ၊ ဒါပေမယ့် အခု ဘာလို့ မေ့သွားလဲမသိဘူး။ ခေါင်းထဲမှာ လည်း အုံပြီး ခြေထောက်တွေကလည်း ညောင်းနေသလိုပဲ။ ဘယ်လိုကြီးလဲမသိဘူးဖြစ်နေပြီးတော့ ရပီး သားစာတွေ အခု မမှတ်မိတော့ဘူး ဖြစ်နေတယ်” ဟုပြောသည်။

ကျမက လူဝင်းမျက်နှာကို သေသေချာချာစိုက်ကြည့်လိုက်သည်။ ညာသလားဆိုတာကို…လူဝင်းက သိုးကလေးလို ပြောင်ချော်ချော်ရုပ်ကလေးနှင့် ချွဲလိုက်…ပလီပလာပြောလိုက် လုပ်တတ်သည့် ကလေး မဟုတ်သည့်အတွက် သူ့စကားကို ယုံလိုက်သည်။

သိုးကလေး အမေက အထဲကနေ - အလကား ဆရာမ၊ ဆရာမကို သက်သက်မဲ့ ပလီပလာပြောပြီး လိမ်နေတာ၊ မယုံနဲ့ - ဟုလှမ်းအော်သည်ကို ကျမ ယုံသွားမှာကို စိုးရိမ်သွားသည့် ဟန်က သူ့မျက်နှာမှာ လှစ်ကနဲပေါ်လာသည်။

“ညက ဘယ်အချိန် အိပ်သလဲ”

“နှစ်နာရီ”

“ဘာလုပ်နေလို့ အဲဒီအချိန်မှ အိပ်သလဲ”

“လမ်းမပေါ်မှာ စကိတ်စီးနေကြတာ”

ဇန်န၀ါရီလကုန်ရက်ဆိုတာ ဆောင်းကြွင်း အအေးပိုသည့်အချိန်၊ ခေါင်းဆောင်းမပါ၊ အနွေးထည်ပါးပါးနှင့် သန်းကောင်သန်းလွှဲ အပြင်မှာနေမှတော့ အအေးမိကရောပေါ့ကွယ်။

“ကဲ…မမေရေ၊ ကော်ဖီတခွက်နဲ့ ပါရာစီတာမောလ် တပြားလောက် လူဝင်းကို လုပ်ပေးလိုက်ပါအုံး” ဟု တောင်းသည်ကို သူ မဖျားပါဘူး…ဟု ကျမကို ခံငြင်းနေသေးသည်။ သားကို ဆရာမ အဆိပ်ကျွေးနေတာ မဟုတ်ဘူး။ သောက်လိုက်…ဆိုတော့ မငြင်း၊ ကျမ ဆေးရှိန်မြန်မြန်တက်အောင် ၀ါးစားခိုင်းလိုက်သည်။ ခါးပြီး ရှုံ့မဲ့သွားတော့ သနားစရာတော့ ကောင်းသား။ သို့သော် ဆယ့်ငါးမိနစ်လောက်ရှိတော့ သူ သဘော ပေါက်သွားသည်။ ခေါင်းကြည်ပြီး သူမေ့နေသော စာတွေ ပြန်ပီး မှတ်မိလာသည်။

သိုးကလေးအမေက သူတို့နှစ်ယောက်က ညတိုင်း နာရီပြန်နှစ်ချက်မှ အိမ်ထဲဝင်ကြောင်းနှင့် အိပ်လိုက် လျှင်လည်း စောင်တထည်ကို နှစ်ယောက်လုခြုံပြီး အိပ်ပျော်သွားတာနှင့် အဲသည်စောင်တထည်က ဘယ်သူ့ပေါ်မှာမှ မရှိဘူး…ဟုလည်း ၀င်ပြောသည်။

“စာမေးပွဲ တကယ်အောင်ချင်ရင် မင်းတို့ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရလိမ့်မယ်။ နေမကောင်းရင် စာတွေ မမှတ်မိတာအပြင်ကို ရပီးသားစာတောင် မေ့သွားတယ်ဆိုတာ အခု သိပြီမဟုတ်လား။ ဒီတော့ ညကျရင် (၁၂) နာရီနောက်ဆုံးထားပြီး မင်းတို့ အိမ်ထဲဝင်ပါ့မယ်လို့ ဆရာမကို ကတိပေးပါ”

လူဝင်းက ခေါင်းငြိမ့်မည်ပြင်ဆဲ…သိုးကလေးက နှုတ်ခမ်းလေးထော်ကာ အထွန့်တက်သည်။

“ဆရာမပြန်တော့ပဲ သန်းကောင်ကျော်ကျော်နေပီဟာ၊ ဒါဆို သားတို့က ဆရာမကိုတောင် အိမ်အပြန်လိုက်ပို့ပေးလို့ မရတော့ဘူးပေါ့”

ကျမက သိုးကလေးရဲ့ ဆံပင်ဘုတ်သိုက်ကို ဆွဲဖွရင်း ရယ်မောမိပါသည်။

“ဘာလဲသိုး၊ မင်းက ဆရာမကို စောစောနှင်နေတာလား” ဟုမေးတော့ ပျာပျာသလဲနှင့် “ဟာ..မဟုတ်ပါဘူး ဆရာမ၊ မဟုတ်ပါဘူး” ဟု ငြင်းသည်။

“သားတို့က ဆရာမပေးခဲ့တဲ့ အိမ်စာကို အကုန်ကျက်ထားမယ်ဆိုရင် ဆရာမလည်း စောစောပြန်လို့ရတာပေါ့။ သားတို့က အကြွေးချန်ထားရင် တရက်အတွက် သတ်မှတ်ထားတဲ့စာ မပြတ်ဘဲနဲ့ ပြန်ရမှာ ဆရာမ ဘယ်စိတ်ဖြောင့်ပါ့မလဲ”

ဆိုတော့… ဆရာမကို သနားသွားဟန်နှင့် “သားတို့ ကတိပေးပါတယ်။ စာလည်းရအောင်ကျက်ထားမယ်၊ ည ဆယ့်နှစ်နာရီမှာလည်း အိမ်ထဲအရောက်ပြန်ဝင်ပါ့မယ်” ဟု ကတိပေးလာသည်။

ကျမက ရယ်မောလျှက် “ကတိ…နော်” ဟု တုပ်နှောင်စကားဆိုသောအခါ-

“ယောက်ကျားကတိပါ ဆရာမ” တဲ့။

ပေးထားသည့်ကတိကို သူတို့ တကယ်တည်ခဲ့ကြပါသည်။ သိုးကလေးရဲ့အမေကဆို ဘယ်သောအခါမှ သူ့စကား နားမ၀င် သည့် သူ့သားကို အံ့တွေသြလို့မဆုံးနိုင်။

(ခုနစ်)

ကျမက ကလေးတွေကို စာသင်သည့်အခါ လိုအပ်သည်ဟု ယူဆလျှင် အနားပေးလေ့ရှိပါသည်။ ဒါကို သိုးကလေးအမေက နားမလည်။ ဆက်တိုက်သင်စေချင်သည်။ တနှစ်လုံးစာကို တထိုင်တည်း ကြည့်ရ သည့်ပင်ပန်းမှုကို သူမတွက်တတ်သည်ကို ကျမက နားလည်အောင်ရှင်းပြလည်း သူသိပ်တော့ နား မလည်ပါ။

တနေ့…ကျမက သိုးကလေးကို စာရှင်းပြနေစဉ် -

“အား…ဆရာမ၊ သား ဘယ်လိုမှ မနေနိုင်တော့ဘူး၊ ခနလေးနော်” ဟု ဆိုကာ ကျမအဖြေကို မစောင့်ဘဲ လူဝင်းဆတ်ကနဲထလိုက်တော့ ကျမစိတ်မှာ ဗိုက်နာလို့များ ရေအိမ်ဝင်ချင်သလားမှတ်လိုက်သည်။ သို့သော် လူဝင်းက အတွင်းကိုမပြေးဘဲ အပြင်ကို ပြေးထွက်သွားသည့်အတွက် နဝေတိမ်တောင်ဖြစ်သွားသည့် ကျမကို စာပြန်ရင်း ကျန်ရစ်ခဲ့သည့် သိုးကလေးက မြွေမြွေချင်း ခြေမြင်သည့်ပြုံးတုံ့တုံ့နှင့် ကျမကို အကဲခတ်သလိုကြည့်နေသည်။

ထို့ကြောင့် အပြင်က ၀င်လာသည့် ကိုစောကျော်ဦးကို မေးကြည့်တော့ သူကလည်း ပြုံးစေ့စေ့နှင့် ပြောသည်။

“ဆရာမ တပြည့် ရှေ့မှာ ထွက်ကနေတာ ကွေးလို့-” တဲ့….

“ဟောတော်..” ဟု ကျမ အံ့သြတော့ သိုးကလေးက နောင်နောင်သည်က ဖွင့်တဲ့အသံ ဟိုး..အဝေးကြီးကတည်းက ကြားနေကတည်းက သူရွနေတာဆရာမ” ဟု ကျမကို အတို့အထောင်လုပ်သည်။

နောင်နောင်သည်..ဆိုတာက ရာသီစာ ဆီးသီး၊ သရက်သီးတို့ကို နွယ်ချိုတို့ ငရုပ်သီးမှုန့်တို့နှင့်နယ်ကာ မောင်းထုရောင်းသည့် တွန်းလှည်းဈေးသည်ကို သူတို့ခေါ်ကြတာဖြစ်သည်။ သည်တော့မှ ပတ်ဝန်းကျင်က အသံကို ကျမ သတိထားမိသည်။ ဟုတ်သား…အင်္ဂလိပ်သီချင်း ခပ်မြူးမြူးက လမ်းမပေါ်ကနေ ကျမတို့ဆီကို လှိမ့်ဝင်နေတာကိုး…

“သူကတော့ သားလည်း ကချင်တာပေါ့ ဆရာမ၊ သားလည်း ကမယ်နော်၊ ခဏလေးပါနော်…” နော်…နော်…ဆိုသည့် တောင်းဆိုသံကိုသာ ထားရစ်ခဲ့ပြီး ကျမဆီက ခွင့်ပြုချက်ကို ယူမသွားဘဲ သိုးကလေးကပါ ပြေးထွက်သွားတော့ ကျမမှာ သူတို့နှစ်ယောက်ရဲ့ ပြန့်ကျဲနေသည့် စာအုပ်ပုံတွေကြားမှာ ငုပ်တုပ်။

အဲဒါကြောင့် ပြောတာပေါ့။ ကျမက ဆရာမ အမည်ခံပြီး မျောက်ထိန်းလုပ်နေရတာပါလို့….

(နိဂုံး)

ကျမက မေတ္တာနှင့် ကူညီခြင်း သက်သက်ဖြစ်သောကြောင့် အခကြေးငွေမရဘူးဟု မဆိုလိုပါ။ တောမှာ ဆန်စက်ရှိသော သိုးကလေးအမေက ကျမတို့ကို သူတို့ဆန်စက်က ဆန်အကောင်းစားတွေကို အိတ်လိုက်ထမ်းပြီး လာပို့ခိုင်းပါသည်။ အုန်းသီးတွေရော..တောစာတွေရော သယ်လာပေး၏။ အဖေ့ကို ထုတ်ဆန်ကြမ်းကြမ်းကိုသာ ကျွေးနေရသည့်အတွက် စိတ်မကောင်းဖြစ်နေသော ကျမအတွက် အဲသည်ဆန်အိတ်မကုန်မချင်း အဖေ့အတွက် စိတ်ချမ်းသာရပါသည်။

လူဝင်းကတော့ သူ့ဦးလေးက ပေးခိုင်းလိုက်သည့် တတောင်မက ကြီးသော ကကတစ် ငါးကြီးတွေ နှစ်ခါလား သုံးခါလား မမှတ်မိတော့၊ လာလာပေးသွားသည်။ သူ့ဦးလေးက အဲသည်တုန်းက မြန်မာပြည်က ငါးတွေကို တရုတ်ပြည်ကိုပို့သည့် ငါးကုမ္ပဏီမှာ မန်နေဂျာကိုး…။ အမှန်အတိုင်း ၀န်ခံရလျှင် ဤမျှ အရသာကောင်းသောငါးက ဈေးလည်း အလွန်ကြီးသောကြောင့် အဖေကြိုက်မှန်းသိသည့်တိုင် ကျမ အကြိမ်များစွာ ၀ယ်မကျွေးနိုင်ခဲ့ပါ။

သိုးကလေးက ဂုဏ်ထူး နှစ်ဘာသာနှင့်…လူဝင်းက တဘာသာဂုဏ်ထူးနှင့် အဲသည်နှစ်က သူတို့အတန်းတင် စာမေးပွဲတွေ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့မှုကြောင့် ရရှိခဲ့သည့် ပီတိကတော့ အချိုမြဆုံး စာသင်ကြေး…ဟု ပြောရပါလိမ့်မည်။

ဖေဖော်ဝါရီလ (၂၆) ရက်။



(မှတ်ချက်။ ။ ဖေဖော်ဝါရီလသည် စာမေးပွဲရာသီဖြစ်သောကြောင့် ကျမ၏မျောက်ကလေးတွေနှင့် ကျမ အမြဲတမ်း ဆူညံပွက်လောရိုက်ကာ နေကြရသည့် ကာလနှင့် တိုက်ဆိုင်စွာ ကျမ သည်စာကို ရေးဖြစ်နေတာ အခုမှကို သတိထားမိပါသည်။ )

Thursday, February 25, 2010

အမေရိကတိုက်နှင့် မြန်မာဒုက္ခသည်များအကြောင်း...

ရှင်တော်မြတ်ဘုရားက ဟောကြားတယ်
ပိယေဟိ ၀ိပ္ပယောကော ဒုက္ခော
အပိယေဟိ သမ္ပယောကော ဒုက္ခော…တဲ့
အစက နားမလည်
ဒါလေးများ…
ဘာမီတွန်သောက် ပျောက်…ပေါ့နော်..။

အိုပီအီး ပီးပီလား
ဒါဆို ဒီအိပ်ခ်ျအက်စ် ကတော့လိုပါသေးတယ်။
ကာချာရှော့မရအောင်
စီအို တက်ရမယ်တဲ့
တက်ကြွစွာသူတို့နှုတ်ဖျားက
အဟုတ်စကားကြွယ်လှ
ဆီမန်း မန်းမလို မန်းနေကြ
ခိုငြီးသံတွေကြားနေရ
ဂရုဏာသက်ရမှာလား
ဥပက္ခောပြုရမှာလား….။

အို….ဖ ဘုရားသခင်
ဘာကြောင့်များ “ကပ္ပတိန်ကွတ်” ကို...
ဘယ်အတွက်များ “ကိုလံဘတ်” ကို...
သမိုင်းစာမျက်နှာများမှာ
နေရာပေးခဲ့ပါလိမ့်...

စွန့်ဦးတည်ထွင်သူတွေထဲမှာ
အမုန်းဆုံးသူ “တစ်” နဲ့ “နှစ်” ဟာ
သူ နဲ့ သူပေါ့။

အခုတော့
သူတို့ကြောင့်….။

(ဇီဝဇိုး)

အိုပီအီး … Overseas Processing Entity (OPE)
ဒီအိပ်ခ်ျအက်စ် …. Department of Homeland Security (DHS)
ကာချာရှော့ …. Culture Shock
စီအို…. Culture Orientation

Monday, February 22, 2010

တံလျှပ်ရွှေပြည် အပိုင်း (၂)


(သုံး)

ဝေငြိမ်း…..။

အခုတော့ ဦးဝေငြိမ်းဟု လူတွေက ခေါ်စပြုခံနေရတဲ့ “ကျောင်းသား” ဆိုသည့် အခေါ်အဝေါ်ကို နှစ်သက်စွာ အခေါ်ခံလိုဆဲ သူတယောက်။ (၈၈) မျိုးဆက်ကျောင်းသား ဟုခေါ်လျှင် ပို၍ပီပြင်ပေလိမ့်မည်။

အမေရိကန်၏ စီးပွားပျက်ကပ်အတွင်းမှာ ကိုယ်ပါ ရောပြီး အလုပ်လက်မဲ့ဖြစ်သွားရပြန်သည့်အချိန်ပိုင်းလေးမှာ ဟိုဟို ဒီဒီ လျှောက်သွားဖြစ်သည်။ တကယ့်ကို ဟိုဟို ဒီဒီပါပဲ။

ရာသီက နွေဦးဆိုပေမယ့် မိုးက စိတ်မထင် မထင်သလို ထထရွာနေတတ်သေးသည့်အချိန်။ သို့သော် အမေရိကန်ရောက် မြန်မာလူမျိုးအတွက် နေသာထိုင်သာ အအေးပေါ့ချိန်ဟု ပြောရမည့် အချိန်ပိုင်းလေး။

ရွက်စိမ်းနုနု ပရစ်ဖူးလေးတွေ ရှင်သန်ပေါက်ဖွားလာသည့်အချိန်…. မြင်မြင်ရာတိုင်း အစိမ်းရောင်လွှမ်းနေတာကို ခြေဦးတည့်ရာလျှောက်သွားငေးမောရင်း မြန်မာပြည်ထဲပဲ ပြန်ရောက်နေသလိုလို...

သို့တိုင်အောင် မြန်မာ့နွေဦးမှာ တွေ့ရသည့် စိန်ပန်း၊ ပေါက်၊ လဲ ပန်းနီနီလေးများကို မတွေ့ရ။ ငုနဲ့ ပိတောက်ကို မတွေ့ရသည့်အပေါ် နာကျင်လစ်ဟာသည့် ခံစားချက်ကိုတော့ တတ်နိုင်သမျှ မေ့ချင်ယောင်ဆောင်နေခဲ့ရပြန်ပါသည်။ တော်လှန်ရေး၏ သွေးနမိတ်ဆန်သည့် ပင်လုံးကျွတ်ရဲနေအောင်ပွင့်တတ်သည့် မတ်လ၀န်းကျင်ကပန်းများကို သူ တကယ်တော့ ဘယ်တော့မှ မမေ့နိုင်- မမေ့ရက်ခဲ့ပါ။

အမေရိကန်မှာကျတော့ နွေဦးတွင် သစ်ပင်တို့က စိမ်းနုလန်းဆတ်သည်။

စပရင်း Spring မတိုင်ခင် ဖောလ် fall ရာသီကို လှရက်နိုင်အားလှချည့်ဟု ဌာနေလူတို့က စာဖွဲ့ကြသည်။
ခဲနှင့် နီညိုမှိုင်းတို့စပ်ထားသည့် အရောင်မွဲမွဲ သစ်ပင်တွေက ရိုးတံငေါက်တောက်နှင့်…တချို့အပင်တွေက ရဲရဲနီနေသည့် သစ်ရွက်တွေကို ခြွေချလျှက်..တချို့က ပိတောက်ခြောက်ရောင်ဆန်ဆန်သို့ တဖြည်းဖြည်းကူးပြောင်းလျှက်ရှိနေတာကိုမြင်ရတိုင်း ဆယ်တန်းစာမေးပွဲအတွက် စာအုပ်နှင့် မျက်နှာခွာ၍မရကြသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေချိန်ဆီသို့ ပြန်ပြန်ရောက်သွားတတ်သည့် မြန်မာပြည်၏ မတ်လ နွေဦးကို လွမ်းမိသည်။

သို့သော် မန်ကျည်း၊ ကုက္ကို၊ တမာ…ဘာပင်တွေပဲဖြစ်ဖြစ်..တရွက်ကြွေသည့်နေရာမှာ တဖူးထွက်လာသည့် ပုရစ်ဖူးလေးတွေနှင့် သစ်ပင်ကြီးတွေက ဒီက ရွက်ကြွေရာသီလောက် ခြောက်ကပ်ကပ်မနိုင်။ နေရောင် စူးရဲရဲ အောက်မှာပင် အအေးဓာတ်ကို ခံစား၍ရနိုင်သည့် သဘာဝအအေးကို သူတမ်းတမိသည်။

အော်…နှစ်ပေါင်း နှစ်ဆယ်တောင် ကြာခဲ့ပေါ့……

တနေ့က ဒီပဲရင်းနှစ်ပတ်လည်အတွက် အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြကြရန် သူ့အား လှမ်းပြီး တယောက်ပြီးတယောက်ခေါ်ကြသည်။ မလာနိုင်ဘူး…ဟု ပြောခဲ့လိုက်၏။ အလုပ်လက်မဲ့ဖြစ်နေချိန်မှာတောင် ကိုယ့်နိုင်ငံအတွက် ကိုယ့်ခေါင်းဆောင်အတွက် 
အချိန်လေး မပေးနိုင်ရကောင်းလား….ဟု စကားနာထိုးသူကထိုးသည်။

စစ်အုပ်စုလက်ပါးစေတို့၏ ရိုက်နှက်ခံရမှုဖြင့် ကွယ်လွန်.(.တကယ်တော့ ကျဆုံး…ဟုသာ သုံးရပါလိမ့်မည်။) သွားခဲ့ကြသော 
အပြစ်မဲ့ ပြည်သူများအတွက် ဆွမ်းသွတ်မည့်အစီအစဉ်ထဲမှာတော့ အလှူငွေ ထည့်ဝင်လိုက်ပါသည်။ သူ့ အနေနှင့် ဘယ်ကိုမှ မသွားချင်လောက်အောင်ဖြစ်နေတာကိုတော့ ၀န်ခံရပါလိမ့်မည်။ ဘယ်မှ မသွားဘဲနေယုံမျှဖြင့် သူ့အား အမေရိကန်မှာအနေကြာပြီး မြန်မာ့တော်လှန်ရေးကို မေ့လျော့သွားပြီဟု စွတ်စွဲလျှင်တော့ သူ့အနေနှင့် ဘာမှ တုန့်ပြန် ဖြေရှင်းနေမည်မဟုတ်။

လူတိုင်းလူတိုင်းက ကိုယ့်တိုင်းပြည်နှင့်ကိုယ့်လူမျိုးကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ချစ်တတ်ကြသူချည်းဟု သူယုံသည်။ တိုင်းပြည်အပေါ်ထားသည့် သူ့ချစ်မြတ်နိုးစိတ်နှင့် သစ္စာတရားကို သူဘာသာယုံကြည်သည့်အတွက် သူများ၏ ဝေဖန်စကား လောက်နှင့်တော့ သူက တုန်လှုပ်မည်မဟုတ်သလို နာကျင်ခံစားလိမ့်မည်လည်းမဟုတ်။ နှုတ်တုန့်ပြန်နေမည်လည်းမဟုတ်ပေ။

တိုင်းပြည်ကို ချစ်ချင်ယောင်ဆောင်နေသူများစွာထဲမှာ ငါမပါ…ဟု လည်း လက်သီးလက်မောင်းတန်းနေရန်လည်း စိတ်ကူးမရှိ။ အားလုံးက ကိုယ့်သမိုင်းကိုယ်ရေးရင်း ကိုယ့်စရိတ်ကိုယ်ရှာနေသူများဖြစ်သည်။ ကိုယ့်သမိုင်းကို ကိုယ်က ရေးသော်လည်း ကိုယ့်သမိုင်းမှတ်တိုင်ခိုင်မာမြဲမြံဖို့ကိုတော့ သူများက ကောက်ထူစိုက်မတ်ပေးလိမ့်မည်။ ဒါကို မှတ် ကျောက်တင်သည်ဟု ခေါ်ရမည်လား မသိပါ။

ဘယ်လိုပဲပြောပြော တကယ်အချိန်ကျလာသည့်အခါကျတော့ မသွားဘဲလည်း မနေနိုင်စွာ သူ့ကားစုတ်ကလေးနှင့် သံရုံး ရှေ့ကို ရောက်လာခဲ့သေးသည်။ လူလေး ဆယ့်လေးငါးယောက်နှင့် ဆိုင်းဘုတ်လေးတွေကိုင်…အော်လံလေး နှစ်ခုနှင့် ဆန္ဒပြပွဲကို ကျင်းပနေသည့် သူများကို ကြည့်ကာ ရင်ထဲဆွေးမြည့်နွမ်းလျသွားသည်။ သူတို့တုန်းကတော့ ခေတ်ကောင်း ချိန်…ဟုပြောရမည်။ ဆန္ဒပြသူတွေ အနည်းဆုံးတော့တရာ့လေးငါးဆယ် ရှိနေတတ်ခဲ့၏။

အမေရိကားသို့ နည်းအမျိုးမျိုးနှင့် တရားမ၀င်ရောက်နေကြသော မြန်မာပြည်သားများရော မြန်မာနွယ်ဖွား နိုင်ငံခြားသားများရော နိုင်ငံရေးရာသီဆိုးသောကြောင့် ကံဆိုးမိုးမှောင်ကျစွာ ကျဆုံးခဲ့ရသည့် အမည်ပျောက်သူရဲကောင်း အာဇာနည်များက သွေးနှင့်ရေးခဲ့သော သမိုင်းဝင်မော်ကွန်းနေ့များတွင် တအုပ်ကြီး အတမကြီး သံရုံးရှေ့မှာ လက်သီးလက်မောင်းတန်းခဲ့ကြသည်။

ဖရီး... ဖရီး... ဖရီး... ဘားမား…ဟု လည်ချောင်းကွဲမတတ်အော်ဟစ်ခဲ့ကြသည်။
ဖရီး... ဖရီး... ဖရီး... ဒေါ်အောင်ဆန်းစုကြည်…ဟု သံချပ်ဆန်ဆန် သံပြိုင်သီကြွေးခဲ့ကြသည်။
ဖရီး... ဖရီး... ဖရီး... အောလ် ပိုလစ်တစ်ကယ်လ် ပရီးဇဲန်းနား…ဟု တောင်းဆိုခဲ့ကြသည်။

သို့သော် မြန်မာပြည်တွင်းမှ အကျဉ်းစံ မျိုးချစ် နိုင်ငံရေးသမားတွေကဖြင့် သည်က သံရုံးရှေ့အော်ယုံနှင့် တယောက်မှ မလွတ်ခဲ့။

သို့သော် အမေရိကန်ရောက် တရားမ၀င်နေထိုင်နေသူ လူတော်တော်များများကတော့ သူတို့ဓာတ်ပုံတွေ ကမ္ဘာ့ သတင်း စာထဲမှာ ပါလာသည့်အတွက် မြန်မာပြည်ပြန်လျှင် အဖမ်းခံရမှာစိုးသောကြောင့်ဆိုပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက် သည်နှင့် အမေရိကားတွင် တရားဝင်နေထိုင်ခွင့် ရရှိသွားခဲ့ကြသည်။

နိုင်ငံနှင့် လူမျိုးကို ချစ်တတ်သူများကဖြင့် သေသွားသည့်ဟိုမှာဘက်ထိ ဒါမှမဟုတ် နံရံတွေခြားထားသည့် အုတ်တံတိုင်း နီနီတို့ကြား ညပ်ပိတ်လှောင်သွပ်ခံထားရသည့်အဖြစ်နှင့် ကိုယ့်ပြည်သူကို ရောက်ရာနေရာမှာ အနေချောင် အစားချောင်အောင် ဖန်တီးပေး နိုင်စွမ်းကြပုံများကို ဆင်ခြင်ရင်းက သူ့ကားလေးကို ဖြည်းညင်းစွာလှိမ့်ထွက်လာခဲ့သည်။

သံရုံးရှေ့ကပြီးလျှင် အိမ်ဖြူတော်ရှေ့သွားမြဲထုံးစံဖြစ်သောကြောင့် အိမ်ဖြူတော်ရှေ့က ပန်းခြံထဲ ခပ်လှမ်းလှမ်းတနေရာက စောင့်ကြည့်လိုသောကြောင့်ဖြစ်သည်။ သံရုံးရှေ့ပွဲက သိပ်မလှ။ စနေနေ့ဖြစ်သောကြောင့် သံရုံးပိတ်ထားသည့်အတွက် အော်ရသည်မှာရော ကြည့်ရသည်ကပါ သိပ်ပြီး စိတ်ပါဝင်စားဖို့မကောင်းလှပေ။ သို့သော် အော်နေကြသည့် အဲသည့် လူနည်းစုလေးထဲမှာ အုပ်အရောရော..ကျောက်အရောရောတွေ မပါဘဲ နိုင်ငံရေးသီးသန့်လေး ဖြစ်နေသည့်အတွက်ကိုတော့ဖြင့် ဆန္ဒပြနေသူများအပေါ် လှိုက်လှိုက်လှဲလှဲ ချီးကျူးမိလိုက်ပါသည်။

သူ အထက်တန်းကျောင်းသားဘ၀က ဆရာများနားနေဆောင်ရှေ့က ဖြတ်လျှောက်စဉ် ဆရာမအိုကြီးတယောက်က အားကျိုးမာန်တက်စာသင်နေနိုင်သေးသည့် ဆရာ ဆရာမပေါက်စလေးတွေကို ကြည့်ကာ ခပ်ပြုံးပြုံးပြောလိုက်သည့် စကားလေးတခွန်းကို သတိရကာ ခပ်ဖွဖွ ပြုံးလိုက်မိသေးသည်။

“အေး...တံမျက်စည်း အသစ်လေးတွေ...လှဲကောင်းတုန်း လှဲထားကြ၊ 
တို့ကတော့ အမွေးတုံးနေပြီ။ အမှိုက်မစင်တော့ဘူး”

                        -------------------------------------------------------
အိမ်ဖြူတော်ရှေ့သို့ ရောက်သောအခါ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်လိုက်မိသည်။ ကိုယ့်အရင်ဦးအောင် လူအင်အား (၂၀၀) လောက်ရှိသော တမီလ်လူမျိုးများက အုံနှင့်ကျင်းနှင့် အင်နှင့်အားနှင့် သူတို့လက်လွှတ်လိုက်ရသော နယ်မြေအတွက် တောင်းဆို ဆန္ဒပြသံက ကျွက်ကျွက်ညံနေသောကြောင့်ဖြစ်သည်။
အစိုးရစစ်တပ်လက်ချက်နှင့် ကျဆုံးသောသူပုန်များအကြောင်း ဖတ်ရသည့်အခါတိုင်း ကိုယ်ကိုယ်တိုင် မာနယ်လ်ပလောကို စွန့်ခွာခဲ့ရသည့်အဖြစ်ကို ပြန်ပြောင်းခံစားမိသည်။ ထို နှစ်ပေါင်း နှစ်ဆေယ်ကျော်က စိတ်ဒဏ်ရာသည် မနေ့တနေ့ကလိုပဲ အစိမ်းလတ်လတ် နာကျင်မှုကို ပေးနိုင်စွမ်းပါသေးသည်။
သူတို့က စနေနေ့တိုင်း ကံထရိုက်ဆွဲထားသလို လာကြတာဖြစ်သည်။ ထမင်းထုတ်များ၊ စားကောင်းသောက်ဖွယ်များ၊ အပြည့်အစုံ ထည့်လာပြီးမှ တောင်းဆို ဆန္ဒပြနေသည့်အတွက် အားနှင့်အင်နှင့်ဟု ပြောရခြင်းဖြစ်သည်။ အော်လိုက်… မောသူများက လူလဲကာ စားသောက်လိုက်…ပြန်အော်လိုက်….သစ်ရိပ်ကောင်းကောင်းမှန်သမျှမှာ တမီလ်များနှင့် ပြည့်နေသည်။ မြန်မာအုပ်စုက ကျို့တို့ကျဲ တဲနှင့် အိမ်ဖြူတော်နှင့် မျက်နှာချင်းဆိုင်က ပန်းခြံရိပ်မှာ မြန်မာသံရုံးရှေ့က လူတွေ ဒီဘက်အကူးကိုစောင့်နေကြသည်။
ကိုယ့်လူတွေလာရင် သည်အသံကို တိုး၍မှပေါက်ပါ့မလား…ဟုလည်း တွေးပူမိသည်။ အစောင့်ရဲတွေကတော့ တခုခုစီစဉ်ပေး  လိမ့်မည် ဆိုတာ သေချာပါသည်။ မင်းတို့တော်တော့…သူတို့အလှည့်ရောက်ပီ..စသည်ဖြင့်….
အိမ်ဖြူတော်ခြံဝန်းကြီးက ကျယ်ပြန့်သလောက် ငြိမ်သက်လျှက် ဆန္ဒပြအော်ဟစ်နေသူများကို နြေ္ဒကြီး တခွဲသားနှင့် လက်ခံ ကြားနာပေးနေသယောင်ယောင်။ အော်ချင်လို့သာ လာအော်ရ… အိုဘားမားကဖြင့် သူ့အိမ်ထဲရှိတောင်မှ ရှိပါ့မလားမသိ။ သူကလည်း အငြိမ်းစားဇွတ်အပေးခံခဲ့ရပြီးမှ နေအိမ်အကျယ်ချုပ်ဖြစ်သွားရရှာသော မြန်မာစစ် ဗိုလ်ချုပ်ကြီးခင်ညွန့်လို အလွန်ခရီးထွက်သူ တယောက်ဖြစ်နေပြန်သည်။ သို့သော် မင်းနားတထောင်ဆိုသလို…. သူ့အိမ်ရှေ့မှာ လာအော်စဉ် သူမရှိသည့်တိုင် နားထောင်ထား သည့်သူတွေက သူ့ကို အစီရင်ခံလိမ့်ပေမပေါ့။
အိမ်ဖြူတော်သည် မြန်မာပြည်က ဗိုလ်ချုပ်ရွာများလောက်…ဗိုလ်ချုပ်ကြီးနေ၀င်းစံမြန်းခဲ့ရာ အေဒီလမ်းလို လူမပြတ်။ … ပြည်သူများ နှင့် ကင်းကင်းကွာကွာ သူစိမ်းမဆန်မှုကို ခံစားနိုင်သည်။ သူ့ဟာသူ အတွင်းပိုင်းမှာ နိုင်ငံ့ခေါင်းဆောင် တယောက်နှင့်သင့်တင့်သည့် ခင်းကျင်းခမ်းနားမှုမျိုး ရှိကောင်းရှိနိုင်ပေမည်။ လုံခြုံရေးအစောင့်များကိုလည်း တင်းကြမ်းထပ်အောင် ထားကောင်းထားနိုင်ပေမည်။ သို့သော် တကယ်တွေ့ရသည် မြင်ကွင်းက ခြံဝန်းအကျယ်ကြီးထဲမှာ ရှိနေသည့် အဖြူရောင် အိမ်ခပ်ကြီးကြီးတလုံးမျှသာဖြစ်သည်။ ထို့အတူ အစောင့်ဟူ၍လည်း ဆန္ဒပြသူများ စနစ်တကျဖြစ်ရေးနှင့် ယာဉ်ကျောမပိတ်ဆို့ရေးအတွက် တာဝန်ယူပေးနေသည့် ယူနီဖောင်းဝတ် လူငယ်လေး နှစ်ယောက်သုံးယောက်၊ ပုလိပ်ကားကလည်း ဟိုဘက် ဒီဘက် ထိပ်နှစ်ဖက်ပေါင်းမှ နှစ်စီးတည်း။ နောက်ပြီး မြင်းကြီးစီးကာ ရှေးဆန်ဆန် ခပ်ဖြေးဖြေးပတ်နေသည့် တယောက် ဒါလောက်ပဲရှိသည်။
သမတအိမ်တော်ဟူ၍ လက်နက်ကိုင်အပြည့်နှင့် စောင့်နေတာမျိုး မျက်စိနောက်ရအောင် စိတ်အနှောင့်အယှက်ဖြစ်ရအောင် မတွေ့ရ သည်ကိုက စိတ်ကြည်နူးစရာ…။ နိုင်ငံခြားသားတွေလည်းလာ၍ရသည်။ လူငယ်လေးများကလည်း စကိတ်စီးကာ ပတ်ပြေးနေကြ သည်။ ပန်းခြံထဲတွင် မိသားစု နွေရာသီအပန်းဖြေ ပျော်ပွဲစားထွက်သည့် အုပ်စုလေးတွေက လည်း အေးအေးလူလူပင်။ ဘယ်သူ့ ဘယ်သူကိုမှ အနှောင့်အယှက်မဖြစ်စေကြဘဲ ကိုယ့်နည်းနှင့်ကိုယ် အပမ်းဖြေ နေကြလေသည်။ ပန်းခြံအ၀င်တွင် လက်နက်ပါ မပါ စစ်ဆေးဖို့..မှတ်ပုံတင်ပြခိုင်းဖို့ဆို ဝေးရော….
အင်း…တကယ်လို့ လူအင်အားလိုနေရင်တော့ ၀င်အော်ပေးအုံးမှပါပဲ….။
٭٭٭٭٭٭٭٭٭
 “ဟေး….ဘာဖြစ်လို့ဖုံးဆက်တာလဲကွ။ ငါအားရင် ဖုံးခေါ်မယ်ပြောထားရဲ့နဲ့”
ကိုဝေငြိမ်းအနားက ရုတ်တရက် ပေါ်လာသည့် ဗမာစကားပြောသံကြောင့် အသံလာရာဆီသို့ ခေါင်းငဲ့ကာ စပ်စုလိုက်သည်။ ကိုယ့် အသိများလားလို့။ မဟုတ်ပါ။ အ၀တ်အစားသေသေသပ်သပ်နှင့် အသက် သုံးဆယ်ဝန်းကျင် လူငယ်တယောက်ဖြစ်သည်။ ရည်းစားနဲ့ ရန်ဖြစ်နေလားမသိ ဟုတွေးကာ ငယ်မူပြန်ပြီး သူများကိစ္စမှာ ၀င်ပြုံးလိုက်မိသေးသည်။ အင်း…ဒီမှာ အနေကြာတဲ့ ယောက်ကျား တယောက်က မြန်မာမိန်းကလေးကိုရှာပြီး ရည်းစားထားတယ်ဆိုလည်း မဆိုးပါဘူး…ဟု ကိုယ့် လူကိုယ် အမှတ်ပေး လိုက်ပြန်သည်။
“….ဟာ..လေးလေး ပြန်ခေါ်လို့မရဘူးလေကွာ၊ သမတအိမ်ဖြူတော်ရှေ့က ပန်းခြံထဲရောက်နေတာကွ။ ….. ဘာလို့ရောက် လဲ… ဆိုတော့ အလုပ်က ရက်အလျှော့ခံရလို့ ….နောက်တလုပ်မရခင် စိတ်ရောလူပါ အပမ်းဖြေတယ်ဆိုပါတော့။ ဒီနေ့က ဒီပဲရင်း နှစ်ပတ် လည်နေ့ကွ။ ဒီနေရာမှာ လာပီး မြန်မာလူမျိုးတွေ ဆန္ဒပြကြမှာမို့လို့ လေးလေး လာစောင့်နေတာ။
…..ဘာလဲ ဒီပဲရင်း နှစ်ပတ်လည်ကို မင်းမသိဘူး။ အဲဒါ တို့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အဖွဲ့ဝင်တွေကို မင်းတို့ စစ်အစိုးရက သတ်ဖို့ ကြိုးစားခံရတဲ့နေ့ကွ။ လူတွေ အများကြီးသေခဲ့ကြတာ။ ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီကတည်းက နေအိမ် အကျယ်ချုပ်နဲ့ အထားခံရတာ အခုထိပဲ၊အဲဒါကို ပြန်လွှတ်ပေးဖို့ လာပြီးတောင်းဆိုကြမှာ”  
ကိုဝေငြိမ်း ထိုလူရွယ်ကို နည်းနည်းတော့ စိတ်ဝင်စားသွားသည်။ နိုင်ငံရေးအသိုင်းအ၀ိုင်းထဲကလား။ ဒီလိုဆိုရင် ဂိုဏ်းတူ ညီအကို တွေပေါ့….။
“ဟ အိုဘားမားကို လာတောင်းလို့ ဒေါ်စုမလွတ်တာတော့ မင်းပြောမှလားကွ။ ဒါပေမယ့် ဒီလိုပဲ ပွဲပီးမီးသေမဖြစ်အောင် ထ ထဆူ ပေးဖို့ကလိုသေးတာကိုးကွ။ မဟုတ်ရင် လုပ်တိုင်းခံနေရမှာပေါ့။ နည်းနည်းတော့ အော်ပေးနေမှ ထင်တိုင်းမကျဲရဲ မှာပေါ့။ ကိုယ့်လူ၊ ဖုံးချလိုက်တော့ နိုင်ငံရေးအကြောင်းဆွေးနွေးနေဖို့ မင်းကို ငါ ဖုံးဖိုး ထပ်မပို့နိုင်ဘူး။ ငါ အိမ်ပြန်ရောက်ရင် ဂျီတော့ကနေ ခေါ် လိုက်မယ်။ ဟုတ်ပီလား”
လူရွယ်က သူ့အား သိသိသာသာစပ်စုနေသော ဦးဝေငြိမ်းအား တချက်ဝေ့ကြည့်ကာ ဖုံးပိတ်လိုက်သည်။ ယောက်ကျား ရင့်မာကြီး ဖြစ်ပြီး စပ်စုရကောင်းလား…ဟု တွေးလျှင် ယောက်ကျားသိက္ခာကျပေတော့မည်။ ထို့ကြောင့် ယဉ်ကျေးဖွယ်ရာ မိတ်ဆက်ရင်း ကိုယ့်သိက္ခာကိုယ်ပြန်ဆယ်ရသည်။
“ညီက ဗမာပြည်မှာတုံးက ဘယ်မှာနေလဲ”
လူရွယ့်မျက်နှာ လက်ကနဲဝင်းသွားသည်။ နိုင်ငံရပ်ခြားမှာ ဗမာလူမျိုးတယောက်ကို အသိတိုးခြင်းသည် ဆွေမျိုးတယောက်ကို တွေ့ လိုက်ရသလိုပင် သည်လို ပျော်ရွှင်သွားတတ်ကြသည်။ နောက်မှ မတည့်တာတွေ ဘာတွေကနောက်ပိုင်းကိစ္စ။ တွေ့တွေ့ချင်း ပျော်ကြတာကတော့ အမှန်။ 
“ကျနော်က ပခုက္ကူဘက်ကပါ အကို။ ထွက်တုံးက မလေးကို ထွက်တာ။ နောက်သူငယ်ချင်းတွေအဆွယ်ကောင်းတာနဲ့ ပတ်စ်ပို့ အတုနဲ့ဝင်လာတာ။ ကံကောင်းလို့ ရောက်တော့လာပါရဲ့။ ကံဆိုးတော့ ထင်တိုင်းမဖြစ်ဘူး။ စိတ်ကူးလိုက်တုံးကတော့ အမေရိကား ရောက်ရင် အကုန်ပြေလည်သွားမယ်။ လုပ်တိုင်းဖြစ်မယ်ထင်ခဲ့တာ။ အခုတော့ စားပွဲထိုးအဆင့်… ဘူတာရုံမှာ လက်ဆောင်ပစ္စည်း ရောင်းတဲ့အဆင့်ကနေ ကျော်လို့ကို မရဘူးဗျာ”
“ဒီလိုပါပဲ ညီရာ။ ရုန်းကြရတာပါပဲ။ နောက်တော့ ပြေလည်သွားမှာပါ။ တရားမ၀င်ဆိုတော့ လခမှာစကားပြောရမယ်”
“နည်းတာပေါ့အကို။ နောက်ပီး သူများမလုပ်ချင်တဲ့အချိန်ကျမှ လုပ်ရတော့ အိပ်ချိန်စားချိန်က ကမောက်ကမပဲလေ၊ ဒါပေမယ့် အခု တော့ နည်းနည်းအခြေအနေကောင်းလာပါတယ်”
“ဟုတ်လား။ ဘယ်လိုကောင်းသွားလဲ”
လူရွယ်က ရယ်ကျဲကျဲနှင့် ခေတ္တငြိမ်သက်သွားသည်။
“မိတ်ဆွေတယောက်က အကြံပေးတယ်လေ။ နိုင်ငံရေးအုပ်စုတွေက ဒီလိုပဲ အရေးအခင်းနေ့တွေဆို သံရုံးရှေ့တို့ အိမ်ဖြူတော်ရှေ့ တို့မှာ ဆန္ဒပြကြတယ်။ အဲဒီမှာ သွားသွားအော်။ ကိုယ့်ဓာတ်ပုံ သတင်းစာတွေထဲ ပါလာတဲ့အခါ အဲဒါကိုပြပြီး မြန်မာပြည်ပြန်ရင် အဖမ်းခံရမှာစိုးလို့ပါ..ဆိုပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းလိုက်ရင် ရတယ်ဆိုလို့ အဲလိုပဲ လေးငါးခြောက်လ လာလာပီး ပွဲရှိတိုင်း အော်ပြီး asylum ခံလိုက်တာ။ အခုတော့ green card တောင်ရခါနီးပီ”
ဦးဝေငြိမ်း ပြုံးလျှက် ရှက်ရွံ့ရွံ့ဖြစ်နေပုံရသော လူရွယ်ထံမှ အကြည့်လွှဲလိုက်ပါသည်။
“အကိုကရော..past post နဲ့လာတာလား”
“နိုင်ငံရေးခိုလှုံခွင့်နဲ့ပါပဲကွာ”
အော်….ဟုဆိုကာ လူရွယ်က ဆက်မေးသင့်မမေးသင့်ချင့်ချိန်လျှက် စကားစပြတ်သွားသည်။ “ကိုယ့်နံမည် ဝေငြိမ်း၊ ဒီကို ရောက်နေ တာ နှစ်နှစ်ဆယ်နားနီးလာပြီ”
လူရွယ်က အံ့သြသယောင် မျက်ခုံးနည်းနည်းမြင့်သွားသည်။
“ဒါဆို ကျောင်းသားအုပ်စုကထင်တယ်” ဟုလည်း ခပ်တိုးတိုးဖြင့် ရေရွတ်သယောင်မေးသည်။ အင်း…ဟု သူကလည်း သက်ပြင်းချ သယောင် အဖြေပေးသယောင် ရောချလိုက်သည်။
“ကျနော်က အောင်နိုင် ပါ။ လောလောဆယ်တော့ ဘော်လ်တီမိုးဘက်မှာနေတယ်အကို”
သူက လက်ဆွဲပြီး ခပ်တင်းတင်းဆုပ်ကိုင်လျှက် နွေးထွေးမှုကိုပြလိုက်သည်။ ထို့နောက် အပြန်အလှန် ဖုံးနံပါတ်ယူထားလိုက်ကြ သည်။ နိုင်ငံရေးနှင့်ပတ်သက်သော သူသိလိုတာလေးတွေကို ရိုးသားစွာမေးလာသည့်အတွက် ကိုဝေငြိမ်းက သေချာဖြေပေး လိုက်ပါသည်။
သူတို့စကားဝိုင်းက ဟိုရောက်သည်ရောက်နိုင်လှသော်လည်း ခနလေးအတွင်းမှာ တယောက်ကိုတယောက် အရမ်းရင်းနှီးသွား သည်။ တယောက်ကိုတယောက် အကြည်ဖောက်ပြီး မြင်လို့ရကြသည်။ သူတို့စကားပြောနေစဉ် သံရုံးရှေ့က လူတွေ အိမ်ဖြူတော် ရှေ့ရောက်လာကြသည်။
ရဲက ပန်းခြံဘက်ကနေ ဆန္ဒပြလို့ မရဘူး…ဟု လာပြောတာတွေ့ရသည်။ အရင်တုံးကတော့ ရသား။ အခုမှ ဘာဖြစ်သွားလဲ မသိ…ဟု အောင်နိုင်က မချင့်မရဲပြောသည်။ နောက် အပန်းဖြေသူတချို့က အိမ်ဖြူတော်၏ ခြံတတိုင်းနားမှာ ကပ်ပြီး ရှိနေကြသည်။ တချို့က အိမ်ဖြူတော်ပါအောင် အမှတ်တရဓာတ်ပုံရိုက်နေကြသည်။ တမီလ်တွေကလည်း မနားတမ်း အော်၍ကောင်းတုံး။ နားမည့်ပုံမပေါ်။ ဗမာအုပ်စု သူတို့ကိုကြည့်ကာ နည်းနည်းတော့ စိတ်ပျက်လက်ပျက် ဖြစ်သွား ကြသည်။ သို့သော် အော်မည် ဆုံးဖြတ်ချက်ကို ပျက်ရ ရိုးလား။ အလုပ်လက်မဲ့တွေ တိုးပွားနေသည့်ကြားက တနေ့စာ လုပ်အားခအဆုံးခံကြကာ စီစဉ်ထားသည့်ပွဲကို မည်သူမှ အပျက်မခံ။
အိမ်ဖြူတော်ပလက်ဖောင်းကျယ်ကျယ်ကိုမသွားဘဲ ထိုပလက်ဖောင်းနှင့်ပန်းခြံကြားက လမ်းမပေါ်ကို နေရာယူလိုက်ကြသည်။ ပန်းချီ ဆရာ တင်ကိုကို ဆွဲထားသည့် ဒေါ်စုပန်းချီကား ပဲန့်ဖလက်ကို ပိုစတာထုတ်ထားသည့် ဆိုင်းဘုတ်ကြီးက ခန့်ညားစွာ ထိုးထွက်လာ သည့်တိုင် တမီလ်တွေက ဇွဲနှင့်အော်တုံး။
ရဲက မြန်မာအုပ်စုကိုလာပြောတော့ တဖွဲ့ကို လေးဆယ့်ငါးမိနစ်ဆီ ဆန္ဒပြခွင့်ရမည်တဲ့။ သို့သော် အဲသည် တမီလ်တွေ အော်နေသည် မှာ နာရီနှင့်ချီကာ ကြာနေသည်။ ဘာကွာလည်းတော့ မသိ။
ဖရီး…ဖရီး…ဖရီး  ဖရီး…ဘားမား…
ဖရီး…ဖရီး…ဖရီး..ဒေါ်အောင်ဆန်းစုကြည်…
ဖရီး …ဖရီး…ဖရီး အောလ် ပိုလစ်တစ်ကယ်လ် ပရီဇင်းနားစ်….
နည်းနည်းနှင့် ကျဲကျဲဝိုင်းရသော်လည်း အသံတွေကတော့ တမီလ်အုပ်စုကို လွှမ်းသွားပြီး သူတို့ကလည်း ယဉ်ကျေးမှုရှိရှိနှင့် သူတို့ဝိုင်းကို သိမ်းပေးသွားကြသည်။
ဖရီး…ဖရီး…ဖရီး….  ဖရီး…ဘားမား…
နည်းနည်းနှင့် ကျဲကျဲဝိုင်းရသော်လည်း အသံတွေကတော့ တမီလ်အုပ်စုကို လွှမ်းသွားပြီး သူတို့ကလည်း ယဉ်ကျေးမှုရှိရှိနှင့် သူတို့ဝိုင်းကို သိမ်းပေးသွားကြသည်။
ဖရီး … ဖရီး … ဖရီး ဖရီး ဘားမား
ဖရီး … ဖရီး …ဖရီး  … ဖရီး … ဖရီး… ဖရီး 
ပုစဉ်းရင်ကွဲလေးတွေလို နေပူကျဲကျဲမှာ ကိုယ့်တိုင်းပြည်လွတ်မြောက်ရေး သူများတိုင်းပြည်က သမတဆီလာအော်တောင်းနေရ သည့်အဖြစ်ကို ဘေးလူအဖြစ်ထိုင်ငေးရင်း ဦးဝေငြိမ်း တိတ်တိတ်လေး ကြေကွဲနေတော့သည်။
ဖရီး … ဖရီး … ဖရီး ဖရီး ဘားမား
ဖရီး … ဖရီး …ဖရီး  … ဖရီး … ဖရီး… ဖရီး 
ခွာညို
ဇွန်လ (၂၇)၊ ၂၀၀၉

 (မှတ်ချက်။     ။ ဂျပန်မှ ထုတ်ဝေသော အလင်းအိမ်မဂ္ဂဇင်းတွင် ရေးနေသော အခန်းဆက်ဝတ္ထုရှည်ဖြစ်ပါသည်။)

Sunday, February 21, 2010

ဇလွန်ပြည်တော်ပြန် ဘုရားပုံတော်

ကျမသူငယ်ချင်း ပန်းချီဆရာက ပြည်မြို့တဖက်ကမ်းက ကြေးသွန်းဘုရားရဲ့ မျက်နှာတော်က အလင်းပြန်တာတွေကို ကြေးညှိစိမ်းရောင်ထည့်ပြီးဆွဲတာကို ဘေးက ထိုင်ကြည့်ရင်း သူ့ကို အားကျခဲ့ဖူးတယ်။ သူဆွဲခဲ့တာ ကားကြီးပါ။ နောက်ပီး Acrylic နဲ့ဆွဲတာ။ စိတ်ရှည်လက်ရှည် ကားအကြီးကြီးကို အသေးဆုံးစုတ်တံလေးတွေသုံးပြီး မှုန်းခဲ့တာ...

ဘေးက ကြည့်နေရတာကိုက သိပ်စိတ်လှုပ်ရှားဖို့ကောင်းတာ။ အဲဒီကားကို ဆရာတော် အရှင်ဆန္ဒာဓိက က ပြခန်းဖွင့်တဲ့ မနက်မှာပဲ ၀ယ်သွားခဲ့တာ မှတ်မိတယ်။

ကျမဆွဲထားတာကတော့ Arcylic effect ရတဲ့ အခြောက်တောင့်လေးတွေနဲ့ပါ။ ဆေးနံမည်ကို မမှတ်မိတော့ပါ။ ထိုင်း မှာနေခဲ့တုန်းက ထိုင်းပစ္စည်းကို သုံးခဲ့တာဆိုတော့ ထိုင်းလို မဖတ်တတ်။ (ဘိုလိုရေးထားပါတယ်။ ကျမက ကိုယ်လုပ်ချင်တာ လုပ်ရပြီးရော၊ ကျန်တာ အကုန်လျစ်လျူရှုထားတတ်တဲ့ အကျင့်ဆိုးရှိတဲ့သူမို့ပါ)

စက္ကူပေါ်မှာဆွဲပါတယ်။ ဆိုက်ကတော့ (၆) လက်မ၊ (၉) လက်မလား (၁၀) လက်မလားမသိ၊ ရှိပါလိမ့်မယ်။ (ပေတံမရှိလို့ အတိအကျ မပြောနိုင်သေးပါ)။

ဆွဲတဲ့ခုနှစ်က ၂၀၀၇ ခုနှစ်လောက်ကဖြစ်ပြီး ဆွဲခဲ့တဲ့နေရာကတော့ ထိုင်းနိုင်ငံ၊ တက်ခရိုင်ထဲက နို့ဖိုးကမ့်ထဲမှာပါ။

Saturday, February 20, 2010

အတွင်းကြေ

Tuesday, January 8, 2008 တွင် ဘလော့ဟောင်းမှာ တင်ခဲ့ပါသည်။
ရေးခဲ့တာကတော့ လွန်ခဲ့သည့် ၁၉၉၇ ၀န်းကျင်ကပါ။


(တစ်)

သူ့ပါးစပ်ကို တယောက်ယောက်က အတင်းလာပိတ်ထားသလိုမျိုး…
လည်ပင်းကိုပဲ အတင်းအညှစ်ခံ ထားရသလို မျိုး…ပြောချင်နေတာတွေ ဖွင့်အန်ချ၍မရ။
နှုတ်ခမ်းနှင့် လည်ပင်းကြားက လျှာတချောင်းမှာ စကားလုံးများ စူးဝင် လျှက် သွေးစိမ်းရှင်ရှင်ထွက်နေသည်။
သူ့နှုတ်မှထွက်သောအသံကြောင့် သူ့နားတွေကန်းချင်ကန်းသွားပါစေတော့ တအားကျုံးပြီး အော်ဟစ်လိုက်တော့မည်။

ဝေါ့ကနဲ…အသံ၊ ချဉ်စူးခါးသက်သောအရသာတို့၏နှိုးဆွမှုတို့ကြောင့် သူ အသိနည်းနည်း ပြန်ဝင်လာသည်။
အသက်နှစ်ဆယ်နှင့် မလိုက်ဖက်စွာ လှီကင်းခြောက်ကပ်နေသည့် သူ့ခန္ဓာကိုယ်မှာလည်း
အန်ဖတ်တွေနှင့်လွတ်ရာ သို့ရွှေ့ရန်ပင် မလွယ်ကူလောက်အောင်လေးလံလွန်းလှသည်။
လုံးဝန်းသောကမ္ဘာကြီးပေါ်မှာ သူ လဲလျောင်းနေ တာမဟုတ်ဘဲ
လဲလျောင်းနေသောသူ့အပေါ် ကမ္ဘာကြီးတခုလုံးက လာပိနေသလိုမျိုး…
သူ့မှာ မလှုပ်နိုင်၊ မယှက်နိုင်။

(နှစ်)

“မင်းက ရောဘတ်ရဲ့သားလားကွ။ ရောဘတ်နဲ့လည်း မတူပါလား။
ကြားကားဆွဲထားတာပဲဖြစ်မယ်ဟေ့…. ဟား…ဟား…ဟား…”

ပြည်ပတွင်ဒက်ဒီနှင့် အလုပ်အတူတူလုပ်ခဲ့သည်ဆိုသော ထိုပုဂ္ဂိုလ်သည် အကယ်၍လူကြီးလူကောင်း တယောက်ဖြစ်ခဲ့ပါက ဆယ့်လေးနှစ်သာရှိသေးသော ကလေးတယောက်အား ထိုကလေး၏ သူငယ်ချင်းများရှေ့မှာ ဤမျှကြောက်မက်ရွံလျှာဖွယ်ကောင်းသောစကားလုံးတို့ဖြင့် နောက်ပြောင်ရယ်မောသင့်ပါသလား။

တကယ်တော့ ဒါက ရယ်မောစရာနောက်ပြောင်ခြင်းထက်လွန်ကဲသော ရိုင်းစိုင်းနင့်သည်းမှုတခု။ သူတို့ မိသားစု ၏ဂုဏ်သိက္ခာကို သူ့သူငယ်ချင်းများရှေ့ လူထူထူမှာဖြဲချလိုက်ပြီး စိတ်ပါလက်ပါနင်းချေပစ်လိုက်ခြင်းသာ။

အနာရှိနေပြီးသားနေရာတခုပေါ်သို့ တုတ်ပဲကျကျ၊ ခဲပဲမှန်မှန် အသည်းခိုက်အောင်နာကျင်မှုကတော့ အတူတူ သာဖြစ်သည်။
ရှက်ရွံ့မှု…
သိမ်ငယ်မှု…
နာကျင်ကြေကွဲမှု…
နာကျည်းခံပြင်းမှု…
စိတ်မလုံခြုံမှု….တို့၏
အထပ်ထပ်ရစ်ပတ်ခြင်းတို့ဖြင့် သူ့ခန္ဓာကိုယ်သေးသေးလေးက တဖြည်းဖြည်း ကြီးမားထွားကျိုင်းလာသည်ဟု ခံစားလာရသည့်အဆုံး၌ သူ့လက်သီးသေးသေးလေးက ထိုလူကြီး၏ မေးစေ့ဆီသို့ လှစ်ကနဲပြေးဝင်ခဲ့သည်။

“မိမစစ် ဖမစစ်လေး”…
..ဆိုသည့် ဆဲရေးသံအဆုံးတွင် သူ့နားအုံတခုလုံးပွင့်ထွက်သွားသလိုခံစားနာကျင်သွားသည်။
မြေပြင်ပေါ်သို့ လဲကျသွားသည်ကို သူသိလိုက်သည်။
ထပ်ကာ ထပ်ကာကျလာသည့် လူကြီးတယောက်၏လက်သီးချက်များ…
ရင်ဝကို တချက်အကန်ခံလိုက်ရသည်ဟုလည်း ထင်သည်။
သူ့ရင်ဝက နာကျင်ဆို့နင်နေမှုသည် လက်သီးချက်များကြောင့်မဟုတ်။
ထိုလူကြီး၏ လူမဆန်သောစကားလုံးများကြောင့်သာဖြစ်ကြောင်း သိလိုက်သည့်အခိုက်မှာ
သူငယ်ချင်းများ၏ ၀ူးဝူးဝါးဝါးအော်သံတွေကြားက အငွေ့ပျံကာ ပျောက်ကွယ်သွားချင်သည်။
သေအောင်ထိုးပါစေတော့ဆိုကာ သူမျက်စိကိုမှိတ်ထားလိုက်သည်။

(သုံး)

ဖူးယောင်ညိုမည်းနေသော သူ့မျက်နှာလေးကို ကြည့်ကာ ဆွေ့ဆွေ့ခုန်နေသော မာမီ့ကို
သူမျက်နှာလွှဲထားလိုက်သည်။ မာမီ့ဒေါသတို့သည်လည်းကောင်း…
မာမီ့မျက်ရည်တို့သည်လည်းကောင်း…
သူ့နှလုံးသားကို နူးညံ့ပျော့ပြောင်းလာခြင်းငှာ မစွမ်းနိုင်တော့တာ ကြာပဲကြာလှပြီ။

မာမီ့ထံမှရနိုင်သော အရာရာတို့သည် သူ့ရင်ထဲမှာ လူမသိသူမသိရထားခဲ့ပြီးဖြစ်သော အနာကလေး
ပျောက်သွားစေရန်လည်း ကုစားပေးနိုင်လိမ့်မည်မဟုတ်တော့။
ထိုလူကြီးအား ကက်ကက်လန်အောင်ရန်တွေ့နေသော မာမီ့စကားထောင်ပေါင်းများစွာတို့ထက်…
“ဖရက်ဒီ။ ဒါ… ငါ့သားပါကွာ။ ဆန်နီက ငါ့သားပါ”...ဆိုသည့်
ဒက်ဒီ၏ တိုးဖျော့နွမ်းလျှသောအသံတိုးတိုးသည်သာ
သူ့နှလုံးသားကို တုန်ရီခုန်ပေါက်လာစေ…. နွေးထွေးနူးညံ့လာစေ…
ပြီးတော့ ကြည်နူးကြေကွဲလာစေနိုင်စွမ်းပါသည်။

သို့သော်လည်း- “ဆောရီး၊ ငါမူးသွားတယ်” ဆိုသော ထိုလူကြီး၏ မျက်နှာထားနှင့်
လေသံတို့သည် သူ့အတွက် သေရာပါစေမည့် အမှတ်တံဆိပ်တခုဖြစ်ခဲ့ပြန်ချေပြီ။

ထိုအချိန်မှစ၍ အိပ်စက်ရန်မျက်လုံးမှိတ်လိုက်တိုင်း ထိပ်ပြောင်ကာ အဆီပြန်နေသည့်မျက်နှာထူပွပွကြီးကို မြင်မြင်နေတော့သည်။ ထိုမျက်နှာကြီးထဲမှ နောက်ထပ်မျက်နှာတွေလည်း ထပ်ထပ်ထွက်လာသည်။
မျက်လုံးတို့ သည်လည်း ရွံလျှာစက်ဆုပ်ဖွယ်ပြူးရဲနီကျင်လျှက်…
ပြီးတော့ ရယ်သံမျိုးစုံ….
လှောင်ပြောင်ပြီးရယ်သံ….
ကျေနပ်နေသောရယ်သံ…
သရော်ရယ်သံ…
ခိုးခိုးခစ်ခစ်ရယ်သံ….
တိတ်တိတ်ကြိတ်၍ ရယ်သံများ။

မျက်လုံးမှိတ်လိုက်တိုင်းမှာ ခြောက်လှန့်နှိပ်စက်နေသော ထိုအမြင်အာရုံ၊ အကြားအာရုံတို့အား
မုန်းတီးကြောက်ရွံ့မှုတို့ဖြင့် မျက်လုံးမှိတ်ရမည့် အိပ်စက်ချိန်ကို
ကြောက်ရွံ့စိတ်တို့က အစဉ်ကြီးစိုးလာတော့သည်။
ထိုအခါ လမ်းဆုံလေးခွမှာ ဂစ်တာထိုင်တီးခြင်း၊ လမ်းမပေါ်မှာစကိတ်စီးကာ သရမ်းခြင်းတို့တွင်
သူအသားကျလာခဲ့ တော့သည်။ သူငယ်ချင်းများ၏မိဘများက စာကျက်ချိန်။ အိပ်ချိန်စသည်ဖြင့်
သူတို့သားသမီးများအား ပြန်လိုက် ခေါ်သွားကြပြီ ဆိုလျှင် လိုက်ခေါ်မည့်သူမရှိသောသူတယောက်တည်း လမ်းဘေးမီးတိုင်အောက်မှာ ငုတ်တုပ်။

ထိုအခါ အရက်သောက်တတ်သော ရပ်ကွက်ထဲက လူလတ်ပိုင်းများက ခေါ်သဖြင့်လိုက် လိုက်သွားရင်း ဘီယာယဉ်ကျေးမှုနှင့် စတင်အသားကျလာချိန်မှာ သူ့အသက်က ဆယ့်လေးနှစ်သာရှိသေးသည်။

အစပိုင်းတွင် မူးယစ်ရီဝေမှုဖြင့် အိပ်၍ကောင်းသယောင်ရှိခဲ့သော်လည်း မူးယစ်ခြင်းနှင့်အသားကျလာသောအခါ အယ်လ်ကိုဟော၏နှိုးဆွမှုကြောင့်သွေးဆူလာသောအခါတိုင်း ဘယ်သူက ဘာအကြောင်းနှင့်ပဲ သူ့အနားမှာရယ် ရယ် သူ့ကို ကြည့်ကာ လှောင်ရယ်ရယ်နေကြသည်ဟုပဲ ထင်မြင်ခံစားမိလာသည်။

မတိုးတတိုး မသဲမကွဲအသံမှန်သမျှ သူ့အကြောင်းတီးတိုးပြောနေသည်ဟုပင်တွေးကြောက်ရင်း ရန်လိုစိတ်တို့ လည်း ပြင်းထန်တွန်းကန်လာသည်။ ထိုစိတ်ကြောင့်ပင် တယောက်ယောက်ကများ သူ့ကိုကြည့်လာပြီဆိုလျှင်
“ဘာကြည့်တာလဲ” ဟုမေးပြီး ရိုက်ပြီးသား။

ဖြစ်လိုက်တိုင်း ခွန်အားဗလနည်းသော သူသာလျှင် အထိနာမြဲဖြစ်သော်လည်း ထိုသို့ရန်ဖြစ်နေရသည့်
အခိုက်မှာ ထင်သလို အော်ဟစ်ပေါက်ကွဲပစ်လိုက်ခြင်းသည်သာလျှင် သူ၏တခုတည်းသော
စိတ်ထွက်ပေါက် ဖြစ်နေခဲ့ပြန်သည်။

(လေး)

တကြိမ်မှာတော့ လူတယောက်ကို တချက်တည်းနှင့် လဲကျသွားအောင် အားကုန်သုံးပြီး ရိုက်ချပစ်လိုက်ခဲ့ဖူးသည်။ လက်ဖက်ရည်ဆိုင်ထဲမှာ သူ့သူငယ်ချင်းတယောက်ကစ၍ ရန်ဖြစ်စဉ်ကဖြစ်သည်။ အစကတော့ သူ ၀င်လည်းမပါ။ စိတ်ထဲမှာလည်း ဘာမှမဖြစ်ခဲ့။ သို့သော် ထိုရန်ပွဲတွင် တယောက် ခေါင်းပေါက်ကာ သွေးတွေ ထွက်လာသည်ကို မြင်ရသည့်အခိုက်အတန့်လေးအတွင်း သူ့အမြင်အာရုံတွေ မှုန်မှိုင်းကာ မိုက်ကနဲတချက်ဖြစ် သွားသည်။ ထို့ကြောင့် သူ့မျက်လုံးတွေကို စုံမှိတ်ကာ စိတ်ကို ငြိမ်အောင်ကြိုးစားကြည့်လိုက်သည်။

“ဗိုလ်ရောနဲ့လည်း မတူပါလားကွ။ ကြားကား…ကြားကား… ကား.. ကား……..”
အဆီပြန်ထူပွပွမျက်နှာတွေကလည်း တခုထဲက နှစ်ခုသုံးခု အပွားတွေအများကြီးထွက်လာသည်။
ထိုမျက်နှာကြီး တွေဆီမှ အသံတို့သည် တခါမှ မဆုံးတော့ဘဲ သူ့နားစည်ကို အဆက်မပြတ်လာရိုက်နှက်နေသည်။
ထိုမျက်နှာနှင့် ထိုအသံတွေ၏နောက်တွင် ပြင်းထန်သောလက်သီးချက်များ…
နာကျင်ဖွယ်ကောင်းသော မျက်ရည်စက်များရှိနေတာကို သူမမေ့။
သည်တော့ ကိုယ်က ဦးအောင်ဆော်ထားရမည်။ သူ့လက်သီးတွေတချက်မှ ထွက်မလာခင်…
သူ့ဆီက ဘာစကားမှ ထပ်မထွက်နိုင်အောင် သူ့ပါးစပ်ကို ပိတ်ပစ်လိုက်ရမည်။

သေလိုက်စမ်း။

ဦးခေါင်းခွံတခု ကြေမွသွားသံ ခပ်အုပ်အုပ်သည် သူကြားဖူးသမျှ အသံပေါင်းစုံတို့အနက် နားဝင်အချိုဆုံး တေး သွားတပုတ်ဟုပင် နှစ်ထောင်းအားရဖြစ်မိလိုက်သေးသည်။ ပတ်ဝန်းကျင်တခုလုံး ရုတ်ချည်းငြိမ်သက်သွားသည်တွင်
သူ အသိပြန်ဝင်လာတော့ သူ့လက်ထဲမှာ သူထိုင်နေခဲ့သော ခွေးခြေခုံပုလေးရှိနေသည်။
သူ့ရှေ့မှာတော့ ကျောင်းဝတ်စုံ အဖြူအစိမ်းနှင့်လွယ်အိပ်ကို စလွယ်သိုင်းထားသည့်
သူနှင့်ရွယ်တူ ကောင်လေး တယောက် မလှုပ်မယှက်။

သူ မှင်သက်မိကာငေးနေမိခိုက်…
ထိုကောင်လေး၏ ဆံပင်တို့ကြားမှ အနီရောင်စီးကြောင်းလေးတခုက တရွေ့ရွေ့ သူ့ခြေရင်းသို့ စီးဆင်းလာသည်။ တခြမ်းစောင်းလဲနေသဖြင့် တွေ့နေရသော ကောင်လေး၏ မျက်လုံးတဖက်က ပွင့်နေသော်လည်း မျက်နက်ဆံကို သူမတွေ့ရ။
“ ဆန်နီ။ သူသေသွားပြီကွ။ ပြေး.. ပြေး.. မင်းပြေးတော့”

သူ့ သူငယ်ချင်းတွေက သူ့ကို လက်ဖက်ရည်ဆိုင်ထဲမှ တွန်းထုတ်လိုက်သည်ကို သူခံလိုက်ရသည့်နောက် ကျန်တာတွေသည် အိပ်မက်ဆိုးတခုလို ထိတ်လန့်စရာကောင်းကာ ပြန်တွေးလိုက်တိုင်း
ဘာကိုမှ သဲသဲကွဲကွဲလည်း မမှတ်မိတော့။

သို့သော် ထိုနေ့ညမှာပင် သူအဖမ်းခံခဲ့ရပါသည်။

(ငါး)

ခြင်တွေတ၀ီဝီ ဂျပိုးတွေရာထောင်ကြားမှာ နေရသည်ကို သူအမှုမထားနိုင်လောက်အောင်
သူ့ရင်မှာ နာကျင်နေခဲ့သည်။

စစီးလာလာခြင်း ပန်းနုရောင်သွေးစီးကြောင်းလေးသည် တဖြေးဖြေး နီရဲ နောက်တော့ နီညိုရင့်ရင့်။

အဖြူသားသက်သက်နှင့် မျက်လုံးကိုလည်း သူ့တသက်မှာ အရင်ကတခါမှ မြင်ဖူးခဲ့တာမဟုတ်။

သေခြင်း တရား ဆိုတာ အဲလောက်တောင် ကြောက်မက်ဖွယ်ကောင်းပြီး လွယ်ကူသတဲ့လား။
ဒီလောက်သေခြင်းတရားက လွယ် ကူနေပါလျှက် ဘုရားသခင်က သူ့ကို ဘာကြောင့်များမခေါ်ပါလိမ့်… ဟု ဘုရားသခင်ဆီ စိတ်ရောက်သွား သောအခိုက် အချုပ်ခန်းထဲမှ အိပ်စက်နေသည့်
အခြား ရာဇ၀တ်သားများအလယ်တွင် သူက ငြင်သာစွာ ဒူးထောက်လိုက်ပါသည်။

“အို.. ချစ်စွာသော အဖ..ဘုရားသခင်…
ကိုယ်တော်ရှင်ဟာ လူ့ဇာတိက တစုံတယောက်ကို ရွေးကောက်ခေါ်ယူတော်မူလိုလျှင်
တပည့်တော်သာလျှင် လူ့ဇာတိကို စွန့်ခွာရန် အသင့်ဆုံးသူဖြစ်ပါတယ်။
တပည့်တော်ရင်ထဲမှာ ထိခိုက်နာကျင်နေရသမျှ…
တပည့်တော် ကျူးလွန်ခဲ့သမျှ အပြစ်တရားမှန်သမျှတို့အား
ကိုယ်တော်ရှင် အရှေ့မှောက်မှာ ဒူးထောက်ခစားပြီး ၀န်ခံလိုပါတယ်။
ကိုယ်တော်အရှင် ပေးသနားတော်မူသော တပည့်တော်၏အသက်တာအား
ပြန်လည်ရုတ်သိမ်းခြင်းဖြင့် ခေါ်ယူတော်မူပါ။ 
တပည့်တော်မှားယွင်းအပစ်ပြုမိသော ထိုကောင်ကလေးအား 
ကိုယ်တော်၏ ကြီးမားလှသော မဟာ မေတ္တာတော်၊ ဂရုဏာတော်တို့ဖြင့် 
ထွေးပွေ့ကယ်တင်တော်မူပါ အဖ ဘုရားသခင်…အာမင်”


(ခြောက်)

ဘုရားသခင်၏ မေတ္တာတော်ဖြင့် ထိုကောင်ကလေးအား ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပါသည်။
ကြေအေးလွှာ လက်မှတ်ထိုးပေးမည့်နေ့က ထိုကောင်လေး၏အဖေက သူ့အားခေါ်တွေ့ခဲ့ပါသည်။
တွေ့သည်နှင့်ဘာမှ မပြောဘဲ ခြေဆုံးခေါင်းဖျား စေ့စေ့ပါအောင်ကြည့်ခြင်းကို အရင်ဆုံးခံခဲ့ရသည်။

သူ့ကို လူတွေက စေ့စေ့ကြည့်မှာကို သူမခံလိုပါ။ “ဗိုလ်ရောနဲ့လည်း မတူပါလား” ဟု
မှတ်ချက်အပေးခံရသော သူ့မျက်နှာ သွယ်သွယ်ရှင်းရှင်းလေးသည်
ပြည့်ဝန်းသော မာမီ့မျက်နှာကျလည်း မဟုတ်သောကြောင့် ဖြစ်ပါသည်။

ထိုလူက သူ့အား ကြည့်၍ အားရတော့မှပြောလိုက်သည့် -
“ဒီအသက်၊ ဒီအရွယ်၊ ဒီရုပ်ရည်၊ ဒီခွန်အားဗလလေးနဲ့ ကိုယ်နဲ့ ဘာရန်ညှိုးမှလည်းမရှိတဲ့
ကျောင်းသားလေး တယောက်ကို သေလောက်အောင်ရိုက်ရဲတဲ့ မင်းကို စိတ်ဝင်စားလွန်းလို့ပါကွာ”

ဆိုသည့်စကားအောက်တွင် သူ့ဘ၀တခုလုံး ကြေမွသွားရပြန်ပါသည်။

ဒက်ဒီ၏ ထိုလူအား မျက်နှာချိုသွေးကာ စကားလိုက်ပြောနေသံက လည်း သူ့ရင်ကို ရိုက်ချိုးပစ်နေသလိုပင်။

(ခုနစ်)

အဲသည်နောက်မှာတော့ အရက်သောက်ခြင်းထက် ဖဲရိုက်ခြင်းနှင့် မိခင်နှင့်တူသော ချစ်သူများကြားတွင် ရန်ပွဲတို့ကို ရှောင်ပုန်းခဲ့သည်။ မာမီနှင့်ဖြစ်ရသော စကားလုံးဝှက်ထားသည့် ရန်ပွဲများလည်း တစထက်တစ များပြား ကျယ်ပြန့်လာသည်။ မိဘနှင့်ရန်ဖြစ်ခြင်းမှာ အပစ်ဖြစ်ပါက သူသည် ဘယ်သောအခါမှ ကောင်းကင်ဘုံသို့ ရောက် မည့်သူမဟုတ်သည့် အပစ်သားသက်သက်မျှသာဖြစ်လေသည်။

(ရှစ်)

အခု သူရောက်နေသည်မှာ အတိတ်လား၊ ပစ္စုပ္ပန်လားဆိုတာ သူမဝေခွဲနိုင်။
အိပ်မက်ဆိုးလား… လက်တွေ့ဘ၀လားဆိုတာလည်း သူမဆုံးဖြတ်တတ်တော့…
နားထဲမှာ ခေါ်သံသဲ့သဲ့ကို ကြားနေရသည်။
ကောင်းကင်ဘုံကလား…
ငရဲပြည်ကလား….

“ဆန်နီ… ကျော်သာရှိသလား”
“ရှိတယ်။ အပေါ်ထပ်မှာာာာာ….”

ဆယ့်ငါးနှစ်ဆိုသော အတိတ်ကာလကိုဖြတ်သန်းလာရသည့် ငါးနှစ်အရွယ်ကလေးငယ်တယောက်၏
အသံလေးသည် ခပ်တိုးတိုးနှင့်ေ၀၀ါးနေလေသည်။
သို့သော် ပဲ့တင်ထပ်နေသည့်ထိုအသံလေးသည် အဆုံး ရှိပုံမရသလို နားပိတ်ထား၍လည်း မရပြန်ချေ။

(ကိုး)

သူလူမှန်းသိစအရွယ်ကစ၍ အခုအချိန်အထိ မပြောင်းလဲသော မြင်ကွင်းမှာ သူတို့ခြံကြီး၏ အုပ်ရိုးတံတိုင်းနှင့်
သံဇကာအလုံပိတ်တခါးအကြီးကြီးဖြစ်သည်။ သော့ခတ်ထားသောထိုခြံဝန်းထဲတွင် ခွေးဖြူပုလေးတကောင်သာ သူ့ငယ်ဘ၀က ကစားဖော်ဖြစ်ခဲ့သည်။ ထို့ကြောင့် မာမီ့အကိုဝမ်းကွဲတော်စပ်သူ လေးလေးကျော်သာ၏
သူငယ် ချင်းများရောက်လာလျှင် သူသိပ်ပျော်တတ်ပါသည်။ သူတို့ထဲက တယောက်မဟုတ်တယောက်က
သူနှင့် ကစားပေးလေ့ရှိသောကြောင့်ဖြစ်သည်။ လေးလေးကျော်သာ ဘယ်တုန်းကတည်းက
သူတို့အိမ်မှာစပြီးနေ သည်ကို သူမသိပါ။

သူသိသည်က ဒက်ဒီက တချိန်လုံးနိုင်ငံခြားမှာ ငွေရှာနေခဲ့ရပြီး သူကတော့
မာမီနှင့် လေးလေးကျော်သာတို့နှင့်သာလျှင် ငယ်ဘ၀ကို ကျော်ဖြတ်ခဲ့ရတာကိုတော့ကောင်းကောင်းသိသည်။

သူ့အား မာမီ့ထက်ပင် အလိုလိုက်ကာ ချစ်ခင် အနွံတာခံသော လေးလေးကို သူကလည်း ချစ်ပါသည်။
သည်လိုနှင့်ပဲ သူမူလတန်းကျောင်းသားလေးဖြစ်လာခဲ့ရသည်။ ကျောင်းက အိမ်နှင့်သိပ်မဝေးသော်လည်း လေးလေးကျော်သာက အမြဲတန်း အပို့အကြိုလုပ်ပေးခဲ့သည်။

တနေ့…
ကျောင်းမှာ သူဖျားသောကြောင့် ဆရာမက ကျောင်းသားကြီးတယောက်ကို အဖော်ထည့်ပေးကာ အိမ်ပြန်လွှတ် လိုက်သည်။ ခြံထဲတွင် ကားနီနီလေးကိုတွေ့ရသောအခါ သူအားရှိသွားသည်။ ကားရှိနေခြင်းသည် အိမ်မှာ မာမီ ရှိနေခြင်းဖြစ်ကြောင်းကိုတော့ သည်အရွယ်ကတည်းက သူသိနေသောရိုးရှင်းသည့် အဖြစ်တခုမျှသာဖြစ်သည်။

ခြံဝနှင့်အိမ်က ဝေးလွန်းလှတာကြောင့်တကြောင်း… အိမ်တခါးကိုပိတ်ထားတာကတကြောင်း… သူ့အသံလေးက သေးကွေးဖျော့တော့လွန်းတာကြောင့်တကြောင်း အကြိမ်ကြိမ်ခေါ်သော်လည်း မာမီထွက်မလာခဲ့ပါ။ ထိုအခါ ကျောင်းပြန်ချင်နေပြီဖြစ်သော ကျောင်းသားကြီးက သူ့အား ခြံတခါးကို မည်သို့ကျော်တက်၍ရကြောင်း သင်ကြားပေးလိုက်သည်။ သည်လိုနှင့် သူခြံထဲကိုရောက်သွားခဲ့ပါသည်။

စေ့ထားသောတခါးမကြီးကိုတွန်းဖွင့်ဝင်ခဲ့သော်လည်း မာမီ့ကို အောက်ထပ်မှာ မတွေ့ခဲ့ပါ။ တကယ်ဆို သူရော မာမီ့ပစ္စည်းများပါ အောက်ထပ်မှာသာရှိသည့်အတွက် အပေါ်ထပ်ကို သူတို့သားအမိ တက်လေ့တက်ထမရှိ။ ဘုရားရှိခိုးသည့်အခါလောက်သာ အိမ်ပေါ်သို့တက်ခဲ့ကြတာဖြစ်သည်။
မာမီ့ကိုပဲဖြစ်ဖြစ် လေးလေးကျော်သာကို ပဲဖြစ်ဖြစ် တယောက်ယောက်ကို အမြန်ဆုံးတွေ့လိုစိတ်က
တိတ်ဆိတ်နေသော အိမ်ကြီး၏ ခြောက်လှန့်မှုကြောင့် ဖြစ်ခဲ့လိမ့်မည်ထင်သည်။

အပေါ်ထပ်ကိုတိတ်ဆိတ်စွာတက်ခဲ့မိသော ထို ငါးနှစ်သားကလေးသည် တိတ်ဆိတ်စွာပင် အောက်ထပ်ကို ပြန်ဆင်းခဲ့ရကောင်းမှန်းကိုလည်း ကောင်းစွာသိရှိအောင် ဘုရားသခင်က ဖန်ဆင်းပေးခဲ့ပုံရသည်။

သို့သော် ပူလောင်ခြောက်ကပ်နေသော သူ့လည်ချောင်းကျဉ်းကျဉ်းလေးထဲတွင်
တခုခုပိတ်ဆို့နေသလို နင့်နေအောင် နင်နေခဲ့သည်။ သူတယောက်တည်း အမိုးအကာမရှိ၊
ရပ်တည်ရာမြေမရှိဘဲ
ဟင်းလင်းပြင်ထဲ လွင့်မျောနေသလိုအဖြစ်ကြီးက ထိတ်လန့်ဖွယ်ကောင်းလွန်းလှသည်။
တစုံတယောက်ကို အားကိုးတကြီး ခေါ်လိုက်ချင်သော်လည်း ဘယ်နာမည်ကို ခေါ်ရမည်လည်း သူမသိတော့…
သူခေါ်လျှင် ထူးနိုင်မည့်နေရာမျိုးမှာ ဒက်ဒီရှိနေစေချင်သောစိတ်သည်
ဘ၀မှာ ပထမဦးဆုံးတောင့်တမှုတခုသာပါပဲ။

အခုအချိန်မှာများ တယောက်ယောက်လာလျှင်
“လေးလေးအပေါ်ထပ်မှာ” လို့ အရင်လို ဖြေရဦးမလား။
“နောက်လည်း လာဦးနော်”… ဟု ခေါ်မိဦးမှာလား…

ဟင့်အင်။ ဘယ်သူမှ မလာကြပါနဲ့။
အဖ ဘုရားသခင်။
ဘယ်သူ့ကိုမှ သားတို့အိမ်ကို မလာပါစေနဲ့…

(တဆယ်)

“အမလေး။ သားလေး ကိုယ်တွေပူလို့ပါလား။ ကျော်ကျော်… ဒီကို မြန်မြန်လာစမ်းပါ”
ဆိုသည့်မာမီ့အသံနှင့်အတူ သူ့ကိုယ်ကလေး မာမီ့ရင်ခွင်တွင်းရောက်သွားခဲ့သော်လည်း
သူနှင့် မာမီ့ကြားမှာ ဘ၀တခုလုံးခြားသွားသလိုမျိုး သူ မာမီ့ရင်ခွင်ကို မခံစားတတ်တော့။

ခေါင်းမူးတယ် မာမီ…
ချမ်းတယ် မာမီ…
သားကိုဖက်ထားပါမာမီ…
အရင်ပြောနေကျစကားတို့လည်း ဘာတလုံးမှ ထွက်မလာတော့ပါ။
တင်းနေအောင်ဖက်ထားသော မာမီ့လက်များသည် သူ့ကို မလှုပ်နိုင်အောင် တုပ်နှောင်ထားမည့်ကြိုး တချောင်းဖြစ်သွားခဲ့လေတော့သည်။

(ဆယ့်တစ်)

အိပ်ရာခင်းကို ဆုပ်ခြေထားသည့် သူ့လက်သီးဆုပ်များကို ငြင်သာစွာဖြေထုတ်၍ အန်ဖတ်များနှင့်
ဝေးရာသို့ သူ့ကို တွန်းပို့သူရှိလာမှ လက်ရှိသူ့အသက်နှစ်ဆယ်ဆိုတာ သေချာသွားသည်။
“ငြိမ်း… ငါသေချင်တယ်။ ခေါင်းတွေလည်း အရမ်းကိုက်တယ်။ ငါသေချင်လိုက်တာငြိမ်းရယ်”
သူ့အခန်းကို မာမီမသိအောင် တိတ်တိတ်တက်လာပုံရသော ငြိမ်းက သူ့ခေါင်းကို အသာအယာ အုပ်ကိုင် နှိပ်နယ်ပေးလေသည်။

“မာမီ့စိတ်ကိုသိရက်သားနဲ့ ဘာဖြစ်လို့ ခံပြောနေရတာလဲ ဆန်နီရယ်။
သူ့ကို ဒက်ဒီကိုယ်တိုင်တောင် ပြောလို့ ရတာမှမဟုတ်တာ။
နောက်ကို အခုလို လူကြားမကောင်းအောင် မဖြစ်ကြပါနဲ့လားဟယ်”

တိုဆတ်သောစိတ်ဖြင့် ငြိမ်း၏လက်ကို ပုတ်ထုတ်လိုက်ကာ-

“ငါ့က သူ့ဗိုက်ထဲကထွက်လာတဲ့ကောင်… ငြိမ်းရဲ့။ ငါလည်းသူ့လိုပဲ စိတ်ရှိတယ်။ နားလည်လား။
ဒီလိုမှ မလုပ်လိုက်ရရင် ငါ့ရင်ကွဲထွက်တော့မယ် ငြိမ်းရဲ့။ ငါ သေချင်တယ်”

သားတယောက်အတွက် အိမ်မှာ ရေခဲသေတ္တာရှိနေယုံမျှဖြင့်…
တီဗွီ.. ဗွီစီဒီ… ဂစ်တာ… စသည့်ဇိမ်ခံပစ္စည်းအစုံအလင်ထားပေးထားယုံမျှဖြင့်…
ကျောင်းကောင်းကောင်းကိုသွားထားကာ မုန့်ဖိုးလိုသမျှထုတ်ပေးနေယုံမျှဖြင့်…
ဖြစ်သမျှပြဿနာကို လိုက်ရှင်းပေးနေယုံမျှဖြင့် မိဘ၀တ္တရားကျေပြီဟု သတ်မှတ်ကြွေးကျော်မည်ဆိုပါက….
သူကလည်း သားတယောက်အနေဖြင့် တနှစ်တတန်းမှန်မှန်အောင်အောင် စာကျက်ပေးထားခဲ့ပြီးပြီပဲ။
ဒါလောက်နှင့် မာမီကျေနပ်သင့်လှသည်။

အခုတော့ သူက အသုံးကြီးလှသတဲ့…
သူ့ရဲ့ကုန်ကျစရိတ်တွေကများလှသတဲ့…
အဆင့်မရှိသူတွေနှင့်ပေါင်းကာ ပေါ့ပေါ့နေ ပေါ့ပေါ့စားစိတ်ရှိသတဲ့…
ဒက်ဒီ့လိုပဲ အလုပ်လက်ကျောမတင်းသူတဲ့….

ရပ်ဝေးမြေခြားမှာ သူဖြုန်းသမျှ တသက်လုံး ကုန်းရုန်းရှာနေခဲ့ရကာ
အသက်ကြီး၍ နားလိုက်သည့်ဒက်ဒီ့အား သည်လိုပြောသောအခါ သူမခံနိုင်။

ဒက်ဒီ့တဦးတည်းသောသားအဖြစ်နှင့် သူသည် ကိုယ့်ထမင်းကိုယ်စားတတ်သည့်အရွယ်ကတည်းက
ဇွန်း ခက်ရင်းနှင့်စားခဲ့သည့်သူ။ အခု တက္ကသိုလ်ကျောင်းသားကြီးဖြစ်ကာ မာမီ့မွေးစားသား ရောက်လာမှ ကိုယ့်ပန်းကန်ကိုယ် ဆေးရန်အမိန့်ပေးလာခြင်းသည် သူ့အား အလဲထိုးချက်တခုဖြစ်ခဲ့သည်။

ဟိုတုန်းကလည်း အိမ်ကအလုပ်၊ သူ့ဝေယျာဝစ္စမှန်သမျှ လေးလေးကျော်သာလုပ်ပေးခဲ့တာပဲ။
အခု လေးလေး ကျော်သာ နေရာကိုဝင်လာသည့် ကားဂိတ်က လူခေါ်ပေးရသည့်
သူ့ထက် တနှစ်တောင်မှ မကြီးသော ထိုကောင် လေးကို လုပ်ခိုင်းပါတော့လား။
အဲသည်တယောက်လုပ်သမျှအလုပ်ကို သူက လိုက်လုပ်ရတော့မည်ဆိုခြင်းသည်
သူ့အား သေမိန့်ပေးလိုက်သလို ပြင်းထန်လှသည်။

“လေးလေးကျော်သာလုပ်တဲ့အလုပ်အားလုံး သူလုပ်သင့်တယ်” ဟူသော သူ့စကားအဆုံးတွင်
မာမီဆွေ့ဆွေ့ခုန်နေခဲ့သည်။

သူ့အား သူသည်းမခံနိုင်လောက်သောစကားလုံးများ၊ နာမ၀ိသေသနများနှင့်ထိုးနှက် တိုက်ခိုက်လေတော့သည်။
မာမီ၏ ပြင်းထန်သော အမျှင်မပြတ်သော စကားတို့အဆုံး၌ အမေနှင့် သားတို့၏ ရန်ပွဲတွင်
“ပြောမကောင်းလို့နော်”.. “ငါကဘာတွေလုပ်နေလို့လဲ”… ဆိုသည့် စကားနှစ်ခွန်းကို

တဖက်နှင့် တဖက် အလုအယက်သုံးစွဲရင်း နောက်ဆုံး၌လူငယ်ဖြစ်သောသူက
“လူသတ်ချင်လာပြီနော်”ဆိုသည့် ပွဲသိမ်း စကားကို အသံကုန်ဟစ်လိုက်ရင်း
ပန်ကာတလုံးကို နံရံမှာ ကိုင်ပေါက်ရိုက်ခွဲခြင်းဖြင်ပေါက်ကွဲပစ်လိုက်သည်။

မှန်ဘီရိုကို လက်သီးနှင့်ထိုးခွဲလိုက်၍ သွေးစက်လက်ယိုစီးနေလျှက်က
ကုလားထိုင်တလုံးကို ထပ်မံရိုက်ချိုးပစ်လိုက်သည်။

သူ့ကိုဆွဲရန် ၀င်လာမည့် ဆွေမျိုးသားချင်းများ အခန်းထဲရောက်လာလျှင် သတ်လိုက်မိမှာစိုး၍
စားပွဲခုံကို တွန်းလှဲကာ အပေါက်ဝဆီသို့ဆောင့်တွန်းလိုက်သေးသည်။
သည်ကြားထဲက အတင်းခုန်ကျော်ကာဝင်လာသည့် သူ့ကိုနားအလည်ဆုံးနှင့်
သူက အချစ်ဆုံးအကိုဝမ်းကွဲအား ကြုံရာပစ္စည်းများနှင့် ကောက်ပေါက်ပစ်ခဲ့သည်။

တင်းကြပ်စွာချုပ်နှောင်သိမ်းဖက်ထားသည့် ကိုကို့လက်များထဲမှာပင်
ခြင်ထောင်တွေ… စောင်တွေကို မွမွကြေသွားအောင် ဆွဲဖြဲပစ်လိုက်သေးသည်။

တခန်းလုံးခြေချစရာမရှိတော့သည့်အချိန်…
သူ့တွင်လည်း ခွန်အားဆို၍ စိုးစဉ်းမျှပင် မကျန်တော့သည့် အချိန်မှာတော့
ခေါင်းကို အုပ်နံရံနှင့်ဆောင့်ဆောင့်ပြီး အော်ငိုပစ်ခဲ့သည်။

သူ့ငိုသံသည် လူတယောက်၏အသံနှင့်မတူတော့ဘဲ သေစေနိုင်လောက်သည့် ဒဏ်ရာရလိုက်သော
သားရိုင်း တိရစ္ဆာန်တကောင်ကောင်၏ နာကျင်မှုနှင့် အမျက်ဒေါသတို့ပေါင်းစပ်ရာမှ
ထွက်ပေါ်လာသည့် အသံမျိုး ဖြစ်နေခဲ့လေသည်။

အခုတော့…
အနည်းငယ်မျှပင် လှုပ်ရှားနိုင်သည့်အင်အားမရှိတော့ဘဲ
ငြိမ်း၏ရင်ခွင်မှာ ခေါင်းထိုးပြီး တရှိုက်ရှိုက်ငိုကြွေးမိပြန်သည်။

အဲသည်ငြိမ်းအား…
လွန်ခဲ့သောတနှစ်ကတော့ဖြင့်…

“နင်က ဒက်ဒီ့တူမ အရင်းဆိုပေမယ့် ငါက ဒက်ဒီ့သားဖြစ်ချင်မှ ဖြစ်မှာပါဟာ”
ဆိုသောစကားကိုဆို၍ သည်အခန်းထဲမှာပင် ချော့မော့နှစ်သိမ့်ခဲ့ရဖူးလေသည်။


“သားသမီးများ၏ ဖခင်ဖြစ်သူရှိလျှက်နှင့်
သဘောတမျိုးပြောင်းလဲ၍
တပါးသောယောက်ကျားကို မြော်မြင်တတ်သော မိခင်သည်
သားသမီးတို့၏ ရန်သူကြီးမည်၏”

(စာဏကျ နီတိကျမ်း)


ခွာညို
(ရ) ရက်၊ သြဂုတ်လ၊ ၂၀၀၄ ခုနှစ်။

Friday, February 19, 2010

မျောက်ထိန်း-မိတ်ဆက်စကား

ကိုယ့်ကိုကိုယ် ဆရာမ…လို့ မိတ်ဆက်မယ့်အစား “မျောက်ထိန်း” လို့
ပစ်ပစ်ခါခါ ပြောမိတဲ့အကြိမ်ပေါင်းက မရေတွက်နိုင်ပါ။

ကိုယ့်အလုပ်ကိုယ်နာကျည်းတာလား…ကလေးတွေကိုပဲ ဆိုး..ဆိုးနိုင်လွန်းလို့
အချဉ်ပေါက် အငေါ်တူးမိသလား…
တခါတခါကျတော့ ဒေါသထွက်လွန်းအားကြီးလို့
“ဟင်…နင်တို့မိဘတွေက ထမင်းအိုးတလုံးနဲ့ ပစ်ထားလိုက်ကြသလား။
ဒါတွေကို သင်ပြဆုံးမပေးရကောင်းမှန်း မသိဘူးလား…” လို့
ဒေါသတကြီး အော်ဟစ်မိတဲ့အခါတွေလည်းရှိခဲ့ဖူး…။

******

ကျမရှေ့မှာ ငြိမ်ငြိမ်ကလေး ဂိမ်း ထိုင်ဆော့နေတဲ့ (၆) နှစ်သားလေးကိုကြည့်ရင်း ကျမ အိပ်ငိုက်လာပါတယ်။

ဒီနေ့ ညလယ်မှာ အလုပ်ဆင်းခဲ့ရပြီး နေမွန်းမတည့်ခင်တော့ အိမ်ပြန်ရောက်ပါရဲ့။
(တကယ်တော့ မြန်မာပြည်မှာလို နေမွန်းတည့်ခြင်း မတည့်ခြင်းက
ဒီနိုင်ငံက ဆောင်းနှင်းတွေကြားမှာ နည်းနည်းမှ စာဖွဲ့ရင်ခုန်လို့မကောင်းပါ။)

သတင်းတွေဘာသာပြန်ရင်း တနာရီအတွင်း..Line up တက်တက်လာတဲ့သတင်းတွေကို
News One က တက်လာပြန်ပီဆိုပီး လာထုတ်ပေးမှာကို နှလုံးရောဂါရမတတ်တထိတ်ထိတ်နဲ့ မပီးသေးတဲ့ဘာသာပြန်ခြင်းအလုပ်ကို ခေါင်းမမော့တမ်း...
ရေဆာလို့မှ ကောက်မမော့နိုင်လောက်အောင် ကုန်းရုန်းနေခဲ့ရင်း
မအိပ်ဖြစ်တဲ့ကြားက အိပ်ချင်ဖို့တောင် နည်းနည်းလေးမှ သန်းဝေချိန်မရအောင်စိတ်ဖိစီးရတာ။

အိမ်ပြန်ရောက်တဲ့အခါ အဖေရော အမေရောက အလုပ်တွေနဲ့
ကလေးနှစ်ယောက် ကျောင်းဆင်းချိန် လူကြီးမရှိလို့
အမြဲတမ်း အလုပ်ကို စိတ်ဖြောင့်ဖြောင့်မလုပ်နိုင်တဲ့ မိတ်ဆွေတွေကိုကူညီလိုစိတ်နဲ့
“ကျမ စောင့်ပေးမယ်” လို့ ခပ်လွယ်လွယ်ပြောမိတဲ့စကားအတိုင်း
ညနေ သုံးနာရီခွဲမှာ သည်ကလေးနှစ်ယောက်ကို (၅) မိနစ်လောက်အိမ်ကလျှောက်ရင် ရောက်တဲ့ကျောင်းရှေ့မှာသွားကြို။ ပြီးတော့ သူတို့အိမ်အထိလိုက်။
ကလေးတွေအမေပြန်မလာခင် (၅) နာရီဝန်းကျင်အထိ ထိုင်စောင့်။

Wii လို့ခေါ်တဲ့ အင်တာနက်နဲ့ချိတ်ပြီး ကစားတဲ့ဂိမ်းကို စွဲလမ်းပြီး ကျောင်းလွယ်အိပ်ချပြီးတာနဲ့
တီဗီဖွင့်ပြီး ကစားနေလိုက်တာ…ထမင်းမေ့..ရေမေ့…အိမ်သာတက်ဖို့တောင် မေ့နေကြတဲ့ သည်ကလေးတွေကို ထိုင်ကြည့် အိပ်ငိုက်ရင်း ချစ်လှစွာသော တပြည့်လေးတွေဆီကို စိတ်က အပြေးအလွှားပြန်ရောက်နေတော့တယ်။

Monday, February 15, 2010

နန်းခြည်ကျွမ်းခဲ့ ဖန်မီးအိမ်

(တစ်)
မမျှော်လင့်ဘဲရောက်လာသည့် အမျိုးသမီးဧည့်သည်ကိုကြည့်ကာ သူမ ပျော်ရွှင်သွားရပါသည်။ ထောင်ထောင်မောင်းမောင်းနှင့် ကျန်းမာရေးကောင်းသော၊ ရင်းနှီးဖော်ရွေသော မျက်နှာပိုင်ရှင် ဧည့်သည်မျိုးကိုမြင်ရသည့်အတွက် ကိုယ့် ရောဂါကို အချိန်အနည်းငယ်မျှ မေ့လျော့ထားနိုင်စွမ်းလေသည်။

သူမက ခပ်မှောင်မှောင် အခန်းကျဉ်းလေးထဲမှာ သေခြင်းတရားကိုအနုလုံ ပဋိလုံတွေးရင်း စိတ်တွေယောက်ယက်ခတ်နေရ တာ။ ငြီးငွေ့ပျင်းရိမှုများနှင့် စိတ်ကျဝေဒနာတို့ကို အဖော်ပြုရင်း တုန်လှုပ်ခြောက်ခြားမှုတွေကို ဇွတ်အတင်းမောင်းထုတ်ရင်း သေမင်းကို ရင်ဆိုင်ဖို့ ထည်းတည်း ပြင်ဆင်နေရသူ။

သည်လိုအချိန်မျိုးမှာ ကိုယ့်ဆီကို မအားသည့်ကြားက တကူးတက ရောက်အောင်လာသူ ဧည့်သည် မည်သူ့ကိုမဆို
အခုလို ကြိုဆိုမိမှာပါပဲ။

“ဟယ်၊ အ၀င်း လာ လာ။ ဘယ်ကနေလှည့်လာတာလဲ”

“ဘယ်ကလှည့်လာရမလဲ။ ဒီကိုပဲ တည့်တည့်လာနေတာ မြင်ရဲ့သားနဲ့။ ရုံးပြေးကို လာဖမ်းတာလေ”

အ၀င်းက တင်းကားဖောင်းပြည့်နေသည့် သူမ၏၀မ်းဘိုက်ပြင်ကို လှစ်ကနဲဝေ့ကြည့်ရင်း ဘာမှမထူးခြားဟန်နှင့် ပုံမှန် စကားကိုဆိုသည်။ ထောင်ကပြန်လွတ်လာပြီးကတည်းက ဗဟန်းကအဖွဲ့ချုပ်ရုံးကိုလည်းမသွားဖြစ်တော့။ သူမ တာဝန်ရှိရာ အလုံမြို့နယ်ရုံးကိုလည်း မရောက်တော့တာကို ဧည့်သည်က ရည်ညွှန်းလိုက်တာကို သူမ သဘောပေါက် ပါသည်။

သူမ ဘာမှပြန်မဖြေဖြစ်ဘဲ ခပ်ယဲ့ယဲ့ပြုံးရင်း ဆက်တီပေါ်မှာ ရှုပ်နေသည့် ပစ္စည်းတချို့ကို မိတ်ဆွေအမျိုးသမီးထိုင်စရာရရန်
ရှင်းပေးဖို့ ကြိုးစားလိုက်သည်။ ဧည့်သည်ကအရှင်းမခံ။ သူ့ဖာသာသူပဲ ဇိုးဇိုးဇတ်ဇတ်နှင့် ပစ္စည်းတွေကို တခဏလေး အတွင်းမှာ နေသားတကျဖြစ်သွားအောင် သူမကိုစကားပြောရင်း သူ့အိမ်သူ့ယာကို ရှင်းလင်းနေသလို အလုပ်လုပ်သွား သည်ကို သူမငေးကြည့်နေဖြစ်သည်။

“ပြောပါအုန်း၊ ဘာဖြစ်လို့ အဆက်အသွယ်တွေ အကုန်ဖြတ်ပြီး နေနေရတာလဲ။ ဆက်မလုပ်တော့ဘူးလား”
သူမက မချိပြုံးလေး ပြုံးလိုက်မိသည်ထင်သည်။

“ကျမ တကယ်ပဲ ဆက်လုပ်ချင်ပါတယ် အ၀င်းရယ်။ ဒါပေမယ့် ကျမ ကျန်းမာရေးကို ကျမ အားမရတော့ဘူး။ ကျမမှာ ဆေးကုစရာ ပိုက်ဆံလည်းမရှိတော့ဘူး။ အလုပ်အကိုင်လည်းမရှိတော့ဘူး။ စိတ်ပြေလက်ပျောက် ရုံးတက်ချင်တာတောင်မှ ခရီးစရိတ်က မလွယ်တော့တဲ့အခြေအနေကို ရောက်နေပြီ။ ငွေဖန်တီးဖို့ဆိုရင် ကျမမှာ ဒီ စိန်နားကပ်လေးတရံပဲ ကျန်တော့ တာ။ ကျမ ကျန်းမာရေး အတွက် အရေးပေါ် ဒါမှမဟုတ် ကျမရဲ့ အသုဘစရိတ်အတွက် ချန်ထားသင့်တယ်လို့ ထင်တယ် လေ၊ ကိုယ်ယုံကြည်ရာကို လုပ်နေတာက မွေးချင်းမိဘတွေကို သေသည် အထိတော့ ဒုက္ခပေးခဲ့တာမျိုး ဖြစ်မသွားချင်ဘူး”

အလုံမြို့နယ်၏အမတ်တဦးဖြစ်သောသူမနှင့် မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့၏ စည်းရုံးရေးတာဝန်များကို ယူထားသော အ၀င်းတို့က တခါတရံ ရုံးချုပ်မှာ ဆုံကြချိန်ကလွဲလျှင် အချင်းချင်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုမရှိခဲ့ကြ။ အခုတော့ စကားတွေ ထိုင်ပြောရင်းက ရင်းနှီးသွားလိုက်သည်မှာ တအူတုံဆင်း ညီအမရင်းခြာများနှယ်။ မိုးကြီးစုပ်စုပ်ချုပ်မှ စကားစကို အတင်း ဖြတ်ကြရသည်။ နောက်တပတ်တနင်္ဂနွေနေ့တွင် သူမအိမ်ကို ထမင်းလာစားရန် ဇွတ်ခေါ်ပြီး အ၀င်း ပြန်သွားလေသည်။

ကျန်းမာရေးကောင်းကောင်း၊ သွားနိုင်လာနိုင်၊ ဖျတ်ဖျတ်လတ်လတ်ရှိနေသော၊ နိုင်ငံတာဝန်ကို ကျရာနေရာက ထုံပေပေ နှင့် ထမ်းဆောင်နေနိုင်သေးသော အ၀င်း၏နောက်ကျောပြင်ကို ငေးရင်း ကြည်နူးခြင်းနှင့် ကြေကွဲခြင်းကို တပြိုင်တည်း ခံစားရလေသည်။

(နှစ်)

သူမက အိမ်ထောင်ရေးမှာ ကံမကောင်းခဲ့။ သူမ နှစ်ရှည်ထောင်ကျနေစဉ်မှာ ခင်ပွန်းက နောက်အိမ်ထောင်ပြု သွားခဲ့သည်။ ကိုယ်ကလည်း ကလေးတယောက်လောက်တောင် နှောင်ကြိုးလေးတမျှင်အဖြစ် ချည်နှောင်ပေးနိုင်စွမ်း မရှိခဲ့တာက တကြောင်းလည်းဖြစ်နိုင်ပါသည်။ အရာရာကို ကံ-လို့ပဲယိုးမယ်ဖွဲ့ရမည့် ဘ၀မှာ သူမက ဘုရားနှင့် တရားကို အာရုံပြုဖို့ကလွဲလျှင် စိတ်ထဲမှာ နာကျင်ခံစားနိုင်စွမ်းမရှိတော့။

သူမက သားအိမ်မကောင်းခဲ့။ ဆေးကုစမှာပင် ထောင်ကျခဲ့ရသောအခါ ထောင်ထဲတွင် မည်သည့်ဆေးဝါးကိုမှ မရခဲ့။ ဆရာဝန်နှင့်တွေ့ရန် တောင်းဆိုလိုက်တိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထွက်ပါ။ အမတ်အဖြစ်က နှုတ်ထွက်ပါ ချက်ခြင်း လွှတ်ပေးပါမည်ဆိုသည့်စကားကိုသာ ထပ်တလဲလဲကြားနေခဲ့ရသည်။ နောက်ပိုင်း သူမ ဘာဆရာဝန်၊ ဘာဆေးဝါးကိုမှ မတောင်းဆိုခဲ့တော့ပါ။

နေရာထိုင်ခင်း မသန့်ရှင်းမှု၊ သုံးစွဲရသည့်ရေ၏ညစ်ညမ်းမှု၊ ရေလုံလောက်စွာ သုံးစွဲခွင့်မရရှိမှု၊ လိုအပ်သော ဆေးဝါး ဓာတ် စာ ပြတ်လပ်မှုတို့ကြောင့် သူမ သွေးသွန်လေသည်။ သူမ၏ ၀မ်းဗိုက်ကလည်း တနေ့ တခြားကြီးထွားလာလိုက်သည်မှာ မွေးဖွားကာနီး ဗိုက်တလုံးနှင့်မခြား။ လမ်းပင် ကောင်းကောင်းလျှောက်၍ မရတော့သည့်အခြေသို့ ရောက်လာသောအခါ ထောင်အာဏာပိုင်များက ထောင်ထဲသေလျှင် နံမည်ပျက်ရချည့်ဟုတွေးမိကြပုံနှင့် သူမအား ကျန်းမာရေးမကောင်းသူဖြစ်၍ လူသားချင်း စာနာထောက်ထား၍ ဟုဆိုကာ ပြန်လွှတ်ပေးလိုက်လေသည်။ သို့သော် ဒါဟာ လူမသိ သူမသိဘ၀ကို အဆုံးသတ်ရေး၏နိဒါန်းပဲ ဟု သူမ သိနေခဲ့သည်။
ဒါကြောင့် ထောင်ကထွက်ကတည်းက သူမသည် တရားရိပ်သာမှလွဲ၍ ဘယ်ကိုမှ မသွားခဲ့။

(သုံး)

စားပွဲပေါ်မှာ ပြည့်နေသည့်ဟင်းပွဲများကို ကြည့်ကာ သူမက အ၀င်းတို့မိသားစုကို အားနာမိလေသည်။ ငါးခေါင်းချဉ်စပ် ဟင်းရည်။ ငါးကုန်းဘောင်ကြီးကျော်၊ ကြက်သားကို ငရုပ်သီးတောင့်ပွနှင့်ချက်ထားသည့် ငရုပ်သီးချက် မွှေးမွှေးလေး။ အစိမ်ကြော်နှင့် ဟင်းရွက်စုံ တို့စရာတွေကလည်း ဖွယ်ဖွယ်ရာရာ။

သွားရလာရခက်သောကြောင့် အပြင်မထွက်ချင်သော်လည်း အ၀င်း၏ ဖိတ်ကြားချက်ကိုတော့ လက်ခံခဲ့တာက အ၀င်းနှင့် စကားပြောရသည်မှာ စိတ်ပေါ့ပါးလွတ်လပ်ပြီး ဝေဒနာကိုမေ့ထားနိုင်၊ စိတ်အပြောင်းအလဲဖြစ်စေနိုင်သောကြောင့်သာပါ။
ကိုယ်တိုင် မချက်နိုင်တော့သည့်အတွက် ထမင်းဆိုင်က အိမ်ရှေ့လာချပေးသည့် ချိုင့်ကို တယောက်တည်း ဖွင့်စားနေ ရသည့် လပေါင်းများစွာအတွင်း အခုလို ဖွယ်ဖွယ်ရာရာထမင်းစားပွဲကိုက ရောဂါဝေဒနာကို မေ့သွားနိုင်လောက်အောင် သူမ အာရုံကို ဖျားယောင်းထားနိုင်လေသည်။

အ၀င်းသမီး အလတ်မလေးက သူမတို့ထမင်းမစားခင် အပြင်မှ ပြန်လာကာ ထမင်းကို သုတ်သုတ်စားပြီး ခပ်သုတ်သုတ်ပဲ ပြန်ထွက်သွားသည်။ ဆရာမအလုပ်ကထွက်ကာ အိမ်၏ စီးပွားရေးအတွက် အမေ့နိုင်ငံရေးစရိတ်အတွက် အပြင်မှာ ကျူရှင်တွေလည်ပြနေရသည်ဟု ဆိုသည်။

“အန်တီ အေးအေးဆေးဆေးနားနေပါနော်၊ သမီးတော့ နောက်တ၀ိုင်းပြေးလိုက်အုန်းမယ်” ဟု လည်း သူမကို အပြေးအလွှား နှုတ်ဆက် သွားသေးသည်။

အ၀င်း၏အမျိုးသားကလည်း ကျန်းမာရေးသိပ်မလှ။ ခြေထောက်တွေက ဖူးယောင်ကာ ညိုမည်း၍ပင်နေသည်။ မျက်နှာ လည်း ချောင်ကျနေသည်ကိုတွေ့ရ၏။ သို့သော် သူ့အတွက်အချိန်မပေးနိုင်တော့သည့် ဇနီးအပေါ်မှာ စိတ်ကွက်ငြူစူခြင်း အလျဉ်းမရှိသူ အမျိုးသားကြီးကိုကြည့်ကာ စွန့်ထားရစ်ခဲ့သူကြီးကို တိတ်တဆိတ်သတိရလိုက်မိသေးသည်။ ပိုက်ဆံ မချမ်းသာသော်လည်း မေတ္တာနှင့် အေးချမ်းနေသည့် မိသားစုလေးဆီကို လာလည်ရတာ သူမအတွက် တကယ် မမေ့နိုင်စရာ အဖိုးတန်အချိန်လေးတွေပဲဖြစ်ပါသည်။

ထမင်းက စား၍ကောင်းနေသည်။ ဟင်းရည်ဇွန်းကိုလည်း လက်ကပင် မချချင်။ သူမ၏ပုံမှန် မဟုတ်သော ၀မ်းဗိုက်၏ ပူနေမှုကြောင့် တခုခုက အစာအိမ်ကိုလာဖိထားသည့်နှယ် နည်းနည်းစားသည့်တိုင် ဗိုက်က အလွန်အမင်း အင့်ကယ် ကယ်နေသည့်ဒဏ်ကို ခံရမည်မှန်း သိသိကြီးနှင့် အတော်ကို စားပစ်လိုက်သည်။ ထမင်းစားပြီး အ၀င်းက အစာကြေ ဆေးတိုက်ရင်းသူမအား ရာဇသံတခုပေးသည်။

“ကဲ သူငယ်ချင်း၊ မင်းဘာမှ ငြင်းမယ်လို့ စိတ်မကူးနဲ့၊ မနက်ဖြန် မွတ်စလင်ဆေးရုံမှာ ဆေးစစ်ရမယ်။ လိုအပ်တဲ့ ကုသ မှုတွေအားလုံးကို လက်ခံရမယ်၊ မင်းနေမကောင်းဖြစ်နေတာ သူ့ကို ဘယ်သူမှ လာမပြောရကောင်းလားလို့ အမ သိပ်စိတ်ဆိုးနေတယ်။ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတဲ့သူတွေ၊ ကိုယ့်ပါတီရပ်တည်ရေးအတွက် မိုးထဲရေထဲမှာ ရုန်းကန်လာပေးခဲ့တဲ့သူတွေ ပိုက်ဆံမရှိလို့ ဆေးမကုလိုက်ရဘူးဆိုတဲ့စကားက လူကြားလို့လည်း မကောင်းဘူး၊ ဖြစ်လည်း မဖြစ်သင့်ဘူးလို့ အမက ပြောလိုက်တယ်။ အဲဒါ မင်း ငြင်းဖို့မပြင်နဲ့”

‘အမ’ လို့ သူမက ကြိုးစားပီး မခေါ်မပြောဘဲနေနေခဲ့သည်။ ခေါ်မိလျှင် ပြောမိလျှင် နိုင်ငံရေးပိုးက ကြွထလာဦးမှာစိုး၍ပါ။ အခုတော့ အ၀င်းက အမက… အမက…လို့ ပြောပြောနေတာတွေ နားထောင်ရင်း ကိုယ့်ကိုယ်ကို အားမလိုအားမရစိတ်၊ ငါ လုပ်များလုပ်နိုင်ဦးမလား၊ လုပ်ကြည့်ဦးမှပါပဲ…ဆိုသည့် စိတ်ကလေးက ခေါင်းပြူလာပြန်သည်။ ဇာတ်မင်းသားတွေ ဘယ်နေရာရောက်ရောက် ဆိုင်းသံကြားတာနဲ့ ခြေတွေလက်တွေက ချိုးပီးသားဖြစ်နေပီ..ဆိုသလိုပါပဲ။

“ငါတို့ခေါင်းဆောင်က ဒီလို လူတယောက်ချင်းစီရဲ့ မပြေလည်မှုတွေကိုတောင်မှ ဖြေရှင်းပေးချင်တာပါလား၊ အရေးတယူ ရှိလှပါလား၊ ငါ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကလည်း ငါ့ကို ပစ်မထားကြပါလား” ဟု သူမက ၀မ်းနည်းဝမ်းသာ မြည်တမ်းချိန် တွင် သူမလိုပင် သားအိမ်မကောင်းဘဲ ခွဲစိတ်ကုသမှုနှစ်ကြိမ်ခံထားပြီးဖြစ်သော၊ သားအိမ်ခေါင်း ဖြတ်ထုတ်ထားသည့် တိုင်အောင် ထောင်ထဲမှာသွေးတွေသွန်နေ၍ အပြင်ပြန်ရောက်လာရသော ဒေါ်ကျင်ကျင်ဝင်းက မျက်ရည်လည်း လွယ်သူပီပီ ငိုပါလေတော့သည်။

“ငါတို့ နိုင်ငံရေးလုပ်တာ ဘာတွေရလို့မှ လုပ်နေကြတာမဟုတ်ဘူး၊ တယောက်ကို တယောက်မှီခိုရင်း အပြန်အလှန် ဖေးမပြီးတော့ ရပ်တည်နေနိုင်တာလေးကိုပဲ ကျေနပ်ရင်း လုပ်နေကြရတာ၊ အမကို ဘယ်သူတွေက ပစ်ထားလို့လဲ။ ကျနော်လည်း သားအိမ်ကင်ဆာဖြစ်နေတာပဲ။ ကျနော် ပြန်ထွက်လာတော့ ဆရာဝန်ကညွှန်တဲ့ဆေးက တပုလင်း သုံး သောင်းခွဲဆိုတော့ မတတ်နိုင်လို့ သေရတော့မှာပဲဆိုပြီး ငိုလိုက်ရတာ။ အဲဒီတုန်းကလည်း မမ၀င်းပဲ စမ်းချောင်းမသီတာ ဆီမှာ သွားအလှူခံပေးလို့ ကျနော် ဒီနေ့ အထိ အသက်ရှင်နေသေးတာ၊ အမလည်း ကောင်းသွားမှာပါ”

စမ်းချောင်းမသီတာသည်လည်း ထိုကိစ္စနှင့်ပင် ထောင်ထဲမှာ အတော်လေးခံစားလိုက်ခဲ့ရပြီး အချိန်မီ သားအိမ်ထုတ်လိုက်နိုင်သည့် အတွက် ကောင်းမွန်ကျန်းမာနေလေပြီ။ မသီတာက သူမအတွက်ဝယ်ထားပြီး သောက်ရန်မလိုတော့သည့် ဆေးကို မျှဝေဒါန ပြုလိုက်သည့်အတွက် ဒေါ်ကျင်ကျင်ဝင်းက အသက်ဆက်ရှင်နေသတဲ့လား။

ဆေးဖိုးတလ သုံးသောင်းခွဲဆိုသည့်ပမာဏသည် အိပ်မက်ပင် မမက်ရဲသည့် ပမာဏဖြစ်သောကြောင့် ဒီဆေးမှမရရင် သေ ရမှာပဲ ဆိုကာ ကျင်ကျင်ဝင်း ဘယ်လောက်များ သောကရောက်ခဲ့မလဲ သူမ ကိုယ်ချင်းစာ၍ရပါသည်။ ဆေးအလှူခံ ပေး သူကိုရော၊ ဆေးလှူခဲ့သူရောကို သူမက သာဓုအကြိမ်ကြိမ်ခေါ်မိသည်။ စိတ်ထဲကလည်း ဆေးကုလိုက်ရရင်တော့ သူမ လည်း ကျင်ကျင်ဝင်းလို ကောင်းသွားမှာပဲ၊ ရုံးပြန်တက်နိုင်တော့မှာပဲဟု မျှော်လင့်ချက်အလင်းရောင်လေး သန်းလာသည်။

“ဒေါ်ကျင်ကျင်ဝင်းရယ်။ ခင်ဗျားအားပေးပုံကလည်း မျက်ရည်လည်ရွဲနဲ့ တော်တော် အားရှိဖို့ကောင်းတာပါလား” ဆိုသည့် အ၀င်းအမျိုးသား၏ နောက်ပြောင်ကျီစယ်သလို သတိပေးတော့မှ အငိုတိတ်ရန် ကြိုးစားသည့် ကျင်ကျင်ဝင်းကို ကိုယ်ကပင် ပြန်လည် ရယ်မောက ချော့မော့နိုင်ခဲ့လေသည့်အတွက် ကိုယ့်ကို ကိုယ် ကျေနပ်အားရမိလေသည်။

(လေး)

ကုန်ကျစရိတ်ထက် မျှော်လင့်ချက်ရှိပါ့မလားမသေချာသည့်သူမအနေအထားကို ပုခုံးဖက်လျှက် ခါးပွေ့လျှက် ရယ်မော စရာများပြောလျှက် နှစ်သိမ့်ရင်းက အားလုံးက ပူပန်နေခဲ့ကြရသည်။ သူမက အ၀င်းလက်ကို အားကိုးတကြီး ဆွဲကိုင်ထားရင်း-
“အ၀င်း၊ ကျမကိုခွဲတဲ့အချိန်မှာ လာစောင့်ပေးနေပါနော်။ အမကို တောင်းပန်ပေးပါနော်၊ ကျမနားမှာ အ၀င်းရှိနေရင် အားရှိသလိုပဲ။ ခွဲချိန်လေးတချက်ပဲ လာနေပေးပါနော်” ဟု တောင်းပန်မိသည်။ အ၀င်းက သူ့မူပိုင်ဖြစ်ဟန်တူသည့် ဘယ်တော့မှ မတုန်လှုပ်သည့် ကြံ့ကြံ့ခံအပြုံးနှင့် သူမ၏ လက်ကို တင်းတင်းပြန်ဆုပ်ကိုင်ပေးထားရင်း-

“ပြောစရာလားကွဲ့။ ကျမ တယောက်ထဲတောင်မဟုတ်ဘူး၊ ကျင်ကျင်ဝင်း၊ စိုးစိုး အကုန်လာမှာ။ အမလည်း လာခဲ့ မယ်လို့ပြောထားတယ်။ စန်းစန်းကသာ ခွဲဖို့သဘောတူပါစေ၊ အဲဒီမနက် မခွဲခင် သူလာခဲ့မယ်လို့ ငါ့ကို မှာလိုက်ပြီးသား”
“ဟုတ်လား၊ အမရောလာမလား၊ အို- ကျမပျော်လိုက်တာ အ၀င်းရယ်၊ အ၀င်းကိုရော အားလုံးကိုရော ကျမ ဘယ်လိုကျေးဇူးတင်မှန်းမသိတော့ဘူး။ အမ…အမကိုရော…”

(လေး)

ခွဲစိတ်မည့်နံနက်တွင် အမ တကယ်ပဲ ဆေးရုံကို ရောက်လာခဲ့သည်။ ရွှင်လန်းတက်ကြွသည့် အမ၏ အပြုံးကလည်း သူမ အတွက် ခွန်အားတရပ်ဖြစ်စေခဲ့သည်။ ‘ဘာမှ အားမငယ်နဲ့၊ ဘာကိုမှလည်း တွေးကြောက်မနေနဲ့၊ လုပ်စရာရှိသမျှ အကောင်းဆုံးတွေကိုချည့်ပဲ မျှော်လင့်ပြီး လုပ်နေကြတဲ့သူတွေပဲ၊ ဒီလောက်ဝေဒနာလေးကို အားလုံးလက်တွဲပြီး ရင်ဆိုင် ကြတာပေါ့နော်’ ဟု အမက သူမလက်ကို အသာဆုပ်ကိုင်ကာ အားပေးလာတော့ သေမျိုးမဟုတ်တော့သလိုမျိုး လုပ်ရန်ရှိ သည်များ၊ လုပ်သင့်သည့်အလုပ်များက တသီကြီး အာရုံမှာ တန်းစီပီးပေါ်လာသည်။

“စိတ်ချ အမ၊ ကျမ ဆေးရုံက ဆင်းတဲ့နေ့ဟာ ကျမ ရုံးပြန်တက်တဲ့နေ့ပဲ” ဟု ပြောလိုက်နိုင်သည်အထိ မျှော်လင့် တက်ကြွလျှက်။

(ငါး)

အားလုံးခန့်မှန်းထားသည့်အတိုင်း ကင်ဆာဖြစ်နေခဲ့လေသည်။ သူမ၏၀မ်းဗိုက်အတွင်းမှ အမြစ်တွယ်နေသော အဆီပြင်လုံးကြီးသည် ကျန်ကျောင်းအိပ်အဖြူရောင်နှင့်အပြည့်ဖြစ်နေပြီ ဟု နားစွန်နားဖျား ကြားလိုက်မိသည်။ ဗိုက်ထဲက အလုံးမပျက်ထုတ်နိုင်ဖို့ ဖွင့်ထားသည့်ဗိုက်အပေါက်ကသေးနေသတဲ့။ အကယ်၍ သူမသာ ထောင်ထဲမှာကတည်းက ဆေးကုသခွင့်ရခဲ့ပါလျှင်…

(ခြောက်)

“ကျမ မျက်လုံးတွေ မမြင်ရတော့ဘူး အ၀င်းရဲ့” ဟု သူမက အ၀င်းလက်အား အမှောင်ထဲမှာ လက်ကို ယမ်းကာ ရှာဖွေရင်း ပြောသောအခါ အ၀င်းက “ ငါသိပါတယ် သူငယ်ချင်းရယ်” ဟု ပြောလျှက် သူမ၏ ဝေ့နေသည့်လက်ကို ဖမ်းဆုတ် ထားခဲ့သည်။
တကယ်တော့ သွေးအားနည်း၍ သွေးတပုလင်းလောက်သွင်းရုံမျှဖြစ်သည့်အတွက် ဂျပန်ဆေးရုံကို သူမတက်ခဲ့တာ အိမ်နှင့်နီးသော ဆေးရုံဖြစ်နေတာကတကြောင်း၊ မျှော်လင့်ချက်နည်းနေသည့် သူမအတွက် အမကို ပိုက်ဆံထပ် မကုန်စေ လိုတော့တာက တကြောင်းကြောင့် သာပါ။ အခုလို သွေးမလတ်ဆတ်၍ လိုလို၊ သွေးဘဏ်ထဲက ထုတ်လိုက်သော သွေး၏ မူလရှိသင့်သည့် အပူချိန်ကို ပြန်မရောက်ဘဲသွင်းလိုက်၍လိုလို သူတို့ချင်းတိုးတိုးပြောသောစကားတွေက မရေရာလှသော်လည်း သေချာတာတခုက သူမ၏မျက်လုံးများက သွေးသွင်းနေဆဲမှာပင် တဖြေးဖြေးေ၀၀ါးကာ မမြင်ရတော့ဘဲ သွင်းလက်စ သွေးပုလင်းကိုလည်း ချက်ခြင်းဖြုတ်သိမ်း သွားကြခြင်းကတော့ အသေအချာ။

အ၀င်းက သူမအား ဘားလမ်းဆေးရုံသို့ ပြန်ခေါ်လာခဲ့သည်။ ကိုယ့်အသိုင်းအ၀ိုင်းကြားထဲပြန်ရောက်လာသောအခါ ရရှိသည့် လုံခြုံနွေးထွေးမှု၊ အမအသံလေးကို ကြားလိုက်ရသောအခါ ဖြစ်ပေါ်လာသည့် မျှော်လင့်ခြင်းတို့ဖြင့် မျက်လုံးကွယ်နေသော်ငြားလည်း ဘ၀ကို နေပျော်သလိုလို။ အမလက်ချောင်းပျောင်းနွဲ့နွဲ့လေးတွေကို တင်းနေအောင်ဆုပ်ကိုင်မိရင်း-

“အမ၊ ကျမ အလုပ်လုပ်ချင်သေးတယ်။ အမကို အများကြီး ကူပေးချင်သေးတယ်” ဟု ကယောင်ကတန်းများ ပြောမိသေးသလားမသိ။ ဒေါင့်တဒေါင့်မှ ရှိုက်သံသဲ့သဲ့တချက်ထွက်လာသည်။ ကျင်ကျင်ဝင်းပဲ ဖြစ်မှာပါ။ ဒင်းက အလွန် မျက်ရည်လွယ်တဲ့ကောင်…
မျက်မမြင်တယောက်အတွက် နေ့တွေ ညတွေ မလိုတော့သည့်အတွက် သူမကိုယ်သူမ အိပ်ချိန်မဟုတ်ဘဲ အိပ်ပျော်နေ မိသလား တွေးနေရန်မလို။ တခါတရံ သူမ နိုးလာချိန် ‘အ၀င်းရေ’ ဟု ခေါ်မိလိုက်သည်ထင်သည်။ တခါတလေ ‘သူငယ်ချင်း၊ ငါရှိတယ်လေ’ ဆိုကာ လက်ကိုကိုင်ထားပေးတတ်သည်။ တခါတလေတော့ တယောက်ယောက်က ‘မမ၀င်း၊ အမဆီခဏပြန်တယ်’ ဟု ဖြေတတ်၏။
သူမ နေကောင်းလျှင် အ၀င်းတို့အိမ်ကို အလည်သွားချင်သေးသည်။ ငါးခေါင်းဟင်းချိုလေးကို မိသားစုနှင့်အတူ သောက် ရတာ အရမ်းကိုနှစ်သက်စရာကောင်းလွန်းလို့ပါ။

အဲသည်နေ့က အိမ်ပြန်ရောက်တော့ စိတ်ထဲမှာ ပေါ့ပါးလန်းဆန်းနေခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်သွားတယ် အ၀င်းရဲ့၊ အဲဒီတော့ မနက်ကျတော့ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းနိုးလာတာပေါ့။ ထောင်ထဲကထွက် ကတည်းက မက်နေခဲ့တဲ့ ထောင်အိပ်မက်တွေတောင် အဲဒီညက မမက်ခဲ့ဘူး။

နင်နေမယ်ဆိုရင် ငါတို့က တသက်လုံးခေါ်ထားမှာပါ သူငယ်ချင်းရယ်၊ မရှိအတူ ရှိအတူပေါ့… ဆိုတဲ့ အ၀င်းရဲ့အသံက ဟိုးအဝေးကြီးကနေ သူမဆီလွင့်လာတာ ပဲ့တင်သံတွေထပ်နေလိုက်တာများ အခုထိ။

အခုရော အ၀င်း ကျမနားမှာ ရှိနေတယ်မို့လား၊ ကျမလက်ကို ကိုင်ထားပေးတာ အ၀င်းလား၊ အမလား၊၊

အ၀င်းဆီကရတဲ့ စိတ်ချယုံကြည်မှုခွန်အားတွေ၊ အမလက်ချောင်းလေးတွေထဲက ကျမခန္ဓာကိုယ်ထဲစီးဝင်လာတဲ့ ရဲရင့်မှုနဲ့ မျှော်လင့်ချက်တွေလိုအပ်တယ်။ အို…အမလက်ကို ကျမဆီက ဖြုတ်သွားလိုက်ပြီလား။ ကျမလက်ကို ဆက်ကိုင်ထားပေးပါ အမရယ်…
ကျမမှာ ယောက်ကျားပစ်သွားပေမယ့်လို့ ကျမကို သည်းခံစောင့်ရှောက်ပေးနေတဲ့ မိဘမွေးချင်းတွေ…
ကျမနဲ့ အေးအတူ ပူအမျှ ခံစားပေးဖို့ အဆင်သင့်ရှိနေတဲ့ ကျမရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ…
နောက်ပြီး ကျမ လုပ်ဖို့ ရှိနေသေးတဲ့ ကျမရဲ့ နိုင်ငံရေးတာဝန်တွေ…

ကျမရဲ့ပါတီက ဒီမိုကရေစီခရီးရှည်ကြီးကို လျှောက်နေရတာလေ။ လမ်းကအရမ်းကြမ်းတယ်။ ကျမတို့ တယောက်လဲရင် နှစ်ယောက်ဝင်တွဲနိုင်ဖို့ လူတွေအများကြီးလိုတယ်။ ဒီလို တာဝန်ယူမှုတွေ… လုပ်စရာတွေ အများကြီး ရှိနေသေးတာ။ ကျန်းမာရေးအကြောင်းပြပြီး ကိုယ်လွတ်ရုန်းသွားလို့ ဘယ်ဖြစ်ပါ့မလဲနော်…
အမ ကျမကို ရအောင်ကယ်ပါနော်။ ကျမ ဆေးရုံကဆင်းရင် ရုံးကို ချက်ခြင်းလာခဲ့မယ်သိလား...

(ခုနစ်)

အာလေးလျှာလေးနှင့် ဟိုဟိုဒီဒီ တယောက်ယောက်ကို ရှာဖွေရင်း သူမအသံသည် တဖြေးဖြေး ပို၍ ဗလုံးဗထွေးဖြစ်လာကာ နောက်ဆုံး လုံးဝ ငြိမ်သက်သွားခဲ့သည်။
ၾကိတ္မနိုင္ခဲမရ ရိႈက္ငိုသံတခို့် သူမေဘးမွာ ခပ္သဲ့သဲ့။ ဘယ်တော့မှ စဲမည်မဟုတ်သည့် နာကျင်ဆွေးမြည့်သည့် ရှိုက်သံတွေဖြစ်သည်။


ခွာညို
၃၁၊ သြဂုတ်လ၊ ၂၀၀၇။

နိုင်ငံရေးသတ္တိအပြည့်နှင့် ဒုက္ခပေါင်းစုံကို အန်တုရင်ဆိုင်ခဲ့ကြသော၊ ရင်ဆိုင်နေဆဲဖြစ်သော မြန်မာ့အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူများသို့ ဦးညွတ်ဂုဏ်ပြုလျှက်-
(ရွှေခမောက်တွင်ဖော်ပြပြီး)

Saturday, February 13, 2010

နာမည်ကျော် 2010




ကမ္ဘာကျော်တွေကတော့
သူတို့ခြေထောက်ကို
ပေါင် သန်းနဲ့ချီလို့
လေလံပစ်ကြတယ် ...။

ကြိုက်သူလည်း ရှိသလို …
မကြိုက်သူလည်း ရှိတယ် …။


အရောင်းအဝယ် မကောင်းတဲ့ ခေတ်ကာလမှာ
ပေါချောင်ကောင်းတွေနဲ့ ပြည့်နေတဲ့
ကွင်းတကွင်းလုံး
အမောတကောနဲ့
သုညတွေကိုချည်း
ကျုံးကျုံးကန်ကြရတဲ့အခါ
ထွက်လာတဲ့အသံက
ဖုတ်လှိုက် …ဖုတ်လှိုက် …။

စိတ်ထောင်းကိုယ်ကြေနဲ့
နှစ်ပေါင်း ၂ဝဝဝ ကို တဆယ်ပေါင်းရင်း
ထွက်လာတဲ့ရလဒ်အပေါ်
သူသူ ကိုယ်ကိုယ်
စီးချင်းထိုးဖို့ကလည်း
အသင့်စောင့်နေကြတယ် ….။

သြော် …
ကျေးကျွန်ပိုင်ရှင်စနစ်တွေ
ပျောက်ဆုံးပြီ … ပျက်သုန်းပြီတဲ့ ..
ဒါပေမယ့်
ကမ္ဘာ့ရွာတွေမှာတော့
ကျွန်တွေပြန့်နေဆဲ …။

ကမ္ဘာကျော်တွေကလည်း
သူတို့ခြေထောက်တွေကို
ပေါင် သန်းနဲ့ချီ
လေလံပစ်လို့ကောင်းတုန်း …။


နွံနစ်နေတဲ့ ခြေထောက်တွေကလည်း
ခုချိန်ထိ … အိပ်မက်ကောင်းတုန်း …။ 

ဆောင်းလူ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၀ ခုနှစ်။
၁၈ နာရီ ၁၆ မိနစ် 
မစ္ဇျိမအင်တာနက်မဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်ပါသည်။

တံလျှပ်ရွေပြည် - အပိုင်း (၁)

(တစ်)

….ဟု တိုးတိုးလေး ဆဲရေးလိုက်သည်။ တချက်လေးအိပ်ငိုက်မိလိုက်တာနှင့် ဆင်းရမည့်ဘူတာကို ကျော်သွားသည်။ နောက်ဆုံးရထားဖြစ်သောကြောင့် လှည့်ပြန်စီးရန် အခွင့်အရေးမရှိတော့။

ဆိုတော့… အိမ်ပြန်ရောက်ရန် တက္ကစီငှားရတော့မည်။

ဆိုတော့… ချွေတာစုဆောင်းထားသည့်အထဲက တက္ကစီခ အနည်းဆုံး သုံးလေးဆယ်တော့ထွက်တော့မည်။ ဒေါ်လာသုံးဆယ်ဆိုသည်မှာ မြန်မာငွေနှင့်တွက်လျှင် သုံးသောင်းဝန်းကျင်….

ဆိုတော့...အမေ့အိမ်စရိတ်တပတ်စာနှင့် အဖေရုံးသွားဖို့ ခရီးစရိတ်အနည်းအကျဉ်းဖြည့်ဆည်းနိုင်မည့်ပမာဏသည်
အခုတော့ သူခဏလေး အိပ်ငိုက်လိုက်မိတာနှင့် ကုန်ပြီ။

တက္ကစီသမားအား အနီးဆုံးဘဏ်ဆီသို့ အရင်ပို့ပေးရန်ပြောရသည်။ အိပ်ထဲမှာ တဆင့်တောင်မပါလာ။ ဒီမှာက ဘာဝယ် ၀ယ် ဘဏ်ကဒ်၊ အကြွေးကဒ်၊ လက်ဆောင်ကဒ် ကဒ်ပေါင်းစုံနှင့်သုံးနေတာမို့ ပိုက်ဆံကိုထည့်မထားတတ်။ အခုလို အချိန်မျိုးမှာ… အခုလို ခရီးလွန်ပြီဆို… အခုလိုပဲ ကုန်ကျစရိတ်က လှလှနဲ့ပပကြီး ပြုံးပြလာသည်။ သူ့အတွက်တော့ သည်အပြုံးက ဘီလူးသံပုရာသီးစားထားသည့်ရုပ်ကြီးပါပဲ။ မီတာနှင့်မောင်းသောကားများဖြစ်သောကြောင့် ပေးပေတော့။

အမေရိကားကိုရောက်ပြီဆိုတာနှင့် ပြည်တွင်းမှာကျန်ခဲ့သည့်မိသားစုဝင်ကသာမက ဟိုတုံးက ဆေးဖော်ကြောဖက်ပင် လာမလုပ်သည့် ဆွေမျိုးနီးစပ်များကလည်း အခုမှ အရီးတော်ချင်ကြ..ပစ္စည်းမှာချင်ကြ…ဆေးဖိုးတောင်းချင်ကြ… ကလေး ကို ကျောင်းစရိတ် ထောက်ခိုင်းချင်ကြ...သူက အားနာတတ်သူဖြစ်တာရော..မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါး ငွေကြေး ဖောင်းပွမှုကြောင့်ရော ကြပ်တည်းကြမှန်းသိတော့ အကူအညီတောင်းလာလျှင် ဟင့်အင်း…ဟု ပြောရမှာ အလွန်ပဲ ၀န်လေး လှပါသည်။

သည်တော့… တတ်နိုင်သမျှ ကိုယ့်စရိတ်ကို ချွေတာကာ တောင်းသမျှနီးပါးကို ဖြည့်ဆည်းရန် ကြိုးစားရသည်။
သည်တော...့ ဈေးကြီးသော ဆေးလိပ်နှင့်အရက်မသောက်ဖြစ်တော့သည့်အတွက် သူ့အား အကူအညီတောင်းသူများကို ပြန်ပြီး ကျေးဇူးတင်လိုက်ရပါသည်။
သည်တော့… သူ့ကို ကျန်းကျန်းမာမာ သက်ဆိုးရှည်စေသူများဖြစ်သော ကျေးဇူးရှင်များက မှာတိုင်းပေးနိုင်ရန် ငွေကိုသာ ပိုရှာရပါတော့သည်။
သည်လိုနှင့်ပဲ… အောင်နိုင်..ဆိုသောသူ့ကို အလုပ်ကနိုင်သွားပြီး တပတ်မှာ ခုနစ်ရက်လုံး အလုပ်သုံးလုပ်ကို ပြေးလွှားပြီး လုပ်ရပါတော့သည်။

ထို့ကြောင့်… အခုလို ရထားနောက်ဆုံးချိန်မှာမှအိပ်ငိုက်မိပြီး ခရီးလွန်ပြီးပါသွားပါက တနာရီမှာ ခြောက်ဒေါ်လာခွဲသာ ရသော သူ၏လုပ်အားခများထဲမှ အနည်းဆုံး လေး ငါးနာရီလုပ်အားခတော့ တက္ကစီသမားကို ပူဇော်လိုက်ရတတ်ပါသည်။

(နှစ်)

အကိုကြီးက သူ့သမီးလေး ဘ၀ရှေ့ရေး တိုးတက်မှုရှိအောင် ခေါ်ပါ…ဟုတောင်းဆိုနေသည်။ သူက မခေါ်ချင်။ သည်မှာ ကလေးတစ်ယောက်ကို ထိန်းကျောင်းဖို့မလွယ်။ အထူးသဖြင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေက လုံးဝဆန့်ကျင်ခြားနား နေသောကြောင့်လည်းကောင်း၊ ကိုယ့်တကိုယ်စာသာမက ကိုယ့်ကို အားကိုးတကြီးမှီခိုလိုသူများကိုထောက်ပံ့ရန် ငွေပြီးရင်း ငွေနောက်ကိုသာ တကောက်ကောက်လိုက်နေရသည့်အတွက်ကြောင့်လည်းကောင်း၊ ကလေးတယောက်ကို မြန်မာ ဆန် ဆန် ကြီးပြင်းလာအောင် ပြုပြင်ထိန်းကျောင်းရန်မလွယ်ပါ။ အဆင်မသင့်လျှင် ကလေးကပြန်ပြီး ရဲကို ဖုံးဆက်လိုက်ခြင်း ဖြင့် ကိုယ်က အချုပ်ခံရနိုင်သေးသည်။

သည်မှာက ကလေးတစ်ယောက်ကို ကျောင်းစထားတာနှင့် အရင်ဆုံးသင်ပေးသည့် သင်ခန်းစာက အိမ်မှာမိဘကရိုက်လျှင် ရဲကိုဘယ်လိုဖုံးဆက်ခေါ်ရသည်ဆိုတာဖြစ်သတဲ့။

သည်ဥပဒေနှင့် ကျင့်ထုံးက မိဘအရင်းက ကိုယ့်သားသမီးကိုယ်ပြန်သတ်သည့် လူမျိုးနှင့်နိုင်ငံအတွက် အဆင်ပြေကောင်း ပြေပါလိမ့်မည်။ ဗုဒ္ဓဘာသာအရ ပြစ်မှုငါးပါးတွင်အကျုံးဝင်သော သူ့အသက်ကိုသတ်ခြင်းကို အသက်ထက်ဆုံး ရှောင်ကျဉ် ပါမည့်အကြောင်း နေ့စဉ် အာမဘန္ဒေခံလေ့ရှိသော....သားသမီး တူတူမများကို မလိမ္မာပါက ခြေသလုံးသားလေးပေါ် အောင် ဂါဝန်စကပ်ကိုလှန်ခိုင်းကာ ၀ါးကျောပါးပါးလေးနှင့် ခပ်စပ်စပ်တွယ်လေ့ရှိသော အကျင့်စရိုက်တွင် ပုံစံကျနေသည့် မြန်မာပြည်သားများအတွက်တော့ အတော်လေး ဂွကျသည်။ သို့သော် တိုင်းပြည်တပြည်တွင် ပြဌန်းသော ဥပဒေက အားလုံးနှင့် အကျုံးဝင်သက်ဆိုင်နေပြန်လေသည်။ ကျုပ်တို့တိုင်းပြည်မှာ ဒီလိုပဲ ဆုံးမနေကျ...ဟု စောဒကတက်၍ ရရိုးလား။

တိုင်းသူပြည်သားအားလုံးက ဥပဒေအောက်မှာ တပြေးညီရှိနေသည့်အတွက် အမေရိကန်မှာ နေလျှင် အမေရိကန် ဥပဒေနှင့်အညီ နေရမည်သာဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာမှာ ဘုရင်ခေတ်ကဆိုလျှင် ဘုရင့်သားကအစ ဘုန်းကြီးကြိမ်နှင့် လွတ်ခဲ့သည်မဟုတ်။ ကိုယ့်တိုင်းပြည်က ဆုံးမနည်းသည် သူ့တိုင်းပြည်ကဥပဒေနှင့် ညိစွန်းကာ သားသမီးကရဲကိုဖုံးဆက်ခေါ်သည့်အတွက် ရုံးရောက်ဂတ်ရောက်သည့် မိဘတွေအကြောင်းမျိုးလည်း သည်မှာကြားလာရတတ်သည်။

မိဘတွေခမျာ ရဲစခန်းမှာ ရာဇ၀တ်မှုမြောက်မမြောက် အစစ်ဆေးခံရသည့်အပြင် စိတ်ရောဂါရှိလို့ သည်လို အကြမ်းဖက် သလား ဆိုတာသေချာစေရန်လည်း စိတ်ကုဆရာဝန်ဆီသွားပြီး အစစ်ဆေးခံရသည်ဆိုပဲ။ ငယ်တော့ ငယ်ဒုက္ခရှိသလို အရွယ်ရောက်လာလျှင်လည်း ပြဿနာက မသေးလှ။ မသေးခြင်းသည် ကိုယ့်မြန်မာ့ရိုးရာကို ထိန်းသိမ်း စောင့်ရှောက်လို သူများအတွက် မသေးခြင်းဖြစ်သည်။

ဘတ်စ်ကားစောင့်ရင်း နှစ်ကိုယ့်တစိတ်ဖြစ်နေကြသည့် ဆယ်ကျော်သက်များကို သူ မျက်နှာတတ်နိုင်သမျှ လွှဲထားရတတ် ပါသည်။ တချို့စုံတွဲတွေများ ဘတ်စ်ကားစောင့်သည့် မှန်ကာဇရပ်လေးထဲမှာ အိမ်ခန်းထဲနေသလို နေချင်နေနေတတ် ကြသည်။ အင်း…ငါ့တူမများဖြစ်နေလို့ကတော့ ဥပဒေက မည်သို့ပင်ဆိုစေ…ဂုတ်ကနေဆွဲခေါ်ထုတ်လာပြီး နရင်း နှစ်ချက် လောက် ရိုက်ပစ်လိုက်မိလိမ့်မည်ဟု စိတ်တိုမိသည်။

ပြောသာပြောရသည်။ သည်ကခန္ဓာကိုယ်ကြီးများက ကြောက်ခမန်းလိလိကြီးထွားလွန်းကြသည်။ အသားတိုးဆေးတွေ အထိုးခံထားရသည့် အိမ်မွေးဝက်ကြီးများလို ဖောင်းကားနေကြတာ။ ကိုယ့်တိုင်းပြည်က ခန္ဓာကိုယ်တွေလို ဂုတ်ကကိုင် ဆွဲခါထုတ်လိုက်ဖို့မလွယ်။ အစားချိုးခြံ..အိပ်ရေးမ၀သည့်အတွက် ပိန်ချုံးနေသည့် ကိုယ်ကသာ လွင့်ချင်လွင့်သွားနိုင်သည်။

တော်ပါပြီ။ ဝေးဝေးကနေပဲ လိုသလောက်ထောက်ပါရစေတော့။ သည်ကိုတော့ မခေါ်ပါရစေနဲ့။ ကျုပ်စိတ်က ခပ်ဆတ် ဆတ်နဲ့ အချုပ်ထဲရောက်လိုက်…အရူးထောင်ရောက်လိုက်နဲ့ အလုပ်ပျက်ရင် တမျိုးလုံး ထမင်းငတ်ကုန်မယ်…ဟု တခါ တည်း အပြတ်ပြောထားလိုက်ရသည်။

တူ…တူမတွေဆိုသော်လည်း အိမ်ကထွက်လာသည်မှာ ငါးနှစ်ကျော်နေပြီဖြစ်သောကြောင့် ကလေးတွေနှင့်စိမ်းကုန်ပြီ။ သူတို့စရိုက် သဘာဝတွေကို အခုမှပြန်ပြီးလေ့လာအကဲစမ်းပြီး ပြုစုပျိုးထောင်ပေးနေရန် အချိန်မပေးနိုင်။ ကလေး တယောက်ကို အောင်မြင်အောင် ပြုစုပျိုးထောင်ရန်ဆိုတာ အပြောလွယ်သလောက် လက်တွေ့ကျရန် အလွန်ခက်လှသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ တပြိုင်နက်တည်း ဖွံ့ဖြိုးရန်လိုအပ်သည်။

ပြီးတော့ သည်က ကလေးဥပဒေတွေက ခုနပြောသလို အရှုပ်သား။ အသက် ဆယ့်သုံးနှစ်မပြည့်သေးသည့်ကလေးကို တယောက်တည်းအပြင်ပေးထွက်လျှင်လည်း ဥပဒေအရအပြစ်ရှိသတဲ့။ အိမ်မှာလည်း တစ်ယောက်တည်း ထားခွင့်မရှိတဲ့။ သည်တော့တပတ်မှာ ခုနစ်ရက်လုံးအလုပ်လုပ်နေရပြီး တရက်မှာ အိပ်ချိန် (၆) နာရီပြည့်အောင် ကားပေါ်နှင့်ရထားပေါ်မှာ ဖြည့်ရသူအတွက် ကလေးတစ်ယောက်ကို အမေရိကန်ဥပဒေနှင့်အညီ စောင့်ရှောက်ရန် အရည်အချင်းမပြည့်မီပါ။

ရုပ်ပိုင်းဆိုင်ရာချည့်ဖွံ့ဖြိုးသွားပြီး တိုင်းပြည်အတွက်ပဲဖြစ်ဖြစ်..မိဘအတွက်ပဲဖြစ်ဖြစ် အမှီမပြုနိုင်သည့် ကလေးမျိုး အတွက်တော့ ငွေကုန်ကြေးကျခံကာ မပြုစုချင်။ ဒါကြောင့် သားသမီးတွေကို ပညာတတ်ကြီးဖြစ်ချင်တာဆိုလျှင်တော့ အရွယ်ငယ်တုံးမှာ ကိုယ့်တိုင်းပြည်ထဲမှာပင် ဆရာကောင်းနှင့်လိုအပ်သည့် အတတ်ပညာကို အလွတ်သင်ကြားထားရန်… ပြီးတော့ မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းတွေမှာ မွေ့လျော်ချစ်မြတ်နိုးတတ်စေရန် မိဘများက တာဝန်အပြည့်ယူပြီး အာမခံနိုင်လျှင် အဆင့်မြင့်ပညာသင်ကြားနိုင်ဖို့ သူက ဆက်ပြီးတာဝန်ယူမည်ဟု အပေးအယူလုပ်ရသည်။

အင်း…အကိုကမွေးတဲ့ တူမတယောက်ကို ခေါ်ထားလိုက်ပါပြီတဲ့။ အမက ငါ့သားလည်း ခေါ်ပါဟယ်..ဟု အပျော့ဆွဲမည်။ ညီမက ငါ့ကလေးတွေကျ နင့်တူ တူမတွေမဟုတ်လို့လား…လို့ စကားနာထိုးမည်။

ခက်တာက မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေက တချို့မှာ ချစ်ဖို့ကောင်းသလောက် တချို့မှာကျတော့ ပြောင်းလဲနေ သည့် ကမ္ဘာ့အခြေအနေများနှင့် အံမ၀င်ဘဲ ခေတ်နောက်ပြန်ကျန်ခဲ့တာတွေအများကြီးရှိသည်။ ဥပမာ- ဘာမှ အသုံးမကျ သည့် တက္ကသိုလ်ကိုတက်နေရတာကိုပဲ တခန်းတနားနှင့် တက္ကသိုလ်ကျောင်းသူမို့လို့ ဆိုပြီး မိဘကလည်း အလုပ်မခိုင်း.. သားသမီးတွေကလည်း လုပ်ရမှန်းမသိတာမျိုးတွေ…

ကျောင်းသွားချိန်တွေအတွက် ကားပေါ်မှာပဲ အချိန်ဖြုန်းနေရ၍ အလုပ်လုပ်ချင်သည့်တိုင်အောင် အလုပ်လုပ်ချိန်မရှိရင်း ဘာမှ မလုပ်တတ်မကိုင်တတ်တော့တာမျိုးတွေ…ဒီကိုရောက်လာလျှင် ကိုယ့်အားကိုယ်ကိုး… ကိုယ့်စရိတ်ကိုယ်ရှာ… ကိုယ့် ဖာသာကိုယ်ငွေချေး..ကိုယ့်အကြွေးကိုယ်ဆပ်…အဲဒီ ကိုယ့်…ကိုယ့်…ဆိုတာတွေကို စကားစလိုက်လျှင် သားသမီးတွေ မပြောနှင့် မိဘလုပ်သူတွေကပါ အသံတိတ်တိတ်သွားတတ်သည်။ ဒါလေးတောင် တာဝန်မယူချင်ဘူးလား…ဟု သွယ်ဝိုက် လျှက် မျက်ရည်ခံထိုးလားထိုးတတ်သေးသည်။ တကယ်တော့ ဒါလေး..မဟုတ်ဘဲ “ဒါကြီး” ….ပါ ဆိုတာ သူတို့နားလည် အောင် ဘယ်လိုပြောရပါ့။

မြန်မာပြည်ကို ငွေတသိန်းပို့ဖို့ အမေရိကန် ဒေါ်လာ (၁၀၀) ထဲပေးရတာပါ…ဆိုပေမယ့် အဲဒီ ဒေါ်လာတရာရရန် သူက တနာရီကို ခြောက်ဒေါ်လာခွဲသာရသည့် အောက်ဆုံးအဆင့်အလုပ်တွေကို အချိန်ပိုင်းရှာပြီးလုပ်ရသည်။ တခါတရံ ထိုအလုပ်ပင်လျှင် ညနေပိုင်း (၂) နာရီစာပဲ ရတတ်သည်။ အဲသည် နှစ်နာရီမှာ (၁၃) ဒေါ်လာရရန်အတွက် သူ့ရထားခက အောက်ထစ် ငါးဒေါ်လာနီးနီးသုံးရတတ်သည်။ ခရီးသွားချိန်ကပင် အလုပ်ချိန်နှင့်ထပ်တူဖြစ်သည့်အခါ ဖြစ်တတ်သေး သည်။ တပတ်မှာ ခုနစ်ရက်လုံးလုပ်မှ အိမ်ကို ငွေပြန်ပို့နိုင်တာဖြစ်သည်။

သူ၏ ပထမအလုပ်သည် သူ့အတွက်မသုံးမဖြစ်သုံးရသော ခရီးစရိတ်… အခွန်များ… ကျန်းမာရေးစရိတ်… အိမ်စရိတ်တို့ အတွက်သာဖြစ်ပြီး ကားပင်ဝယ်နိုင်ရန် စိတ်ကူးမယဉ်ဝံ့သေး။ ကားဝယ်လျှင်တက်လာမည့် ကားအကြွေးလစဉ်ဆပ်ရန်… အခွန်ဆောင်ရန်..အခွန်မှ ကားရပ်နားခွန်ကိုပါ ထည့်တွက်ပေးရတာဖြစ်သည်။ ဒါတွေကို နှုတ်လိုက်လျှင် တလလုံးလခ ထဲက အနည်းဆုံး သုံးပုံတပုံ ပဲ့ပါသွား တတ်တာတွေ ရှင်းပြနေရလျှင် ဖုံးခတွေက ထပ်တက်နိုင်သမို့ သည်လိုပဲ ပေးနိုင် လျှင်ပေးလိုက် မပေးနိုင်လျှင် အဆက်အသွယ်ဖြတ်ထားလိုက်နှင့်…

“ဟေး…ဒါ မင်းအိမ်နံပါတ်မဟုတ်လား။ မင်းအိပ်ပျော်သွားပြန်ပြီလား”

တက္ကစီဒရိုင်ဗာအသံကြားမှ မျက်လုံဖွင့်လျှက်ငြိမ်သက်နေရာက အသိပြန်ဝင်လာသည်။ အင်း ဒီကားသမားက လမ်းရှည် တွေက မမောင်းတော့ ကားခက အစိတ်တောင်မကျ…သို့သော် အမေရိကန်ယဉ်ကျေးမှုအရ တစ်မဲန်းနီးပေးရသည့် ထုံးစံ အရ သူက အစိတ်ပဲပေးလိုက်ရပါသည်။ သုံးဒေါ်လာဆိုရင် ဗမာငွေ (၃) ထောင်။ ဒါဆိုရင် အငယ်ကောင်လိုချင်တဲ့ ဖိနပ် လေးရမှာပဲဟု… အမကမွေးထားသည့် သူထွက်လာခဲ့စဉ်က သုံးနှစ်သားဖြင့်ကျန်ခဲ့သော တူကလေး၏ ဖုံးထဲကပူဆာမှုကို ပြန်လည်ကြားယောင်ရင်း နှမျောတသ သုံးကြိမ်ရွတ်ဆိုကာ ဒရိုင်ဗာလက်ကို အပ်လိုက်ရလေသည်။

ကျေးဇူးတင်ပါတယ်ဗျာ…ဟုလည်း ကိုယ့်ပိုက်ဆံနှင့်ကိုယ်စီး..အအမ်းပြန်လည်းမရဘဲ ကျေးဇူးပါထပ်တင်ပေး လိုက်ရ သေးသည်။

အိမ်အ၀င်၌ ကိုယ့်သော့နှင့်ကိုယ်ဖွင့်ဝင်ရသည့် အထီးကျန်ဆန်မှုအား မြန်မာပြည်ကသူ့မိသားစုကို တလစာလောက် မျှဝေ ပေးချင်စိတ်က တခါတလေမှာ မလိုတမာ ထွက်ထွက်လာတတ်သေးသည်။ အိမ်ထဲကနေ တယောက်ယောက် တခါးပြေး ဖွင့်ပေးခြင်းကြောင့်ရရှိသည့် နွေးထွေးမှုနှင့်စိတ်အပမ်းပြေမှုဆိုသည်မှာ အများက“လို-တ-ရ နတ်ဘုံ”ထင်နေသည့် သည် အမေရိကန်မှာ ကြားဖူး သိဖူး ခံစားဖူးကြရဲ့လားဟု အိပ်ထဲကသော့ကို နှိုက်ထုတ်ရင်း ခါးသည်းနာကျည်းစွာ တွေးမိသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ အိမ်ထဲကို အသွက်ဆုံးခြေလှမ်းများဖြင့် ၀င်ရပါသည်။ ခြောက်သွေ့သောအိမ်ထဲမ၀င်ချင်လျှင် အပြင်က နှင်းတောထဲမှာ ရေခဲရိုက်ပြီးသားဖြစ်သွားပေလိမ့်မည်။

ခွာညို
မေလ (၈) ရက်။

Friday, February 12, 2010

မင်းနဲ့ပြည်သူ

ဖြူမကြီး...လို့ ကျမတို့ ချစ်စနိုးခေါ်ပါတယ်။ တကယ်တော့ သူက ကျမတို့ မီဒီယာအဖွဲ့ထဲကို ကျမတို့ထက်စောပီး ရောက်ခဲ့တဲ့ ဘိုဆန်ဆန်ပြောရရင် female ထဲမှာ Senior ဆိုပါတော့....

အခုတော့ မရှိရှာတော့ဘူး...လို့ သိရပါတယ်။

အလွန်သန္ဓေကောင်းတဲ့ ခွေးမကြီးပါ။
သူ့ဗိုက်က ဘယ်လောက်ဟောက်ပက် ဟောင်းလောင်းဖြစ်နေပါစေ... လူတွေက ဘယ်လောက်ပဲ ပစ္စလက္ခတ်နဲ့ အသားငါးတွေကို ကိုင်တော့မလိုလုပ်ပီး စဥ့်တုံးပေါ်မှာ တင်ထားပစ်ခဲ့ပါစေ...ဘယ်တော့မှ ယူမစားဘဲ..သွားရည်တောက်တောက်အကျခံပြီး ထိုင်ငေးနေတတ်တဲ့ အလွန်သနားစရာ ချစ်စရာကောင်းတဲ့ ဖြူမကြီးပါ။

ကျမတို့ရဲ့ ဦးလေးက ဆို သူ့ကို ချစ်မှချစ်...။
ညနေများ နည်းနည်း အရှိန်ရလာရင် ဖြူမနားမှာထိုင်ပီး စကားတွေပြောနေလိုက်တာ ချော...လို့။
“ဖြူမ...သမီး...” ဆိုတဲ့အသံက ချိုလွန်းလို့။
ကျမတို့ထဲက အငယ်ဆုံး မိန်းကလေးတယောက်က နားထောင်ရင်း ၀မ်းတောင်နည်းလာသတဲ့။
သူက ပြောသေးတယ်။ “ဦးက ကျနော်တို့များဆို ဆူလိုက်...ငေါက်လိုက်..အော်ထုတ်လိုက်နဲ့၊
ဖြူမတ၀က်လောက် ဦးက အလိုလိုက်ပီး ချိုချိုသာသာပြောရင် လူဖြစ်ရကျိုးနပ်ပါပြီ...” တဲ့။

အော်..တခုရှိသေးတယ်။ လူတွေမှာသာ ငပိရည်နဲ့ မျှစ်တို့နဲ့...လမ်းဘေးက ကန်စွန်းရွက်ပြုတ်တို့ချင်တို့မယ်။ ဖြူမကိုတော့ ဟင်း (ငါးဘတ်) ဖိုးတော့ ၀ယ်ကျွေးတတ်သေးတာကိုး။ သူ့အိပ်ထဲမှာ ပိုက်ဆံရှိတဲ့အခါပေါ့လေ....

အဲဒီလို အကြီးအကဲရဲ့ ဂရုစိုက် အလိုလိုက်ခံရတဲ့ ဖြူမကြီးအကြောင်းကို ကျမထက်အရင် စာဖွဲ့ခဲ့တဲ့သူတွေကလည်း (၂) ပုတ်တောင်ရှိတယ်။

ကျမကတော့ စာထက် ပန်းချီချယ်ချင်ခဲ့တယ်။ သူ့အစာခွက်မှာသာ ဟောင်းလောင်းဖြစ်ပီး သူ့ကိုယ်ခန္ဓာတခုလုံး ၀ဲစွတ်နေပေမယ့် သူ့ကလေးတွေကတော့ ၀တုတ်ပီး ချစ်ဖို့ကောင်းအောင် လုံးပြောင်နေတာမြင်တော့

အော်...မိဘ...ဆိုတာ ဒါပါလား ရယ်ကတဆင့်.....

တုံးကျော် ဘလော့


ဘလော့ရှိနေတုံးက စာတွေတော်တော်ရေးဖြစ်ပါတယ်။ ကောင်းတာရော …မကောင်းတာရော.. အုတ်အရောရော ကျောက်အရောရော…
ဘလော့ပျက်သွားတဲ့အခါကျတော့ စာရေး နှေးသွား နည်းသွားတာအမှန်ပါပဲ။ စာပေါ့ပေါ့တွေ မရေးဖြစ်တာပေါ့…လို့ ရသေ့စိတ်ဖြေ နေလိုက်တာပါပဲ။
အခုတော့… ကိုယ့်ထမင်းကိုယ်စားပီး ဂျီးဒေါ်နွားကို အလကား လာကျောင်းပေးတဲ့ ကလေးတယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ သူက တညလုံးမအိပ်ဘဲနဲ့ ကျမအတွက် ဘလော့ပြန်လုပ်ပေးဖို့ ကြိုးစားနေတယ်ဆိုတာ သိလိုက်တော့ ဇာဂနာပြောသလိုပါပဲ။ အားလည်းနာ...ခင်လည်းခင် တယ်ဆိုတော့….
အင်း….စာရေးမှ ဖြစ်တော့မယ်လို့…ကိုယ့်စိတ်ကိုယ် ကီးသွင်းထားရပါတော့တယ်။ သူက စာရေးစေချင်လို့ လုပ်ပေးနေသလားမှလဲ မသိတာကိုး...
စာရေးဖြစ်အောင် တွန်းအားတခုဖြစ်စေတဲ့ ဘလော့လေးကို အသစ်ပြန်ဆောက်ပေးနေတဲ့ ဘလော့မိတ်ဆွေလေးကို ကျေးဇူးတင်ကြောင်းနဲ့ စပီး ဘလော့ဖွင့်ရမှာပါ။
Template by : kendhin x-template.blogspot.com