Monday, August 23, 2010

ကယ်လ်ဆီယံ (ထုံးဓာတ်) အားဖြည့်ဆေးတွေကြောင့် Heart Attack (ရုတ်တရက် နှလုံးဖောက်ပြန်မှု) အန္တရာယ်တိုးမြင့်နိုင်

ကယ်လ်ဆီယံဆေးပြားတွေ သောက်တာက Heart Attack ဖြစ်စေနိုင်တယ်ဆိုတဲ့ သတင်းကို ရိုက်တားစ် သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာကနေ ဖတ်လိုက်ရ ပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်က အသက် သုံးနှစ်လောက်ပဲ ရှိသေးတဲ့ ကျမ တူကလေးကို သတိရမိပါတယ်။ သူ့ရဲ့ ဟိုဘက်က ဖွားအေက သူ့မြေး ကျန်းမာအောင်လို့ ကယ်လ်ဆီယံဆေးပြားတွေ ကဒ်လိုက်ဝယ်ပေးထားတာကို သတိရမိတာပါ။ ချိုချို ချဉ်ချဉ်နဲ့ အရောင်စုံလေးနဲ့ ပုံစံအစုံနဲ့ဆိုတော့ စားချင်စရာ အနံ့အရသာကိုလည်း ဖန်တီးထားတာကြောင့် အမေက တပြားတိုက်ရင် သားက အဆစ် နှစ်ပြားလောက် ဇွတ်ထပ်တောင်းတတ်တာ။ နားညည်းမခံနိုင်တဲ့ အမေက နားအေးပီးရော…သဘောထားပီး ထပ်ပေးလိုက်တာ….
အဲဒါကြောင့်လားမသိ။ တခါတလေ ကလေးကို စိတ်တိုလို့ မနာမကျင် သူ့ခေါင်းကို ခပ်ဖွဖွခေါက်မိရင် ဒုံ…ကနဲ့ ပြန်ကန်ထွက်လာတယ် ပြောရမလောက် ခေါင်းခွံက မာမှမာ… ကျမလက်ဆစ်သာ နာသွားတယ်။ သူကတော့ဘာမှ မဖြစ်။
အခု ဒီ ကယ်လ်ဆီယံ ဆေးပြားတွေရဲ့ ဆိုးကျိုးကို ဖတ်မိတော့ မြန်မာပြည်မှာ ဆရာဝန်မညွှန်ဘဲ ဆေးတွေကို ထင်သလို သောက်လေ့ရှိတဲ့ ကိုယ့် ဗမာလူမျိုးတွေကို စိုးရိမ်မိပါတယ်။ ဒါကြောင့် ဒီ ဆောင်းပါးလေးကို ဘာသာပြန်ကြည့်ခဲ့ပါတယ်။ ဘာသာပြန်ဆောင်းပါးကို ပထမဆုံး ဘလော့မှာ တင်လိုက်တာပါပဲ။

ဂျူလိုင် (၃၀)၊ ရိုက်တားသတင်း

အရိုးပွရောဂါကို တားဆီးကာကွယ်ဖို့ လူအတော်များများ သောက်သုံးနေတဲ့ ကယ်လ်ဆီယံဆေးပြားတွေဟာ နှလုံးမှာ ရုတ်တရက် ဝေဒနာပြင်းပြင်းထန်ထန်ခံရတဲ့ အန္တရာယ်ကို ၃၀ ရာခိုင်နှုန်းအထိ တိုးပြီး ဖြစ်ပွားစေနိုင်တယ်လို့ (ဂျူလိုင်လ ကုန်ပိုင်း) သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ ဆေးသုတေသီတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ အားပြင်း လှတဲ့ ကယ်လ်ဆီယံဆေးပြားပေါက်စနလေးတွေက လေဖြတ်ခြင်းနဲ့ သေဆုံးခြင်းတွေ မြင့်တက်လာတာနဲ့လည်း တနည်းတဖုံ ပတ်သက်ဆက်နွယ်နေပေမဲ့ ကိန်းဂဏန်းအရ သိသာထင်ရှားမှုတော့ မရှိပါဘူး။

ကယ်လဆီယံ အားဖြည့်ဆေးပြားတွေကို သုံးစွဲနေကြသူတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်သုံးကြဖို့၊ ဆေးပြားတွေ အစား ကယ်လ်ဆီယံဓာတ် အပြည့်အ၀ပါတဲ့ အစားအစာတွေကို စားသုံးကြဖို့နဲ့ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာ၊ ဆေးလိပ် မသောက်ဘဲနေတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားတာတွေနဲ့သာ အရိုးပွရောဂါကို ကာကွယ် ကြဖို့ သုတေသီတွေက အကြံပြုထားပါတယ်။

“လူတွေက ကယ်လ်ဆီယံအားဖြည့် ဆေးတွေကို သဘာဝအတိုင်းပဲလို့ ထင်နေကြတာပါ။ ဒါပေမဲ့ အဲဒီ ဆေးပြားတွေဟာ သဘာဝအတိုင်း လုံးဝ မဟုတ်ပါဘူး” လို့-
နယူးဇီလန်နိုင်ငံ၊ အောက္ကလဲန်း ဆေးတက္ကသိုလ်က ပါမောက္ခ အီရန် ရိဒ်က တယ်လီဖုန်း အင်တာဗျူးတခုမှာ ပြောပါတယ်။
ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့မှာရှိကြတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေဟာ အသက်အရွယ်ကြီးရင့်သူ တသောင်း နှစ်ထောင် နီးပါးကို လေးနှစ်ကျော်ကြာ စမ်းသပ်စစ်ဆေးမှုပေါင်း ၁၁ ခုနဲ့ သုတေသနလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ စမ်းသပ်ခံရသူတွေထဲက တ၀က်ကို ကယ်လ်ဆီယံဆေးပြားတွေပေးပါတယ်။ နောက်တ၀က်ကိုတော့ ကယ်လ်ဆီယံ အာနိသင်မရှိတဲ့ အစားထိုး ဆေးပြားတွေကို ပေးထားပါတယ်။ ထွက်လာတဲ့ အဖြေကို ဗြိတိသျှ ဆေးသပ္ပံဆိုင်ရာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

“ဒီမှာ ဘာကို တွေ့လာရသလဲဆိုတော့ ကယ်လ်ဆီယံဆေးပြားအစစ်တွေကို သောက်တဲ့သူတွေထဲမှာ Heart Attack ဖြစ်နှုန်းက ၃၀ ရာခိုင်နှုန်း တိုးလာတာကို တွေ့ရပါတယ်”

“တကယ်လို့ လူ ၁ ထောင်ဟာ ကယ်လ်ဆီယံဆေးပြားတွေကို ငါးနှစ်စွဲပြီး သောက်နေမယ်ဆိုရင် အဲဒီ ထဲက ၁၄ ယောက် ကျော်ဟာ Heart Attack ဒဏ်ကို ခံစားကြရမှာဖြစ်ပြီး ၁၀ ယောက်ကျော်ဟာ လေသင်တုန်းဖြတ်တာခံရမှာပါ။ ၁၃ ယောက်ကျော်ကတော့ အသက်ဆုံးတဲ့အထိ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းတွက်ချက်ထားပါတယ်။”

လူ ၃၇ ယောက်ကျော်ကို မကောင်းတဲ့ရလဒ်တွေရစေပြီးတော့ ၂၆ ယောက်လောက်ကိုတော့ ကာကွယ်နိုင်လိမ့်မယ်လို့ မျှော် လင့်ပါတယ်။ ဆိုလိုတာက ဒီ ကယ်လဆီယံဆေးပြားတွေဟာ အဆိုးတွေကို ကာကွယ်ပေးနိုင်တာထက် ဆိုးတဲ့အရာတွေကို ဖြစ်စေတာက ပိုများနေတာပါ။"

ကယ်လဆီယံဆေးပြားတွေက လူ့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ထိခိုက်ပျက်စီးစေနိုင်သလဲ ဆိုတာ ဆေးပညာ ကျွမ်းကျင်သူ ပညာရှင်တွေအနေနဲ့ တပ်အပ် မပြောပြနိုင်သေးပေမဲ့ ပြီးခဲ့တဲ့ လေ့လာစမ်းစစ်မှုတွေအရတော့ သွေးထဲမှာ ကယ်လ်ဆီယံ မြင့်မားလာမှုကြောင့် Heart Attack ဖြစ်ပွားမှုနှုန်း တိုးလာတာနဲ့ သွေးကြောတွေ ပျက်စီးမှုဖြစ်စေတာတွေ ဆက်စပ်မှုရှိနေတာကို တွေ့ရတယ်လို့ မစ္စတာ ရိဒ်က ပြောပါတယ်။

ကယ်လ်ဆီယံဆေးပြားတွေကို သောက်ပြီး ၄ နာရီကနေ ၆ နာရီအတွင်း သွေးထဲမှာ ကယ်လ်ဆီယံဓာတ်တွေ မြင့်တက်လာပြီး သွေးကြောထဲမှာ ရှိသင့်တဲ့ သတ်မှတ်ချက်ရဲ့ အမြင့်ဆုံး ပမာဏအထိ တက်သွားလိမ့်မယ် လို့ သူက ဆက်ပြောပါတယ်။

တကယ်လို့ ခင်ဗျားက ကယ်လ်ဆီယံဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကိုပဲ စားမယ်ဆိုရင်တော့ အန္တရာယ်မရှိနိုင်ပါဘူး။ ဘာလို့လဲဆိုရင် အစားအသောက်မှာ ပါဝင်တဲ့ ကယ်လ်ဆီယံဓာတ် စိမ့်ဝင် ပျံ့နှံ့မှုဟာ အလွန်နှေးကွေးပြီး သွေးထဲမှာ ကယ်လ် ဆီယံဓာတ် ပျော်ဝင်မှုနှုန်းကလည်း အပြောင်းအလဲ မရှိသလောက်မို့ပါ။

သွေးထဲမှာ ကယ်လ်ဆီယံဓာတ် မြင့်မားလာတာက သွေးကြောတွေထဲမှာ (ထုံး) ချိုးကပ်မှုကိုဖြစ်စေပြီး အဲဒီလို သွေးကြော တွေထဲ ထုံးချိုးကပ်တဲ့အတွက် Heart Attack ၊ လေသင်တုန်းနဲ့ နှလုံးနဲ့ဆိုင်တဲ့ တခြား ရောဂါတွေကို ဖြစ်စေနိုင်တယ်လို့ မစ္စတာ ရိဒ်က ရှင်းပြပါတယ်။

“လူတွေက အမြဲတမ်း သွေးကြောထဲ အဆီပိတ်မှာကိုပဲ သတိထားနေကြတယ်။ ဒါပေမဲ့ သွေးထဲမှာ ကယ်လ်ဆီယံ(ထုံး) ဓာတ်တွေ တိုးလာနေတာကိုလည်း သွေးကြောအဆီပိတ်တာကို သတိထားသလို သတိထားကြဖို့ လိုပါတယ်” လို့ သူက ထပ်လောင်း ရှင်းပြခဲ့ပါတယ်။

Sunday, August 1, 2010

ပျော်ခဲ့ရတဲ့ ည...၀မ်းနည်းမိတဲ့ည



တကယ်တော့ သွားဖို့ မသွားဖို့တောင် အတော်ကြီး ချီတုံ ချတုံ ဖြစ်ခဲ့ရတာပါ။
ပါတီနံမည်ကိုက ဟာဝါပါတီတဲ့။ လွန်ခဲ့တဲ့အပတ်ကတည်းက ကိုသားက တက်ကြွနေတာ။
“ကိုနိုင်နဲ့ မခွာညို။ ကျနော့်အိမ်မှာလိုက်အိပ်။ အ၀တ်တွေ အပိုထည့်ယူလာခဲ့။ ကျနော့်အိမ်ကနေ ရုံးတက်”
 ဆိုပြီး အိမ်ဝေးပြီး ကားမရှိကြတဲ့ ကျမတို့နှစ်ယောက်ကို သူက ပါတီအပြန်အတွက် တခါတည်း စီစဉ်ပေးနေခဲ့တာ။ ဘယ်သူကမှန်းမသိ “ဟာဝါပါတီ HAWA Party ဆိုတာ ဘာလဲ သိလား” လို့ ကျမကိုမေးတော့ ဘေးကနေ ဌာနမှူးက မိန့်မိန့်ကြီး ပြုံးပြီး ကျမကို ကြည့်နေတယ်။ ကျမကတော့ အရာရာမှာ နောက်ကျရင်ကျ မကျရင် လွဲချော်သူ ပီပီ…ထုံးစံမပျက် ဟိုး…တောဘက်တွေမှာ အာဝါဒေး…ဆိုပြီး လောင်းကစားတွေ တရားဝင်လုပ်ကြတဲ့နေ့လိုမျိုးလား…ဟု မေးတော့ ထုံးစံအတိုင်းကျမ အရယ်ခံရတာပါပဲ။
“Home Alone, Wife Away Party” လို့ ဌာနမှူးက ကျမကို ရှင်းပြတယ်။ ဇနီးချော ဂျပန်ပြည် ပြန်ချိန်… အထီးကျန်နေရတဲ့ရက်တွေမှာ မိတ်ဆွေတွေနဲ့ အိမ်ကို စိုပြေအောင်လုပ်တဲ့ပွဲကလေးပါ…တဲ့။
ကက်သီးကက်သတ်။ ဒါပေမဲ့ ကျမထင်တဲ့ အာဝါဒေးနဲ့ ခပ်ဆင်ဆင်ပါပဲ။ (ဌာနမှူးက မ.ယ.က လို့ သူကိုယ်တိုင် ၀န်ခံထားတာ။) မိတ်ဆွေတွေနဲ့ အိမ်ကို ဆူညံပွက်လောရိုက်ပြီး ငါ..အိမ်ထောင်ဦးစီးကွ၊ ငါ လုပ်ချင်တဲ့ပွဲ လုပ်လို့ ရသကွ…ဆိုပြီး ထင်တိုင်းကျဲပြတာ (မိန်းမ မရှိတုန်း)
ဒါက တချက်။ နောက်တချက်က မိန်းမပြန်လာခါနီး။ တလလောက် တယောက်တည်း ပွချင်သလောက်ပွနေတဲ့ အိမ်ကို ပါတီရှိတော့ ပြောင်စင်အောင် ရှင်းလင်းသုတ်သင်ဖြစ်အောင်လည်း လုပ်တာဖြစ်မယ်ထင်ပါရဲ့။ တချက်ခုတ်ရင် လေးငါးနေရာ ပြတ်အောင် တင်ခုတ်တတ်တာကို တွေးရင်း ပါတီ နံမည်ကြားရရုံနဲ့တင် စိတ်ပေါ့ပါး ပျော်ရွှင်ရတာပါ။
သောကြာနေ့ညနေက ဌာနမှူး မပြန်ခင်   ပါတီရှိတယ်နော်လို့ သတိပေးတုန်း အန်တီလုံးကတော့ မလာဘူး…လို့ တခါတည်း ငြင်းလို့ အပြန်လက်မှတ်ထိုးကာနီး အန်တီလုံးကို မျက်စောင်းအကြီးကြီးနဲ့ ပစ်ပြီး ထွက်သွားတာ တွေ့လိုက်တယ်။
“ငါ့ကို အိုဗာတိုင် ဆင်းခိုင်းထားတာကိုး၊ မလာဘူး” လို့ အန်တီလုံးကလည်း ဌာနမှူးရဲ့ မျက်စောင်းကို ထပ်ပြီး အာခံပါတယ်။
ကျမလည်း အန်တီလုံးလို မလာဘူး…လို့ ပြောချင်လိုက်တာ။ ဒါပေမဲ့ ကျမကရဲ့ အချိန်စာရင်းက အိုဗာတိုင် ပေးထားတယ်လို့ ပြောလို့ ရတာမဟုတ်တဲ့ ပုံမှန် အပတ်စဉ် အလုပ်ဆင်းရက်တွေ။ အထူးသဖြင့် ပါတီလုပ်မယ့် စနေက ကျမ ပိတ်ရက်။ တနင်္ဂနွေကျတော့လည်း နေ့ခင်းဘက်မှာဆင်းရမှာဆိုတော့ ကျမက ချောင်ချောင်ကြီးလွတ်နေရက်နဲ့ မလာဘူး…လို့ ကျမ မပြောရဲ။
ကျမက အိမ်က ထွက်ဖို့ အလွန်ပျင်းရတဲ့အထဲ ဆူဆူညံညံအသံတွေ…ရုတ်ရုတ်သဲသဲ တွေကြားမှာ ကြာကြာမနေနိုင်။ အခုမှ အများကြီးတော်သွားသေးတာ။ ငယ်ငယ်က ဒီထက်ပိုဆိုးသေးရဲ့။
အခုတလော ခေါင်းထဲက နာနေတာကိုလည်း စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အတွက် ပွဲတွေကို ရှောင်ပြီး ငြိမ်ငြိမ်လေးပဲ နေချင်တယ်။ ကျမကို အမြဲ ကျန်းမာရေးနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးလေ့ရှိတဲ့ ဦးဆိုင်းကလည်း “မခွာညို၊ အဲလို ဖြစ်ဖြစ်နေတာ ကျနော် မကြိုက်ဘူး။ အဲဒီ condition ကို ကျနော် သဘောမကျဘူးဗျာ။ ဂရုစိုက်ပါ” လို့ သတိပေးထားတော့ အလုပ်လုပ်ရမယ့်အချိန်၊ လုပ်ရမယ့်အလုပ်။ လုံလောက်တဲ့ အနားယူချိန်ဆိုတာတွေကို ကျမက အမြဲ တွက်ဆနေရတာ။
သူများတွေ…အထူးသဖြင့် ဒေါ်မေငြိမ်းများဆို မနက်စော သုံးနာရီလောက်ကတည်းက ထပြီး အလုပ်ဆင်း၊ အပြန်ကျ ပါတီ တခုခုရှိရင် အလုပ်ကနေ ချက်ခြင်း အဲဒီနေရာကိုရောက်။ အဲဒီ ပါတီရှိရာကို  ညနေမှရောက် ၂ နာရီကျော်လောက်နေပြီး ကျမ ပြန်တဲ့တိုင်အောင် သူက မပြန်သေး။ ဒါတောင် မနက်စော အဲလိုပဲ သုံးနာရီလောက်ဆို ပြန်ထရအုံးမှာ…
သူ့လိုကျန်းမာရေးမျိုးကို အားကျရုံကလွဲပြီး ကျမ မတတ်နိုင်။ (တခါတလေ မနာလိုဖြစ်မိတယ်လို့ ဒီနေ့ အပြန်လမ်းမှာတောင် ကျမ သူ့ကို ၀န်ခံလိုက်မိပါသေးတယ်။)
အခုတလော သိပ်ပြီး အဆင်မပြေလှတဲ့ အခြေအနေကြောင့်   ကျမ နေ့ခင်းအထိ သွားသင့် မသွားသင့် ချီတုံ ချတုံ။ မနေ့က မမမာ ဖုံးဆက်တော့တောင် ကျမ မသွားဖြစ်ဘူး. ခေါင်းနာနေတယ် လို့ ပြောထားမိသေးတာ။

ဒါပေမဲ့ သူများတွေ သွားနိုင် စားနိုင် လုပ်နိုင်သလို ငါလည်း လုပ်နိုင်တယ်…လို့ ကျမ ကိုယ့်ကိုကိုယ် မဲတင်း ထားချင်တယ်။ အလုပ်တူတူလုပ်ကြတယ်ဆိုပေမယ့် နေ့ဆိုင်း ညဆိုင်းကွဲနေတော့ ပါတီရှိမှ လူစုံတွေ့ရတာ ဆိုတော့ မတွေ့တာကြာလှနေတဲ့ မနက်ပိုင်းကတာဝန်ကျနေတဲ့သူတွေနဲ့လည်း တွေ့ချင်တာအမှန်။

ဒီလိုနဲ့ပဲ ကြက်သား ဗန်းလေး တဗန်းထကြော်ဖြစ်တော့ ညနေ သုံးနာရီလောက်ရှိနေပြီ။

ဌာနမှူးအိမ်ကိုရောက်တော့ ညနေ ၆ နာရီလောက်ရှိနေပြီ။ ယုနဲ့ ဦးရော်နီကတော့ အစောဆုံး။ ဦးကျော်ဇံသာနဲ့ မသင်းတို့ မိသားစုလည်း ရောက်နှင့်နေပြီ။ နန္ဒာတို့မိသားစု။

ဘောင်းဘီတို ရှပ်လက်တိုနဲ့ အသားကင်ဖို နှစ်ခုအလယ်မှာ အလုပ်ရှုပ်နေတဲ့ ကျမတို့ ဌာနမှူးက တနှစ်တခါ သူကိုယ်တိုင် အသားကင်ပြီး တဌာနလုံးကို Serve လုပ်လာတာ ၆ နှစ်မြောက်ဆိုပဲ။ ကျမကတော့ ဒါ ပထမဆုံး အကြိမ်ပါ။
စားပွဲပေါ်မှာ ဌာနမှူး လုပ်ထားတဲ့ အမဲသား၊ ၀က်သားကင်တွေနဲ့ ဟင်းရွက်သုတ်ဗန်းတွေရှိနေပါပြီ။ နောက် အန်ကယ်လ်ကျော်ဇံသာ့ အမျိုးသမီးလက်ရာ မုန့်ဟင်းခါး။ ကိုရာကျော်ကတော့ ၀ရန်တာမှာထွက်ပြီး ၀က်သားတုတ်ထိုးကို စိတ်ရှည်လက်ရှည် လှီးနေပြီ။ ဒေါ်မေငြိမ်းက ထုံးစံအတိုင်း ပွားနေပြီ။

ပန့်ခ်ျ ဆိုလား။ ဘာလဲမသိ။ သူကိုယ်တိုင် ရောစပ်ထားတဲ့ အရည်တွေကို အရက်မဟုတ်ဘူး ဆိုပြီး တယောက်တခွက် အတင်း လိုက်ငှဲ့တိုက်ပါတယ်။

မကြာခင် အပေါ်က ကာရာအိုကေ၀ိုင်း စတော့ “ခွာညို…ဟို မှာ ခေတ်ဟောင်းသီချင်းတွေ ဆိုနေပြီ။ သွားဆိုလေ” ဆိုလို့ ကျမ ရယ်မိသေးတယ်။ သက်စုက ကြည့်စမ်း အမကို အထင်သေးလိုက်တာ…တဲ့။

မိုးကြိုးမှာတုန်းကဆို ကျမတို့ ဦးလေးက သီချင်းမဆိုမနေရ...ဆိုပြီး ဇွတ်ဆိုခိုင်းလို့ ဦးက ဒီမိုကရေစီအတွက်လုပ်နေပြီး ဘာလို့ ဒီမိုကရေစီမရှိနေတာလဲ။ ညို..ဆိုချင်မှ ဆိုမှာပေါ့..ဆိုရင်း အဖွဲ့ရဲ့ပျော်ပွဲကနေ နိုင်ငံရေးတွေနဲ့ ထည့်ပြီး ငြင်းခဲ့ကြတာ ပြန်ပြီး သတိရမိတယ်။
လူစုံသလောက်ရှိတော့ သူကိုယ်တိုင် နှစ်ပေါက် စပ်ထားတယ်ဆိုတဲ့ နောက်တမျိုးကို ခွက်ပေါက်စလေးတွေနဲ့ လိုက်တိုက် ပြန်ပါတယ်။ ထုံးစံအတိုင်း …သောက်။ လက်မတဆစ်လောက်ပဲ ရှိတဲ့ခွက်ကလေးတွေနဲ့ ဘောင်းဘီတို အကျီ င်္ရင်ဘတ် ဟကွဲနဲ့ လူက ခပ်ပိန်ပိန်နဲ့ တအိမ်လုံးအနှံ့ ပြန့်ကျဲနေတဲ့လူတွေဆီကို လျှောက်တိုက်နေပုံက ဗမာပြည်က အမိန့်ရ အရက်ဖြူ ဆိုင်က အရက်ရောင်းတဲ့ တရုတ် စားပွဲထိုးနဲ့တောင် တူနေမလားမသိ...

အရက်လား…မူးမှာလား..လို့မေးမိတယ်။ ဘာအရသာလည်းသိချင်လို့ စမ်းကြည့်ချင်ပေမဲ့ ကျမအစာအိမ်က ဆေးပြင်းပြင်းတောင် လက်သင့်ခံတာမဟုတ်။ မမူးပါဘူး။ မူးလည်း ထမိန်ကျွတ်ကျရုံထက် ဘာမှ ပိုမဖြစ်ဘူး…ဆိုပြီး ထမိန် ၀တ်လာတဲ့ ကျမကို မျက်စိနောက်နေခဲ့သလို ပြောပါတယ်။ ဒီခရီး ဒီထီးနဲ့ တော်ပါ့မလားလို့ မရွေးတတ်တာ ကျမရဲ့ ညံ့ဖျင်းမှုတွေထဲက တခု ဖြစ်နိုင်ပါတယ်။ အမေရိကားမှာ ပါတီိကို ထမိန်ဝတ်ပြီးလာတာက ကျမတယောက်တည်းကိုး။ ကျမ ၀တ်ချင်ရင် ၀တ်လိုက်တာပါပဲ။ ဘယ်တော့မှ အခန်းအနားတွေ...နေရာတွေကို သိပ်ထည့်တွက်လေ့ရှိခဲ့တာမဟုတ်။


ကလေးတွေကလည်းအောက်ထပ်မှာ တရုန်းရုန်း … သူ့အုပ်စုနဲ့သူ ပျော်လို့။ တွဲစရာ အဖော်မရှိတဲ့ ကလေးနှစ်ယောက်ကတော့ နန္ဒာနဲ့ ကိုအာလူးရဲ့သားကြီးသြရဿကလေးနဲ့ မသင်းရဲ့ သားကြီး ဒေးဗစ်တို့ပါ။

နှစ်နှစ်ဆိုတဲ့ အရွယ်လေးက သူ့ထက် လေးငါးနှစ်ကြီး တဲ့ ကလေးကြီးတွေနောက် ပြေးလိုက်ရင်း မောနေရှာတယ်။ သူ ၀ိုင်းထဲဝင်လာရင် အကြီးတွေက အော်ထုတ် တော့ ယဉ်ယဉ်ကျေးကျေး..ဘိုင်…လို့ လက်ပြပြီး အသာတကြည်ထွက်သွားပေးတာကိုကြည့်ရင်း နန္ဒာက သူ့သားကြီးအတွက် စိတ်မကောင်းဖြစ်နေတယ်။

အပေါ်ထပ်မှာတော့ မသင်းရဲ့သား ဒေးဗစ်။ အောက်မှာဆော့နေကြတဲ့ ၅ နှစ်ကနေ ဆယ်နှစ်အတွင်း ကလေး အုပ်ထဲလည်း အရပ်ကြီး ကလန်ကလားနဲ့ ၀င်မပါနိုင်။ လူကြီးဝိုင်းမှာ ၀င်နွဲရအောင်ကလည်း အသက်က မပြည့်  သေး။ ဒီတော့ သူ့ခမျာ အစားအစာတွေကိုသာ အားအားရှိ ထစားလိုက်။ သူ့အသက်နဲ့ရွယ်တူ ဌာနမှူးရဲ့ ခွေးကို ပွတ်သပ်လိုက်…
ို
မမေငြိမ်းက သူ့ဝက်သားတုတ်ထိုးကို ညွှန်းတော့ ကိုနိုင်က ထုံးစံအတိုင်း ကိုရာကျော့်လက်ရာဆိုပြီး ၀င် ၀င် စလို့ မမေငြိမ်းက မျက်စောင်းတထိုးထိုး။ ဟေ့..အဲဒါ ငါ့ကြက်သားကြော်...လို့ ကျမက ကိုနိုင့်လက်ထဲက ကြက်ကြော်ကို မဏ္ဍပ်တိုင် တက် တော့ ဒေါ်မေငြိမ်းက တနေ့က ရုံးမှာ အန်တီလုံးက ကျမကို ပြောနေတဲ့စကား လူကြားထဲမှာ ပြန်ပီး ဖောက်သည်ချတယ်။

ကိုအောင်နိုင်က အန်တီလုံးကတဆင့် ခွာညို့ကို ပြောခိုင်းနေတယ်လေ။ လခလည်းမရသေးဘဲ ဘာဖြစ်လို့ ခွာညိုက ဟင်းတွေချက်ချက်ယူလာနေတာလဲ။ ယူမလာစေနဲ့လို့ ပြောလိုက်ပါတဲ့...အခုလည်း ကြက်ကြော်တွေလုပ်လာတယ်..တဲ့။

မသက်စုက အမ ပိုက်ဆံလိုရင် ပြောနော်...လို့ ချက်ခြင်း ဘဏ်တိုက်အသစ်ဖွင့်ပေးပါတယ်။ အစကတည်းကလည်း ကိုနိုင်၊ ဒေါ်မေငြိမ်းနဲ့ မမမာတို့ကလည်း ၁၀ ရက်ကျော်ပြီး လစာကိစ္စ အဆင်မပြေဖြစ်နေတာတွေ သိကတည်းက တွေ့တိုင်း လိုရင် ပြောလို့ အမြဲ ပြောနေကြတာပါ။

ကိုသားကတော့ လူနောက်ပီပီ ဟိုး..တခါ လုပ်တဲ့ ပါတီမှာ ကိုကြီးသိန်း ဘောင်းဘီဆွဲချွတ်တဲ့ အကြောင်း… ကိုကြီးသိန်းရဲ့ မိန်းမ အရင်းခေါက်ခေါက် မစပယ်က လက်ခုတ်လက်ဝါးတီးပြီး ရယ်မောရင်း ကိုသားပြောတဲ့ မပြည့်စုံတဲ့ အကြောင်း အရာတွေကို ရှင်းလင်း ဖြည့်စွက်လို့ ကိုကြီးသိန်း အပြင်ကိုထွက်ပြေးသွားပါတယ်။

မဦးကတော့ ကိုသားရဲ့ အစအနောက်သန်မှုကို စိတ်တိုပြီး…“သူများကို ကိုသား အဲလိုဂျောက်တွန်းတယ် ပေါ့လေ။ ဒီတခါ ကိုသားအလှည့်…ကိုသားကို ပြန်ဆွဲချွတ်မယ်”…လို့ ကြိမ်းဝါးပါတယ်။ ကိုသားက ယောင်ယမ်းပြီး သူ့ဘောင်းဘီခါးပတ်ကို တင်းနေအောင် ဆုတ်ထားတာကြည့်ပြီး ကျမတို့ ရယ်လိုက်ရတာ အမောသား။

ဒေးဗစ်က သူ့အမေဘေးမှာ ထိုင်နေရင်း ဒေါ်မေငြိမ်းဗိုက်ကိုကြည့်ပြီး အမေလုပ်သူကို တိုးတိုးလေး ကပ်မေးပါတယ်။
အမေ အန်တီမေငြိမ်းက ဗိုက်ကြီးနေတာလား...တဲ့။ သူ့ဗိုက်သူ လက်နဲ့ပွတ်နေမိတဲ့ ဒေါ်မေငြိမ်း ဒေးဗစ်ကို နာကျည်းသွားတာကြည့်ပြီး ကျမတို့ ရယ်မိကြပြန်ရော။ ဘယ်သူကမှန်း မသိ။ ဟုတ်တယ်။ လေးလရှိပြီလို့ နောက်တော့ ဒေးဗစ်က အသံမထွက်ဘဲ ခေါင်းငုံ့ရယ်နေတယ်။ ဒေါ်မေငြိမ်းက - သားအမေနဲ့အတူတူပဲ..လို့ အဖော်ညှိလိုက်ပါသေးတယ်။

မနက်စော အလုပ်ဆင်းရမဲ့ မသင်းက အန်ကယ်လ်ကျော်ဇံသာတို့ မိသားစုနဲ့အတူ အစောဆုံး ပြန်သွားပါတယ်။

မသင်းတို့ ပြန်သွားပြီးမှာ အာရ်အက်ဖ်အေဘက်က တဖွဲဖွဲ..ကိုနိုင်တယောက်က ရထားနဲ့လာတယ်ဆိုလို့  ကိုကြီးသိန်းက သွားခေါ်…

ကျမကတော့ ထိုင်နေရင်း ကိုယ့်ကိုကိုယ် အားမရ။ ဓာတ်ပုံရိုက်ချင်လို့ ကင်မရာယူလာပြီး လိုက်ရိုက်ရမှာကို ရွံ့နေခဲ့တယ်။ တကယ်ဆို ကျမ ဌာနမှူး အသားကင်နေတာကို ရှေ့တည့်တည့်ကနေ သွားရိုက်သင့်တာပေါ့။ နောက်ပြီး အရက်စပ်နေတာကို ရိုက်ထားရမှာပေါ့။ ပြင်ဆင်ထားတဲ့ စားပွဲပေါ်က အစားတွေကိုလည်း ရိုက်ထားသင့်တာပေါ့။ ကလေးလေးတွေ ဆော့နေကြတာ ဘယ်လောက်ပျော်စရာကောင်းလဲ။ ရိုက်ထားသင့်တာပေါ့။

စိတ်ထဲမှာ ရိုက်ချင်နေတာတွေ ရှိရှိကြီးနဲ့ ကျမ ထိုင်ခုံမှာ ကျောက်ချပြီး ထိုင်နေမိတယ်။ ငြိမ်နေတဲ့ကျမကို မခွာညိုက… ထမိန်ကျွတ်ကျမှာ စိုးလို့ ထိုင်ရာကကို မထတော့ဘူး..ဆိုပြီး အော်အော်ရယ်ကြတာကို ခံနေရတယ်။

ကျမ တကယ် အဲလိုဖြစ်မှာ စိုးရိမ်နေတယ်လို့ ကိုအောင်နိုင်က ထင်သွားပုံရတယ်။ “ကျနော့  ခါးပတ်ရှိတယ်။ ပတ်ထားမလား”….လို့ အတည်ပေါက်မေးရလောက်အောင် လှမ်းမေးတယ်။ ကျမ မူးမှမမူးတာ။ ဒါပေမဲ့ မမူးဘူး...ဆို ဇွတ်တိုက်နေမှာစိုးလို့ ရယ်ကျဲကျဲနဲ့ ချော်လဲ ရောထိုင်ပေါ့။ ကျမ မူးတာ ကိုယ့်ကိုယ်ပိုင် အမူး။ အရက်မူးမဟုတ်ဘူးလို့ မိန်းမတွေချည့် ကျန်တော့မှ တိုးတိုးပြောတော့ မသီရိက ကောင်းတာပေါ့။ ကိုသိန်းထိုက်ဦးတို့များ မူးချင်လို့ ညနေတိုင်း ၀ယ်သောက်နေရတာ...လို့ သူ့ရဲ့ ချစ်လှစွာသော...ကို မေးငေါ့ပြီး ပြောပါတယ်။

ကိုမိုးသီးက ဓာတ်ပုံရိုက်မယ် ပြောနေလို့ ဓာတ်ပုံရိုက်ပေးဖြစ်သေးတယ်။ ခနကြာတော့ တနေကုန် ပင်ပန်းထားတဲ့ ကိုအောင်နိုင်က အာလူးကြော်စားရင်း ကျမတို့ထိုင်နေတဲ့ ဆက်တီမှာ ခနလာထိုင်ပါတယ်။ ရုံးမှာဆို အစာ နည်းနည်းပဲ စားတာ တွေ့ရပေမဲ့ ဒီနေ့ညတော့ ကိုအောင်နိုင်စားနေတာ တချက်မှ မရပ်။ သူ့ကိုယ်သူလည်း သိတယ်။ ကျနော် တော်တော်များနေပြီ။ စားနေတာ။ ရပ်ကို မရပ်တော့ဘူး...လို့လည်း ကင်ဂျီတွေ တူနဲ့ကောက်စားတုန်းက ပြန်ချမလို လုပ်ရင်းပြောတော့ ကိုဇော်မိုးကျော်က မြှောက်ပေးသေးတယ်။ စား သာ စား။ ဘာမှ မဖြစ်ဘူးတဲ့။

ကိုမိုးသီး ကျမတို့ဝိုင်းနား လာတော့ တိုက်တိုက်ဆိုင်ဆိုင် ထိပ်ဆုံးက တယောက်ထိုင်ဆက်တီက လွတ်နေတော့

“ထိုင်ပါခင်ဗျ။ ဒါက ဥက္ကဋ္ဌထိုင်ဖို့ သပ်သပ်ဖယ်ထားတာပါ ”ဆိုပြီး ကိုအောင်နိုင်က ရိုသေကျိုးနွံတဲ့ ဟန်ပန်နဲ့ ကိုမိုးသီးကို နေရာပေးပါတယ်။ ကိုမိုးသီးကလည်း အိမ်ရှင်ပေးတဲ့ ထိပ်နေရာမှာ ခပ်မိန့်မိန့်ကြီး ၀င်ထိုင်ရင်း

“ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေးကို အဟုတ်ထင်နေတယ်” လို့ ပြောချလိုက်ပါတယ်။ ကိုအောင်နိုင်က ပြုံးတုံ့တုံ့နဲ့ ဘာမှ ပြန်မပြောဘဲ အာလူးကြော် ကောက်ဝါးနေပါတယ်။ ကိုမိုးသီးပြောတဲ့စကားတွေကို ကျမ နားတည့်ခဲလှပေမဲ့ ဒီတခါ စကားကိုတော့ သဘောကျတာအမှန်။

ဂျပန်သူ ဇနီးသည်မရှိတုန်း သူငယ်ချင်း အပေါင်းအသင်းတွေ တရုန်းရုန်းကို လိုက်ပြီး လိုသမျှ ကိုယ်တိုင် အောက်ခြေသိမ်း လိုက်လုပ်ပေးနေတဲ့ ကျမတို့ ဌာနမှူးကို ဂျပန်ဆီက ရတဲ့ ရွှေရည်စိမ်လွတ်လပ်ရေး….တဲ့။

ကျမက ကိုးနာရီလောက်ကတည်းက ပြန်ဖို့ သင့်နေပြီလို့ ထင်မိတယ်။ ဒါပေမဲ့ မနက်စော အလုပ်ဆင်းရမယ့် ဒေါ်မေငြိမ်းတယောက်က ဇွဲကောင်းကောင်းနဲ့ တင်းခံနေလို့ တကယ်တန်းက ၁၀ နာရီကျော်မှ ပြန်ဖို့ စဖြစ်ပါတယ်။
ဒေါ်မေငြိမ်း နှုတ်ဆက်နေတုန်းက အေးဆေးနေကြတဲ့ ဗွီအိုအေ မိသားစုဝင်တွေက ဘယ်လိုဖြစ်ပြီး ကျမ လက်တချက်မြှောက်ပြီး ပြန်တော့မယ် အော်လိုက်တာနဲ့ ၀ုန်းကနဲ ပြိုဆင်းလာကြသလဲမသိ။
မပြန်ရဘူးတဲ့။
ရှေ့မှာ ဌာနမှူး၊ နောက် ကိုသိန်းထိုက်ဦးလည်း အစပိုင်းမှာ ရှိတယ်မှတ်ပါ့။ နောက် ကိုကျော်ကျော်သိန်းနဲ့ ကိုသက်မှူး။ ဘေးမှာတော့ အစားစားပွဲမှာ ထိုင်နေကြတဲ့ မဦးတို့ မသက်စုတို့ စုံတွဲတွေ မအင်ကြင်းတို့ မစပယ်တို့ မသီရိတို့ကလည်း သူတို့ ယောက်ကျားတွေ ကျမကို ရစ်နေတာကြည့်ပြီး ရယ်လို့ မောလို့ …

နောက်ပေါက်က လှည့်ပြေးမယ်လုပ်တော့ ကိုရွှေနိုင်က ပိတ်ရပ်လို့။ ကိုသားလည်း နောက်မှာရှိနေတယ်ထင်မိတယ်။
ကိုနိုင်က လူစုခွဲပြီး အဲလိုစောပြန်တဲ့သူရှိရင် စိတ်ကောက်တတ်တယ်။ ပီးခဲ့တဲ့အပတ်က ကိုဇော်မိုးကျော်နဲ့ သဲသဲတို့ အိမ်တက်တုန်းက လည်း ကိုသားက ဧည့်သည်ရှိလို့ ၁၁ နာရီခွဲလောက်ပြန်တာကိုရော၊ ဖဲရိုက်တဲ့သူက သပ်သပ်ဖဲရိုက်နေကြလို့ရော မပျော်ရဘူး..ဆိုပြီး သူလည်း မပြောမဆို ထပြန်လာခဲ့တယ်လို့ ပွစိပွစိ ပြောနေတာ ကြားခဲ့ရတယ်။

သူက - မေရီလင်းကို ပြန်မယ့် ကားတွေ အများကြီးပဲတဲ့။ ဒေါ်မေငြိမ်းတို့ သူတို့ဘာသာ ပြန်ပေ့စေ-တဲ့။
“ငါရှိတော့ရော ဘာထူးလို့လဲဟာ။ ဟိုချောင်မှာခွေနေလိုက်။ ဒီထောင့်ကပ်နေလိုက်နဲ့ပဲနေတာ။ ငါရှိနေတာနဲ့ မရှိနေတာ ဘာမှ မထူးခြားပါဘူး” လို့ ပြောလည်းမရ။
“အိပ်ရင်လည်း အိပ်နေ။ ခွာညို- နင် ရှိနေတယ်ဆိုရင် ငါတို့ အိုကေ”တဲ့ ။ ကိုကြီးသိန်းက။
ကိုသားကတော့ တမျိုး။ လက်ကတော့ထိုးနဲ့ ယိုးဒယားက ကပြီး ကျမရှေ့ ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်။
“ကျနော် ကတိပေးပါတယ် အမရယ်၊ ကိုကြီးသိန်းကို ဘောင်းဘီချွတ်သလို အမကို မချွတ်ပါဘူး။ ကတိပေးပါတယ်”တဲ့။ ရယ်လိုက်ကြတာ အုန်း…ကနဲ။
ကိုအောင်နိုင်ကလည်း မပြန်ဘို့ဘက်က ၀င်ပြောတယ်။ ကျမကို အရင့်အရင်တွေက ခပ်တည်တည်နဲ့ ဇွတ်ခိုင်းခဲ့တာမျိုး…(ကိုမိုးချုပ် မင်္ဂလာဆောင်တုန်းကလည်း သတို့သမီး မင်္ဂလာလက်ကိုင်ပန်း ပစ်တာကို ၀င်လုမယ့် ကလေးတွေကြားထဲ ကျမကို ၀င်တန်းစီဖို့ မျက်နှာထားကြီးနဲ့ ဇွတ်တရွတ်အမိန့်ပေးခဲ့တာမျိုးပေါ့။)
ခပ်တည်တည်ပြောမရတော့ ဒီပါတီပွဲကို အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ပေးဖို့ နေခဲ့ပါတဲ့။
ကျမ ငြင်းနေရင်းနဲ့ စိတ်မကောင်းဖြစ်မိတယ်။ စိတ်ရင်းအတိုင်း ပြောရရင် ကျမ တကယ်မပြန်ချင်တာပါ။
အောက်ထပ်မှာ မောချိက စန္ဒယားတီးပြီး သဲသဲက သီချင်းဆိုလို့၊ နောက်မှာ ကိုဇော်မိုးကျော်က ဂစ်တာ တလက်နဲ့ အားဖြည့်အကူရောက်လာတယ်။ အပေါ်က ကာရာအိုကေမှာ မဆိုရဲသည့်တိုင် သူတို့ရဲ့ ကိုယ်တိုင် ဆိုတီးတာကို ဘေးက ထိုင်ပြီး နားထောင်ချင်တယ်။ (အမှောင်များနေလို့ ဗီဒီယိုတော့ ရိုက်လို့မရ။)
ခြင်ကိုက်တဲ့ဒဏ် မခံနိုင်လို့ ကိုနိုင်တို့ ကိုမိုးချုပ်တို့နဲ့ စကားလည်း သွားမပြောဖြစ်ခဲ့။ သူတို့က လူပျော် လူနောက် တွေဆိုတော့ မထင်ရင် မထင်သလို အတင်း သီချင်းဆိုခိုင်းတာမျိုးလုပ်မှာကို ရှိန်တာလည်း ပါပါတယ်။
“မပြန်လို့ မဖြစ်ဘူး။ မနက်ဖြန် အလုပ်လုပ်ရမယ်လေ”
“ညနေမှ ဆင်းရမှာကို။အေးဆေး နေစမ်းပါ”
“အမ်စီလုပ်ရမှာ”
“အမကလည်း ကျနော်လည်း ရှိနေမှာပဲဟာကို”
“မဟုတ်ဘူးဟ။ ငါ ခေါင်းမကောင်းလို့ပါ”
“ဟာ..မခွာညိုက ခေါင်းမကောင်းဘူး…”
ခေါင်းမကောင်းဘူးဆိုတာကို ကိုသက်မှူးက တအံ့တသြ ပြန်မေးပါတယ်။ ရှင်းနေရင် ပိုရှုပ်တော့မှာမို့ ဇွတ်တိုးထွက်တော့လည်း မရ။ ဒေါ်မေငြိမ်းသမီးလေးက လာခေါ်တော့လည်း ပြန်တော့ ။ ခွာညို့ကို ထားခဲ့ဆိုပြီး ပြောလွှတ်ကြ။
“သူ့အကြောင်း နင်တို့မသိဘူး။ ငါသိတယ်။ သူပြန်ပစေ။ လာ ခွာညို” ဆိုပြီး မမမာသာ ဆွဲမထုတ်ရင် ကျမ သူတို့ကို အားနာစိတ်နဲ့ နေလိုက်ပါတော့မယ်လေ…လို့ စိတ်နှလုံး ဒုံးဒုံးချလိုက်တာ ၉၀ ရာနှုန်းလောက် အင်စတောလ်လုပ်ပြီးနေပါပြီ။
ကိုကြီးသိန်းတို့က မမေငြိမ်း ခွာညို နေခဲ့တော့မယ်လို့ ဆင်းပြောကြ…
ကိုနိုင်ကတော့ လှေကားထိပ်အထိ လိုက်ပြီး မမေငြိမ်းကို ကျနော် ဖုံးဆက်လိုက်မယ်ဆိုပြီးလှမ်းဆက်… ဒီကြားထဲ..မမမာက အတင်းဆွဲခေါ်လာလို့ လှေကားတထစ်ဆင်းမယ်ပြင်တော့ ထုံးစံအတိုင်း ကိုနိုင့်နှုတ်ခမ်းက ချွန်ထွက်လာပါတယ်။ မသိဘူး။ လုပ်ချင်တာလုပ်။ ပြန်ချင်လည်းပြန်။ သဘောပဲ…ဆိုပြီး ဇောင့်..ဇောင့်နဲ့ ပြန်ဝင်သွားတယ်။ (စိတ်မကောင်းပါဘူး မောင်လေး)
ကျမ အကြောင်းကို သိထားတဲ့ ဒေါ်မေငြိမ်းတို့က ကားမထွက်သေးဘဲ စောင့်နေပေးပါတယ်။
လမ်းမှာ ကျမ စိတ်မကောင်းဖြစ်ပြီး စကားတောင် သိပ်မပြောဖြစ်ပါဘူး။
တကယ် ၀မ်းနည်းမိပါတယ်။
လူနဲ့လူချင်းအတူတူ… တညလောက် အိပ်ပျက်ခံပြီး မိတ်ဆွေတွေနဲ့ အချိန်အတူဖြုန်းနိုင် လောက်တဲ့ခွန်အား ဘာကြောင့်များ ကျမမှာ ချို့တဲ့နေခဲ့ရတာလဲ ဆိုပြီးတော့...
လူနဲ့လူချင်းအတူတူ သူများတွေလို ခွန်အား သီးသန့်မွေးမထားဘဲ အလုပ်တွေ အများကြီး လုပ်နိုင်စွမ်းရည် ဘာကြောင့်များ ကျမမှာ ပျောက်ဆုံးနေရတာလဲ။
အဲဒီလို ဘာကြောင့်များ…တွေက ဘာကြောင့်များ ကျမဆီမှာ လာစုနေရတာလဲလို့ တွေးမိတိုင်း လူဖြစ်ရကျိုး မနပ်သလို ခံစားမိပါတယ်။
ဒါပေမဲ့ …
ကျမကို  နားမလည်သည့်တိုင်အောင် ကျမရဲ့ အူကြောင်ကြောင်… ဂွကျကျ…နှေးကွေးလေးလံမှုတွေကို သည်းခံ…ဖြည့်တွေး…လက်တွဲခေါ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ညီအကိုမောင်နှမတွေလို၊ ရုံးကလည်း အိမ်ကြီးတလုံးနဲ့ တူနေတဲ့ ဒီ ဗီအိုအေ မြန်မာပိုင်းမှာ အလုပ်လုပ်နေရခွင့် ပေါ်မှာတော့ လူဖြစ်ရကျိုးနပ်ခဲ့တယ်..လို့ ရှားရှားပါးပါး ဖြေတွေးစရာ ဒုတိယမြောက် အချိန်ပိုင်းလေးတခုအဖြစ် အမြဲ ကျေနပ်နေမိမှာပါ။
နံနက် (၃နာရီ၊ ၁၁ မိနစ်)


Monday, July 19, 2010

အမည်မပေါက်တဲ့ သူရဲကောင်းအာဇာနည်များအတွက် အမှတ်တရ

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွတ် အလေးပြုရိုးထုံးစံဟာ မြန်မာလူမျိုးတိုင်းအတွက် ရင်ထဲ အသည်းထဲက မြတ်နိုးရိုးကျိုးမှုတွေနဲ့သာ ထုံမွှမ်းထားပါတယ်။ အဲဒီ မြတ်နိုး ရိုကျိုးမှုတွေနဲ့ ညွှတ်လိုက်တဲ့ ဦးခေါင်းကိုယ်စီက ငါတို့ ဦးညွတ်ရမယ် ဆိုတဲ့ အသိတရားဟာ ဖန်တီးထားတာမဟုတ်သလို ဖျောက်ဖျက်ပစ်လို့လည်း ရနိုင်တဲ့ အသိတရားမဟုတ်။

ဇူလိုင် ၁၉ က နံမည်ထင်ရှားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများနဲ့တကွ ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အမည်ပျောက် အာဇာနည်လေးများကိုပါ ဂုဏ်ပြုဖို့အတွက် ကဗျာဆရာ သစ်ကောင်းအိမ်ရဲ့ ရွှေဝါရောင်ဥဒါန်းကို ပြန်လည် တင်ဆက်ပေးပါတယ်။

သင်္ကြန်ကနဲ့ လှပျိုဖြူတွေ

ကြာပန်းပွဲမှာ မြန်မာ့အကကို နွဲ့နွဲ့နောင်းနောင်း ကပြသွားကြတာပါ။ ကင်မရာသေးသေးလေးနဲ့ ရှေ့က ပိတ်တဲ့သူတွေရှောင်ရင်းရိုက်တော့ လက်မငြိမ်ဘဲ လှုပ်နေတော့ အကကိုခံစားဖို့ အရသာသိပ်တွေ့မယ်တော့ မထင်မိပါဘူး။ ဒါပေမယ့် အမှတ်တရပါ။

Sunday, July 18, 2010

ဦးရွှေရိုးနဲ့ ဒေါ်မိုး

ဒီနေ့ ကြာပန်းပွဲတော်ကို ရောက်ခဲ့ပါတယ်။ အမေရိကန်မှာ အာရှက ကြာတွေ ကန်နဲ့အပြည့် ရှိတဲ့ နေရာလေးတခုမှာ အာရှယဉ်ကျေးမှု ဖလှယ်တဲ့ပွဲလေး ဒီနေ့ကျင်းပပါတယ်။ အဲဒီမှာ ကမကထပြုပြီး ဆောင်ရွက်ပေးနေတဲ့သူက ကိုဇော်ပါ။ ကိုရီးယားက အကုန်အကျခံတယ်လို့ သိရပါတယ်။ ဒါပေမယ့် အာရှနိုင်ငံတွေကို ဖိတ်ပြီး ယဉ်ကျေးမှုဖလှယ်တာဖြစ်တဲ့အတွက် ကမ္ဗောဒီးယားအကတို့ နောက်   ကျမ မကြည့်ဖြစ်လိုက်တဲ့ တခြား အာရှနိုင်ငံတွေက အကတချို့လည်း ပါဝင်ပါလိမ့်မယ်။ မြန်မာအကမှာတော့ ဦးရွှေရိုးနဲ့ ဒေါ်မိုး၊ သင်္ကြန်က၊ နောက် ခွပ်ဒေါင်းအငြိမ့်တွေနဲ့ ဆင်နွဲခဲ့ကြပါတယ်။

ဦးရွှေရိုးအဖြစ် ကိုယဉ်ထွေးနဲ့ ဒေါ်မိုးအဖြစ် မမြရင်ချောတို့ အတိုင်အဖောက်ညီညီ ကပြသွားကြတာ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ လူတိုင်း နှစ်သက်ကြပုံပါ။



မြန်မာအကကို မြတ်နိုးတွယ်တာသူများအတွက် မျှဝေမှုပါ။ ပျော်ရွှင်ကြပါစေ။

Thursday, July 8, 2010

ခွပ်ဒေါင်းအလံ

၈၈ အရေးအခင်းဖြစ်တဲ့အချိန် ပြည်ကောလိပ်က ကဗျာစာအုပ်လေး ခပ်ပါးပါး တအုပ်ထွက်တဲ့အထဲ နှစ်ပေါင်း ၂၀ ကျော်အတွင်း စွဲစွဲမြဲမြဲ တင်ကျန်ရစ်တဲ့ ကဗျာအပိုင်းအစလေး လေးကြောင်းရှိတယ်။

ကျုပ်တို့သေပြီး 
မြေကြီးဖြစ်လည်း
ရွှေထီးအမှန်
ပြည်သူ့ထံသို့.....တဲ့။ 

ဘယ်လောက်တောင် ရဲရင့်ပြတ်သားလိုက်တဲ့ စာလေးလဲ။ ဘယ်လောက်တောင် ခွန်အားကောင်းတဲ့ စာသားလဲ။ ဘာအဖွဲ့အနွဲ့မှ မပါဘဲ ရိုးရိုးတွေးပြီး ရှင်းရှင်းလေး ချပြသွားခဲ့ပုံများ။ ဘာဖြစ်လို့များ ကဗျာဆရာလေးရဲ့ အမည်ကို မှတ်မထားခဲ့မိပါလိမ့်လို့....ကိုယ့်ကိုကိုယ် အပြစ်တင်မိတာ အကြိမ်ကြိမ်ပါ။ 


ကဗျာလေးရဲ့ အရှင်ကို မှတ်တမ်းတင်ဖို့ ပျက်ကွက်ခဲ့သလိုပဲ ဒီ ခွပ်ဒေါင်းအလံသီချင်းကို ဘယ်အဖွဲ့က ဘယ်သူတွေဆိုတာ အတိအကျ သိချင်မိပါတယ်။ ကျမ တွေ့လိုက်တဲ့အချိန်မှာတော့ တေးရေးတေးဆိုကို အခု ရုပ်-သံ အစမှာ စာတမ်းထိုးပေးထားသလိုပဲ တွေ့ခဲ့မိတာကြောင့် အဲဒီအတိုင်းပဲ ရေးပေးထားတာပါ။ 

တကယ်လို့မျှား အမှန်သိသူ ရှိခဲ့ရင် ၀င်ရောက် ပြုပြင်ပေးနိုင်ပါတယ်ရှင်။

Tuesday, July 6, 2010

သတင်းစာတွေထဲက သမိုင်းမှတ်တမ်း အတိုအထွာ

ရွှေဝါရောင် တော်လှန်ရေးပြီးသွားတဲ့နောက် ၂၀၀၈ ခုနှစ်အတွင်း တိမ်စစ်တမ်း...လို့ ခေါ်တဲ့ မှတ်တမ်း ဒီဗီဒီ အခွေလေးတခု ထုတ်ခဲ့ဖူးပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုရိုက်ချက်တွေအားလုံး ကျမတို့ မိုးကြိုးရုံးမှာ အဆင်သင့်၊ နောက် စက်မှုပစ္စည်းနဲ့ လူအလုံအလောက်မရှိသည့်တိုင်အောင် လုပ်ချင်တာကို လုပ်ခွင့်ရဖို့တော့ လုံလုံလောက်လောက်အနေအထားမှာရှိတဲ့အတွက်....နေက်တခါ လိုချင်တယ်လို့ ပြောတဲ့သီချင်းကို ချက်ခြင်းပို့ပေးတဲ့ စင်ကာပူက မိတ်ဆွေ ကိုဘိုဘိုဝင်းနဲ့ ပိုက်ဆံလိုတယ်ဆိုတာနဲ့ ချက်ခြင်း ထုတ်ပေးခဲ့တဲ့ အင်္ဂလန်ရောက် ကိုဇော်ဇော်အောင်တို့ရဲ့ ပံ့ပိုးအားပေးမှုတွေကလည်း အလုပ်ဖြစ်သွားဖို့ ခွန်အားတွေရခဲ့ပါတယ်။

အဖေတယောက် သားတယောက်


အဖေများနေ့မှာ အဖေ့အကြောင်းလေးတွေ အားပါးတရ ရေးပြီး လှည့်မကြည့်တာကြာလှပြီဖြစ်တဲ့ ဘလော့လေးမှာ တင်လိုက်မဟဲ့..လို့ မောင်းတင်ထားခဲ့ပေမဲ့ တကယ်တန်းကျ ဘာမှ မလုပ်ဖြစ်ခဲ့။ ဒီအချိန်မှာပဲ အကိုကတော့ ကလေးအဖေဘ၀ကို ကူးပြောင်းသွားလေရဲ့။



(တနင်္လာသား ကျားလေး မွေးတယ်ဗျို့...တဲ့။ အွန်လိုင်းမှာ လာဟစ်နေတာ သူ့အဖေပေါ့....)

ကလေးကို ကျပ်မပြည့်မှာတို့ ဘာတို့ ကြောက်သတဲ့။ မမွေးခင်ရက်ပိုင်းလောက်မှာ ချက်တင်မှာတွေ့တုန်း သူက အဲလို ပြောတော့ အဖေ့ကို သချုင်းထဲက ဆွဲခေါ်လာပြီး ပြချင်လိုက်တာလေ။
အသက် ၃၅ နှစ်ပဲ ရှိသေးတဲ့ အဖေက ဆေးလိပ်ရော အရက်ပါ အပြတ်ဖြတ်ခဲ့တာ သူ့ကြောင့်ပေါ့။ အဖေက ဆေးလိပ် အရက်သောက်ရင်း “သား၊ ဆေးလိပ် အရက်ဆိုတာ ကောင်းတာမဟုတ်ဘူး။ မသောက်နဲ့” လို့ ပြောတဲ့အခါ သူ့စကားကို သားက အလေးမထား၊ ပြက်ရယ်ပြုမှာ၊ အပြောတခြား အလုပ်တခြားဖြစ်လို့ သူ့စကား အထမမြောက် မခန့်ညားမှာကို အဖေ စိုးရိမ်စိတ်နဲ့ ဆေးလိပ်နဲ့ အရက်ဖြတ်ပစ်ခဲ့ချိန်က အကို့အသက် (၁၄) နှစ်။

ကျမက စိတ်ပုပ်တယ်လို့ ပြောချင်ပြော။
တခါတခါကျရင် သူ့ကို သိပ်ပြီး ၀ဋ်လိုက်စေချင်ခဲ့ဖူးတယ်။ အဖေ့ နောက်ဆုံးအချိန်တွေမှာ နောက်ဆုံး…ဆိုတာ သိသိကြီးနဲ့ အဖေ့အနားမှာ အချိန်ပြည့်မနေနိုင်သလို အပြင်ထွက်သွားတဲ့အခါမျိုးတွေမှာ ကျမ အဲလို စိတ်ပုပ်တွေ ၀င်ဝင်လာဖူးတယ်။

အဖေဟာ အပေါ့အပါးသွားချင်ပေမဲ့ တယောက်တည်း သူ့နားရှိတဲ့ ကျမရဲ့ ခွန်အားဗလကို သိတော့ သမီး အဖေ့ကို တွဲပါအုံး….လို့ ပြောရမှာ အားနာပြီး မျက်နှာငယ်လေးနဲ့ ငြိမ်နေခဲ့တဲ့ အဖေ့ကို   ပြန်တွေးတဲ့အခါ တကယ်ပဲ ၀ဋ်လိုက်ပါစေလို့…
ဆုတောင်းမိလုနီးနီး ကျမ  အကို့ကို ဒေါသထွက်ခဲ့တယ်။

ရေဖျဉ်းဆွဲနေပြီး လက်ကျန်ခွန်အားဆိုလို့ အသက်မျှဉ်းမျှဉ်း ရှူနေဖို့လောက်သာ ရှိတော့တဲ့ အဖေက မအောင့်နိုင်တဲ့အဆုံးမှ ကျမကို ခေါ်ခဲ့တာ။ ကုလားထိုင်က ထဖို့ ရေအိမ်ကိုရောက်အောင် သွားရတဲ့ ခြေလှမ်းတရာလောက် အကွာအဝေးကို ကျမ တွဲပို့ပေးနိုင်ပေမဲ့ အိမ်သာက ဘိုထိုင် မဟုတ်တော့ ထိုင်ရာက ပြန်ထနိုင်ဖို့ ကျမရဲ့ရှိသမျှအား အကုန်သုံးပြီး ထူတာတောင် အဖေကိုယ်တိုင်ကလည်း ရှိသမျှ သူ့ခွန်အားတွေ အကုန်သုံးမှ မတ်တပ်ပြန်ရပ်နိုင်ခဲ့တာပါ။ (အိုးနဲ့ သွားဖို့ ပြောပေမဲ့ အဖေက အားနာတာရော၊ ရှက်တာရောကြောင့် အိုးနဲ့ သွားဖို့ ဘယ်လိုမှ ပြောမရ။)

အဲဒါတောင်မှ သူ့သားနဲ့ပတ်သက်လို့ ၀မ်းနည်းစကား မဆိုရက်ခဲ့တဲ့ အဖေ။
သမီးက နှုတ်ခမ်းကိုစေ့ပြီး မျက်နှာထားတင်းနေပြီဆိုရင် ဘာလဲဆိုတာ….
 သမီးအကြောကို ကောင်းကောင်းသိတဲ့ အဖေက
ယောက်ကျားလေးပဲ သမီးရယ်…လို့
သူ့ဘက်က တောင် ရှေ့နေလိုက်ပေးနေသေးတယ်။
အဲဒီအခါမျိုးကျရင်တော့ ကျမ ပါးစပ်က စက်သေနတ် ဖြစ်သွားတတ်ပါတယ်။

အဖေတို့ အမြဲ အဲဒီလိုပဲ။ မိန်းကလေးလည်း လူပဲ။ ထမင်းစားတာချင်းတူရင်တောင် သူက သမီးတို့ထက် ပိုစားသေးတယ်။ ပို အကောင်းကြိုက်သေးတယ်။ မုန့်ဖိုးလည်း ပိုသုံးသေးတယ်။ ငွေရှာတာချင်းတူရင် သူ့လခ အကုန်မအပ်လည်း ယောက်ကျားပဲ သမီးရယ်။
အိမ်အလုပ် ကူမလုပ်လည်း ယောက်ကျားလေးပဲ သမီးရယ်…တချိန်လုံး အဖေတို့က ယောက်ကျားလေးပဲ သမီးရယ်…ချည့်ပဲ….

ကျမ ပြောသမျှကို အဖေက ပြုံးပြီးနားထောင်နေခဲ့ပါတယ်။ ကျမ လေသေနတ် အပစ်ရပ်တော့မှ-
သမီးရယ်..သမီး လုပ်ပေးနေသမျှလည်း အဖေက ကျေးဇူးလည်းတင်၊ အားလည်း ကိုးပါတယ်။ တကယ်လို့ သမီး အဖေ့ကို နောက်ထပ် ဘာမှ လုပ်မပေးနိုင်တော့ဘူး ဆိုရင်လည်း အဖေ သမီးကို အပြစ်တင်မှာမဟုတ်ပါဘူး။ သမီး မိဘအပေါ်တာဝန်ကျေတာ အဖေ သိပါတယ်။ သမီး မနိုင်တော့လို့ ရပ်လိုက်ရင်လည်း အဖေ ကျေနပ်ပါတယ်….တဲ့။

ကဲ…ကျမ ဘာများ ပြောနိုင်အုံးမှာလဲ။ ဘာဆက်ပြီးတော့လည်း ပြောရက်တော့မှာလဲ။ အဖေ့လို စိတ်မျိုးထားတတ်လာအောင် ကြိုးစားဖို့ကလွဲရင် ကျမမှာ ဘာမှ ပြောစရာ လုပ်စရာ မရှိခဲ့တော့ပါဘူး။

အခုတော့ အကို့ကို ၀ဋ်မလိုက်ပါစေနဲ့လို့ ကျမ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေမှာပါ။
သူလည်းပဲ အဖေ့လိုပဲ သူ့သားလေးအတွက် ဆေးလိပ်နဲ့ အရက် ဖြတ်လာနိုင်ပါစေလို့လည်း ဆုတောင်းပါတယ်။
ဒါက သူနဲ့ ပတ်သက်တဲ့ အဖေနဲ့ အမေ့ရဲ့ မျှော်လင့်မှုတွေထဲက တခုဖြစ်နေလို့ပါ။

Monday, June 7, 2010

အယ်ဂျာဇီးယားက မြန်မာ့နျူကလီးယားပြဿနာမှတ်တမ်း

http://www.knuaffjp.net/movie11/spdcdream.html

စစ်ဝတ်စုံကို မြတ်နိုးနှစ်သက်ပေမယ့် လူထုရှေ့မှာ ယူနီဖောင်းနဲ့ရပ်ဖို့ ရှက်ပါတယ်...ဆိုတဲ့ ဗိုလ်မှူး စိုးသိန်းဝင်းကို ဂုဏ်ပြုလေးစားထိုက်တဲ့ မြန်မာ့တပ်မတော်သားကောင်းတစ်ဦးအဖြစ် မြန်မာပြည်သူတွေက လက်ခံချစ်ခင်ကြမှာပါ။

ပြည်သူကို ချစ်ခင်နေသရွေ့...
ပြည်သူ့အတွက် စစ်မှန်တဲ့ ကာကွယ်စောင့်ရှောက်မှုကို ကျရာအခန်းကနေ ပေးနိုင်အောင် ကြိုးပမ်းအားထုတ်နေသရွေ့... ဘယ်တပ်မတော်သားမဆို စစ်ဝတ်စုံကို ၀တ်ဖို့ ရှက်ဖို့လိုမယ်မထင်ပါ။

အဖမ်းခံလိုက်ရရင် လူ့ငရဲကို ခံစားရမယ်ဆိုတာ သိသိကြီးနဲ့ အခုလို သက်သေနဲ့တကွ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နိုင်ခဲ့တာကိုက တို့ဖခင် ဗိုလ်ချုပ်ရဲ့ တပ်မတော်သား...ဆိုတာ သက်သေပြပြီးသား။

ရဲသော် မသေ..သေသော် ငရဲမလားမယ့် တကယ့် မျိုးချစ်တပ်မတော်သားသာဖြစ်ပါကြောင်း။

Sunday, June 6, 2010

တံလျှပ်ရွှေပြည် အပိုင်း (၁၀)

အဖေ့ခေါ်သံကြောင့် အိပ်ချင်မူးတူး မှုန်တေတေနှင့်ထွက်လာသော မိန်းခလေးကိုကြည့်ရင်း ဘယ်မှာ တွေ့ဖူးပါလိမ့်….ဟု ကိုမျိုးနိုင်က သူ့မှတ်ဉာဏ်ကို ပြန်လည်မေးခွန်း ထုတ်နေရသည်။

သည်လို မှုန်တေတေနှင့် စက်ရုပ်ဆန်ဆန် တုန့်ဆိုင်းဆိုင်း လျှောက်ဟန်ကလေး…သူ ဘယ်မှာ မြင်ဖူးခဲ့ပါလိမ့်။

“သမီး၊ ဒ်ီမှာလေ ကိုမြင့်နိုင်တဲ့။ သမီးအကိုက သမီးနဲ့ စကားခဏ ပြောမလို့တဲ့”

“ဟုတ်ကဲ့” ဟု တိုတုတ်တုတ်ပြောကာ ကလေးမက ခပ်ဆိတ်ဆိတ်ပဲ ခေါင်းငုံ့ကာ ငုတ်တုတ်ထိုင်နေသည်။

“ညီမ၊ ကျောင်းဆက်တက်ချင်တယ်ကြားလို့လေ။ အဲဒါ အမေရိကန်သံရုံးမှာ သင်တန်းလေးတွေရှိတယ်။ တက်ချင်ရင် အကို စီစဉ်ပေးမလို့”

“ဘယ်အချိန်တက်ရမလဲ။ ကျမက တစ်ပတ်မှာ ၆ ရက်က ကုမ္ပဏီအလုပ်လုပ်ရတယ်။ ညနေ ရုံးဆင်းရင် ၀ိုင်းကျူရှင် ၀င် သင်ပြီး အမြဲတမ်း ည ကိုးနာရီ တခါတလေ ကားအဆင်မပြေရင် ည ဆယ်နာရီမှ အိမ်ပြန်ရောက်တာ။ မနက်ဆို ရုံးကို ကိုးနာရီရောက်ဖို့ အိမ်က ခုနစ်နာရီခွဲက စထွက်ရတာ။ ဘယ်အချိန် သံရုံးသွားရမလဲ”

ကောင်မလေးက သူ့ကို ပြောနေသလား…ဒါမှမဟုတ် သူ့မကျေနပ်ချက်ကို သူ့ဖာသာသူ ရေရွတ်မြည်တမ်းနေသလား ဝေခွဲမရ နိုင်သည့် အသံဖြင့် ခပ်လေးလေးပြောနေသည်။ ကိုမျိုးနိုင် အတန်ကြာအောင် ငိုင်တွေကာ ဘာပြောရမှန်းမသိတော့ဘဲ ဦးခင်စိန်လှိုင်ကိုကြည့်တော့ ဦးခင်စိန်လှိုင်က တခြားကို အကြည့်လွှဲထားလို့…

“အလုပ်ချိန်…..” လျှော့လို့ မရဘူးလား… ဟုမေးလိုက်လျှင် ကိုယ်က မသိသားဆိုးဝါးသူဖြစ်ပေတော့မှာမို့ ကိုယ့်လျှာကို ကိုက်ကာ ပြန်ထိန်းလိုက်ရသည်။ ဦးခင်စိန်လှိုင်၏ဇနီး၊ ခင်ခင်လေး၏အမေ ဒေါ်မြလေးက အနားကပ်လာထိုင်ရင်း သမီးကို ကြည့်ကာ ငြိမ်သက် တိတ်ဆိတ်လို့….

“ကျူရှင်ပြတာ လျှော့လိုက်လို့မရဘူးလားညီမ…” ဟု ခပ်တိုးတိုးပြောတော့ ရယ်ရန်ကြိုးစားလိုက်သော နှုတ်ခမ်းက မျဉ်းကွေးချိုးကာ ငိုမဲ့မဲ့…

“တပတ်ကို ၂ ရက်မှာ တရက်ပဲ တက်နိုင်အုန်းတော့ Native Speaker တွေနဲ့ ပြောရ တော့ သူတို့ရဲ့ accent ကို ရတာပေါ့။ ထူးချွန်ရင် ထူးချွန်သလို အဝေးရောက်ဘွဲ့တွေ ဘာတွေ ယူဖို့တို့ တခြားအခွင့်အလမ်းတွေလည်း ရလာမယ်။ စကော်လာရရင် ညီမ နိုင်ငံခြားမှာ ပညာဆက်သင်ချင်တဲ့ကိစ္စလည်း ဖြစ်လာဖို့ နီးစပ်မယ်မဟုတ်လား။ စာကြည့်တိုက်မှာ ကိုယ် ဖတ်ချင်တာဖတ်လို့ရမယ်။ အင်တာနက် သုံးခွင့်ရတယ်။”

“ကျမ သိပါတယ်။ ဒါပေမဲ့ ကိုမျိုးနိုင်မသိတာက ကျမ တရက်မှကို အလုပ်ဖျက်လို့ မဖြစ်ဘူးဆိုတာပဲ။ အလုပ်လည်း ဖျက်ရ မယ်။ ခရီးစရိတ်လည်း ထပ်ကုန်မယ့် အလုပ်တခုကို ကျမ စိတ်ကူးယဉ်ဖို့ အချိန်လည်း မရှိဘူး။ ကျမကို ကူညီချင်တာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျမ အခုမအိပ်ရင် မနက်ကျ အလုပ်ထဲမှာ ခေါင်းမူးနေမှာမို့လို့ သွားအိပ်တော့မယ်”

ခင်ခင်လေးက ပြောပြောဆိုဆိုနှင့်ပင် ပြိုတော့မည့်မိုးလို ညိုအုံ့နေသည့် မျက်နှာလေးကို တိုနံ့နံ့ဆံစတို့နှင့် ဖုံးအုပ်ရန် ကြိုးစား ငဲ့စောင်းလျှက်က စကားဝိုင်းမှ ထရန်ပြင်တော့သည်။ သည်အချိန်မှာပဲ သူ့နားမှာ ပိတ်ထိုင်နေသည့် သူ့အမေခြေထောက်ကို သတိထားမိသွားကာ ခြေလှမ်းတို့ တုန့်ရပ်သွားလေသည်။

“အမေ့ ခြေထောက်ကြီးက ဘာဖြစ်နေတာလဲ”

ဒေါ်မြလေးက ကမန်းကတန်း ခြေထောက်ကို လုံခြည်နှင့် ပြန်အုပ်ဖို့ပြင်သည်။ ခင်ခင်လေးက ဇိုးဇိုး ဇတ်ဇတ်နှင့် လုံခြည်ကို ပြန်ဆွဲလှပ်သည်။ ဒေါ်မြလေး၏ ခြေထောက်အစုံက ယောင်အမ်းကာ ညို မည်း၍ပင်နေလေပြီ။

“အမေ၊ အဲဒါ ဘာဖြစ်နေတာလဲ။ ဘာလို့ အဲဒီလောက်တောင် ယောင်နေရတာလဲ။ ဆရာဝန်ဆီ မသွားဘူးလား”

အမေ့ကို စိုးရိမ်သော အသံသည်ပင်လျှင် အမိန့်သံနှယ် မာထန်လှသော်လည်း မှုန်တေတေ မာကျောကျော မျက်နှာပေါ်မှာ အမေ့အတွက် စိုးရိမ်စိတ်တွေကလည်း ယှက်သန်းပျက်ယွင်းလို့။ အမေကလည်း အပြစ်လုပ်ထားသည့် ကလေးတယောက် ဆရာရှေ့မှာ ခိုးထုတ်ခိုးထည်နှင့် မိထားသည့်နှယ် မျက်နှာချိုသွေးကာ ရယ်ပြနေရင်း ဆင်ခြေပေးသည်။

“ဘာမှ မဖြစ်ပါဘူး သမီးလေးရဲ့။ သွေး လေ အလျှောက်နည်းလို့ ဖြစ်တာထင်ပါရဲ့။ အမေ အဖောကျအောင် နရံ့ပတူရွက်တွေ သုတ်စားပါတယ်။ ရေနွေးပြုတ်ပြီးတော့လည်း ရေချိုးမလို့”

“လာပြန်ပြီ..တခါလာလည်း ဒီဆေးမြီးတို၊ အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ပေါက်နေရအုံးမယ်။ မနက်ဖြန် ဆရာဝန်ဆီသွား။ ကျနော့်ကို ထပ်ပြီး စိတ်မောစရာဖြစ်အောင် မလုပ်ကြပါနဲ့။ တောင်းပန်ပါတယ်”

အဖျားခတ်ကာ တုန်ရင်သွားသည့် အသံကိုထိန်းရင်း ကောင်မလေး ဘောက်ဆတ် ဘောက်ဆတ်နှင့် ထွက်သွားစဉ်မှာ ဟိုးတလောက ကားပေါ်မှာ ခြေထောက်အနင်းခံရပြီး မျက်ရည်ကျနေခဲ့သော ကောင်မလေးတယောက်ကို ပြန်သတိရ လာသည်။ သေချာတာပေါ့။ အဲသည်ကောင်မလေးဟာ သည် မိန်းကလေးပါပဲ။

ကောင်မလေးထွက်သွားတော့ ကိုမျိုးနိုင်က ဒေါ်မြလေး၏ ခြေထောက်ကို သေချာကိုင်တွယ်ကြည့်ရှုသည်။ တကယ်ကို ဆရာဝန်ဆီ သွားသင့်နေသော အခြေအနေပါ။ ခြေထောက်က နဂိုရ်အရောင်ပင် မရှိတော့ဘဲ ပြာနှမ်းနှမ်းဖြစ်ကာ သာမန် ယောင်တာနှင့်မတူတော့ဘဲ အသားတွေ ပျက်စီးနေသည့်ပုံမျိုး ဖြစ်နေသည်။ အထဲကသာ ပျော့အိနေသည့်တိုင် အရေပြား ကတော့ ရေမရသည့် လယ်မြေတွေမှာ ပတ်ကြားအက်သလို ကွဲကြောင်းတွေအထင်းသားနှင့်။

“ဟုတ်သားပဲ၊ အဒေါ်..ဆေးခန်းလေး ဘာလေး ပြမှဖြစ်မယ်နော်။ ဒီအတိုင်းနေလို့ မဖြစ်ဘူး”

“အင်း….” ဟု ဒေါ်မြလေးက သံရှည်ဆွဲလိုက်ပြီးမှ

“အစကတော့ ရိုးရိုးဆေးခန်းကို တခါ နှစ်ခါလောက် သွားပါသေးတယ်။ ဒါပေမယ့် ခဏပဲ၊ ပြန်ပြန်ဖြစ်လာတော့ ဒီ ရပ်ကွက် ထဲက ဆေးခန်းက ဆရာဝန်လေးက အထွေထွေသမားတော်နဲ့ သွားပြပါလို့ ပြောတယ်။ မြို့ထဲက ဆေးခန်းကြီးတွေသွားရင် ပိုက်ဆံက သောင်းနဲ့ချီကုန်မှာလေ။ သမီးတယောက်တည်း လုပ်စာနဲ့ တအိမ်လုံး လည်ပတ်နေရတာမို့လား။ ဒီကြားထဲ သားက ဗွေဖောက်လိုက်၊ အကြီးမက ဆေးကုရလိုက်နဲ့ဆိုတော့ သမီးလေးလည်း ငွေရှာဖို့သက်သက် လူဖြစ်နေရသလိုမို့လို့ အဒေါ် လည်း ဆေးမြီးတိုတွေနဲ့ ကောင်းရင်လည်း ကောင်းမှာပါဆို နေနေခဲ့တာလေ”

“ဘယ်ဟုတ်ပါ့မလဲ အဒေါ်ရယ်။ အရင်ဆုံးတော့ ဘာကြောင့် ဒီလို ယောင်လာသလဲဆိုတာ သေချာသိအောင် လုပ်မှရမှာ ပေါ့။ ရမ်းသမ်းလုပ်နေရင် အခုနက ညီမ ပြောသွားသလိုပဲ အပ်နဲ့ထွင်းရမှာ ပေါက်ဆိန်နဲ့ပေါက်နေရမှာပေါ့။ နောက်ဆုံး ဘားလမ်းက ကုသိုလ်ဖြစ် မွတ်စလင် ဆေးရုံပဲဖြစ်ဖြစ် သွားလိုက်သင့်တာပေါ့။ ကျနော် လိုက်ပို့မယ်။ မနက်ဖြန်ကျရင်”

“မနက်ဖြန်ကျရင် နယ်က ပို့လာတဲ့ ပစ္စည်းလေးတွေ ထွက်ရောင်းမလားလို့ စိတ်ကူးနေတာ…”

“အဒေါ်၊ ဒီလောက်ယောင်ကိုင်းနေတဲ့ ခြေထောက်နဲ့ ဘတ်စ်ကားတိုးစီးအုန်းမယ်။ မဖြစ်ဘူး။ လုံးဝ အဲဒါတော့ မဖြစ်ဘူး။ အဒေါ့်သမီးနဲ့ တိုင်လိုက်မယ်နော်”

သည်တော့မှ ဒေါ်မြလေးက ရယ်ကျဲကျဲနှင့် လက်ခံသည်။ အိမ်ကို အဓိက ဦးဆောင်နေသူ သမီးကိုတော့ မိဘနှစ်ပါးက အရေးထားပုံပင်။

အင်း…ကောင်မလေးရဲ့ မှုန်တေတေ မလှုပ်တချက်နဲ့ သံပတ်ပေးထားသည့် စက်ရုပ်ကလေးလို လှုပ်ရှားနေရလောက် အောင် ပိနေသည့် ၀န်ထုတ်တွေနဲ့ မျိုသိပ်ချုပ်တည်း ထားရသည့် ကိုယ်ပိုင်ဆန္ဒတွေကို ကိုမျိုးနိုင် နားလည်လိုက်ရသည်။ ပညာသင်ချင် သည့်စိတ်ကိုပင် ချုပ်တည်းလျှက် အချိန်မပေးနိုင်ရှာ။ စောစောအိပ်မယ်..ဆိုကာ ၀င်သွားသည့်တိုင် အခုမှ မြင်လိုက်ရသည့် အမေ့ခြေထောက်ကို စဉ်းစားရင်း အိပ်မှ ပျော်ပါတော့မလားမသိ။

“ကဲ…ကျနော်လည်း ပြန်မှပဲ။ ကားတွေက နောက်ကျရင် ဈေးအရမ်းကြီးလာတာဗျ။ မနက်ဖြန်ကျရင်တော့ အဒေါ် အသင့် လုပ်ထားနော်။ ကျနော် မနက် ရှစ်နာရီလောက် လာခေါ်မယ်။ နေ့ခင်းဘက် သွားစရာလေးရှိလို့ စောစောသွားထားရအောင် လို့လေ”

ဦးခင်စိန်လှိုင်ကတော့ နဂိုရ်က လူအေးဖြစ်တာရော… သူဘာမှ ဖြည့်ဆည်းစွမ်းဆောင်မပေးနိုင်တာရောကြောင့် ထင်သည်။ တုံဏှိဘာဝေ နှင့် အဝေးသို့သာ မျက်နှာလွှဲထားလေသည်။

♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦♦

တနှစ်ပြီးတနှစ် တိုးမြှင့်ကောက်ခံနေသည့် အိမ်စပေါ်ကတမျိုး...အလုပ်ကို ဆားမြည်းသလို မြည်းကာ ဘယ်တော့မှ အလုပ်မမြဲသည့် အမတယောက်၏ ကျန်းမာရေးစရိတ်စကတွေ...နေ့စဉ် တအိမ်သားလုံးလည်ပတ်နေသည့် စား၊ ၀တ်၊ နေမှုနှင့် သာရေးနာရေးစရိတ်ဆိုတာတွေက မိသားစုကိုယ်ပိုင် ၀င်ငွေဖြင့်သာ ဖြေရှင်းရမည့် ကဏ္ဍတွေဖြစ်နေပြန်သည်။
လူတယောက်...ဒါမှမဟုတ် မိသားတစုကို အဆင့်တခု ရောက်အောင် မြှင့်တင်ပေးဖို့ လက်ကမ်းသူက ကမ်းသည့်တိုင် လက်လှမ်းမည့် အကွာအဝေးက ဟ,လွန်းအားကြီးနေပါက ကမ်းနေသည့် လက်ကို လှမ်းဆွဲဖို့ရာပင် မလွယ်ပါလား...ဟု တွေးကာ ကိုမျိုးနိုင် သက်ပြင်းတချက်ကို ချဖြစ်သည်။

ဒါက သည်တမိသားစုတည်းပဲ ရှိသေးသည်။ ဗမာပြည်ထဲမှာ သည်လိုပဲ လက်လှုပ်မှ ပါးစပ်လှုပ်ရသည့် မိသားစုတွေ ဘယ်လောက်များ ဖြစ်နေပြီလဲ...တွေးသည့်အခါ ရင်ထဲမှာ မွန်း ကျပ်လာသလို...ဒေါသတွေနဲ့လူပဲ သတ်ချင်လာ သလိုလို...

ကားဂိတ်ရောက်အောင် လျှောက်ရသည့်လမ်းက အမှောင်။ ဘတ်စ်ကားဂိတ်ရောက်တော့လည်း အမှောင်...။ သည် အမှောင်ကမ္ဘာထဲမှာ အိမ်ပြန်ရန် ကားစောင့်နေသူအားလုံးကတော့ နွမ်းလျမျက်နှာတွေနှင့်။ ထမင်းတလုပ်စားဖို့ နေမထွက် ခင် အိမ်ကထွက်ခဲ့ကြရပြီး နေ၀င်ချိန်မှာတောင် အိမ်ပြန်မရောက်နိုင်သေးသည့် အလုပ်သမားတွေ...ပညာတတ်ရော ပညာ မဲ့ရော...၀န်ထမ်းမှန်သမျှ လမ်းမ ပေါ်က တိုက်ရိပ်အမှောင်ထုမှာ ညပ်ကြပ်နေသည့် အချိန်မှန် မထွက်သော ဘတ်စ်ကား တွေကို ၀မ်းဗိုက်ဟောင်းလောင်းနှင့်မျှော်နေကြရသည်။ ကားလာလျှင် ပန်းသမျှ ပြေစေဖို့ရယ်လို့ ခုံလေး တနေရာစာအတွက် အတင်းတိုးတိုက်ကာ တက်ကြလိမ့်မည်။

တချို့က အဲသည်လို ထိုင်ခုံတနေရာစာအတွက် တိုးကြိတ်လုနေတာကို အပြစ်မြင်သလို ရှုတ်ချကြသည်။ ကိုမျိုးနိုင်ကတော့ အဲသည်လို မမြင်ရက်။ မပြောရက်ပါ။ အလုပ်ကြမ်းသမား ယောက်ကျားရင့်မာကြီးတွေပေမယ့် သူတို့မှာရှိတဲ့အားကို မမျှတဲ့ ၀န်တွေ ထမ်းဆောင်ဖို့ အာဟာရမဖြစ်တဲ့ အစာတွေကိုသာ စားပြီး လုပ်သင့်တဲ့အချိန်ထက် အများကြီး လုပ်ခဲ့ကြရတာ။

သည်တော့ သူတို့လည်းပဲ သက်တောင့်သက်သာ အနားယူလိုသည်ကို အပြစ်မြင်သင့်သည် မထင်။

သည်အမှောင်ထဲမှာ အရက်သမား အုပ်တအုပ်လည်း ရှိသည်။ ခြင်းလေးတွေနှင့် အဖြူအစိမ်း ယူနီဖောင်းဝတ် ဆရာမလေး တွေလည်း ရှိသည်။ သူတို့လို နိုင်ငံရေးသမားတွေလည်းရှိသည်။ စတိုးဆိုင်တွေမှာ ညဆိုင်းဆင်းပြီး ပြန်လာကြသည့် ပုဂ္ဂလိကအရောင်းစာရေးမလေးတွေလည်း ရှိသည်။

သည်လို ရောက်တတ်ရာရာတွေ တွေးနေတုန်း သူ့နားကို လူရိပ်တခု အရမ်းကပ်လာသည့်အတွက် ဆတ်ကနဲ လှည့်ကြည့် မိတော့ မိန်းမငယ်လေးတယောက်။ သူ့ကို တခုခုပြောလိုဟန်နှင့် စိုက်ကြည့်နေသည်။
သူ့နဖူးထက်မှာ မှဲ့နက်အသီးကြီးက ထင်းလို့…။

“အကိုကြီး ကျမကို ခေါ်သွားပါလားဟင်…” ဆိုသည့်အသံက ခပ်တိုးတိုး။

ရင်ထဲမှာ နင့်ကနဲ လှိုက်တက်သွားရသည်။

သူ့ကြည့်ရတာ၊ အသစ်လား…အလုပ်မဖြစ်၍ စိတ်ပျက်အားငယ်နေသည်လား…တကယ်လို့ သည်ည ပိုက်ဆံ မရလျှင် သူ့ကို မှီခိုနေသူ တယောက်ယောက်အတွက် အန္တရာယ်ရှိသည့် အခြေအနေမှာလား… ပျော်လို့ သည်လိုလုပ်နေတာ မဟုတ်တာ…ဒါမှမဟုတ်..သည်အလုပ်မှာ ပျော်မွေ့နစ်မွန်းနေသည့် အသံမျိုး မဟုတ်တာတော့ သေချာလွန်းလှသည်။

“ကျမ ဒီအလုပ် လုပ်နေကျမဟုတ်ပါဘူးရှင်။ ကျမကို ခေါ်သွားပါနော်…”

“မင်း ဘယ်မှာနေလဲ”

“ထောက်ကြံ့ဘက်မှာပါ။ ကျမ ဒီက မဟုတ်ဘူးရှင့်။ နယ်ကပါ။ သူငယ်ချင်းအိမ်မှာ ခဏလာတည်းတာပါ။ အကိုကြီးခေါ်တဲ့ ဆီကို လိုက်ပါ့မယ်။ ခေါ်သွားပါနော်”

ထိုစဉ် မြေနီကုန်း ကားတစ်စီး ဆိုက်လာသည်။

“ကဲ လာ၊ လိုက်ခဲ့”

ဆိုပြီး သူက ကောင်မလေးကို ကားပေါ် အရင်တွန်းတင်လိုက်ပြီး ကောင်မလေးနှင့် ကပ်လျှက်နေရာမှာ သူမတ်တပ်ရပ်ကာ တွယ်စီးလိုက်သည်။ ကားပေါ်မှာ နေရာလွတ်တော့ ကောင်မလေးဘေးမှာ ၀င်ထိုင်ရင်း တိုးတိုးမေးလိုက်သည်။

“မင်း ဘယ်လောက်ကြာပြီလဲ၊ ဒီအလုပ်လုပ်နေတာ။”

ကောင်မလေးက မဖြေ။

“ငါမေးတာကို ဖြေလေ။”

“ဟုတ်ကဲ့ရှင့်” ဆိုသည့်အသံက ငိုသံစွက်နေသလို အဖျားခတ်တုန်ရီလျှက်…

“ဒီလို အချိန်မျိုး ဒီလိုနေရာမျိုးမှာ ပိုက်ဆံတပြားမှ မရဘဲ မင်းပါသမျှလုသွားမဲ့သူတို့ ပိုက်ဆံမပေးဘဲ မင်းကို အနိုင်ကျင့် သွားမယ့်သူတို့နဲ့ တွေ့နိုင်တယ်လို့ရော မင်း တခါမှ တွေးမကြည့်ဖူးဘူးလား”

“အဲလို လူမျိုးတွေနဲ့လည်း ကြုံဖူးခဲ့ပါတယ်ရှင်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ၊ ကျမ ပိုက်ဆံရမှ ဖြစ်မယ်။”

ဆက်မမေးရက်တော့။ စပယ်ယာ၏ လူခေါ်သံ ပိုက်ဆံတောင်းသံတွေကြားမှာ ပြွတ်သိပ်နေသည့် လူတွေကြောင့် ညီးစီစီ ဖြစ်လာသည်ဟု သူထင်မိသည်။

မြေနီကုန်းရောက်ခါနီးမှ အိပ်ထဲ ပါသမျှ အားလုံးနီးပါးကို ဆွဲထုတ်ကာ ကောင်မလေးလက်ထဲ ထိုးထည့်လိုက်သည်။ နောက် မြေနီကုန်းသို့ရောက်သောအခါ ကောင်မလေးက ပိုက်ဆံတွေကို ကျစ်နေအောင် ဆုပ်ထားရင်း သူ့ကို ပြူးကြောင် ကြောင်နှင့် ကြည့်နေလေသည်။

“သိမ်းလိုက်လေ” လို့ တိတ်တိတ်ကြိတ်ဆိုမှ သူ့ ရင်ဘတ်ကြားထဲက ပိုက်ဆံအိပ်သေးသေးလေးကို ဆွဲထုတ်ပြီး ပိုက်ဆံတွေကို ထိုး သိပ်ထည့်သည်။ ပြီးတော့ သူ့ကိုမျက်လုံးရွဲကြီးတွေနှင့် မ၀ံ့မရဲ ကြည့်လာသည်။

သူက- မင်း အိမ်ကို တန်းတန်းမတ်မတ်ပြန်တော့ ညီမလေး။ သိပ်ဉာဥ့်နက်နေပြီ…ဟု ပြောသောအခါ ကောင်မလေး မျက်ရည်တွေ ၀ဲတက်လာသည်။ တဆတ်ဆတ်တုန်နေသည့် နှုတ်ခမ်းလေးက ဘာစကားမှ မဆိုနိုင်။

♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦♦

Saturday, May 15, 2010

တံလျှပ်ရွှေပြည် အပိုင်း (၉)

နတ်..ဆိုတာ တကယ်ရှိရဲ့လား…
ဟု မေးတိုင်း အမေက ရှိတာပေါ့သမီးရဲ့၊ မရှိဘဲနဲ့ ရှေးလူကြီးတွေက ဒီအစဉ်အလာကို ထားခဲ့ပါ့မလား…ဟု ပြန်ဖြေလေ့ရှိပါသည်။

အိမ်မှာ ဦးရှင်ကြီးတင်သည့်အခါ…အိမ်တွင်းမင်းမဟာအတွက် အုန်းလဲသည့်အခါ ၀ါအ၀င်မှာ (၃၇) မင်းနတ်ကို ပ,သ သည့်အခါမျိုးတွေမှာဖြစ်သည်။ ညနေ မှောင်ရီသန်းလို့မှ အိမ်တွင်းအုန်းကို ကန့်လန့်ကာအနီစလေးနှင့်ဆွဲမပိတ်မိလျှင် နီးရာလူတော့ နားကွဲအောင်အမေဆူပြီသာ မှတ်ပေတော့။

ဝင်းဝင်းမာ တခု မသိတာက မီးကိုကြောက်သော အိမ်တွင်းမင်းမဟာမောင်နှမတတွေကို မီးနှင့်အရောင်ဆင်သည့် အနီ ရောင်နှင့်တော့ ဘာဖြစ်လို့ ကာပေးကြတာလဲဆိုတာပါပဲ။ တကယ်ဆို အနက်ရောင်တို့ အဖြူရောင်တို့နှင့် ကာသင့်သည် မဟုတ်လား။

ဝင်းဝင်းမာနှင့် တင်တင်တို့က အသိတအိမ်က နတ်ကန်တော့မလို့ လာကူပါဆိုတာနှင့် ၀င်းဝင်းမာနှင့် တင်တင်တို့ ရပ်ကွက် ကျော်ပြီး အေဘီရပ်ကွက်ထဲ ရောက်နေတာပါ။ အဲဒီ အမနှင့်က ဈေးထဲမှာဆုံရင်း အသိမိတ်ဆွေဖြစ်နေကြကာ၊ မနေ့က ကုလားဈေးမှာ ဈေးဝယ်ရင်း မနိုင်မနင်းဖြစ်နေသည့် သူ့ကို ပစ္စည်းတွေ လိုက်သယ်ပို့ပေးတော့ သူက နတ်တင်မှာမို့ လာကူ ပါ။ လာလည်းစားပါဟု ခေါ်တာနှင့် ရောက်လာကြရတာ။ မုန့်ဖြူ၊ မုန့်နီကျော်၊ မုန့်ဆီကျော်ကြော်..လက်ဖက်သားတွေနှပ်၊ လက်ဖက်ရည်တွေဖျော်…တပျော်တပါးကြီး… မနှဲလေးအတွက် ဘဲဥနှစ်လုံးပြုတ်ပီးပီလားဟု အိမ်ရှင်၏သားကလေးက မေးနေသံလည်းကြားရသည်။

“သားက မမနှဲလေး ၀င်လာရင် သိပ်ပျော်တာလေ။ အနှီးထုပ်ထဲကတည်းကပေါ့။ အခုထိ မနှဲလေးအတွက် ဘဲဥမပါမှာကို သူက အမြဲ သတိထားတယ်။ အဲဒါကြောင့် မမနှဲကလည်း သူ့ကို စောင့်ရှောက်တာ”

“သူ့သားကို မမနှဲစောင့်ရှောက်တာ ဘယ်လိုသိလဲမသိဘူးနော်” ဟု တင်တင်က တိုးတိုးလေး ၀င်းဝင်းမာကိုမေးသည်။

ဝင်းဝင်းမာက အိမ်ရှင်ကြားသွားမှာစိုးသောကြောင့် တင်တင့်ကို မျက်လုံးပြူးပြကာ ဟန့်တားတော့ တင်တင်က လျှာတစ် လစ်နှင့် ပုခုံးတွန့်ပြသည်။

“နတ်ကတော်ပြောလို့ သိတာပေါ့ဟဲ့” ဟု ဘေးက ကြားသွားသည့် အသက်ခပ်ကြီးကြီး အမျိုးသားတဦးက ခပ်တိုးတိုး လှမ်းပြောသည်။ အသံက လှောင်ပြောင်လိုဟန်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ နတ်တွေက အငွေ့ပဲ စားစား၊ အနံ့ ရှူရုံပဲရှူရှူ..ငါတို့က မုန့်ဆီကြော်မစားရတာ နှစ်ပေါင်းများစွာ ကြာ နေပီ။ သူတို့ နတ်တင်မှပဲ စားရတာဆိုတော့ ဘာမှ လာပြောမနေနဲ့။ မုန့်လုံးရေပေါ်လေး လှအောင်လုံး။ မုန့်ဆီကြော်စားဖို့ ပါးစပ်ပြင်ထား။ ဒါပဲ” ဟုပြောကာ အနားမှ ထွက်သွားတော့ ၀င်းဝင်းမာက မျက်စောင်းထိုးပြီး ကျန်ရစ်ခဲ့သည်။

“သာပေါင်း ညာစား…ဆိုတာ ဒီလိုလူမျိုးပေါ့…” ဟု တင်တင် ကြားရုံ နှုတ်ခမ်းလှုပ်ပြီး အတင်းချလိုက်သေးသည်။

တင်တင်ကလည်း အေးလေ။ ယောက်ကျားကြီးတန်မဲ့နဲ့…ဟု ဆက်ဖြည့်သည်။

မနေ့ညက သည်အိမ်က အမ၏ ဖိတ်ကြားချက်ကို တင်တင်ရော ၀င်းဝင်းမာပါလက်ခံခဲ့ပြီးသည့်နောက် ညဘက်တွင် နတ် ဆိုတာနှင့်ပတ်သက်ပြီး ရှိတယ်..မရှိဘူး ဆွေးနွေးဖြစ်ကြသည်။ သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ။ သူတို့ အိမ်တွေ ကိုယ်စီမှာလည်း မိခင်တွေ သို့မဟုတ် မိခင်၏ မိခင်တွေ ကြီးဒေါ်တွေက နှစ်စဉ် နတ်ကိုးလေ့ရှိတာမျိုး အနည်းဆုံး အိမ်တွင်းအုန်းကို အခြောက်မခံဘဲ လဲတာမျိုးတွေကိုတော့ လုပ်ရိုးလုပ်စဉ် ပုံမှန် ကိစ္စတခုအဖြစ် သိနားလည်ထားခဲ့ကြသည်။

နတ်ဆိုတာ တကယ်ရှိမရှိနှင့် ဖိတ်ပြီဆိုလျှင်လည်း နတ်က အိမ်တိုင်းစေ့က ဖိတ်သမျှကို ဘယ်လိုကြွနိုင်သလဲ..ဟု တယောက်ကိုတယောက် မဖြေတတ်သော မေးခွန်းတွေကို ထုတ်ကာ ရယ်နေခဲ့ကြတာဖြစ်သည်။ မြန်မာပြည်မှာဆို နတ်ကဏ္ဍားရာသီတွင် တမြို့တည်းကပင်လုပ်သည့် တနေ့ထဲမှာလုပ်သည့် အိမ်ပေါင်းက ရာနှင့်ချီရှိနေ တာ။ တနေ့မှာ နတ်ကန္နားပွဲ တရာ တပြိုင်တည်းရှိလျှင် တပါးဆီ အလှည့်နှင့် ခွဲကာ ကြွကြစေဦးတော့ (၃၇) ပွဲမှာသာ တပြိုင်တည်း ကျင်းပနိုင်မှာပါ။ ဒါဖြင့် ကျန်သည့် (၆၄) ပွဲက နတ်နန်းတွေမှာ နတ်ကတော်တွေက အင်ထု နေတာကို ခံနေကြရတာ သေချာသည်။

အိမ်ရှင်တွေက နတ်ပင့်တတ်သည့် သူတို့မိတ်ဆွေကို လည်တရှည်ရှည်နှင့်မျှော်နေကြသည်။ နတ်ပွဲကျကို နည်းအမျိုးမျိုးနှင့် နှုတ်ခမ်းပြင်ကာ စောင့်နေသူတွေကလည်း အိမ်ရှင်ထက်ပင် စိတ်အားထက်သန်နေကြသေးတော့သည်။ ကိုကြီးကျော်ပွဲကျ အရက်ကောင်းကောင်းကို မျှော်နေသူ၊ အမေဂျမ်းအကျ လက်ဖက်ပွဲကို တွယ်မည့်သူ…သုံးဆယ့်ခုနစ်မင်းကျ လက်ဖက်ရည် ပေါ့စိမ့်လေးကို မျှော်နေကြသူ… မုန့်ဆီကြော်ကို မျက်စောင်းခဲပြီး သွားရည်တမြားမြားကျနေသူ…. အားလုံး အသင့်ဖြစ် နေသော် လည်း နတ်ပင့်တတ်သူက ရောက်မလာခဲ့။

ရောက်လာသူတွေက ကိုမျိုး ဆိုသူတို့ သုံးယောက်တတွဲ…

“ဟေး… ကိုမိုးကျော်… ခင်ဗျားတို့ မာမီ့ကို စောင့်နေတာဆို..ဗျ”

“ဟာ…မျိုးဟန်ဇော် လာ..လာ၊ ငါလည်း အလုပ်နည်းနည်းရှုပ်တာနဲ့ မင်းတို့ကို ခေါ်ဖို့မေ့သွားတယ်ကွာ။ ဟုတ်တယ်။ ငါတို့ မာမီ့ကိုစောင့်နေတာ။ ဒီကောင် ဒီညနေအမီ မဲဆောက်က ပြန်လာမယ်ပြောပီး ဘယ်လိုဖြစ်လဲမသိဘူး။ နောက်ကျ လိုက်တာ။ ဒီမှာ အားလုံးက အဆင်သင့်ဖြစ်နေပြီ။ သူပဲ လိုတော့တာ”

ကိုမျိုးဆိုသူ၏အမည်က မျိုးဟန်ဇော်…ဆိုတာ အခုမှ ၀င်းဝင်းမာ သိလိုက်ရသည်။ မော့ကြည့်လာသော ၀င်းဝင်းမာအား ခေါင်းညိမ့်ကာ ပြုံးလျှက် သူက နှုတ်ဆက်၏။

“ခင်ဗျားတို့ကလည်း နှစ်ပေါင်း ဒိလောက်ကြာပီ၊ နှစ်တိုင်းလုပ်နေတဲ့အလုပ်ကို အခုထိ ကိုယ့်ဖာသာကိုယ် မလုပ်တတ် သေးဘူးလားဗျ။ နတ်ပင့်တာပဲ။ နတ်တွေ နံမည်အကုန်တန်းစီခေါ်ပြီးတော့ စားဖို့ သောက်ဖို့ ကြွပါ ဆိုပြီးရောမဟုတ်လား။

ဘုရားဆွမ်းတော်တင်တော့ ကိုယ့်ဖာသာကိုယ် တင်တာပဲဟာ”

ကိုမျိုးနှင့်တွဲဘက် တယောက်ဖြစ်သော ကိုတင်ထွဋ်က အပြစ်တင်စကားကို ခပ်ဖော့ဖော့လေသံနှင့် ခံသာအောင်ပြောရင်း လက်ကလည်း ဒါက အပိုမို့လား…ဟို မေးမေး ကောက်ကောက်နှင့် မုံ့လုံးရေပေါ်တလုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်သေးသည်။

“အို ကိုတင်ထွဋ်ကလည်း၊ ဘုရားက တပါးတည်း။ နောက်ပြီး ဘာမဆို မေတ္တာနဲ့ ခွင့်လွှတ်တော်မူတယ်။ နတ်တွေကျတော့ မတူဘူး။ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း၊ ကိုးကွယ်နေပေမယ့် သူတို့ကို တပြိုင်တည်း နံမည်တွေ ဘယ်လိုလုပ် မှတ်မိပါ့ မလဲ။ နောက်ပီး သူတို့က လူ့ဘ၀ကတည်းက စိတ်တွေက ထက်သလားမမေးနဲ့၊ အမှားအယွင်းခံခဲ့ကြတဲ့သူတွေ မဟုတ်ဘူး။ ဒီတော့ ကိုယ်တော်တွေကို စိတ်အလိုမကျ ဖြစ်အောင်လုပ်မိရင် နတ်ကိုင်လိုက်မှာစိုးရတယ်လေ။ ဒါကြောင့် နှုတ်စလျှာစရှိတဲ့ သူကို စောင့်နေရတာ။ တကတဲမှပဲတော်..နတ်ပင့်မယ့်သူကို ပင့်ရတာ နတ်ပင့်ရတာထက် လက်ဝင်နေတယ်”

ကိုမိုးကျော် ကတော် မအိက နတ်တွေ အစည်းဝေးထွက်သွားမှဖြင့် သူ့ပွဲကို မနွဲလာဘဲ နေတော့မယ် ဆိုကာ စိတ်စောနေ သည်။ နတ်ကို မယုံသည့်တိုင် အခြောက်သံနှောနှောပြီး ခပ်နွဲ့နွဲ့ နောက်ပြောင်တတ်လေ့ရှိသော..နောက်ပြီး ဘုန်းကြီး တရားဟောသံတို့ နတ်ပင့်သံတို့ လိုက်တုအော်ရမှာ ၀ါသနာ ထုံသော ကိုမော်ဇင်မှာ နံမည်ရင်းကို ခေါ်သူမရှိသလောက် ရှားကာ မာမီ…လို့သာ အခေါ်ခံနေရအောင် နတ်ပင့်ပေးရတာ လက်မလည်….

“ကျနော်တို့ ကြားတာကတော့ ကိုမော်ကြီးက သူ့လက်မှတ်ကို ကော်ပီလုပ်ပီး သူများကို ပေးလိုက်တာ အဲဒီလူက မြို့အထွက်က ဂိတ်မှာ အဖမ်းခံနေရလို့ သူလည်း ပြန်မလာရဲတော့ဘူးတဲ့ဗျ”

ကိုမျိုးက ခပ်အေးအေးနှင့် ကိုမိုးဇော်ကို ရှင်းပြသောအခါ မအိ ပျာယာခတ်သွားလေသည်။

“အို…ဒုက္ခပါပဲတော်။ ဒီမှာ အကုန်လုံး ပြင်ဆင်ပြီးမှ အထစ်ထစ် အငေါ့ငေါ့ဖြစ်ရတယ်လို့။ အဲဒါကြောင့် ပြောတာပေါ့ ၀က်သားမစားပါနဲ့ မင်းနှစ်ပါးက မကြိုက်ပါဘူးဆိုတာကို ရှင်က တော်တော် အစားသောင်းကျန်းတဲ့လူ။”

“ကိုမိုးကျော် ၀က်သားစားတာနဲ့ ကိုမော်ကြီး မဲဆောက်က မပြန်ရဲတာ ဘာဆိုင်လို့လဲ မအိရာ”

ဟု ကိုတင်ထွဋ် မေးခွန်းထုတ်သည်။ ကိုမိုးကျော်ကတော့ သူ့မိန်းမလျှာစောင်းကို ကြောက်ရသည်ထင်၏။ တုပ်တုပ်မှမလှုပ်။
“အို..ဘာလို့မဆိုင်ရမလဲ။ ကျုပ်က မင်းညီနောင်နှစ်ပါးကို ကိုးကွယ်ထားတာ။ မင်းညီနောင်က ၀က်သားစားတာ မကြိုက် တာကို သူနဲ့ မညားခင်ကတည်းက ပြောထားသားပဲ။ အစတုန်းကတော့ မင်းကိုမဖြတ်နိုင်ပါဘူး။ ၀က်သားပဲ ဖြတ်ပါမယ်… ဆိုပြီးတော့…”

ငယ်ကျိုးငယ်နာတွေပါလာသဖြင့် ကိုမိုးကျော်မျက်နှာက မချိုမချဉ်….အို့တို့အန်းတန်း။

နတ်တင်ရးကိစ္စ နှောင့်နှေး ကြန့်ကြာမှုသည် အိမ်ဦးနတ် ခင်ပွန်းသည် လင်ယောက်ကျား ၀က်သား ခိုးစားသည့်နေရာမှာ သွားပီး အမှုပတ်နေသည်ကို ၀င်းဝင်းမာ ရယ်ချင်မိသည်။ အင်း…ဘယ်လို လုပ်ကြပါမလဲ။

ငွေကုန်ကြေးကျကလည်း နည်းလှတာမဟုတ်။ နတ်ပင့်တတ်သူ အဆင်ပြေမှ နောက်တခါ ဒီလို ထပ်ပြီး သည်လိုမျိုး ကြော်ရလှော်ရမည့် စရိတ်စကကလည်း ဒုက္ခသည် စခန်းထဲမှာ သူများထောက်ပံ့ကြေးနှင့် နေရသည့်အချိန်မှာ အတော့်ကို မလွယ်သော ကိစ္စတခုဖြစ်သည်။

“ကဲဗျာ…မာမီကြီး မလာလည်း ကျနော်ပဲ လုပ်ပေးမယ်” ဟု ကိုမျိုးဟန်ဇော်က ခပ်ကျယ်ကျယ် ပြောလိုက်သောအခါ အားလုံး၏ တအံ့တသြအကြည့်တို့က ကိုမျိုးဟန်ဇော်ဆီမှာ သွားစုသည်။ သူက ခပ်တည်တည်။

မအိက ကိုမျိုးမျက်နှာကို စေ့စေ့ပါအောင် ကြည့်ပြီး စုံစမ်း စစ်ဆေရေးဝင်လေသည်။

“ရှင် နတ်ပင့်တတ်တယ်လို့ ကျမဖြင့် တခါမှ မကြားဘူးပါဘူး ကိုမျိုးရယ်။ ဟုတ်မှလည်း လုပ်စမ်းပါ၊ တော်ကြာ ကိုယ်တော်တွေ စိတ်ဆိုးကုန်လို့ တတိယနိုင်ငံ ထွက်ဖို့ အထစ်အငေါ့တွေ ဖြစ်ကုန်ပါ့မယ်”

“မအိကလည်း ကျနော့်ကို တော်တော် အထင် စမောတာပဲကိုး။ မာမီက ကျနော်သင်ပေးလို့ မာမီဖြစ်သွားတာပါဗျ.။ ခင်ဗျား ၃၇ မင်းကို ကျနော်က အရည်ကျိုသောက်နိုင်လောက်အောင် ကျွမ်းပါတယ်ဗျ။ ရေငံပိုင် ဦးရှင်ကြီးအတွက် မုန့်ဆန်းနဲ့အုန်းဆံ လေးနဲ့ ငှက်ပျောသီးလေး အခွံနွှာထားလား။ အိုကေ.. အမေရေယာဉ်အတွက်ရော ငါးရံ့ နှစ်ကောင်နဲ့ကန်စွန်းရွက် ပါရဲ့လား၊ ရွှေနှဲလေးအတွက်က ရွှေဘဲဥ နှစ်လုံးနဲ့ ချိုချဉ်နှစ်လုံး..ဟုတ်တယ်နော်။ သူက ကလေးနတ်ဆိုတော့ ကလေးစာ ကြိုက်တာ ကိုးဗျ၊ ကိုကြီးကျော်ကတော့ ပင်ကျရည်လေး ကောင်းကောင်းမက်မှာပေါ့။ အမေဂျမ်းအတွက် လက်ဘက်ပွဲ ကောင်းကောင်း နော်။ ဆီရွှဲရွှဲဆမ်း ပဲကြော်မပါဘဲ လက်ဘက်ရယ်၊ နှမ်းလှော်လေးရယ်…နောက်ပီး ကြက်သွန်ကြော် ရယ်..ဒါပဲ။ အိုကေ ဒါလည်း မှန်တယ်”…

ကိုမျိုးဟန်ဇော်က နတ်စာချရန် ပြင်ဆင်ထားသည့် ခန်းလုံးပြည့် ပွဲတွေကို တပွဲစီ လျှောက်ကြည့်ကာ သေချာ စစ်ဆေးရင်း နတ်တွေ၏ အမည်နာမနှင့် တင်လေ့ရှိသော အစားအစာတို့ကို ပူးတွဲ ရေရွတ်သွားသည်။ မအိမျက်နှာပေါ်မှာ ကိုမျိုးဟန် ဇော်အပေါ် နတ်နှင့်ပတ်သက်ပြီး ယုံကြည်စိတ်ချမှုတွေ တဖွားဖွား ပေါ်လာနေတာက အထင်းသား။

“’ဒါနဲ့ ကိုယ်တော်လေးရဲ့ စီးတော်ကျားအတွက် အုန်းသီးကရော ဘယ်မှာလဲ။ အော…ဟိုဘက်မှာကိုး၊ ကျနော်က မျက်စိ နည်းနည်းလျှမ်းသွားတယ်။ မအိက ကိုယ်တော်တွေကို နံမည်မမှတ်မိဘူးသာ ပြောနေတာ။ ပြင်ဆင်ထားတာကျတော့ လည်း ဟုတ်လို့ပဲ။ ဘာမှမလိုအပ်ဘူး”

ကိုမျိုးဟန်ဇော်၏ ချီးမွမ်းစကားအဆုံးမှာ မအိမျက်နှာပေါ်မှ ဂုဏ်တက်သည့်ခပ်မိန့်မိန့်အပြုံးဖြင့် တောက်ပသွားလေသည်။

“ရှင်က အလံနီ ကွန်မြူနစ်လို့ လူတကာ ပြောနေတာ။ ကွန်မြူနစ်တွေက ဘုရားတောင် မရှိခိုးဘူးဆို…ရှင်က နတ်တွေအကြောင်း အကုန်သိတာကိုး”

သူ့အား ကွန်မြူနစ်…ဟု သမုတ်သည်ကို ဘာမှ ပြန်မဖြေဘဲ ကိုမျိုးက ပြုံးတုံ့တုံ့လုပ်နေသည်။

ကိုမိုးကျော်က မြွေမြွေချင်း..ခြေမြင်…ဆိုသလို မယုံသင်္ကာမျက်လုံးတွေနှင့် ကိုမျိုးကို လှမ်းကြည့်နေသည်ကို ကိုမျိုးက မသိချင်ယောင်ဆောင်၏။

“လူတွေက နံမည် လိုက်ဖျက်နေတာပါဗျာ၊ ကိုမျိုးက အလံနီ မဟုတ်ပါဘူး။ အလံဖြူထောင်ထားတဲ့သူပါ”

သူတို့အချင်းချင်းသာ နားလည်မည့် စကားတွေနှင့် တဟဲဟဲ ရယ်နေကြပြန်သေးသည်။ နောက်တော့ မအိက မနေနိုင်ဘဲ ကိုမျိုးကို တကယ်ပဲနတ်ပင့်တတ်သလား မေးလာသည်။ ကိုမျိုးကလည်းတကယ်ပင့်တတ်ကြောင်း ပြော၏။ သည်လိုနှင့် နတ်တင်ပွဲ စတင်ဖြစ်သွားလေသည်။

ဘုရားစင်အောက်ဘက်သို့ နတ်တင်မည့် အစားအသောက်မျိုးစုံ ပန်းကန်တွေကို ဒါက ဘယ်နတ်မင်းအတွက်… ခေါ်ဝေါ် ရင်း ကိုမျိုးက နေရာချထားသည်ကို သူ့သူငယ်ချင်း ကိုတင်ထွဋ်နှင့် နောက်တယောက်က ရိုရိုကျိုးကျိုး ကူညီပေးကြသည်။

ထို့နောက် ဟန်ကျ ပန်ကျ ဘုရားကန်တော့ …လက်ကန်တော့ထိုးဖြင့် မုန့်ဖြူ မုန့်နီ ပွဲတို့ကို တင်ချည် မြှောက်ချည်လုပ်ကာ ပြုံး၍လည်း ခံတော်မူပါ…ရယ်၍လည်း ခံတော်မူပါ…ဟု သံနေသံထားနှင့် ကိုယ်တော်လေး နှစ်ပါးက စပြီး တန်းစီကာ နံမည်တွေကို ရေရွတ်လေသည်။

ဝင်းဝင်းမာက ကိုမျိုး၏ နောက်ကျောပြင်ကို တိတ်တိတ်လေး ခိုးငေးရင်း နတ်…ဆိုတာ တကယ်ရှိမရှိ ခပ်ဝေေ၀ ၀ါးဝါးဖြစ် နေရာက အော်…သူတို့လို ခေတ်ပညာတတ် အမြင်ကျယ်တဲ့သူတွေတောင်မှ ယုံကြည်တယ်ဆိုရင် ဒီ ၃၇ မင်းနတ် တကယ် ရှိမှာပါပဲလေ…ဟု အတည်ပြုချက်ပေးရင်း နတ် ရှိလား..မရှိလား..သံသယအတွေး ၀င်ခဲ့မိသည်ကို နတ်မင်းတွေသိကာ နတ်ကိုင်ခံလိုက်ရမှာကို နည်းနည်းတောင် ကြောက်သွားမိလိုက်သည်။

ရှိသမျှ နတ်စာပွဲတွေ အာလုံးကို ကိုမျိုးလက်နှင့် ထိတွေ့ ပင့်ဖိတ်ပြီးချိန်တွင်တော့ ကိုမျိုးက ခပ်ငိုင်ငိုင် အမူအယာနှင့် မျက်လုံး အစုံကို မှိတ်ကာ တစုံတယောက်ကို တိုးတိုး တိုးတိုးနှင့် တောင်းပန်တိုးလျှိုးနေပြန်သည်။ မအိက ကိုမျိုးကို မျက်တောင် မခတ်တမ်း လိုက်ကြည့် အကဲခတ်နေသည်။ သူ အကုန်အကျတွေခံကာ လုပ်ထားသမျှ ကိုယ်တော်တွေ စိတ်နှင့်မတွေ့မှာကို စိုးနေသည်။ အမေဂျမ်းက ပင့်ဖိတ်တာ နောက်ကျလျှင် ဖေ…တော့ မောင်တော့…နှင့် ပတ်ကြမ်းတိုက်တတ်တော့ ကြောက်ရ သေးသည်။ ကိုကြီးကျော် ကြက်လောင်းဖို့များ လောင်းကြေးငွေ တောင်းရင် ပေးနိုင်အောင် ပိုက်ဆံကို လက်ထဲမှာကျစ်နေ အောင် ဆုပ်ထားရသေးသည်။

နောက်ဆုံးတော့ ကိုမျိုးက မအိဘက်ကို သိပ်မကာင်းလှသော မျက်နှာနှင့်လှည့်ကာ စကားပြောလိုက်သည်။

“မအိရေ… စိတ်မကောင်းပါဘူးဗျာ။ ကျနော် ဘယ်လိုမှ မတတ်နိုင်တော့ဘူးဗျ”

“ဟင်..ဘာဖြစ်လို့လဲ ကိုမျိုး၊ ဘာများ အမှားအယွင်းပါသွားလို့လဲ။ မင်းကလေးက စိတ်ခုသွားတာလား။ ဘယ်အရှင်သခင် များ စိတ်ခုသွားလဲ ကိုမျိုးရယ်။ ကျမက တခြား ဘာဆုမှလည်း မတောင်းချင်ပါဘူး၊ တတိယနိုင်ငံကို အမြန်ဆုံး ထွက်ရရင် တော်ပါပြီ။ သူများတွေလို ဟိုး မထိချင်ဘူးလေ”

“အေးဗျာ…ကျနော်လည်း ကူညီချင်ပါတယ်။ အခုဟာက တော်တော် ခက်တယ်ဗျ၊ ကျနော် ဘယ်လိုမှ ပင့်လို့ မရဘူး ဖြစ်နေတာ”

“ဘာဖြစ်လို့လဲ ကိုမျိုး၊ ဘာများ လိုအပ်တာရှိနေလို့လည်း”

“ပတ်စ်ပို့ဗျ”

“အီ….” ကနဲ ကိုမိုးကျော်ထံမှ အသံသဲ့သဲ့တချက်ထွက်လာသည်။

“ဟုတ်တယ်။ ကိုမိုးကျော်။ ကျနော်တို့ရဲ့ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း အားလုံးသော နတ်မင်းတွေက ကျနော့် ပင့်ဖိတ်သံကို ကြားကြလို့ ကြွလာကြပါရဲ့။ အခု ထိုင်းနယ်စပ်မှာ ပြဿနာပေါ်နေတယ်။ ထိုင်းနတ်တွေက တားထားတယ် ဗျ။ ပတ်စ်ပို့မပါရင် ၀င်ခွင့် မပေးနိုင်ဘူးတဲ့။ သူတို့နယ်ထဲဇွတ်ဝင်ရင် တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ စွဲမယ်တဲ့။ ပြီးတော့ မြ၀တီဘက်မှာ သွားပြန်သွန်လိုက်မယ်တဲ့……”

♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦♦♦

ကိုမျိုး မေးရိုးပေါ်က နီညိုညိုအကွက်ကလေးကို ၀င်းဝင်းမာ ခိုးငေးတာကို အမိဖမ်းပြီး ကိုမျိုးက လှစ်ကနဲ မျက်စိမှိတ်ကာ ပြုံးပြသည်။ အနည်းငယ် ယောင်ကိုင်းနေသေးသည့် သူ့မေးစေ့ကို ခပ်ဖွဖွ ပွတ်လျှက် ကိုမျိုးက - ညီမ တို့ အိမ်မှာ နတ်တင်မယ်ဆိုရင် ပြောနော်… အကိုက နတ်ပင့်အော်ဒါတွေ လက်ခံဆောင်ရွက်ပေးနေတယ် ဟု နောက်ပြောင်သည်။

“ဘာဖြစ်လို့ အဲလို ပြောလိုက်တာလဲဟင်… သူငယ်ချင်းချင်း အခင်အမင် ပျက်သွားတာတော့ မကောင်းဘူး ထင်ပါတယ်”

အတွေးရိုးသော ၀င်းဝင်းမာကို ကြည့်ကာ ကိုမျိုးဟန်ဇော်တို့ သုံးယောက်က ရယ်နေကြသည်။

“ကိုယ်တို့က သေနတ်တွေ တဖောင်းဖောင်းကြားမှာ အတူတူ လက်တွဲပီး အလုပ်လုပ်လာကြတဲ့ တကယ့် သေအတူ ရှင်မကွာ ရဲဘော် ရဲဘက်တွေပါ။ ဒါကြောင့် လက်သီးတချက် အထိုးခံလိုက်ရရုံနဲ့တော့ ကိုယ်တို့ကြားက ခင်မင်မှု ပျက်စီး မသွားပါဘူး။ ကိုယ် ဒီစကားပြောရင် သူက ဒီလို လက်သီးစာကျွေးလိမ့်မယ် ဆိုတာ သိပြီးသားပဲ။ မိတ်ဆွေ သူငယ်ချင်း ကောင်းဆိုတာ အတွေးမှား အလုပ်မှားနေတဲ့ ကိုယ့်မိတ်ဆွေကို အမုန်းခံပြီး ဒါမှမဟုတ် အနာခံပြီး ပြောဆိုရဲတဲ့ သတ္တိမျိုးရှိရမယ်။ အဲဒါမှ မိတ်ဆွေကောင်းပီသမှာပေါ့။ ဒီကောင် ပြောလို့ရမှာလည်း မဟုတ်ပါဘူး ဆိုပြီး ပြောမကြည့်သေးဘဲ မပြောဘဲ နေလိုက်တာက မိတ်ဆွေကောင်းတယောက်ရဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး ညီမ၊ ကိုယ် တည့်မတ်ပေးတာကို လက်မခံတာ သူ့ကိစ္စ၊ ပြောစရာရှိတာကို မုန်းချင်မုန်း၊ ထိုးချင်ထိုး သိအောင် ပြောပေးဖို့က ကိုယ့် ကိစ္စလေ..”

တင်တင်က တောင်ကျစမ်းလေးက စိမ့်ထွက် စီးကျလာနေသည့် လက်သန်းတ၀က်လောက် ရေလုံးလေးအောက်က ပြည့်သွားသည့် ပလပ်စတစ်ပုံးကို ပုံးလွတ်တခုနှင့် လဲကာ ရေအပြည့်ပုံးနှစ်ပုံးကို ဆွဲပြီး လမ်းပေါ် ပြန်တက်လာသောအခါ ကိုတင်ထွဋ်က တင်တင့်လက်ထဲက ရေပုံးလေးတွေကို လမ်းပေါ်မှ လှမ်းယူကာ သူတို့ယူလာသည့် တွန်းလှည်းပေါ် တင်လိုက်သည်။

“ဟာ…နေပါစေ။ ကျနော်တို့ ဖာသာ လမ်းလျှောက်ရင်း သယ်ပါ့မယ်။ ကျနော်တို့ ဒီလိုပဲ သယ်နေကျပါ” ဟု တင်တင်က လမ်းပေါ် တက်လာရင်း အားနာပါးနာ ငြင်းသည်။

“အရေးတကြီး ကိစ္စမရှိရင် ကိုယ်တို့ရေပုံးစောင့်ပြီး အတူတူ ပြန်ကြတာပေါ့။ တွန်းလှည်းနဲ့ဆိုတော့ သက်သာတယ်လေ။ ဒီလောက်အဝေးကြီးကို ဆွဲရမယ်ဆိုရင် မသက်သာဘူး”

ဒုက္ခသည်စခန်းတွင်းမှာ ဘာမှ အရေးတကြီးကိစ္စ မရှိတာကြောင့် သူတို့ ကိုတင်ထွဋ်စကားကို အကျောက်အကန် မငြင်းကြတော့။ နောက် သည်လူစုနှင့် စကားပြောလိုက်တိုင်းလည်း စိတ်ဝင်စား ဗဟုသုတ တွေ တိုးပွားလာတာကို သူတို့ နှစ်ယောက်လုံးက နားထောင်လိုကြသည်။

“ဒါဖြင့် ကိုမျိုးတို့က နတ် ရှိတယ် ဆိုတာကို မယုံဘူးပေါ့” ဟု တင်တင်က သူတို့နှစ်ယောက်ဘေးမှာ ထိုင်ချရင်း ကိုမျိုးကို မေးခွန်းထုတ်သည်။

“ကိုယ်တို့ မမြင်ရတဲ့ အဲဒီ ကိစ္စတွေကို ရှိတယ် မရှိဘူး မငြင်းချင်ဘူး။ လက်တွေ့မပါတဲ့ ကိစ္စတွေနဲ့ ငြင်းခုန်နေရတာ အချိန်ကုန်တယ်။ ကိုယ့်ရဲ့ will power အဲ…ထားပါတော့ စိတ်စွမ်းအား၊ အဲဒီ စိတ်ရဲ့ စွမ်းအားတွေလည်း ကုန်တယ်ကွ။ ဒါပေမယ့် ဘုရားကိုယ်တိုင်က ဟောကြားတော် မူခဲ့တာပဲ။ ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရတယ်…ဆိုတာလေ။ သူကိုယ်တိုင်လည်း ဘုရားအဖြစ်ရောက်အောင် သူကိုယ်တိုင်ပဲ ကျင့်ကြံ အားထုတ်ခဲ့ရတာ နမူနာကောင်းပဲမဟုတ်လား။ ညီမတို့ စဉ်းစားကြည့်လေ…ဒီ ဒုက္ခသည်တွေ တတိယနိုင်ငံကို ရောက်ဖို့ဆိုတာ လတ်တလော ကိုယ့်ကို ခေါ်မယ့် နိုင်ငံရဲ့ စီးပွားရေးအခြေအနေကောင်းမကောင်းနဲ့ ဆိုင်လိမ့်မယ်။ သူတို့နိုင်ငံမှာ စီးပွားရေးကောင်းလို့ လူချမ်းသာတွေများပီး အလုပ်ကြမ်းနဲ့ အောက်ခြေအလုပ်တွေကို လုပ်ဖို့ လူမရှိတဲ့အတွက် အလုပ်ကြမ်းသမားလိုလို့ ခေါ်တာကို လူကြားကောင်းအောင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခသည်တွေကို စောင့်ရှောက်သလို အသံကောင်းဟစ်နေတာကို ကိုယ်က အမှန်အတိုင်း သိရမယ်။ အခုလို စီးပွားပျက် ကပ်ဆိုက်နေတဲ့အချိန် သူ့တိုင်းပြည်က လူတွေတောင်မှ သန်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်နေချိန်မှာ တစိမ်းတွေကို ခေါ်ကျွေးထားဖို့ အလုပ်ပေးထားဖို့က သူတို့တိုင်းပြည်အတွက် ၀န်ထုပ်ဖြစ်နေမယ်ဆိုရင် အဲဒီ ၀န်ထုတ်ကို သူတို့ ဘယ်ထမ်းပါ့မလဲ။”

အများကြီးတဆက်တည်း ပြောသမျှကို ခေါင်းထဲ တခါတည်းဝင်အောင် ၀င်းဝင်းမာ ဦးနှောက်အသစ်စက်စက်ကလေး တော်တော် အလုပ်လုပ်လိုက်ရသည်။ ဘယ်တုန်းကမှ သည်လို ကြောင်းကျိုးဆက်စပ်တွေးတောမှုမျိုးကို ရှည်ရှည်ဝေးဝေးလုပ်ခဲ့ကျင့် မရှိသောကြောင့်ပါ။

“လောကကြီးမှာ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် လူတွေက တခြား ဘာလုပ်နေတော့မလဲကွာ။ နဖူး ဂျွတ်တက်အောင်ပဲ ထိုင်ကန်တော့ ဆုတောင်းနေကြတော့မှာပေါ့” ဟု ကိုတင်ထွဋ်ကလည်း ၀င်ပြောသည်။

“အဲဒီ ကိုမိုးကျော်က အကိုတို့ သူငယ်ချင်း ဖြစ်နေပြီး ဘာလို့ အကိုတို့ တွေးသလို မတွေးတတ်တာတဲ့လဲ”
“ဒါက တယောက်ချင်းစီရဲ့ စာဖတ်အား။ ဆင်ခြင်စဉ်းစား ချင့်ချိန်နိုင်စွမ်းအားတွေ..နောက် ကိုယ်ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု။ နောက်ပြီး ပြီးပြီးရော…နေတတ်တဲ့ အကျင့် …အဲဒါတွေနဲ့ ဆိုင်တယ် မ၀င်းဝင်းမာ၊ ကိုမိုးကျော်က နတ်ကို ယုံလှလို့တော့ မဟုတ်ဘူး။ သူ့မိန်းမကို နားညည်းမှာကြောက်လို့ နားအေးပြီးရော…ထားရင်းနဲ့ တဖြေးဖြေး သူက ဦးဆောင်သူ မဟုတ်တော့ဘဲ မိန်းမနောက်လိုက်ဖြစ်သွားရတာ။ မိန်းမက ထက်ထက်မြက်မြက်နဲ့ ရှေ့တိုးလာရင်တော့ တမျိုးပေါ့။ အခုလို ကိစ္စမျိုးတွေမှာ အယူသီးတာ အမှတ်လွဲနေတာတွေကို ဒီလိုပဲ လွှတ်ထားတော့ သူတို့ မွေးထားတဲ့ ကလေးတွေမှာပါ အဲဒါက သွားပြီး ရိုက်ခတ်မှာလေ”

“ဒါဆို အခု အကိုမျိုးဟန်ဇော်က အနာခံပြီး အခုလို ပြောလိုက်ပါပြီတဲ့။ သူတို့က ပြင်သွားမှာတဲ့လား၊ ပြင်သွားလိမ့်မယ်လို့ ထင်လား” ကိုမျိုးဟန်ဇော်က မျက်ခုံးတချက်ပင့်ပြကာ ပြုံးနေသည်။

ခဏနေမှ “ကိုယ် ပြောပြီးပြီလေ၊ သူတို့ မပြင်ဘူး ဆိုရင်တောင် သူတို့ကလေးတွေရဲ့ ခေါင်းထဲမှာ မှတ်မှတ်ရရ အချက်တခု ရသွားမယ်။ အရွယ်ရောက်လို့ ကြောင်းကျိုး ဆက်စပ်ပြီး စဉ်းစားတတ်တဲ့အခါ သည်လိုအလုပ်မျိုးဟာ လက်တွေ့ဘ၀မှာ ဘယ်လောက် အကျိုးရှိလဲ မရှိဘူးလဲ သူတို့ဘာသာ ချင့်ချိန်သွားလိမ့်မယ်လေ။ အခုလောလောဆယ်တော့ မအိက အမိန့်ထုတ်ထားတယ်။ ကိုယ်တို့ကို သူ့အိမ်ရိပ်တောင် မနင်းနဲ့တဲ့…ဟား ဟားဟား…”

ကိုတင်ထွဋ်နှင့် နောက်တယောက်က ရေပြည့်သွားသော တင်တင့် ရေပုံးကို သူတို့ ရေပုံးနှင့် လဲလိုက်ကြပြီး တင်တင့်ရေပုံးကို သူတို့ တွန်းလှည်းပေါ် တင်လိုက်ကြသည်။

ဒုက္ခသည် စခန်းမှာ သောက်ရေအတွက် လှောင်ကန်များမှ ရေဖြန့်ဝေရေး စနစ်ရှိသော်လည်း ရေက ထုံးဓာတ်များလွန်း အားကြီးနေသည်။ ကျိုသလောက် ထုံးနှစ်တွေ ကျလာသည့်အတွက် ထုံးဓာတ်လုံးလုံးမပါသည့် တောင်ကျရေကို တမိုင်နီးပါး အကွာမှာ လာလာပြီး စိတ်ရှည်လက်ရှည် ထိုင်စောင့်ကာ သယ်ကြရသည်။ ကမ့်ထဲတွင် ရေထည့်ရန်ပေးသည့် ဂါလံပုံး အပြာလေးတွေနှင့် တင်တင်နှင့် ၀င်းဝင်းမာက ညနေတိုင်း လမ်းလျှောက်ကာ အေးအေး လူလူ သယ်လေ့ရှိသည်။

သူတို့ကတော့ ယောက်ကျားသားတွေဆိုတော့ လှည်းငှားပြီး ပုံးအကြီးကြီးတွေနှင့် တွန်းနိုင် သယ်နိုင်ကြသည့်အတွက် နေ့စဉ် လာရန်မလိုပေ။

“ညည်းတို့ နေ့တိုင်း ခပ်နေရတာလား” ဟု အသက်အကြီးဆုံး ဦးစိုးမြင့်က မေးသည်။ တဆက်တည်း နောက်ဆို သူတို့နှင့် အတူတူ ရေခပ်ဖို့ ပြောသည်။

“ကိစ္စမရှိပါဘူး။ ကျမတို့က ညနေပိုင်း လမ်းလျှောက်ရင်း နားနားနေနေ ခပ်တာပါ။ တခြားလည်း လုပ်စရာ မရှိဘူး မဟုတ်လား”

“လမ်းလျှောက်ချင်ရင် ညနေတိုင်း လွတ်လွတ်လပ်လပ် လျှောက်ပေါ့ ညီမ၊ ကျန်းမာရေးအတွက် လမ်းလျှောက် သင့်တာပေါ့။ ကိုယ်တို့ဆို မနက်တိုင်း ထတောင် ပြေးတယ်။ မနက်မနက်ဆို ထပြေးကြ လမ်းလျှောက်ကြတဲ့သူတွေ များလွန်းလို့ ကိုယ်တို့ ရောက်စက ရှိနေတဲ့ မျောက်လေးတွေတောင် နေရာရွှေ့သွားကြရှာတယ်။ လူတွေဒဏ်ကို မျောက်တောင် မခံနိုင်တော့ဘူး…ဟားဟား” ဟု ကိုတင်ထွဋ်က ရယ်ရင်း ပြောပြသည်။

“ရေခပ်ရင်းနဲ့ကျ တာဝန်တခုလို ဖြစ်နေတယ်လေ။ သုံးရက်တခါလောက် ကိုယ်တို့ လှည်းနဲ့ ကူတွန်းပေးရင် ဘာမှ အပမ်းကြီး တာမဟုတ်ပါဘူး” ဟု ကိုမျိုးက ၀င်ပြောသောအခါ တင်တင်ရော ၀င်းဝင်းမာပါ ဘာမှ ပြန်မပြောသာဘဲ ရယ်၍သာနေလိုက် တော့သည်။

ရေပုံးဆင်းလဲသော ဦးစိုးမြင့်နှင့် စကားတပြောပြောနှင့် လမ်းဘေးမှာ အလေ့ကျပေါက်နေသည့် ခရမ်းကသော့သီးလေးတွေကို လိုက်ဆွတ်နေသည့် ကိုတင်ထွဋ်နှင့် တင်တင်တို့ကို လိုက်ကြည့်ကာ တိတ်ဆိတ်နေသော ၀င်းဝင်းမာအား ကိုမျိုးက ခပ်တိုးတိုး တခွန်းလှမ်းပြောလိုက်သည်။

“မနက်မနက် လမ်းထွက်လျှောက်ပါလား၊ အလကားနေ အလကားပဲ။ ကျန်းမာရေးကောင်းအောင် လျှောက်သင့်တယ်လေ…”

ဟုတ်ကဲ့…ဟု ၀င်းဝင်းမာက အမှတ်တမဲ့နှင့် ချက်ချင်းပဲ သူ့အကြံပေးချက်ကို လက်ခံမိပြီးသား ဖြစ်နေခဲ့လေသည်။



ခွာညို

ဧပြီလ (၁၉) ရက်၊ ၂၀၁၀ ခုနှစ်။

Monday, May 10, 2010

နေကောင်းလား မေမေ...


‘ငါနော်…အရုပ်သာဆိုရင် တစစီဖြစ်အောင် ချိုးဖဲ့ လွှတ်ပစ်လိုက်ပြီး အသစ်တရုပ် အစားပြန်ဝယ် လိုက်ချင်တယ်’….တဲ့။ အမြဲတမ်း ထော်လော်ကန့်လန့်တွေချည့် ပြောတတ်…လုပ်တတ်… စဉ်းစားတတ်တဲ့ သူ့သမီးကြီးကို ဒေါသထွက်လွန်းမက ထွက်လို့ ပြောတတ်တဲ့ အမေ့ ဒေါသပါ။
ည..ည..ဆိုရင်တော့ အမေတစ်ယောက် အကို့အိပ်ယာခေါင်းရင်းမှာ ရှိနေတတ်ပြီး အကို့နား နား လေးကပ်ပြီး…တတွတ်တွတ်နဲ့ ဘာတွေမှန်းမသိ ပြောနေတတ်တာကို လူမှန်းသိစကတည်းက တွေ့ခဲ့ဖူးတယ်။ နောက်မှ သိရတာက အော်တိုဆပ်ဂျက်ရှင်း…လို့ခေါ်တဲ့ မသိစိတ်ကို အမိန့်ပေးတယ်.. ခေါ်မလား မသိပါ။ အဲဒါ လုပ်ပေးနေခဲ့တာတဲ့။
အိပ်မပျော့်…တပျော် အချိန်မှာ ဖြစ်စေချင်တာကို အဲဒီလို ပြောပေးမယ်ဆိုရင်..မသိစိတ်က မှတ် ထားပြီး လိုက်လုပ်လို့ အဲဒီအတိုင်း ဖြစ်တယ်…လို့ စိတ်ပညာစာအုပ်တွေမှာ သူ ဖတ်ဖူးလို့…ဆိုတာပါပဲ။ အကိုက သူဖြစ်စေချင်သလို သူ မျှော်လင့်သလို ဖြစ်မလာပေမယ့် သူဟာ တနေကုန် တနေခန်း အိမ် အလုပ်တွေ တနင့်တပိုးကို မနိုင်ရင်ကာလုပ်…ကျောင်းကိုလည်း စာပြေးသင်ထားပါလျက်နဲ့ နောက်နေ့ လည်း မနက်စောစော ထရမှာ ဖြစ်ပါလျက်..အကို အိပ်ချိန်ကို စောင့်ပြီးမှ သူဖြစ်ချင်တာ လေးတွေကို တတွတ်တွတ် ပြောနေခဲ့ရတာက ညတိုင်း မပျက်မကွက် လုပ်ခဲ့တဲ့ မိခင်တယောက်ရဲ့ ၀တ်တစ်ပါး….




အဲဒီအကိုက လူပျိုပေါက်မှာ ရည်းစားများတဲ့ မိန်းကလေးတွေကကြိုက်ကြတော့ ထားစရာမရှိအောင် စိုးရိမ်ကြီးခဲ့တဲ့အမေ....

‘…ကြီးလာရင် စာရေးဆရာမလုပ်မယ်’….လို့ ပြောတဲ့အခါ အနားမှာ ရှိနေတဲ့ အမေက ပြောလိုက်ပါတယ်။
‘ကိုယ့်…….ကိုယ် ပြောင်အောင် သုတ်တတ်အောင် လေ့ကျင့်စမ်းပါအုံး’..တဲ့။ သူ့စိတ်ထဲမှာ ဘယ်လိုမှ ကြီးပြီး မြင်လို့မရတဲ့ သူ့မျက်စေ့အောက်…သူ့အရိပ်အောက်…သူ့ရင်ခွင်ထဲက ထွက်သွားမှာ စိုးရွံ့စိတ်နဲ့ သမီးလေးရဲ့ အိမ်မက်ကို လက်မခံနိုင်ခဲ့ပုံများ ပြောပါတယ်။ ၁၆ နှစ် အရွယ်သမီးကိုများ အမေက …..ပြောင်အောင် သုတ်တတ်အောင် လေ့ကျင့်စမ်းပါအုံး….တဲ့။
ငှက်ဖျားဒဏ်ကို သေလုမျောပါး ခံခဲ့ရပြီားဏ်ရည်တိုးတက်မှု နှေးကွေးသွားတဲ့ အငယ်ဆုံး သမီးလေး ကို ညညဆို အိမ်စာမပီးလို့ တရွှဲရွှဲငိုနေတာကို ချော့မော့နှစ်သိမ့်ပြီး စာကူကျက်ပေးတတ်တဲ့ အမေ….




ဖြစ်နိုင်မယ်..ဆိုရင် အနှီးနဲ့ထုတ်ပြီး သွားလေရာကို ခေါ်သွားချင်တုန်းပဲ..လို့ အပျံသင်နေပြီတဲ့ သား...သမီးတွေကို ငေးရင်း ဆွေးဆွေးမြည့်မြည့် ပြောတတ်ခဲ့တဲ့ အဲဒီ အမေ.....
နေကောင်းလား…မေမေ…



Thursday, April 29, 2010

ဆေးပေါင်းခတဲ့ညက ကျမရဲ့ အတွေး အပိုင်းအစတွေ...

အအိပ်ဇီဇာကြောင်တဲ့ ကျမအိပ်ချိန်တိုင်းမှာ ဘယ်သူတယောက်ကိုမှ ခြေသံပြင်းပြင်းနင်းပြီး လမ်းလျှောက်ဖို့ ခွင့်မပြုခဲ့တဲ့ အမေက ကျမရဲ့ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို တနှစ်မှာ တကြိမ်တိတိ မပျက်မကွက် နှောင့်ယှက်လေ့ရှိပါတယ်။

အဲဒီညက…

ဆေးပေါင်းခတဲ့ည ဖြစ်ပြီး ည (၁၂) နာရီတိတိတိုင်းမှာ သူ ကျမကို မရမကနှိုးပြီးတော့ သူကိုယ်တိုင် သုတ်ထားတဲ့ မယ်ဇလီဖူးသုပ်ကျွေးအတင်းခွံကျွေးလေ့ရှိတာပါပဲ။

* * * * * * * * * * * * * * *


ဆေးပေါင်းခတဲ့ညမှာ အနှောင့်အယှက်မရှိဘဲ အိပ်နေနိုင်ခဲ့တာ အခုဆိုရင် နှစ်နှစ်ရှိသွားပြီ။ ဒါပေမယ့် အခုတော့ ကျမကို တယောက်ယောက်က လာနှောင့်ယှက်ဖို့ ပြန်ပြီး တမ်းတမိနေတယ်။

* * * * * * * * * * * * * * *

ကျမက ချူခြာတယ်ဆိုပြီး အိမ်မှာ အမေက အလိုလိုက်တာကိုခံရတယ်။ အခွင့်ထူးခံဆိုပါတော့။

အမေက သိပ်အေးဆေးပြီး စိတ်နှလုံးသိမ်မွေ့တဲ့သူ၊ အဖေကလည်း အမေ့လိုပါပဲ။ ဒါပေမယ့် အင်္ဂါသားအဖေက စိတ်ဆိုးပြီ ဆိုရင်တော့ နည်းနည်း သောင်းကျန်းတတ်တယ်။

အဖေက အဲဒီလို ဆူပူ ၀ုန်းဒိုင်းကျဲရင် အမေက နည်းနည်းမှကို မကြိုက်ဘူး။ အဖေကလည်း အမေ မကြိုက်မှန်းသိပေမယ့် သူ့ဒေါသကိုသူ မထိန်းနိုင်တဲ့အခါတွေရှိတယ်။ တခါကတော့ ကျမအိပ်နေတဲ့ တနေ့လည်ခင်းမှာ အဖေက တယောက်ယောက်ကို သိပ်စိတ်ဆိုးပြီး အသံအကျယ်ကြီးနဲ့ အော်လိုက်တော့ ကျမလန့်နိုးသွားခဲ့တယ်။

အမေက အဖေ့ကိုလှမ်းပြောလိုက်တယ်။ “အဖေကြီး ညိုလေးအိပ်နေတယ်“ တဲ့။

အဖေ့အသံ ချက်ခြင်းတိုးသွားခဲ့ပါတယ်။ အဲဒီလို အခါမျိုးကျရင် တိတ်တိတ်လေးကျေနပ်ရင်း ဆက်ပြီး အိပ်ချင်ယောင် ဆောင်နေခဲ့တာပေါ့။

ဒါပေမယ့်လည်း အမေက အရိပ်တကြည့်ကြည့်နဲ့ အမြဲတမ်းဂရုစိုက်ခဲ့တာတွေကြောင့် စိတ်ညစ်ရတာတွေလည်း အများကြီး ရှိခဲ့တယ်။ သူများ ငပိရည် စပ်စပ်နဲစားလည်း ကျမက ငရုပ်သီးပါယုံလေးနဲ့ စားရတာမျိုး...

သူများမုန့်ဖိုးရပေမယ့် ကျမကိုတော့ အပြင်စာတွေ လျှောက်စားပြီး ၀မ်းလျှော ၀မ်းကိုက်မှာစိုးလို့၊ အစာအိမ် အချဉ်ပေါက်မှာစိုးလို့ ဆိုတဲ့… ပူပင်မှုတွေနဲ့  မုန့်ဖိုးမပေးတာမျိုး။ ညတိုင်းမှာ နွားနို့ မသောက်မနေရတို့ ….

နောက်ပြီး ညည သူ နည်း နည်းချမ်းပြီဆိုတာနဲ့ ကျမအိပ်ယာဆီ ကူးလာပြီး ကျမ ချမ်းလား..အိုက်လား မစုံစမ်းဘဲ မအိပ်သေးတဲ့ သူ့သမီးကို နိုးသွားမှာစိုးလို့ ဖွဖွလေး စောင်အထူကြီးတွေ တကူးတက လာခြုံပေးတာတို့…. ကျမ သိပ်စိတ်ညစ်ခဲ့ ရဖူးတဲ့ အမေ့ရဲ့ အကြင်နာတွေပါ။

လက်ဆစ်တွေကိုက်နေလို့ပါ အမေရာ လို့ အပျင်းထူပြီးညာတာကို ယုံချင်ယောင်ဆောင်ပြီး ကျမ လိမ်းဖို့  သနပ်ခါးသွေးပေး တဲ့အခါမျိုး …

ကျမနေမကောင်းတဲ့အခါ အထူးသဖြင့် လနဲ့ချီပြီး ခေါင်းကိုက်တတ်တဲ့ ဝေဒနာဆိုးကိုခံနေရတဲ့အခါ မျိုးမှာ အသားနံ့ငါးနံ့တွေကို မခံနိုင်တော့တဲ့အခါတိုင်း ကျမစားချင်လေ့ရှိတဲ့ ကြာဇံဟင်းခါးကို ဘယ် လောက်ပဲ မအားတဲ့ကြားက အပြေးအလွှား ချက်ဖြစ် အောင် ချက်ကျွေးတဲ့အခါ…

သည်းခြေထဲမှာ ကျောက်လေးလုံးရှိနေတယ်လို့ အာထရာဆောင်းရိုက်တဲ့အဖြေထွက်လာတဲ့အခါ ကျမက တဆင်စာပြည့်အောင် စုနေတာ။ ပြည့်တော့မှ ထုတ်ရောင်းမယ်လို့ ရယ်စရာလုပ်နေသည့် တိုင်အောင် အမေ့ မျက်နှာက ထိန်းမရအောင်ပျက်နေတာကို တွေ့ ရတဲ့အခါ …

ကျမအတွက် ဖိနပ်ကို ကျမကိုယ်တိုင် ဘယ်နှစ်ကြိမ်ဝယ်ဝယ် တခါမှ အံကိုက်မဖြစ်ဘဲ ကြီးလိုက် သေးလိုက်နဲ့ အဆင်မပြေဘဲ သည်းခံစီးနေခဲ့ရပေမယ့် အမေ၀ယ်လာပေးတဲ့ဖိနပ်တိုင်းကတော့ ကျမခြေထောက်နဲ့ အမြဲ အံဝင်ခွင်ကျဖြစ်နေတဲ့အခါတွေမှာ...

ကျမဟာ အမေ့သမီးတယောက်အနေနဲ့ လူဖြစ်လာရတာကို အလွန်ဂုဏ်ယူမိခဲ့တယ်။ လူဖြစ်ရကျိုးနပ်တယ်ရယ်လို့လည်း အမြဲကျေနပ်နေခဲ့တယ်။

ဖြစ်နိုင်ရင် အနှီးနဲ့ ထုတ်ပြီး ရင်ခွင်ထဲ ထည့်ထားချင်တုန်းပဲ လို့  လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က သူပြောခဲ့တာကိုလည်း ကျမ အခုထိ ကြားနေမိတုန်းပဲ။

ကျမက ချူခြာပေမယ့် အသက်တော့ပြင်းသား။

ကိုယ့်အားနဲ့ကိုယ်တောင်မှ နို့်စို့မယူနိုင်တဲ့ ပိစိကွေးလေးဘ၀နဲ့ ကျမအသက်သုံးလမှာ မွေးရာပါ ခြေမ အပွားလေးကို ဖြတ်ဖို့ ကြိုးစားရင်း ခြေထောက် ပုပ်လိုက်လာလို့ အမေ့ခမျာ ဆရာဝန်တွေကို ဒူးထောက်ပြီးတော့တောင် ကျမအသက်ကိုကယ်ပေးဖို့  တောင်းပန်ခဲ့ရဖူးသတဲ့။

ဖြစ်ပုံက အမေက အိမ်ထောင်ကျတာအရမ်းစောတော့ ဘာမှ နားမလည်ဘူး။ ကျမခြေမမှာ အပွားလေးပါလာတာကိုကြည့်ပြီး အရွယ်ရောက်လာတဲ့ အခါ ရှက်ရှာမှာပဲ။ ကွင်းထိုးဖိနပ်လည်းစီးလို့ ရမှာမဟုတ်တော့ပါဘူး လို့ စိတ်မကောင်းဖြစ်နေတဲ့အမေ့ကို ပညာမတတ်တဲ့ တောကသူ့အဒေါ်တွေ က အကြံကောင်းတခုပေးလိုက်တယ်။ ခြေပွားလေးကို အချစ်ဆုံးအမျိုးသမီးသုံးယောက်ရဲ့ ဆံပင်ခြည် နဲ့ပတ် သုံးရက်ရှိရင် သူ့ဟာသူ ပြတ်ကျသွားလိမ့်မယ်တဲ့။ တကယ်တန်းကျတော့ အသားပိုမဟုတ်ဘဲ အရိုးပါပါနေတဲ့ ခြေမအပိုလေးက ပြတ်မကျနိုင်တော့ ပုပ်သွားတာလို့ အမေက ပြောပြပါတယ်။

မကွေးတိုင်းဆေးရုံကြီးဆီ ကျမကိုပွေ့ခေါ်သွားတဲ့အခါ ဆရာဝန်တွေက လှီကင်းသေးကွေးလှတဲ့ ကျမရဲ့ ကိုယ်လုံးသးသေးလေးကို ကြည့်ပြီး အမေ့ကို ဒီလောက်တောင်မှ အသိဉာဏ် နည်းရမလား ဆိုပြီး ဆူပူအပစ်တင်ရင်း ဒီလောက်သေးတဲ့ကလေးလေးကို မေ့ဆေးနဲ့ ခွဲပေးရမှာ မလုပ်ပေးနိုင်ဘူး ဆိုပြီး ငြင်းလို့ အဲဒီဆရာဝန်တွေရှေ့ မှာ ဒူးထောက်ပြီးတော့တောင် တောင်းပန်ခဲ့ရတယ်လို့ ပြောတယ်။

အဲဒီတုန်းက သုံးလသမီးနဲ့ မေ့ဆေးဒဏ်ကိုခံလိုက်ရတာ တော်တော်နဲ့ နလံမထူဘူးဆိုပဲ။

ဒီလိုနဲ့ ကိုးလသမီးအရွယ်ရောက်တော့ အဖေ့တူမတွေက ကျမကိုလုချီရင်း သူယူနိုး၊ ကိုယ်ယူနိုးနဲ့ ပြိုင်တူ လွှတ်ချလိုက်ကြတာ ညှပ်ရိုးကျိုးပြန်ရော။ ဆရာဝန်တွေက ပိစိကွေးလေးကို ကျောက်ပတ်တီး စီးမပေးဘူး။ သူ့ ဟာသူပြန်ဆက်သွားလိမ့်မယ်ဆိုပြီး ဒီအတိုင်းပြန်လွှတ်လိုက်လို့  ဆောင်းဝင်စ အအေးနဲ့  အနာရှိန်နဲ့ ရောပြီး ကျွက်ကျွက်ညံအောင်ငိုပြီး အမေ့ကို ညပေါင်းများစွာ အိပ်ရေးပျက်စေခဲ့ တာလည်း ကျမပါပဲ။

တနှစ်ပြည့်ခါနီးအရွယ်ကျတော့ အမေ့အဒေါ်အပျိုကြီးက သူစားနေတဲ့သဘောင်္သီးသုပ်ချဉ်စပ်တွေ ခွံ ကျွေးလိုက်တာ တခါတည်း အထက်လှန် အောက်လျှောဖြစ်တာ သုံးလကျော်…

အဲဒီသုံးလမှာလည်း အမေ့ခမျာ နေ့ ရောညပါ မအိပ်ခဲ့ရဘူး။ ပတ်ဝန်းကျင်က ဘယ်တော့ငိုသံကြားရမ လဲ…လို့  မျှော်လင့်နားစွင့်နေခဲ့ကြတဲ့ အခြေအနေကနေ ဒီအရွယ်အထိအသက်ရှည်နေနိုင်တာ အမေဟာ ကျမအမေ ဖြစ်နေခဲ့လို့ ပါ။

….အဲဒီတုန်းက သမီးက ရင်တွေပဲ အရမ်းပူနေလို့လားမသိဘူး။ ဒီလောက်အေးတဲ့အညာဆောင်းမှာ အနွေးထည် ၀တ်ပေးလို့လည်းမရ၊ စောင်လည်းအခြုံမခံဘဲ တညလုံး ကြမ်းပေါ်မှာပဲ လူးလှိမ့်နေတော့ အဆုတ် အအေးပတ်မှာစိုးလို့  သမီးလှိမ့်မယ့်နေရာကိုကြိုကြိုပြီး စောင်လိုက်ခင်းပေးရတဲ့အလုပ်ကို ညပေါင်းများစွာလုပ်ခဲ့ရတာ၊ ချီထားလည်း လက်မခံဘူး။ တခြား စိတ်မရှည်တတ်တဲ့ အမေမျိုးသာ ဆိုရင် သမီး ဒီအရွယ်အထိ အသက်ရှင်နိုင်မယ်မထင်ဘူး…လို့  အဖေက ကျမကို ပြန်ပြောပြခဲ့ဖူးတယ်။

တခါတရံမှာ မှန်တယ်လို့ ထင်ရင် ကျမက အမေ့အပေါ်မှာ အလွန် ဆိုးတတ်ပြီး အမေ စိတ်ထိခိုက် သွားစေမယ့်စကားမျိုးတွေ ပြောချလိုက်မိတဲ့ အချိန်တိုင်းမှာ အဖေက ကျမကို ခပ်အေးအေးနဲ့ သွန်သင် ဆုံးမခဲ့တတ်ပါတယ်။ အဲဒါတွေ ပြန်တွေးမိတိုင်း အမေ့ကိုပိုပိုပြီး ချစ်လာတယ်။

အခုဆိုရင် အမေ့ကို မတွေ့ရတော့တာ သုံးနှစ်တောင်ပြည့်တော့မယ်။ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံ ထားရတဲ့အမေကတော့ အလုပ်မရှိတိုင်း ကျမကိုပဲတွေးပူနေတော့မှာပဲ ဆိုတဲ့အတွေးမျိုး ၀င်လာတဲ့ အခါတိုင်း ကျမ စိတ်မကောင်းဖြစ်မိတယ်။

ကျမကျန်းမာရေးအတွက် ရတက်မအေးရတာဟာ တသက်လုံး ဖျောက်ဖျက်မရမယ့် အမေ့သောက ပါပဲ။

အမေဆိုတဲ့အမျိုးအစားက ဘယ်အချိန်မှာပဲဖြစ်ဖြစ် သားသမီးတွေပေးတဲ့ ဒုက္ခတွေ တနင့်တပိုးထမ်း ထားရတာ ကိုပဲ ရူးသွပ်ချိုမြိန်နေတတ် ကြသူတွေပါ၊ လူလားမြောက်လာတဲ့ သူတို့သားသမီးတွေကို စောင့်ကြည့်ရင်း ငယ်ငယ်က သူတို့ရဲ့သားသမီးတွေနဲ့ ပတ်သက်တဲ့ ဆင်းရဲပင်ပန်းမှုတွေအကြောင်း မြိန်ရည်ယှက်ရည် ပြောပြချင်ကြတဲ့ အာသီသလည်း သူတို့ မှာ ညီတူညီမျှရှိနေကြတယ်။ ငယ်ငယ်ကတော့ ဒါတွေကို ကျမ နားမလည်ခဲ့ပါဘူး။ နေမကောင်းဖြစ်တဲ့အခါတိုင်း အမေက ဘာဖြစ်လို့ ငါးဆယ့်ငါးပါးဆေး စားပီး သမီးကို မွေးခဲ့ရတာလဲ…လို့ အမေ့အားနည်းချက်ကိုနင်းပြီး ရန်လုပ်တတ်ခဲ့တဲ့ မလိမ္မာတဲ့သမီးပါ။

ကျမကို မွေးမယ့်အလှည့်ကျမှ မြန်မာသန္ဓေတားဆေးသုံးခဲ့မိကြောင်း…ကျမ မွေးလာတဲ့အခါ ပေါင်မပြည့်ခဲ့တဲ့အကြောင်း…အမေပြန်ပြောလို့  သိရတဲ့ ဒီအချက်တွေကို ကျမက နိုင်ဖဲတချပ်လို ကိုင်ပြီး အမေ့ကို ဗိုလ်ကျ ခဲ့မိလေသလားတော့ ကျမ မဝေခွဲတတ်ခဲ့ပါ။ သို့သော် ကျမ အမေ့ကို ခဏ ခဏ အဲဒီလို ပြောပြောပြီး ဂျီကျခဲ့တာကတော့ အသေအချာ။

* * * * * * * * * * * * * * *

ဒီလို ကောင်းကင်မှာ တိမ်တွေကင်းစင်ပြီး ကြည်စင် ၀င်းပတဲ့ ကောင်းကင်ကြီးထဲက လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေကို မော့ကြည့်ငေးမောရင်း ဟိုး..နားက ဓူဝံကြယ်...ဟောဟိုက မောင်ရင်ဆိုင်းထမ်း...ဟိုဘက်မှာက ခုနစ်စင်..စသည်ဖြင့် တွတ်ထိုးခဲ့ကြတဲ့ လသာတဲ့ညက မိသားစုနဲ့အတူ အိမ်ရှေ့ကွပ်ပျစ်မှာ လဲလျောင်းရင်း နေခဲ့တဲ့ အရသာကို ကျမ ပြန်ပြီး တမ်းတမိလာတယ်။

ဒီလို ကောင်းကင်မှာ တိမ်တွေကင်းစင်ပြီး ကြယ်တာရာတွေခြံရံလို့ အစွမ်းကုန်သာနိုင်အားတဲ့ လမင်းကြီးက ကောင်းကင်ပြာကို အလှတိုးစေအောင် စွမ်းဆောင်ထားနိုင်ခဲ့တယ်။

ထူးထူးခြားခြား တန်ဆောင်တိုင်လပြည့်ညမှာ ကြယ်တာရာတွေစုံညီပေါ်ထွက်လို့ နက္ခတ်သဘင် ဆင်ယင်ကျင်းပလေ့ရှိသတဲ့။

ဒါဟာ ရိုးရာ ပုံပြင်က ဆင်းသက်လာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တန်ဆောင်တိုင်ညတိုင်းမှာ ကျမ မှတ်မိနေတာကတော့ သန်းကောင်ယံချိန်ကို စောင့်ပြီး မန်ကျည်းခေါက်တွေ ခွာသူက ခွာကြတယ်။ မျက်စေ့စူးတဲ့အခါ သွေးလိမ်းတော့ ဆေးစွမ်းထက်ဖို့တဲ့....

မြေစာမြက်ပင်တွေကို နောက်ပြန်ဆွဲနှုတ်ကြပါတယ်။ အဖျားကြီးတဲ့အခါ သနပ်ခါးခေါက်နဲ့ ကွမ်းရွက်တို့နဲ့ ရောပြုတ်သောက်ဖို့တဲ့။

ကြယ်တာရာတို့ရဲ့ ညီလာခံအချိန်မှာ သိမ်းဆည်းထားသမျှ နွယ်၊ မြက်၊ သစ်ပင်တွေ အားလုံး ဆေးဘက်ဝင်သတဲ့...

အဲဒီ တန်ဆောင်တိုင်ကာလမှာ လှိုင်လှိုင်ပွင့်တဲ့ စိမ်းဖန့်ဖန့် ၀ါရွှေသွေးနဲ့ မယ်ဇလီဖူးတွေကို နူးအောင် သုံးလေးခါပြုတ်၊ အခါးသက်သာအောင် သုံးလေးရက်ရေစိမ်ထားလို့ နုအိနေတဲ့ မယ်ဇလီဖူးပြုတ်ကို နှမ်းထောင်းနိုင်နိုင်နဲ့သုတ်ပြီး ကြက်သွန်အနီကြော်လေးတွေ အပေါ်ယံက ဖြူးလို့ စားချင့်စဖွယ် ပြင်ဆင်ပြီးတော့ အမေက တန်ဆောင်တိုင်လပြည့်ညရဲ့ သန်းကောင်ယံအချိန်ကို စောင့်လေ့ရှိပါတယ်။

သူချစ်တဲ့ မိသားစု ကျန်းမာ သက်ရှည်ဖို့ သူက ဆေးပေါင်းခချိန်ကျတော့မှ တယောက်တဇွန်း လိုက်ခွံ့ကျွေးဖို့ပါ။

အထူးသဖြင့်ကတော့ အချူခြာဆုံး ကျမကို အမေက ပစ်မှတ်ထားခဲ့ပါတယ်။ သူ့ခမျာ..ကျမကို နှစ်လခွဲရတဲ့ အထိ မသိလိုက်ဘဲ သောက်လိုက်ခဲ့မိတဲ့ သန္ဓေတားဆေးကြောင့် ကျမ ချူခြာနေရတာ..ဆိုတဲ့ စိတ်အစွဲနဲ့ အမြဲတမ်း ကျမကိုပဲ ပူပန်နေတဲ့ အမေပါ။

ဒါကြောင့် ဟုတ်သော်ရှိ..မဟုတ်သော်ရှိ...ကျမ နည်းနည်းပို ကျန်းမာရင် ပြီးရော..ရယ်လို့ အမေက အမြဲတမ်းပဲ တန်ဆောင်တိုင်ညတိုင်းမှာ ကျမအတွက် မယ်ဇလီဖူးသုတ်လေ့ရှိပါတယ်။


ဟိုး...ငယ်ငယ်တုန်းကတော့ အဲလို ရိုးရာစကားတွေကို တကယ်လား..ရယ်လို့ ညသန်းကောင်အထိစောင့်ပြီး မြက်ခြောက်တွေလည်းစုခဲ့ဖူး...အမေ့လက်ရာ မယ်ဇလီဖူးသုတ်ကိုလည်း မက်ခဲ့ဖူးတယ်လေ...

အသက်လေး နည်းနည်း ကြီးလာတဲ့အခါကျ ဒီလို ရိုးရာ ပုံပြင်တွေက ဆင်းသက်တဲ့ အယူအဆတွေကို အပိုအလုပ်တွေရယ်လို့ လုပ်ရတာကို ရှက်သလိုနဲ့ ပင်ပန်းလို့ အမေရာ...ဆိုပြီး အတင်း အိပ်ယာဝင်ခဲ့တာက အမေ့မေတ္တာကိုပါ ရောပြီး ဥပက္ခောပြုထားခဲ့သလိုပါပဲ။

အမေကတော့ စောစောအိပ်ရာဝင်တာကို မကန့်ကွက်ပေမယ့် သန်းကောင်ကျော်ရင်တော့ ..သမီးရေ...ခဏလေး ထပါနော်။ စားပီး ပြန်အိပ်...ဆိုပြီး စတိလေးပါကွယ်..ဆိုပြီး အတင်း မယ်ဇလီဖူးသုတ်ကိုလာခွံ့ကျွေးတဲ့အခါ သွားတွေ မညစ်ပတ်အောင် ရေခွက် အဆင်သင့် သူ့လက်မှာ ပါခဲ့ပြီးသားလေ...

* * * * * * * * * * * * * * *


တန်ဆောင်တိုင်ရဲ့ လပြည့်ဝန်းကိုမော့ကြည့် အမေ့ကိုသတိရရင်းက ရုတ်တရက် ကျမအတွေးက သတင်းဖတ် တိုင်း တွေ့ နေရတဲ့ မနီလာသိန်း တို့ မိသားစုပုံကလေးဆီ စိတ်ရောက်သွားမိတယ်။

ဖြူနေခြည် မင်းယုလေး ကြီးပြင်းလာတဲ့အခါမှာ ကျမက အမေ့အကြောင်း အခုလို ကြည်ကြည်နူးနူး၊ တမ်းတမ်း တတပြန်ပြောနေသလိုမျိုး သူ ပြောမှပြောတတ်ပါတော့မလား။

သူ့ မှာ အဲဒီလိုပြန်ပြောစရာစကားရှိဖို့ ၊ သူ့ မှာ အဲဒီလိုပြန်ပြောနိုင်လောက်အောင် ပြည့်စုံလုံလောက်တဲ့ အမေ့ရဲ့ ချစ်ခင်စောင့်ရှောက်မှုတွေလိုအပ်ပါတယ်။ အမေ့ရင်ခွင်ထဲမှာ အချိန်ပြည့်နေဖို့ အချိန်တွေ လို ပါလိမ့်မယ်။ အဲဒါတွေ ဘာတခုမှမရဘဲ ရင်ခွင်မဲ့ ကြီးပြင်းလူလားမြောက်လာရမယ့် ကလေးတယောက် ရဲ့ စိတ်အခြေအနေဟာ ဘယ်လိုများဖြစ်သွားနိုင်မလဲ။

အမေက သားတို့ထက် အမေ့အဖေရဲ့ တိုင်းပြည်ကိုပိုချစ်တယ်လို့ …. နာနာကျင် ကျင် ပြောလိုက်တဲ့ ကလေးလေးတယောက်ရဲ့ရင်ကွဲသံကို ကျမကြားဖူးခဲ့ရပြီးပြီ။

အခုအိမ်နဲ့ဝေးရာကို ပြေးနေ ရတဲ့ ကျမတို့တိုင်းပြည်က အာဇာနည်မိခင်တွေရဲ့ လူလားမမြောက်သေး တဲ့ ရင်သွေးလေးတွေကရော ရင်ခွင်မဲ့နေရတဲ့ဘ၀မှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှုတွေ ပျောက် ဆုံးရင်း မိဘတွေကို အဲဒီလိုအပစ်ဖွဲ့ စကားတွေကို ပဲ့တင်သံတွေအဖြစ် အတောမသတ် နားထောင်ပေး နေကြရမှာလား။

အဲဒီ မိခင်ရင်ခွင်နဲ့ဝေးပြီး လူလားမြောက်ရမယ့်ကလေးတွေရဲ့အဖြစ်ကလည်း ခဏ ခဏဆိတ် အကြည့်ခံထားရတဲ့ ဗူးသီးနုနုလေးတွေလို အကင်းသေပြီး မာကြောင်မဲပုပ် သွားလေမလား။

အသက်လေးဆယ်ကျော် ကျမက အမေ့မေတ္တာတရားနဲ့ ယုယမှုတွေကို တမ်းတမိတဲ့အခါတိုင်း မနီလာသိန်းရဲ့ သမီးလေးကို ကျမ ကိုယ်ချင်းစာမိတယ်။

လေးလသမီးမှာ အမေနဲ့ ခွဲခဲ့ရရှာသတဲ့။ သူ့ခမျာ အခါတောင် မလည်ရှာသေးဘူး။

ညည တရေးနိုးလာတဲ့အခါတိုင်း ကလေးကိုစောင်ခြုံပေးဖို့ရယ်လို့ မနီလာ ယောင်ယမ်းပြီး ထနေမလား။

အမေတယောက်ရဲ့ ချစ်ခြင်းတရားကို သမီးလေးနားမှ လည်နိုင်ပါတော့မလား။

သူကြီးပြင်းလာတဲ့အခါ အမေနဲ့ပတ်သက်လို့  ပြန်ပြောစရာ သူ့မှာရှိနေတဲ့ စကားတွေက အမေက ကျမကိုထားခဲ့ပြီး ထွက် သွားခဲ့တာကိုး …လို့  ပစ်တင်နာကျင်သံဖြစ်နေလေမလား။

ကျမတို့တိုင်းပြည်ရဲ့ စံပြသူရဲကောင်း ဇာနည်မေ တယောက်ဟာ သူဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတဲ့ ဒီကလေး လေးအတွက်တော့ စံပြမိခင်အဖြစ်ကို စွန့်လွှတ် စတေးခဲ့လိုက်ရတာလား…လို့ တွေးမိတဲ့အခါ ကလေး လေးက သူ့အမေကို နားလည်နိုင်ပါစေ…လို့ ဆန္ဒပြုရုံကလွဲလို့လည်း ကျမတို့ တတ်နိုင်တာ ဘာမှ မရှိခဲ့ပြန်။

* * * * * * * * * * * * * * *

အဲဒီ ညက...
ဝိုင်းစက်နေတဲ့ လပြည့်ဝန်းကြီးကို မော့ကြည့်ရင်း ကျမ အမေ့ကိုသတိရနေခဲ့တယ်။

အဲဒီညက...
အအိပ်ဇီဇာကြောင်တဲ့ ကျမအိပ်ချိန်တိုင်းမှာ ဘယ်သူတယောက်ကိုမှ ခြေသံပြင်းပြင်းနင်းပြီး လမ်းလျှောက်ဖို့ ခွင့်မပြုခဲ့တဲ့ အမေက ကျမရဲ့ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို တနှစ်မှာ တကြိမ်တိတိ မပျက်မကွက် နှောင့်ယှက်လေ့တဲ့ ညလေးတညပေါ့။  

အဲဒီညက…
ဆေးပေါင်းခတဲ့ည ဖြစ်ပြီး သူကိုယ်တိုင်သုပ်ထားတဲ့ မယ်ဇလီဖူးသုပ်ကျွေးဖို့  ည (၁၂) နာရီတိတိတိုင်းမှာ အမေ ကျမကို နှိုးလေ့ရှိခဲ့ဖူးပါတယ်။

အဲဒီညက…
တိမ်ကင်းစင်နေတဲ့ကောင်းကင်ပြင်ကြီးကိုမော့်ကြည့်နေခဲ့မိတယ်။

အဲဒီညက....
ကျမကို နှိုးမယ့်အမေနဲ့ မယ်ဇလီဖူးသုတ်ရဲ့ ခါးသက်သက် ရနံ့ကိုတော့ ကျမ မရနိုင်တော့တဲ့ညလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီညက…
ဖိုးလမင်းကြီးကလည်း ၀ိုင်းဝိုင်းစက်စက်ကြီးနဲ့ ရွှေရည်လောင်းထားသလို ၀ါနေတယ်။
ဘယ်တော့မှ သနပ်ခါးမပြတ်တဲ့ အမေ့မျက်နှာပြည့်ပြည့်ကြီးနဲ့တောင် တူနေသေးတော့တယ်။

ဆေးပေါင်းခတယ်ဆိုတာ နက္ခတ်တာရာ စုရုံးလို့ နက္ခတ်ပွဲသဘင် စီရင်တဲ့နေ့…ဖြစ်လို့ ဆိုတဲ့…
လူကြီးမိဘတွေစကား ကျမ ကြားဖူးခဲ့ပါတယ်.

ဒါကြောင့်…. အဲဒီညက ကောင်းကင်ကို ကျမမော့ကြည့်ရင်းကြယ်တွေစုံလာမယ့် အချိန်ကို ကျမ မျှော်လင့်တကြီး စောင့်နေခဲ့မိတယ်။

ကြယ်ကြွေနေချိန်မှာ တောင်းတဲ့ဆု..ပြည့်တယ် ဆိုတဲ့စကား ဘယ်သူက ထားသွားလည်း ကျမ မသိပါဘူး။

နိဗာန်မဂ်ဖို ရက်တိုတိုနဲ့ ရောက်ပါရစေ ဆိုတဲ့ဆုမျိုးကို တောင်းရမှာတောင် အချောင်သမား စိတ်ဓာတ်လို့ အတွေးမျိုးနဲ့ ဆိုရမှာ လိပ်ပြာမလုံခဲ့တဲ့ကျမက ဆုတောင်းတယ်ဆိုတာအပေါ်မှာလည်း ဘယ်တုန်းကမှ မှီခိုအားထားမှု မရှိခဲ့ပါဘူး …

ဒါပေမယ့် အဲဒီညကတော့...
လှိုက်လှဲသောစိတ်နဲ့ ဆုတခုတောင်းဖို့ ကြယ်ကြွေချိန်ကို စောင့်နေမိခဲ့တယ်။

ဖြူနေခြည်မင်းယုလေး သူ့အမေရင်ခွင်ရိပ်မှာ နွေးထွေးလုံခြုံမှုတွေအပြည့်နဲ့ တချိန်ချိန်မှာ ကျမ အမေ့အကြောင်း ကျမပြောပြနေတာတွေထက် ပိုပြီး နူးညံ့လှပတဲ့ မိခင်တယောက်ရဲ့ ချစ်ခြင်းတရားတွေအကြောင်း မမောတမ်းပြောဖို့ စကားတွေရနိုင်ပါစေလို့….

အဲဒီဆုကို တောင်းပေးဖို့ ကျမဟာ ကောင်းကင်မှာ ကြယ်စုံလာမယ့် သန်းကောင်ယံအချိန်ကို အမေ့ကို တမ်းတရင်း စိတ်ရှည်လက်ရှည် စောင့်နေခဲ့ဖူးပါတယ်။

ဒါပေမယ့်…။ ။

ဒါပေမယ့်....
အဲဒီညက…

ကြွေစရာ ကြယ်တွေတောင် ကောင်းကင်မှာ မလင်းလက်ခဲ့ဘူး ကလေးရေ။

* * * * * * * * * * * * * * *

ခွာညို
တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်။
Tuesday, January 8, 2008

အလင်းအိမ်မဂ္ဂဇင်းမှာ ပါပြီးသား ၀တ္ထုတိုလေးပါ။ အမေများနေ့ ရောက်တော့မယ့်အချိန်မှာ အမေ့ကို မှန်းပြီး အနည်းငယ် ပြုပြင်မွမ်းမံပြီး တင်ပေးလိုက်ပါတယ်။

အမေတွေအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်...

Tuesday, April 27, 2010

ကမ္ဘာ...ကမ္ဘာအဝေး....


Tuesday, December 18, 2007
(တစ်)

တို့နှစ်ယောက် ဘုရားကျောင်းကိုသွားရအုန်းမယ်လေ” ဆိုတဲ့ ဇနီးသည်ရဲ့သတိပေးစကားကြောင့် အင်တာဗျူးလာတဲ့ ဆရာမလေးက အားနာသွားပုံရပါတယ်။

ကျနော့်မျက်နှာကို မော့ကြည့်နေတဲ့ ဇနီးသည်ရဲ့ မျက်နှာမှာ သူ့ကိုယ်သူ လုံးဝအပြစ်ပုံချထားလိုက်တဲ့ စိတ်ဆင်းရဲမှု အစုအပုံကြီးကို ကျနော်မြင်ရတယ်။

ဒါ…မင်းအပြစ်မဟုတ်ပါဘူးကွယ်…လို့ ကျနော် သူ့ကို ပြောပြချင်တယ်။ ဒါတွေကို ဖွင့်ပြီး ဆွေးနွေးကြဖို့ တို့နှစ်ယောက်လုံး မလိုလားသလို တို့နှစ်ယောက်ကြားမှာ လိုလည်း မလိုအပ်လို့ ရေငုံနှုတ်ပိတ် တိတ်တိတ်ကြိတ်ခံစားနေကြရတာ ငါ သိသလို မင်းလည်း သိမှာပါ…လို့ ကျနော် ဖွင့်ပြောလိုက်ရင် ကောင်းမလား။

ယောက်ကျားတယောက်အနေနဲ့ အိမ်ထောင်တခုကို ပြည့်စုံကုံလုံအောင်ရှာဖွေမပေးနိုင်ခဲ့တာ...

သားသမီးတွေသာ မွေးဖွားစေခဲ့ပေမယ့် သူတို့ပညာရေး၊ ကျန်းမာရေးတွေကို တာဝန်တခုမှ ယူမပေး   နိုင်ခဲ့တာ၊ မိဘထက် တဆင့်မြင့်တဲ့ အဆင့်တခုရောက်အောင် ပုခုံးထမ်းတင်မပေးနိုင်တဲ့ နိုင်ငံကို ကယ်တင်ဖို့ကြိုးစားနေတဲ့ ကျနော့်ကို သူတို့ထားခဲ့တယ်ဆိုရင် ဒါဟာ ညီမျှတဲ့ တန်ပြန်သက်ရောက်မှု တခုပဲရယ်လို့ ကျနော် ကျေကျေနပ်နပ်ကြီး အထီးကျန် နေခဲ့ရဲရမှာပါ။

လာမယ့် သီတင်းနှစ်ပတ် လွန်မြောက်တဲ့အချိန်မှာ ကျနော့်မိသားစုဝင်အားလုံး ကျနော့်ကိုထားရစ်ခဲ့ပြီး ကမ္ဘာ့မြောက် ဖျားပိုင်းကို ခရီးနှင်ကြတော့မယ်။

ဒါဟာ ကျနော်တို့အားလုံး လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ကြိုတင်စဉ်းစားခဲ့ကြ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒီတုန်းက လုပ်သင့်တာကိုလုပ်လိုက်တာမို့ ဒီလိုအနီးကပ်မှာ ခံစားရမယ့် ဝေဒနာကို ကျနော်တို့ လျှော့ တွက်ခဲ့ကြတယ်။ ဟိုတုန်းကလည်း ကျနော်က အိမ်ကပ်ရတဲ့သူမဟုတ်၊ ခရီး အမြဲ ထွက်နေတဲသူဆိုတော့ သူတို့အနားမှာ ကျနော် ရှိခြင်း မရှိခြင်းဟာ ဘာမှထူးဆန်းတဲ့ကိစ္စတခု မဟုတ် ဘူးရယ်လို့ ဒီလိုပဲ ထင်မိခဲ့ကြ တယ်။ ကျနော်တို့ကိုယ် ကျနော်တို့ ခံစားချက်ထက် လုပ်ငန်းတာဝန်နဲ့ လုပ်သင့်တာကိုသာ လုပ်တတ်ကြတဲ့ နှလုံးသားခံစားချက်မရှိတဲ့ စက်ရုပ်လူသားတွေလို ပြုမူနေထိုင်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုကိုယ် အထင်ကြီးမိ ခဲ့ကြတယ်။

လက်တွေ့မှာတော့ သံရုံးအင်တာဗျူးနှစ်ကြိမ်ဝင်ပြီးတဲ့အချိန်ကစပြီး ကျနော့်ဇနီးဟာ တွေဝေငေးငိုင်စ ပြုလာတယ်။

ကျနော့ကို အရိပ်လိုကြည့်ပြီး ကလေးလေးတယောက်ကိုပြုစုယုယသလိုမျိုးတွေလုပ်လာခဲ့တယ်။

နိုင်ငံရေးခရီးကြမ်းကို အငတ်ငတ် အပြတ်ပြတ် ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ပေါင်း လေးဆယ်နီးပါးအတွင်း  နိုင်ငံရေးသမားပီပီ ဒေါသကိုချုပ်တည်းရတာတွေ၊ မျိုသိပ်စောင့် စည်းရတာတွေ၊ ခန္ဓာနဲ့ဝန်မမျှအောင် ထမ်းခဲ့ရတဲ့ဝန်တွေ၊ ထွက်ခဲ့ရတဲ့ ခရီးကြမ်းတွေကြောင့် အခုတော့ ကျနော့် နှလုံးဟာ ကျနော့်ရဲ့ တစထက် တစ ယိုယွင်းလာတဲ့ ခန္ဓာဝန်ကို နိုင်အောင်ထမ်းပေးဖို့ ငြင်းဆန် ပုန်ကန်နေပြီလေ။

“အေး....အရင်ကဆို တောထဲတောင်ထဲမှာ ပြေးရပုန်းရ စားစရာမရှိ၊ အိမ်မရှိနဲ့ ဒီကလေးတွေတောင် ဒီအရွယ် ရောက်မှ ဘာလို့များ နိုင်ငံခြားသွားချင်စိတ်ပေါ်ခဲ့ရပါလိမ့်လို့ ငါတွေးမိတယ်။ အခုဆိုရင် အကြီးမက ကျောင်းသား ဆေးခန်းက ဖွင့်တဲ့ကျောင်းမှာ ဆရာမလုပ်လို့၊ အငယ်မလေးကလည်း ဆယ်တန်းအောင်ပြီးလို့ ကေအီးဒီစီမှာ ကျောင်းတက်နေရတာပဲ။ ကျမဆိုရင်လည်း ဒီမှာ အလုပ်ကလေးဘာလေးလုပ်နေရတာပဲ။ လစဉ်ရနေတဲ့ ရိက္ခာ နဲ့ ဒီမှာနေရတဲ့ဘ၀လည်း သိပ်ဆိုးတာမှမဟုတ်ဘဲနဲ့၊ နော်....”

ကျနော့်ဇနီးက သူ့ကို အင်တာဗျူးလာလုပ်တဲ့ အမျိုးသမီးငယ်ကို ပြောနေရာက နောက်ဆုံးတော့ သူတို့ဘေးက ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့ ကျနော့်ကို မော့ကြည့်ပြီး သူ့စကားကို အဲဒီလို အဆုံးသတ်လိုက်ပါတယ်။

ကျနော် သူ့ကို ဘယ်လို နှစ်သိမ့်ရမလဲ။ အိမ်ထောင်သက် ၂၀ ကျော် ၂၅ နှစ်နီးပါးအတွင်း သူဟာ ကျနော့်အတွက် မျိုးဆက်တဆက်ကိုလည်း ကျွေးမွေး စောင့်ရှောက်ခဲ့ရ။ ကျနော့်ကိုလည်း ပြုစု ယုယခဲ့ရ၊ ကျနော့်ကြောင့်ရတဲ့ ဒုက္ခ သုက္ခနဲ့ နေရာအတည်တကျမရှိ ခြေသလုံးအိမ်တိုင် နေခဲ့ရတဲ့ ဘ၀မှာ ကိုယ့်ဖာသာကိုယ် ရှာဖွေ စားသောက်ခဲ့ရ။ သည်ကြားထဲက သူ…ကျနော့်ကို ထားမသွား ရက်ဘဲ ဖြစ်နေသေးတော့တယ်။

 အဲဒီ စိတ်ဖိစီးမှုတွေကြောင့် သွေးအန်ပြီး ဆေးရုံရောက်ရခဲ့ရတာ လွန်ခဲ့တဲ့ ၂ ရက်ကမှ သူ အိမ်ပြန် ရောက်လာရတာပါ။
ကျနော်က သူ့ကို အဲဒီလိုစိတ်ဝေဒနာတွေ တပွေ့ တပိုက်နဲ့ ကျနော့ကို ခွဲ ခွာသွားရတာမျိုး မဖြစ်စေချင်ဘူး။

ဒီလိုနဲ့ အင်တာဗျူးတဲ့ကိစ္စက စနေနေ့မနက်ပိုင်းမှာ အတည်ဖြစ်သွားတယ်။

* * * * * * * * * * * * *

အင်တာဗျူးမယ့် မိန်းကလေးက ကျနော့်ဇနီးနဲ့စကားပြောချင်တာဖြစ်တဲ့အတွက် ကျနော် အိမ်ရှေ့ခန်းကို မထွက်ပါဘူး။

ဒီဘက်နယ်မှာ နိုင်ငံရေးသမားတွေကို နိုင်ငံရေး ကိစ္စတွေသာ မေးကြ ရေးကြလေ့ရှိတဲ့အထဲ ဒီ မိန်းကလေး  ကတော့ ထူးထူးခြားခြား နိုင်ငံရေးသမားတွေရဲ့ ပါရမီဖြည့်ဖက်တွေရဲ့ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ ဘ၀တွေနဲ့ ရပ်တည်ချက်တွေကို စိတ်ဝင်စားတယ်လို့ ပြောတယ်။ ဒါကလည်း လူတွေ သိသင့်တဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးသမိုင်းကြောင်းမှာ အရေးပါတဲ့ အချက်ပဲလို့ ဆင်ခြင်ရင်း သူတို့ ဘာတွေ မေးကြ ပြောကြသလဲ..ဆိုတာကိုတော့ ၀ါးထရံရဲ့ တဖက်ခြားကနေ ကျနော် နားစွင့်နေမိတယ်။

‘ရန်သူ့တပ်ဝင်လာပြီဆိုတာနဲ့ ကျမတို့ဟာ ရိက္ခာထုတ်တွေထမ်း ကလေးကိုပိုး၊ အ၀တ်ထုတ်တွေ ရွက်ပြီး ပြေးရ တော့တာပါပဲ။ အဲဒီလိုပြေးရတိုင်း ကလေးတွေအဖေက ဘယ်တော့မှ အိမ်မှာ ရှိနေ တာမဟုတ်ဘူး။ ကျမနဲ့အတူ လာနေပေးတဲ့ ရဲဘော်လေးတွေနဲ့ပဲ ပြေးကြရတာပေါ့။ ရွာထဲကလူတွေက ကျမတို့ကို မကြည်ဖြူကြဘူး။ ကျမတို့လို နိုင်ငံရေးလုပ်တဲ့မိသားစုတွေကို ရွာထဲမှာလက်ခံထားလို့ အခုလို အစိုးရအမွှေခံရတာလို့ပြောတော့ ကျမလေ သူတို့ကို အားလည်းအားနာတယ်။ သူတို့ ဒီလို ပြောတာလည်း ဟုတ်နေတာပဲကိုး၊ နော...

ဒါပေမယ့် ရွာနဲ့ဝေးဝေးမှာလည်း မနေရဲတော့ ရွာအပြင်က ချောင်းဘေးမှာ ကျမလင်လိုပဲ နိုင်ငံရေးသမား မိသားစုတွေလေးငါးအိမ်စုပြီး နေကြရတာပေါ့။ တကယ်လို့များ ရန်သူ့တပ်လာတော့မယ် သတင်းကြားရင် ကျမတို့က ဘာမှလည်း ပိုင်ဆိုင်တဲ့ပစ္စည်း ယူဖို့ သိမ်းဖို့ ၀ှက်ခဲ့ဖို့ မရှိတော့ ကျမတို့က မြန်မြန်သိမ်းပြီးလို့ အရင်ပြေးနှင့်တယ်ဆိုရင်လည်း သူတို့က သူတို့လင်တွေ နိုင်ငံရေးလုပ်လို့ လာဖမ်းတော့ သူတို့ကအရင်သတင်းရပြီး အရင်ပြေးနှင့်တယ်လို့ပြောပြန်ရော”

“အဲဒီလိုအခါတွေမှာ ဒေါဒေါ်က အတီး(ဦးလေး) အပေါ်မှာ ငြိုငြင်မိသေးလား” လို့ စာရေးဆရာမလေးက မေးပါတယ်။ 

သူဘယ်လိုများဖြေမလဲ။

“အို ဒါကတော့ သူ့ကို ကျမစတွေ့ကတည်းက သူက နိုင်ငံရေးသမားပဲဟာ၊ သူ့အလုပ်က ဒီလိုပဲ အမြဲ ခရီးတွေ ထွက်နေရတာပဲဟာ။ ယူပြီးမှ တွေ့ရတာမှမဟုတ်ဘဲ။ ပြီးတော့ ကိုယ့်နိုင်ငံအရေးအတွက် စိတ်သန့်သန့်နဲ့ လုပ်ပေးနေတာပဲ။ ဘာမှ စိတ်ဆိုးနေဖို့မရှိပါဘူး”

ကျနော့်ဇနီးကို ကျနော်မြတ်နိုးတွယ်တာခဲ့တဲ့ အဓိကအကြောင်းက အဲဒီသူ့ရဲ့ နားလည်ခွင့်လွှတ်တတ်တဲ့ စိတ်ကလေးပါပဲ။

ကိုယ့်ယောက်ျားရဲ့ ငွေမရှာနိုင်မှုအပေါ်မှာ အပြစ်ဖွဲ့ငြင်ညိုတတ်တဲ့ အိမ်ထောင်ဖက်မျိုး မဟုတ်ခဲ့ဘူး။

ဘယ်သူ့ ယောက်ျားကတော့ဖြင့် နိုင်ငံခြားထွက်သွားပြီး မိသားစုကို ဘယ်လိုထောက်ပံ့နေတာ ဆိုတာမျိုး... ဘယ်သူက တော့ဖြင့် နိုင်ငံခြားရောက်နေတဲ့ သူ့သူငယ်ချင်းတွေဆီက ပိုက်ဆံတောင်းနိုင်လို့ ပြေလည်နေပြီ၊ တော့်သားသမီးတွေငတ်နေတာ ကြည့်လို့ကောင်း နေတယ်ပေါ့ ဆိုတာမျိုး.... သူ ဘယ်တော့မှ ကျနော့ကို နှလုံးပူ မတိုက်ခဲ့ပါဘူး။ သူတို့အမေးအဖြေတွေက ကျနော့်ကို ကြေကွဲမှုထက် ကြည်နူးမှုကိုဖြစ်စေပါတယ်။

ကျနော်ကတော့ နေ့ခြောက် လ၊ ညခြောက်လဆိုတဲ့ ဒေသတခုမှာ သူနေလို့ပျော်ပါ့မလားလို့ တွေးနေမိ တယ်။ ကိုယ့်မိသားစုကလွဲရင် ကိုယ့် လူမှုအသိုင်းအ၀ိုင်းမဟုတ်တော့တဲ့ ဒေသစိမ်း၊ လူစိမ်းတွေ ကြားမှာ အခုမှ စကားပြောတတ်ကာစ ကလေးတ ယောက်လို စကားပြောပြန်သင်ရမယ့်အတွက် စိတ်ဖိစီးမှုတွေ များနေမှာကို စိုးရိမ်မိတာပါပဲ။

* * * * * * * * * * * * * * * *

ကားက အုပ်ချုပ်ရေးရုံးရှေ့ကအထွက်မှာ စိတ်ခိုင်လှပါတယ်ဆိုတဲ့ ဇနီးသည်ရဲ့မျက်ရည်စကို မြင်ဖြစ်အောင်မြင် လိုက်ရပါတယ်။

သူ့အဖေ နာတာရှည်ရောဂါဖြစ်နေတဲ့ အသက်ရှစ်ဆယ်ကျော်လူကြီးတယောက်အတွက် အစာ အာဟာရအပြည့်အ၀ရနိုင်မယ့်နေရာတခုဆီ.....

ငှက်ဖျားတောထဲမှာမွေးဖွားခြင်းခံခဲ့ရပြီး ငှက်ဖျားပိုး အစားခံရတဲ့ဦးနှောက်နဲ့ လူတကာကို ရယ်ပြတတ် တာကလွဲရင် စာသင်လို့မရနိုင်တော့တဲ့ သမီးလတ်အတွက် ဆေး ကုဖို့ အချိန်လွန်နေပြီဆိုရင်တောင်မှ လုံခြုံစိတ်ချစွာ ထားပေးနိုင်မယ့်နေရာတခုဆီကို...
နိုင်ငံ့အတွက် အသက် ပေးထားတဲ့ ကျန်းမာရေးဆုတ်ယုတ်လာသည့်တိုင်အောင် ဘယ်တော့မှ တော်လှန်ရေးနယ်မြေကို အသက်ရှင် လျှက် စွန့်ခွာထွက်သွားမှာမဟုတ်တဲ့ သူ့ယောက်ျား ကျနော့်ရဲ့လိုအပ်ချက်ပေါင်းများစွာကို နောက်ကနေ လိုသမျှ ထောက်ပံ့ကူညီနိုင်ဖို့အတွက်...

အဲဒီ အတွက် ပေါင်း များစွာအတွက် မျက်ရည်စက်တွေနဲ့ သူ-ထွက်ခွာသွားခဲ့ပါပြီ။

IOM လို့ အဝေးကမြင်နေရတဲ့ ဒုက္ခသည်တွေကို သယ်ဆောင်သွားတဲ့ ကားတန်းကြီးကတော့ မီးစုံဖွင့်မောင်းလို့ ဒုက္ခသည်မြို့လေးထဲက ထွက်ခွာသွားပါပြီ။

ကျနော်က သူ့ကိုထားရစ်ခဲ့ပြီး အန္တရာယ်ရှိတဲ့ ခရီးပေါင်းမရေတွက်နိုင်အောင်ထွက်ခဲ့တုန်းက အိမ်အပြန် သူ့ကိုမြင်ရမယ်ဆိုတဲ့အသိ နဲ့ ဘယ်လောက်နက်တဲ့တောကိုပဲဖြစ်ဖြစ် ကျနော်တိုးရဲခဲ့တယ်။

ဘယ်လောက်နီးကပ်တဲ့ အန္တရာယ်မြေကိုဖြစ် ဖြစ်သွားရဲခဲ့တယ်။ အခု ကျနော် အိမ်မပြန်ရဲတော့ဘူး။

ဆွေမျိုးသားချင်းတွေ ရှိနေသေးပေမယ့် ဒီအိမ်ဟာ ကျနော့်အိမ် မဟုတ်တော့သလို…ကျနော်ဟာ အလိုလိုနေရင်း တယောက်တည်း…ဆိုတဲ့ စိတ်အားငယ်မှုက ဖိစီးလာတော့တယ်။

* * * * * * * * * * * * *

ကျနော့ဆီက ငှားထားတဲ့ နိုင်ငံ့သမိုင်းစာအုပ်လေးကို ပေးဖို့ အင်တာဗျူးတဲ့ ဆရာမလေး ကျနော် ခရီးမထွက်ခင် ရောက်လာခဲ့ပါတယ်။

“တီးတီ ပိန်သွားလိုက်တာနော်။ နေမကောင်းဘူးလား”တဲ့။

ကျနော့ရယ်ပုံက မဲ့တဲ့တဲ့ဖြစ်နေမလားတော့မသိဘူး။

 “အတီး ခရီးသွားတော့မယ်။ တကယ်လို့စာအုပ်ဖတ်ချင်သေးတယ်ဆိုရင် ပြန်ယူသွားပါ။ အိမ်မှာ အတီး ညီမ ကျန်ရစ်ခဲ့လိမ့်မယ်။ ဖတ်ပြီးမှ သူ့ကိုလာပေးထားလိုက်ရင် ရပါတယ်”

“အတီးကျန်းမာရေးနဲ့ ခရီးဝေး ခရီးပြင်းတွေ မသင့်ဘူးလို့ထင်တယ်နော်”

“အိမ်မှာနေတော့လည်း တယောက်တည်းဖြစ်နေတာကတကြောင်း၊ အခုတိုက်ပွဲတွေလည်း ဖြစ် နေတော့ ဘယ်လိုပဲဖြစ်ဖြစ် သွားမှဖြစ်မယ်လေ။ ကျန်းမာရေးမကောင်းတာက တကဏ္ဍပေါ့။ ဒါက မလုပ်ရင်မဖြစ်တဲ့ အလုပ်မဟုတ်လား”

တရားသောတိုက်ပွဲမှန်သမျှ အောင်မြင်ရမှာပါအတီးရယ်…ဆိုတဲ့ ကလေးမရဲ့အားပေးသံကလည်း ခပ်ပျော့ပျော့သာ။

သူမမွေးခင်ကတည်းက ဖြစ်လာခဲ့တဲ့ မြန်မာ ပြည်တွင်းစစ်အကြောင်း ကျောင်းက သင်ပေးလိုက်တဲ့ ၀ါဒဖြန့်အရေးအသားကလွဲရင် အမှန်ကို သိရဖို့ ကျမ အချိန် အများကြီးယူပြီး လေ့လာရအုန်းမှာပါ… ဆိုတဲ့ သူ့ရဲ့ ၀န်ခံစကားကို ကျနော် ပြုံးပြီး နားထောင်ခဲ့ဖူးတယ်။ အခုလို တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ နစ်နာဆုံးရှုံးမှုတွေအပေါ် စာနာ နားလည်တတ်တဲ့ မြန်မာလူမျိုးတွေဟာ ကျနော်တို့ အတွက်တော့ တစိမ်းတွေ မဟုတ်ပါဘူး။ ကျနော်တို့ဟာ စနစ်နဲ့ အာဏာရှင်ကို အတူတူ တိုက်ပွဲဝင် နေကြသူတွေပါ။

* * * * * * * * * * *

အခုတော့ ကျနော့်ရဲ့ မိသားစုက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတနိုင်ငံဆီသို့ရောက်ရှိနေပြီး ကျနော်ကတော့ နိုင်ငံမဲ့ အိမ်ခြေမဲ့ တယောက်အနေနဲ့ တော်လှန်ရေးခရီးကြမ်းကို အသက်ကို မေ့ထားပြီး တိုးဝင်နေဆဲ။






* * * * * * * * * * * * *
ခွာညို (၂၀၀ရ- ခုနှစ်။ ဇွန်လ (၂၀) ရက်က ရေးသားထားခဲ့ပြီး အလင်းအိမ်မဂ္ဂဇင်းမှာလည်း ဖော်ပြခဲ့ပြီးသော စာမူကို ပြန်လည် ပြုပြင်မွမ်းမံထားတာပါ။ )

၂၀၁၀ ခုနှစ်၊ ဧပြီလ (၂၇) ရက်။

IOM ကား အလာကို
ထိုင်စောင့်နေတဲ့ ကရင် အဖွားအို

တတိယနိုင်ငံကို ပို့မယ့်ကား
 အုန်းပျံ့ ဒုက္ခသည်စခန်းမှာ တထောက်နားနေတဲ့ နို့ဖိုးက ဒုက္ခသည်တွေ...

 (မှတ်ချက်။ ၊ ဓာတ်ပုံအားလုံးကို ခွာညိုပိုင်ပါတယ်။)
Template by : kendhin x-template.blogspot.com