Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Thursday, April 29, 2010

ဆေးပေါင်းခတဲ့ညက ကျမရဲ့ အတွေး အပိုင်းအစတွေ...

အအိပ်ဇီဇာကြောင်တဲ့ ကျမအိပ်ချိန်တိုင်းမှာ ဘယ်သူတယောက်ကိုမှ ခြေသံပြင်းပြင်းနင်းပြီး လမ်းလျှောက်ဖို့ ခွင့်မပြုခဲ့တဲ့ အမေက ကျမရဲ့ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို တနှစ်မှာ တကြိမ်တိတိ မပျက်မကွက် နှောင့်ယှက်လေ့ရှိပါတယ်။

အဲဒီညက…

ဆေးပေါင်းခတဲ့ည ဖြစ်ပြီး ည (၁၂) နာရီတိတိတိုင်းမှာ သူ ကျမကို မရမကနှိုးပြီးတော့ သူကိုယ်တိုင် သုတ်ထားတဲ့ မယ်ဇလီဖူးသုပ်ကျွေးအတင်းခွံကျွေးလေ့ရှိတာပါပဲ။

* * * * * * * * * * * * * * *


ဆေးပေါင်းခတဲ့ညမှာ အနှောင့်အယှက်မရှိဘဲ အိပ်နေနိုင်ခဲ့တာ အခုဆိုရင် နှစ်နှစ်ရှိသွားပြီ။ ဒါပေမယ့် အခုတော့ ကျမကို တယောက်ယောက်က လာနှောင့်ယှက်ဖို့ ပြန်ပြီး တမ်းတမိနေတယ်။

* * * * * * * * * * * * * * *

ကျမက ချူခြာတယ်ဆိုပြီး အိမ်မှာ အမေက အလိုလိုက်တာကိုခံရတယ်။ အခွင့်ထူးခံဆိုပါတော့။

အမေက သိပ်အေးဆေးပြီး စိတ်နှလုံးသိမ်မွေ့တဲ့သူ၊ အဖေကလည်း အမေ့လိုပါပဲ။ ဒါပေမယ့် အင်္ဂါသားအဖေက စိတ်ဆိုးပြီ ဆိုရင်တော့ နည်းနည်း သောင်းကျန်းတတ်တယ်။

အဖေက အဲဒီလို ဆူပူ ၀ုန်းဒိုင်းကျဲရင် အမေက နည်းနည်းမှကို မကြိုက်ဘူး။ အဖေကလည်း အမေ မကြိုက်မှန်းသိပေမယ့် သူ့ဒေါသကိုသူ မထိန်းနိုင်တဲ့အခါတွေရှိတယ်။ တခါကတော့ ကျမအိပ်နေတဲ့ တနေ့လည်ခင်းမှာ အဖေက တယောက်ယောက်ကို သိပ်စိတ်ဆိုးပြီး အသံအကျယ်ကြီးနဲ့ အော်လိုက်တော့ ကျမလန့်နိုးသွားခဲ့တယ်။

အမေက အဖေ့ကိုလှမ်းပြောလိုက်တယ်။ “အဖေကြီး ညိုလေးအိပ်နေတယ်“ တဲ့။

အဖေ့အသံ ချက်ခြင်းတိုးသွားခဲ့ပါတယ်။ အဲဒီလို အခါမျိုးကျရင် တိတ်တိတ်လေးကျေနပ်ရင်း ဆက်ပြီး အိပ်ချင်ယောင် ဆောင်နေခဲ့တာပေါ့။

ဒါပေမယ့်လည်း အမေက အရိပ်တကြည့်ကြည့်နဲ့ အမြဲတမ်းဂရုစိုက်ခဲ့တာတွေကြောင့် စိတ်ညစ်ရတာတွေလည်း အများကြီး ရှိခဲ့တယ်။ သူများ ငပိရည် စပ်စပ်နဲစားလည်း ကျမက ငရုပ်သီးပါယုံလေးနဲ့ စားရတာမျိုး...

သူများမုန့်ဖိုးရပေမယ့် ကျမကိုတော့ အပြင်စာတွေ လျှောက်စားပြီး ၀မ်းလျှော ၀မ်းကိုက်မှာစိုးလို့၊ အစာအိမ် အချဉ်ပေါက်မှာစိုးလို့ ဆိုတဲ့… ပူပင်မှုတွေနဲ့  မုန့်ဖိုးမပေးတာမျိုး။ ညတိုင်းမှာ နွားနို့ မသောက်မနေရတို့ ….

နောက်ပြီး ညည သူ နည်း နည်းချမ်းပြီဆိုတာနဲ့ ကျမအိပ်ယာဆီ ကူးလာပြီး ကျမ ချမ်းလား..အိုက်လား မစုံစမ်းဘဲ မအိပ်သေးတဲ့ သူ့သမီးကို နိုးသွားမှာစိုးလို့ ဖွဖွလေး စောင်အထူကြီးတွေ တကူးတက လာခြုံပေးတာတို့…. ကျမ သိပ်စိတ်ညစ်ခဲ့ ရဖူးတဲ့ အမေ့ရဲ့ အကြင်နာတွေပါ။

လက်ဆစ်တွေကိုက်နေလို့ပါ အမေရာ လို့ အပျင်းထူပြီးညာတာကို ယုံချင်ယောင်ဆောင်ပြီး ကျမ လိမ်းဖို့  သနပ်ခါးသွေးပေး တဲ့အခါမျိုး …

ကျမနေမကောင်းတဲ့အခါ အထူးသဖြင့် လနဲ့ချီပြီး ခေါင်းကိုက်တတ်တဲ့ ဝေဒနာဆိုးကိုခံနေရတဲ့အခါ မျိုးမှာ အသားနံ့ငါးနံ့တွေကို မခံနိုင်တော့တဲ့အခါတိုင်း ကျမစားချင်လေ့ရှိတဲ့ ကြာဇံဟင်းခါးကို ဘယ် လောက်ပဲ မအားတဲ့ကြားက အပြေးအလွှား ချက်ဖြစ် အောင် ချက်ကျွေးတဲ့အခါ…

သည်းခြေထဲမှာ ကျောက်လေးလုံးရှိနေတယ်လို့ အာထရာဆောင်းရိုက်တဲ့အဖြေထွက်လာတဲ့အခါ ကျမက တဆင်စာပြည့်အောင် စုနေတာ။ ပြည့်တော့မှ ထုတ်ရောင်းမယ်လို့ ရယ်စရာလုပ်နေသည့် တိုင်အောင် အမေ့ မျက်နှာက ထိန်းမရအောင်ပျက်နေတာကို တွေ့ ရတဲ့အခါ …

ကျမအတွက် ဖိနပ်ကို ကျမကိုယ်တိုင် ဘယ်နှစ်ကြိမ်ဝယ်ဝယ် တခါမှ အံကိုက်မဖြစ်ဘဲ ကြီးလိုက် သေးလိုက်နဲ့ အဆင်မပြေဘဲ သည်းခံစီးနေခဲ့ရပေမယ့် အမေ၀ယ်လာပေးတဲ့ဖိနပ်တိုင်းကတော့ ကျမခြေထောက်နဲ့ အမြဲ အံဝင်ခွင်ကျဖြစ်နေတဲ့အခါတွေမှာ...

ကျမဟာ အမေ့သမီးတယောက်အနေနဲ့ လူဖြစ်လာရတာကို အလွန်ဂုဏ်ယူမိခဲ့တယ်။ လူဖြစ်ရကျိုးနပ်တယ်ရယ်လို့လည်း အမြဲကျေနပ်နေခဲ့တယ်။

ဖြစ်နိုင်ရင် အနှီးနဲ့ ထုတ်ပြီး ရင်ခွင်ထဲ ထည့်ထားချင်တုန်းပဲ လို့  လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က သူပြောခဲ့တာကိုလည်း ကျမ အခုထိ ကြားနေမိတုန်းပဲ။

ကျမက ချူခြာပေမယ့် အသက်တော့ပြင်းသား။

ကိုယ့်အားနဲ့ကိုယ်တောင်မှ နို့်စို့မယူနိုင်တဲ့ ပိစိကွေးလေးဘ၀နဲ့ ကျမအသက်သုံးလမှာ မွေးရာပါ ခြေမ အပွားလေးကို ဖြတ်ဖို့ ကြိုးစားရင်း ခြေထောက် ပုပ်လိုက်လာလို့ အမေ့ခမျာ ဆရာဝန်တွေကို ဒူးထောက်ပြီးတော့တောင် ကျမအသက်ကိုကယ်ပေးဖို့  တောင်းပန်ခဲ့ရဖူးသတဲ့။

ဖြစ်ပုံက အမေက အိမ်ထောင်ကျတာအရမ်းစောတော့ ဘာမှ နားမလည်ဘူး။ ကျမခြေမမှာ အပွားလေးပါလာတာကိုကြည့်ပြီး အရွယ်ရောက်လာတဲ့ အခါ ရှက်ရှာမှာပဲ။ ကွင်းထိုးဖိနပ်လည်းစီးလို့ ရမှာမဟုတ်တော့ပါဘူး လို့ စိတ်မကောင်းဖြစ်နေတဲ့အမေ့ကို ပညာမတတ်တဲ့ တောကသူ့အဒေါ်တွေ က အကြံကောင်းတခုပေးလိုက်တယ်။ ခြေပွားလေးကို အချစ်ဆုံးအမျိုးသမီးသုံးယောက်ရဲ့ ဆံပင်ခြည် နဲ့ပတ် သုံးရက်ရှိရင် သူ့ဟာသူ ပြတ်ကျသွားလိမ့်မယ်တဲ့။ တကယ်တန်းကျတော့ အသားပိုမဟုတ်ဘဲ အရိုးပါပါနေတဲ့ ခြေမအပိုလေးက ပြတ်မကျနိုင်တော့ ပုပ်သွားတာလို့ အမေက ပြောပြပါတယ်။

မကွေးတိုင်းဆေးရုံကြီးဆီ ကျမကိုပွေ့ခေါ်သွားတဲ့အခါ ဆရာဝန်တွေက လှီကင်းသေးကွေးလှတဲ့ ကျမရဲ့ ကိုယ်လုံးသးသေးလေးကို ကြည့်ပြီး အမေ့ကို ဒီလောက်တောင်မှ အသိဉာဏ် နည်းရမလား ဆိုပြီး ဆူပူအပစ်တင်ရင်း ဒီလောက်သေးတဲ့ကလေးလေးကို မေ့ဆေးနဲ့ ခွဲပေးရမှာ မလုပ်ပေးနိုင်ဘူး ဆိုပြီး ငြင်းလို့ အဲဒီဆရာဝန်တွေရှေ့ မှာ ဒူးထောက်ပြီးတော့တောင် တောင်းပန်ခဲ့ရတယ်လို့ ပြောတယ်။

အဲဒီတုန်းက သုံးလသမီးနဲ့ မေ့ဆေးဒဏ်ကိုခံလိုက်ရတာ တော်တော်နဲ့ နလံမထူဘူးဆိုပဲ။

ဒီလိုနဲ့ ကိုးလသမီးအရွယ်ရောက်တော့ အဖေ့တူမတွေက ကျမကိုလုချီရင်း သူယူနိုး၊ ကိုယ်ယူနိုးနဲ့ ပြိုင်တူ လွှတ်ချလိုက်ကြတာ ညှပ်ရိုးကျိုးပြန်ရော။ ဆရာဝန်တွေက ပိစိကွေးလေးကို ကျောက်ပတ်တီး စီးမပေးဘူး။ သူ့ ဟာသူပြန်ဆက်သွားလိမ့်မယ်ဆိုပြီး ဒီအတိုင်းပြန်လွှတ်လိုက်လို့  ဆောင်းဝင်စ အအေးနဲ့  အနာရှိန်နဲ့ ရောပြီး ကျွက်ကျွက်ညံအောင်ငိုပြီး အမေ့ကို ညပေါင်းများစွာ အိပ်ရေးပျက်စေခဲ့ တာလည်း ကျမပါပဲ။

တနှစ်ပြည့်ခါနီးအရွယ်ကျတော့ အမေ့အဒေါ်အပျိုကြီးက သူစားနေတဲ့သဘောင်္သီးသုပ်ချဉ်စပ်တွေ ခွံ ကျွေးလိုက်တာ တခါတည်း အထက်လှန် အောက်လျှောဖြစ်တာ သုံးလကျော်…

အဲဒီသုံးလမှာလည်း အမေ့ခမျာ နေ့ ရောညပါ မအိပ်ခဲ့ရဘူး။ ပတ်ဝန်းကျင်က ဘယ်တော့ငိုသံကြားရမ လဲ…လို့  မျှော်လင့်နားစွင့်နေခဲ့ကြတဲ့ အခြေအနေကနေ ဒီအရွယ်အထိအသက်ရှည်နေနိုင်တာ အမေဟာ ကျမအမေ ဖြစ်နေခဲ့လို့ ပါ။

….အဲဒီတုန်းက သမီးက ရင်တွေပဲ အရမ်းပူနေလို့လားမသိဘူး။ ဒီလောက်အေးတဲ့အညာဆောင်းမှာ အနွေးထည် ၀တ်ပေးလို့လည်းမရ၊ စောင်လည်းအခြုံမခံဘဲ တညလုံး ကြမ်းပေါ်မှာပဲ လူးလှိမ့်နေတော့ အဆုတ် အအေးပတ်မှာစိုးလို့  သမီးလှိမ့်မယ့်နေရာကိုကြိုကြိုပြီး စောင်လိုက်ခင်းပေးရတဲ့အလုပ်ကို ညပေါင်းများစွာလုပ်ခဲ့ရတာ၊ ချီထားလည်း လက်မခံဘူး။ တခြား စိတ်မရှည်တတ်တဲ့ အမေမျိုးသာ ဆိုရင် သမီး ဒီအရွယ်အထိ အသက်ရှင်နိုင်မယ်မထင်ဘူး…လို့  အဖေက ကျမကို ပြန်ပြောပြခဲ့ဖူးတယ်။

တခါတရံမှာ မှန်တယ်လို့ ထင်ရင် ကျမက အမေ့အပေါ်မှာ အလွန် ဆိုးတတ်ပြီး အမေ စိတ်ထိခိုက် သွားစေမယ့်စကားမျိုးတွေ ပြောချလိုက်မိတဲ့ အချိန်တိုင်းမှာ အဖေက ကျမကို ခပ်အေးအေးနဲ့ သွန်သင် ဆုံးမခဲ့တတ်ပါတယ်။ အဲဒါတွေ ပြန်တွေးမိတိုင်း အမေ့ကိုပိုပိုပြီး ချစ်လာတယ်။

အခုဆိုရင် အမေ့ကို မတွေ့ရတော့တာ သုံးနှစ်တောင်ပြည့်တော့မယ်။ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံ ထားရတဲ့အမေကတော့ အလုပ်မရှိတိုင်း ကျမကိုပဲတွေးပူနေတော့မှာပဲ ဆိုတဲ့အတွေးမျိုး ၀င်လာတဲ့ အခါတိုင်း ကျမ စိတ်မကောင်းဖြစ်မိတယ်။

ကျမကျန်းမာရေးအတွက် ရတက်မအေးရတာဟာ တသက်လုံး ဖျောက်ဖျက်မရမယ့် အမေ့သောက ပါပဲ။

အမေဆိုတဲ့အမျိုးအစားက ဘယ်အချိန်မှာပဲဖြစ်ဖြစ် သားသမီးတွေပေးတဲ့ ဒုက္ခတွေ တနင့်တပိုးထမ်း ထားရတာ ကိုပဲ ရူးသွပ်ချိုမြိန်နေတတ် ကြသူတွေပါ၊ လူလားမြောက်လာတဲ့ သူတို့သားသမီးတွေကို စောင့်ကြည့်ရင်း ငယ်ငယ်က သူတို့ရဲ့သားသမီးတွေနဲ့ ပတ်သက်တဲ့ ဆင်းရဲပင်ပန်းမှုတွေအကြောင်း မြိန်ရည်ယှက်ရည် ပြောပြချင်ကြတဲ့ အာသီသလည်း သူတို့ မှာ ညီတူညီမျှရှိနေကြတယ်။ ငယ်ငယ်ကတော့ ဒါတွေကို ကျမ နားမလည်ခဲ့ပါဘူး။ နေမကောင်းဖြစ်တဲ့အခါတိုင်း အမေက ဘာဖြစ်လို့ ငါးဆယ့်ငါးပါးဆေး စားပီး သမီးကို မွေးခဲ့ရတာလဲ…လို့ အမေ့အားနည်းချက်ကိုနင်းပြီး ရန်လုပ်တတ်ခဲ့တဲ့ မလိမ္မာတဲ့သမီးပါ။

ကျမကို မွေးမယ့်အလှည့်ကျမှ မြန်မာသန္ဓေတားဆေးသုံးခဲ့မိကြောင်း…ကျမ မွေးလာတဲ့အခါ ပေါင်မပြည့်ခဲ့တဲ့အကြောင်း…အမေပြန်ပြောလို့  သိရတဲ့ ဒီအချက်တွေကို ကျမက နိုင်ဖဲတချပ်လို ကိုင်ပြီး အမေ့ကို ဗိုလ်ကျ ခဲ့မိလေသလားတော့ ကျမ မဝေခွဲတတ်ခဲ့ပါ။ သို့သော် ကျမ အမေ့ကို ခဏ ခဏ အဲဒီလို ပြောပြောပြီး ဂျီကျခဲ့တာကတော့ အသေအချာ။

* * * * * * * * * * * * * * *

ဒီလို ကောင်းကင်မှာ တိမ်တွေကင်းစင်ပြီး ကြည်စင် ၀င်းပတဲ့ ကောင်းကင်ကြီးထဲက လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေကို မော့ကြည့်ငေးမောရင်း ဟိုး..နားက ဓူဝံကြယ်...ဟောဟိုက မောင်ရင်ဆိုင်းထမ်း...ဟိုဘက်မှာက ခုနစ်စင်..စသည်ဖြင့် တွတ်ထိုးခဲ့ကြတဲ့ လသာတဲ့ညက မိသားစုနဲ့အတူ အိမ်ရှေ့ကွပ်ပျစ်မှာ လဲလျောင်းရင်း နေခဲ့တဲ့ အရသာကို ကျမ ပြန်ပြီး တမ်းတမိလာတယ်။

ဒီလို ကောင်းကင်မှာ တိမ်တွေကင်းစင်ပြီး ကြယ်တာရာတွေခြံရံလို့ အစွမ်းကုန်သာနိုင်အားတဲ့ လမင်းကြီးက ကောင်းကင်ပြာကို အလှတိုးစေအောင် စွမ်းဆောင်ထားနိုင်ခဲ့တယ်။

ထူးထူးခြားခြား တန်ဆောင်တိုင်လပြည့်ညမှာ ကြယ်တာရာတွေစုံညီပေါ်ထွက်လို့ နက္ခတ်သဘင် ဆင်ယင်ကျင်းပလေ့ရှိသတဲ့။

ဒါဟာ ရိုးရာ ပုံပြင်က ဆင်းသက်လာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တန်ဆောင်တိုင်ညတိုင်းမှာ ကျမ မှတ်မိနေတာကတော့ သန်းကောင်ယံချိန်ကို စောင့်ပြီး မန်ကျည်းခေါက်တွေ ခွာသူက ခွာကြတယ်။ မျက်စေ့စူးတဲ့အခါ သွေးလိမ်းတော့ ဆေးစွမ်းထက်ဖို့တဲ့....

မြေစာမြက်ပင်တွေကို နောက်ပြန်ဆွဲနှုတ်ကြပါတယ်။ အဖျားကြီးတဲ့အခါ သနပ်ခါးခေါက်နဲ့ ကွမ်းရွက်တို့နဲ့ ရောပြုတ်သောက်ဖို့တဲ့။

ကြယ်တာရာတို့ရဲ့ ညီလာခံအချိန်မှာ သိမ်းဆည်းထားသမျှ နွယ်၊ မြက်၊ သစ်ပင်တွေ အားလုံး ဆေးဘက်ဝင်သတဲ့...

အဲဒီ တန်ဆောင်တိုင်ကာလမှာ လှိုင်လှိုင်ပွင့်တဲ့ စိမ်းဖန့်ဖန့် ၀ါရွှေသွေးနဲ့ မယ်ဇလီဖူးတွေကို နူးအောင် သုံးလေးခါပြုတ်၊ အခါးသက်သာအောင် သုံးလေးရက်ရေစိမ်ထားလို့ နုအိနေတဲ့ မယ်ဇလီဖူးပြုတ်ကို နှမ်းထောင်းနိုင်နိုင်နဲ့သုတ်ပြီး ကြက်သွန်အနီကြော်လေးတွေ အပေါ်ယံက ဖြူးလို့ စားချင့်စဖွယ် ပြင်ဆင်ပြီးတော့ အမေက တန်ဆောင်တိုင်လပြည့်ညရဲ့ သန်းကောင်ယံအချိန်ကို စောင့်လေ့ရှိပါတယ်။

သူချစ်တဲ့ မိသားစု ကျန်းမာ သက်ရှည်ဖို့ သူက ဆေးပေါင်းခချိန်ကျတော့မှ တယောက်တဇွန်း လိုက်ခွံ့ကျွေးဖို့ပါ။

အထူးသဖြင့်ကတော့ အချူခြာဆုံး ကျမကို အမေက ပစ်မှတ်ထားခဲ့ပါတယ်။ သူ့ခမျာ..ကျမကို နှစ်လခွဲရတဲ့ အထိ မသိလိုက်ဘဲ သောက်လိုက်ခဲ့မိတဲ့ သန္ဓေတားဆေးကြောင့် ကျမ ချူခြာနေရတာ..ဆိုတဲ့ စိတ်အစွဲနဲ့ အမြဲတမ်း ကျမကိုပဲ ပူပန်နေတဲ့ အမေပါ။

ဒါကြောင့် ဟုတ်သော်ရှိ..မဟုတ်သော်ရှိ...ကျမ နည်းနည်းပို ကျန်းမာရင် ပြီးရော..ရယ်လို့ အမေက အမြဲတမ်းပဲ တန်ဆောင်တိုင်ညတိုင်းမှာ ကျမအတွက် မယ်ဇလီဖူးသုတ်လေ့ရှိပါတယ်။


ဟိုး...ငယ်ငယ်တုန်းကတော့ အဲလို ရိုးရာစကားတွေကို တကယ်လား..ရယ်လို့ ညသန်းကောင်အထိစောင့်ပြီး မြက်ခြောက်တွေလည်းစုခဲ့ဖူး...အမေ့လက်ရာ မယ်ဇလီဖူးသုတ်ကိုလည်း မက်ခဲ့ဖူးတယ်လေ...

အသက်လေး နည်းနည်း ကြီးလာတဲ့အခါကျ ဒီလို ရိုးရာ ပုံပြင်တွေက ဆင်းသက်တဲ့ အယူအဆတွေကို အပိုအလုပ်တွေရယ်လို့ လုပ်ရတာကို ရှက်သလိုနဲ့ ပင်ပန်းလို့ အမေရာ...ဆိုပြီး အတင်း အိပ်ယာဝင်ခဲ့တာက အမေ့မေတ္တာကိုပါ ရောပြီး ဥပက္ခောပြုထားခဲ့သလိုပါပဲ။

အမေကတော့ စောစောအိပ်ရာဝင်တာကို မကန့်ကွက်ပေမယ့် သန်းကောင်ကျော်ရင်တော့ ..သမီးရေ...ခဏလေး ထပါနော်။ စားပီး ပြန်အိပ်...ဆိုပြီး စတိလေးပါကွယ်..ဆိုပြီး အတင်း မယ်ဇလီဖူးသုတ်ကိုလာခွံ့ကျွေးတဲ့အခါ သွားတွေ မညစ်ပတ်အောင် ရေခွက် အဆင်သင့် သူ့လက်မှာ ပါခဲ့ပြီးသားလေ...

* * * * * * * * * * * * * * *


တန်ဆောင်တိုင်ရဲ့ လပြည့်ဝန်းကိုမော့ကြည့် အမေ့ကိုသတိရရင်းက ရုတ်တရက် ကျမအတွေးက သတင်းဖတ် တိုင်း တွေ့ နေရတဲ့ မနီလာသိန်း တို့ မိသားစုပုံကလေးဆီ စိတ်ရောက်သွားမိတယ်။

ဖြူနေခြည် မင်းယုလေး ကြီးပြင်းလာတဲ့အခါမှာ ကျမက အမေ့အကြောင်း အခုလို ကြည်ကြည်နူးနူး၊ တမ်းတမ်း တတပြန်ပြောနေသလိုမျိုး သူ ပြောမှပြောတတ်ပါတော့မလား။

သူ့ မှာ အဲဒီလိုပြန်ပြောစရာစကားရှိဖို့ ၊ သူ့ မှာ အဲဒီလိုပြန်ပြောနိုင်လောက်အောင် ပြည့်စုံလုံလောက်တဲ့ အမေ့ရဲ့ ချစ်ခင်စောင့်ရှောက်မှုတွေလိုအပ်ပါတယ်။ အမေ့ရင်ခွင်ထဲမှာ အချိန်ပြည့်နေဖို့ အချိန်တွေ လို ပါလိမ့်မယ်။ အဲဒါတွေ ဘာတခုမှမရဘဲ ရင်ခွင်မဲ့ ကြီးပြင်းလူလားမြောက်လာရမယ့် ကလေးတယောက် ရဲ့ စိတ်အခြေအနေဟာ ဘယ်လိုများဖြစ်သွားနိုင်မလဲ။

အမေက သားတို့ထက် အမေ့အဖေရဲ့ တိုင်းပြည်ကိုပိုချစ်တယ်လို့ …. နာနာကျင် ကျင် ပြောလိုက်တဲ့ ကလေးလေးတယောက်ရဲ့ရင်ကွဲသံကို ကျမကြားဖူးခဲ့ရပြီးပြီ။

အခုအိမ်နဲ့ဝေးရာကို ပြေးနေ ရတဲ့ ကျမတို့တိုင်းပြည်က အာဇာနည်မိခင်တွေရဲ့ လူလားမမြောက်သေး တဲ့ ရင်သွေးလေးတွေကရော ရင်ခွင်မဲ့နေရတဲ့ဘ၀မှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှုတွေ ပျောက် ဆုံးရင်း မိဘတွေကို အဲဒီလိုအပစ်ဖွဲ့ စကားတွေကို ပဲ့တင်သံတွေအဖြစ် အတောမသတ် နားထောင်ပေး နေကြရမှာလား။

အဲဒီ မိခင်ရင်ခွင်နဲ့ဝေးပြီး လူလားမြောက်ရမယ့်ကလေးတွေရဲ့အဖြစ်ကလည်း ခဏ ခဏဆိတ် အကြည့်ခံထားရတဲ့ ဗူးသီးနုနုလေးတွေလို အကင်းသေပြီး မာကြောင်မဲပုပ် သွားလေမလား။

အသက်လေးဆယ်ကျော် ကျမက အမေ့မေတ္တာတရားနဲ့ ယုယမှုတွေကို တမ်းတမိတဲ့အခါတိုင်း မနီလာသိန်းရဲ့ သမီးလေးကို ကျမ ကိုယ်ချင်းစာမိတယ်။

လေးလသမီးမှာ အမေနဲ့ ခွဲခဲ့ရရှာသတဲ့။ သူ့ခမျာ အခါတောင် မလည်ရှာသေးဘူး။

ညည တရေးနိုးလာတဲ့အခါတိုင်း ကလေးကိုစောင်ခြုံပေးဖို့ရယ်လို့ မနီလာ ယောင်ယမ်းပြီး ထနေမလား။

အမေတယောက်ရဲ့ ချစ်ခြင်းတရားကို သမီးလေးနားမှ လည်နိုင်ပါတော့မလား။

သူကြီးပြင်းလာတဲ့အခါ အမေနဲ့ပတ်သက်လို့  ပြန်ပြောစရာ သူ့မှာရှိနေတဲ့ စကားတွေက အမေက ကျမကိုထားခဲ့ပြီး ထွက် သွားခဲ့တာကိုး …လို့  ပစ်တင်နာကျင်သံဖြစ်နေလေမလား။

ကျမတို့တိုင်းပြည်ရဲ့ စံပြသူရဲကောင်း ဇာနည်မေ တယောက်ဟာ သူဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတဲ့ ဒီကလေး လေးအတွက်တော့ စံပြမိခင်အဖြစ်ကို စွန့်လွှတ် စတေးခဲ့လိုက်ရတာလား…လို့ တွေးမိတဲ့အခါ ကလေး လေးက သူ့အမေကို နားလည်နိုင်ပါစေ…လို့ ဆန္ဒပြုရုံကလွဲလို့လည်း ကျမတို့ တတ်နိုင်တာ ဘာမှ မရှိခဲ့ပြန်။

* * * * * * * * * * * * * * *

အဲဒီ ညက...
ဝိုင်းစက်နေတဲ့ လပြည့်ဝန်းကြီးကို မော့ကြည့်ရင်း ကျမ အမေ့ကိုသတိရနေခဲ့တယ်။

အဲဒီညက...
အအိပ်ဇီဇာကြောင်တဲ့ ကျမအိပ်ချိန်တိုင်းမှာ ဘယ်သူတယောက်ကိုမှ ခြေသံပြင်းပြင်းနင်းပြီး လမ်းလျှောက်ဖို့ ခွင့်မပြုခဲ့တဲ့ အမေက ကျမရဲ့ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို တနှစ်မှာ တကြိမ်တိတိ မပျက်မကွက် နှောင့်ယှက်လေ့တဲ့ ညလေးတညပေါ့။  

အဲဒီညက…
ဆေးပေါင်းခတဲ့ည ဖြစ်ပြီး သူကိုယ်တိုင်သုပ်ထားတဲ့ မယ်ဇလီဖူးသုပ်ကျွေးဖို့  ည (၁၂) နာရီတိတိတိုင်းမှာ အမေ ကျမကို နှိုးလေ့ရှိခဲ့ဖူးပါတယ်။

အဲဒီညက…
တိမ်ကင်းစင်နေတဲ့ကောင်းကင်ပြင်ကြီးကိုမော့်ကြည့်နေခဲ့မိတယ်။

အဲဒီညက....
ကျမကို နှိုးမယ့်အမေနဲ့ မယ်ဇလီဖူးသုတ်ရဲ့ ခါးသက်သက် ရနံ့ကိုတော့ ကျမ မရနိုင်တော့တဲ့ညလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီညက…
ဖိုးလမင်းကြီးကလည်း ၀ိုင်းဝိုင်းစက်စက်ကြီးနဲ့ ရွှေရည်လောင်းထားသလို ၀ါနေတယ်။
ဘယ်တော့မှ သနပ်ခါးမပြတ်တဲ့ အမေ့မျက်နှာပြည့်ပြည့်ကြီးနဲ့တောင် တူနေသေးတော့တယ်။

ဆေးပေါင်းခတယ်ဆိုတာ နက္ခတ်တာရာ စုရုံးလို့ နက္ခတ်ပွဲသဘင် စီရင်တဲ့နေ့…ဖြစ်လို့ ဆိုတဲ့…
လူကြီးမိဘတွေစကား ကျမ ကြားဖူးခဲ့ပါတယ်.

ဒါကြောင့်…. အဲဒီညက ကောင်းကင်ကို ကျမမော့ကြည့်ရင်းကြယ်တွေစုံလာမယ့် အချိန်ကို ကျမ မျှော်လင့်တကြီး စောင့်နေခဲ့မိတယ်။

ကြယ်ကြွေနေချိန်မှာ တောင်းတဲ့ဆု..ပြည့်တယ် ဆိုတဲ့စကား ဘယ်သူက ထားသွားလည်း ကျမ မသိပါဘူး။

နိဗာန်မဂ်ဖို ရက်တိုတိုနဲ့ ရောက်ပါရစေ ဆိုတဲ့ဆုမျိုးကို တောင်းရမှာတောင် အချောင်သမား စိတ်ဓာတ်လို့ အတွေးမျိုးနဲ့ ဆိုရမှာ လိပ်ပြာမလုံခဲ့တဲ့ကျမက ဆုတောင်းတယ်ဆိုတာအပေါ်မှာလည်း ဘယ်တုန်းကမှ မှီခိုအားထားမှု မရှိခဲ့ပါဘူး …

ဒါပေမယ့် အဲဒီညကတော့...
လှိုက်လှဲသောစိတ်နဲ့ ဆုတခုတောင်းဖို့ ကြယ်ကြွေချိန်ကို စောင့်နေမိခဲ့တယ်။

ဖြူနေခြည်မင်းယုလေး သူ့အမေရင်ခွင်ရိပ်မှာ နွေးထွေးလုံခြုံမှုတွေအပြည့်နဲ့ တချိန်ချိန်မှာ ကျမ အမေ့အကြောင်း ကျမပြောပြနေတာတွေထက် ပိုပြီး နူးညံ့လှပတဲ့ မိခင်တယောက်ရဲ့ ချစ်ခြင်းတရားတွေအကြောင်း မမောတမ်းပြောဖို့ စကားတွေရနိုင်ပါစေလို့….

အဲဒီဆုကို တောင်းပေးဖို့ ကျမဟာ ကောင်းကင်မှာ ကြယ်စုံလာမယ့် သန်းကောင်ယံအချိန်ကို အမေ့ကို တမ်းတရင်း စိတ်ရှည်လက်ရှည် စောင့်နေခဲ့ဖူးပါတယ်။

ဒါပေမယ့်…။ ။

ဒါပေမယ့်....
အဲဒီညက…

ကြွေစရာ ကြယ်တွေတောင် ကောင်းကင်မှာ မလင်းလက်ခဲ့ဘူး ကလေးရေ။

* * * * * * * * * * * * * * *

ခွာညို
တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်။
Tuesday, January 8, 2008

အလင်းအိမ်မဂ္ဂဇင်းမှာ ပါပြီးသား ၀တ္ထုတိုလေးပါ။ အမေများနေ့ ရောက်တော့မယ့်အချိန်မှာ အမေ့ကို မှန်းပြီး အနည်းငယ် ပြုပြင်မွမ်းမံပြီး တင်ပေးလိုက်ပါတယ်။

အမေတွေအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်...

Tuesday, April 27, 2010

ကမ္ဘာ...ကမ္ဘာအဝေး....


Tuesday, December 18, 2007
(တစ်)

တို့နှစ်ယောက် ဘုရားကျောင်းကိုသွားရအုန်းမယ်လေ” ဆိုတဲ့ ဇနီးသည်ရဲ့သတိပေးစကားကြောင့် အင်တာဗျူးလာတဲ့ ဆရာမလေးက အားနာသွားပုံရပါတယ်။

ကျနော့်မျက်နှာကို မော့ကြည့်နေတဲ့ ဇနီးသည်ရဲ့ မျက်နှာမှာ သူ့ကိုယ်သူ လုံးဝအပြစ်ပုံချထားလိုက်တဲ့ စိတ်ဆင်းရဲမှု အစုအပုံကြီးကို ကျနော်မြင်ရတယ်။

ဒါ…မင်းအပြစ်မဟုတ်ပါဘူးကွယ်…လို့ ကျနော် သူ့ကို ပြောပြချင်တယ်။ ဒါတွေကို ဖွင့်ပြီး ဆွေးနွေးကြဖို့ တို့နှစ်ယောက်လုံး မလိုလားသလို တို့နှစ်ယောက်ကြားမှာ လိုလည်း မလိုအပ်လို့ ရေငုံနှုတ်ပိတ် တိတ်တိတ်ကြိတ်ခံစားနေကြရတာ ငါ သိသလို မင်းလည်း သိမှာပါ…လို့ ကျနော် ဖွင့်ပြောလိုက်ရင် ကောင်းမလား။

ယောက်ကျားတယောက်အနေနဲ့ အိမ်ထောင်တခုကို ပြည့်စုံကုံလုံအောင်ရှာဖွေမပေးနိုင်ခဲ့တာ...

သားသမီးတွေသာ မွေးဖွားစေခဲ့ပေမယ့် သူတို့ပညာရေး၊ ကျန်းမာရေးတွေကို တာဝန်တခုမှ ယူမပေး   နိုင်ခဲ့တာ၊ မိဘထက် တဆင့်မြင့်တဲ့ အဆင့်တခုရောက်အောင် ပုခုံးထမ်းတင်မပေးနိုင်တဲ့ နိုင်ငံကို ကယ်တင်ဖို့ကြိုးစားနေတဲ့ ကျနော့်ကို သူတို့ထားခဲ့တယ်ဆိုရင် ဒါဟာ ညီမျှတဲ့ တန်ပြန်သက်ရောက်မှု တခုပဲရယ်လို့ ကျနော် ကျေကျေနပ်နပ်ကြီး အထီးကျန် နေခဲ့ရဲရမှာပါ။

လာမယ့် သီတင်းနှစ်ပတ် လွန်မြောက်တဲ့အချိန်မှာ ကျနော့်မိသားစုဝင်အားလုံး ကျနော့်ကိုထားရစ်ခဲ့ပြီး ကမ္ဘာ့မြောက် ဖျားပိုင်းကို ခရီးနှင်ကြတော့မယ်။

ဒါဟာ ကျနော်တို့အားလုံး လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ကြိုတင်စဉ်းစားခဲ့ကြ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒီတုန်းက လုပ်သင့်တာကိုလုပ်လိုက်တာမို့ ဒီလိုအနီးကပ်မှာ ခံစားရမယ့် ဝေဒနာကို ကျနော်တို့ လျှော့ တွက်ခဲ့ကြတယ်။ ဟိုတုန်းကလည်း ကျနော်က အိမ်ကပ်ရတဲ့သူမဟုတ်၊ ခရီး အမြဲ ထွက်နေတဲသူဆိုတော့ သူတို့အနားမှာ ကျနော် ရှိခြင်း မရှိခြင်းဟာ ဘာမှထူးဆန်းတဲ့ကိစ္စတခု မဟုတ် ဘူးရယ်လို့ ဒီလိုပဲ ထင်မိခဲ့ကြ တယ်။ ကျနော်တို့ကိုယ် ကျနော်တို့ ခံစားချက်ထက် လုပ်ငန်းတာဝန်နဲ့ လုပ်သင့်တာကိုသာ လုပ်တတ်ကြတဲ့ နှလုံးသားခံစားချက်မရှိတဲ့ စက်ရုပ်လူသားတွေလို ပြုမူနေထိုင်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုကိုယ် အထင်ကြီးမိ ခဲ့ကြတယ်။

လက်တွေ့မှာတော့ သံရုံးအင်တာဗျူးနှစ်ကြိမ်ဝင်ပြီးတဲ့အချိန်ကစပြီး ကျနော့်ဇနီးဟာ တွေဝေငေးငိုင်စ ပြုလာတယ်။

ကျနော့ကို အရိပ်လိုကြည့်ပြီး ကလေးလေးတယောက်ကိုပြုစုယုယသလိုမျိုးတွေလုပ်လာခဲ့တယ်။

နိုင်ငံရေးခရီးကြမ်းကို အငတ်ငတ် အပြတ်ပြတ် ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ပေါင်း လေးဆယ်နီးပါးအတွင်း  နိုင်ငံရေးသမားပီပီ ဒေါသကိုချုပ်တည်းရတာတွေ၊ မျိုသိပ်စောင့် စည်းရတာတွေ၊ ခန္ဓာနဲ့ဝန်မမျှအောင် ထမ်းခဲ့ရတဲ့ဝန်တွေ၊ ထွက်ခဲ့ရတဲ့ ခရီးကြမ်းတွေကြောင့် အခုတော့ ကျနော့် နှလုံးဟာ ကျနော့်ရဲ့ တစထက် တစ ယိုယွင်းလာတဲ့ ခန္ဓာဝန်ကို နိုင်အောင်ထမ်းပေးဖို့ ငြင်းဆန် ပုန်ကန်နေပြီလေ။

“အေး....အရင်ကဆို တောထဲတောင်ထဲမှာ ပြေးရပုန်းရ စားစရာမရှိ၊ အိမ်မရှိနဲ့ ဒီကလေးတွေတောင် ဒီအရွယ် ရောက်မှ ဘာလို့များ နိုင်ငံခြားသွားချင်စိတ်ပေါ်ခဲ့ရပါလိမ့်လို့ ငါတွေးမိတယ်။ အခုဆိုရင် အကြီးမက ကျောင်းသား ဆေးခန်းက ဖွင့်တဲ့ကျောင်းမှာ ဆရာမလုပ်လို့၊ အငယ်မလေးကလည်း ဆယ်တန်းအောင်ပြီးလို့ ကေအီးဒီစီမှာ ကျောင်းတက်နေရတာပဲ။ ကျမဆိုရင်လည်း ဒီမှာ အလုပ်ကလေးဘာလေးလုပ်နေရတာပဲ။ လစဉ်ရနေတဲ့ ရိက္ခာ နဲ့ ဒီမှာနေရတဲ့ဘ၀လည်း သိပ်ဆိုးတာမှမဟုတ်ဘဲနဲ့၊ နော်....”

ကျနော့်ဇနီးက သူ့ကို အင်တာဗျူးလာလုပ်တဲ့ အမျိုးသမီးငယ်ကို ပြောနေရာက နောက်ဆုံးတော့ သူတို့ဘေးက ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့ ကျနော့်ကို မော့ကြည့်ပြီး သူ့စကားကို အဲဒီလို အဆုံးသတ်လိုက်ပါတယ်။

ကျနော် သူ့ကို ဘယ်လို နှစ်သိမ့်ရမလဲ။ အိမ်ထောင်သက် ၂၀ ကျော် ၂၅ နှစ်နီးပါးအတွင်း သူဟာ ကျနော့်အတွက် မျိုးဆက်တဆက်ကိုလည်း ကျွေးမွေး စောင့်ရှောက်ခဲ့ရ။ ကျနော့်ကိုလည်း ပြုစု ယုယခဲ့ရ၊ ကျနော့်ကြောင့်ရတဲ့ ဒုက္ခ သုက္ခနဲ့ နေရာအတည်တကျမရှိ ခြေသလုံးအိမ်တိုင် နေခဲ့ရတဲ့ ဘ၀မှာ ကိုယ့်ဖာသာကိုယ် ရှာဖွေ စားသောက်ခဲ့ရ။ သည်ကြားထဲက သူ…ကျနော့်ကို ထားမသွား ရက်ဘဲ ဖြစ်နေသေးတော့တယ်။

 အဲဒီ စိတ်ဖိစီးမှုတွေကြောင့် သွေးအန်ပြီး ဆေးရုံရောက်ရခဲ့ရတာ လွန်ခဲ့တဲ့ ၂ ရက်ကမှ သူ အိမ်ပြန် ရောက်လာရတာပါ။
ကျနော်က သူ့ကို အဲဒီလိုစိတ်ဝေဒနာတွေ တပွေ့ တပိုက်နဲ့ ကျနော့ကို ခွဲ ခွာသွားရတာမျိုး မဖြစ်စေချင်ဘူး။

ဒီလိုနဲ့ အင်တာဗျူးတဲ့ကိစ္စက စနေနေ့မနက်ပိုင်းမှာ အတည်ဖြစ်သွားတယ်။

* * * * * * * * * * * * *

အင်တာဗျူးမယ့် မိန်းကလေးက ကျနော့်ဇနီးနဲ့စကားပြောချင်တာဖြစ်တဲ့အတွက် ကျနော် အိမ်ရှေ့ခန်းကို မထွက်ပါဘူး။

ဒီဘက်နယ်မှာ နိုင်ငံရေးသမားတွေကို နိုင်ငံရေး ကိစ္စတွေသာ မေးကြ ရေးကြလေ့ရှိတဲ့အထဲ ဒီ မိန်းကလေး  ကတော့ ထူးထူးခြားခြား နိုင်ငံရေးသမားတွေရဲ့ ပါရမီဖြည့်ဖက်တွေရဲ့ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ ဘ၀တွေနဲ့ ရပ်တည်ချက်တွေကို စိတ်ဝင်စားတယ်လို့ ပြောတယ်။ ဒါကလည်း လူတွေ သိသင့်တဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးသမိုင်းကြောင်းမှာ အရေးပါတဲ့ အချက်ပဲလို့ ဆင်ခြင်ရင်း သူတို့ ဘာတွေ မေးကြ ပြောကြသလဲ..ဆိုတာကိုတော့ ၀ါးထရံရဲ့ တဖက်ခြားကနေ ကျနော် နားစွင့်နေမိတယ်။

‘ရန်သူ့တပ်ဝင်လာပြီဆိုတာနဲ့ ကျမတို့ဟာ ရိက္ခာထုတ်တွေထမ်း ကလေးကိုပိုး၊ အ၀တ်ထုတ်တွေ ရွက်ပြီး ပြေးရ တော့တာပါပဲ။ အဲဒီလိုပြေးရတိုင်း ကလေးတွေအဖေက ဘယ်တော့မှ အိမ်မှာ ရှိနေ တာမဟုတ်ဘူး။ ကျမနဲ့အတူ လာနေပေးတဲ့ ရဲဘော်လေးတွေနဲ့ပဲ ပြေးကြရတာပေါ့။ ရွာထဲကလူတွေက ကျမတို့ကို မကြည်ဖြူကြဘူး။ ကျမတို့လို နိုင်ငံရေးလုပ်တဲ့မိသားစုတွေကို ရွာထဲမှာလက်ခံထားလို့ အခုလို အစိုးရအမွှေခံရတာလို့ပြောတော့ ကျမလေ သူတို့ကို အားလည်းအားနာတယ်။ သူတို့ ဒီလို ပြောတာလည်း ဟုတ်နေတာပဲကိုး၊ နော...

ဒါပေမယ့် ရွာနဲ့ဝေးဝေးမှာလည်း မနေရဲတော့ ရွာအပြင်က ချောင်းဘေးမှာ ကျမလင်လိုပဲ နိုင်ငံရေးသမား မိသားစုတွေလေးငါးအိမ်စုပြီး နေကြရတာပေါ့။ တကယ်လို့များ ရန်သူ့တပ်လာတော့မယ် သတင်းကြားရင် ကျမတို့က ဘာမှလည်း ပိုင်ဆိုင်တဲ့ပစ္စည်း ယူဖို့ သိမ်းဖို့ ၀ှက်ခဲ့ဖို့ မရှိတော့ ကျမတို့က မြန်မြန်သိမ်းပြီးလို့ အရင်ပြေးနှင့်တယ်ဆိုရင်လည်း သူတို့က သူတို့လင်တွေ နိုင်ငံရေးလုပ်လို့ လာဖမ်းတော့ သူတို့ကအရင်သတင်းရပြီး အရင်ပြေးနှင့်တယ်လို့ပြောပြန်ရော”

“အဲဒီလိုအခါတွေမှာ ဒေါဒေါ်က အတီး(ဦးလေး) အပေါ်မှာ ငြိုငြင်မိသေးလား” လို့ စာရေးဆရာမလေးက မေးပါတယ်။ 

သူဘယ်လိုများဖြေမလဲ။

“အို ဒါကတော့ သူ့ကို ကျမစတွေ့ကတည်းက သူက နိုင်ငံရေးသမားပဲဟာ၊ သူ့အလုပ်က ဒီလိုပဲ အမြဲ ခရီးတွေ ထွက်နေရတာပဲဟာ။ ယူပြီးမှ တွေ့ရတာမှမဟုတ်ဘဲ။ ပြီးတော့ ကိုယ့်နိုင်ငံအရေးအတွက် စိတ်သန့်သန့်နဲ့ လုပ်ပေးနေတာပဲ။ ဘာမှ စိတ်ဆိုးနေဖို့မရှိပါဘူး”

ကျနော့်ဇနီးကို ကျနော်မြတ်နိုးတွယ်တာခဲ့တဲ့ အဓိကအကြောင်းက အဲဒီသူ့ရဲ့ နားလည်ခွင့်လွှတ်တတ်တဲ့ စိတ်ကလေးပါပဲ။

ကိုယ့်ယောက်ျားရဲ့ ငွေမရှာနိုင်မှုအပေါ်မှာ အပြစ်ဖွဲ့ငြင်ညိုတတ်တဲ့ အိမ်ထောင်ဖက်မျိုး မဟုတ်ခဲ့ဘူး။

ဘယ်သူ့ ယောက်ျားကတော့ဖြင့် နိုင်ငံခြားထွက်သွားပြီး မိသားစုကို ဘယ်လိုထောက်ပံ့နေတာ ဆိုတာမျိုး... ဘယ်သူက တော့ဖြင့် နိုင်ငံခြားရောက်နေတဲ့ သူ့သူငယ်ချင်းတွေဆီက ပိုက်ဆံတောင်းနိုင်လို့ ပြေလည်နေပြီ၊ တော့်သားသမီးတွေငတ်နေတာ ကြည့်လို့ကောင်း နေတယ်ပေါ့ ဆိုတာမျိုး.... သူ ဘယ်တော့မှ ကျနော့ကို နှလုံးပူ မတိုက်ခဲ့ပါဘူး။ သူတို့အမေးအဖြေတွေက ကျနော့်ကို ကြေကွဲမှုထက် ကြည်နူးမှုကိုဖြစ်စေပါတယ်။

ကျနော်ကတော့ နေ့ခြောက် လ၊ ညခြောက်လဆိုတဲ့ ဒေသတခုမှာ သူနေလို့ပျော်ပါ့မလားလို့ တွေးနေမိ တယ်။ ကိုယ့်မိသားစုကလွဲရင် ကိုယ့် လူမှုအသိုင်းအ၀ိုင်းမဟုတ်တော့တဲ့ ဒေသစိမ်း၊ လူစိမ်းတွေ ကြားမှာ အခုမှ စကားပြောတတ်ကာစ ကလေးတ ယောက်လို စကားပြောပြန်သင်ရမယ့်အတွက် စိတ်ဖိစီးမှုတွေ များနေမှာကို စိုးရိမ်မိတာပါပဲ။

* * * * * * * * * * * * * * * *

ကားက အုပ်ချုပ်ရေးရုံးရှေ့ကအထွက်မှာ စိတ်ခိုင်လှပါတယ်ဆိုတဲ့ ဇနီးသည်ရဲ့မျက်ရည်စကို မြင်ဖြစ်အောင်မြင် လိုက်ရပါတယ်။

သူ့အဖေ နာတာရှည်ရောဂါဖြစ်နေတဲ့ အသက်ရှစ်ဆယ်ကျော်လူကြီးတယောက်အတွက် အစာ အာဟာရအပြည့်အ၀ရနိုင်မယ့်နေရာတခုဆီ.....

ငှက်ဖျားတောထဲမှာမွေးဖွားခြင်းခံခဲ့ရပြီး ငှက်ဖျားပိုး အစားခံရတဲ့ဦးနှောက်နဲ့ လူတကာကို ရယ်ပြတတ် တာကလွဲရင် စာသင်လို့မရနိုင်တော့တဲ့ သမီးလတ်အတွက် ဆေး ကုဖို့ အချိန်လွန်နေပြီဆိုရင်တောင်မှ လုံခြုံစိတ်ချစွာ ထားပေးနိုင်မယ့်နေရာတခုဆီကို...
နိုင်ငံ့အတွက် အသက် ပေးထားတဲ့ ကျန်းမာရေးဆုတ်ယုတ်လာသည့်တိုင်အောင် ဘယ်တော့မှ တော်လှန်ရေးနယ်မြေကို အသက်ရှင် လျှက် စွန့်ခွာထွက်သွားမှာမဟုတ်တဲ့ သူ့ယောက်ျား ကျနော့်ရဲ့လိုအပ်ချက်ပေါင်းများစွာကို နောက်ကနေ လိုသမျှ ထောက်ပံ့ကူညီနိုင်ဖို့အတွက်...

အဲဒီ အတွက် ပေါင်း များစွာအတွက် မျက်ရည်စက်တွေနဲ့ သူ-ထွက်ခွာသွားခဲ့ပါပြီ။

IOM လို့ အဝေးကမြင်နေရတဲ့ ဒုက္ခသည်တွေကို သယ်ဆောင်သွားတဲ့ ကားတန်းကြီးကတော့ မီးစုံဖွင့်မောင်းလို့ ဒုက္ခသည်မြို့လေးထဲက ထွက်ခွာသွားပါပြီ။

ကျနော်က သူ့ကိုထားရစ်ခဲ့ပြီး အန္တရာယ်ရှိတဲ့ ခရီးပေါင်းမရေတွက်နိုင်အောင်ထွက်ခဲ့တုန်းက အိမ်အပြန် သူ့ကိုမြင်ရမယ်ဆိုတဲ့အသိ နဲ့ ဘယ်လောက်နက်တဲ့တောကိုပဲဖြစ်ဖြစ် ကျနော်တိုးရဲခဲ့တယ်။

ဘယ်လောက်နီးကပ်တဲ့ အန္တရာယ်မြေကိုဖြစ် ဖြစ်သွားရဲခဲ့တယ်။ အခု ကျနော် အိမ်မပြန်ရဲတော့ဘူး။

ဆွေမျိုးသားချင်းတွေ ရှိနေသေးပေမယ့် ဒီအိမ်ဟာ ကျနော့်အိမ် မဟုတ်တော့သလို…ကျနော်ဟာ အလိုလိုနေရင်း တယောက်တည်း…ဆိုတဲ့ စိတ်အားငယ်မှုက ဖိစီးလာတော့တယ်။

* * * * * * * * * * * * *

ကျနော့ဆီက ငှားထားတဲ့ နိုင်ငံ့သမိုင်းစာအုပ်လေးကို ပေးဖို့ အင်တာဗျူးတဲ့ ဆရာမလေး ကျနော် ခရီးမထွက်ခင် ရောက်လာခဲ့ပါတယ်။

“တီးတီ ပိန်သွားလိုက်တာနော်။ နေမကောင်းဘူးလား”တဲ့။

ကျနော့ရယ်ပုံက မဲ့တဲ့တဲ့ဖြစ်နေမလားတော့မသိဘူး။

 “အတီး ခရီးသွားတော့မယ်။ တကယ်လို့စာအုပ်ဖတ်ချင်သေးတယ်ဆိုရင် ပြန်ယူသွားပါ။ အိမ်မှာ အတီး ညီမ ကျန်ရစ်ခဲ့လိမ့်မယ်။ ဖတ်ပြီးမှ သူ့ကိုလာပေးထားလိုက်ရင် ရပါတယ်”

“အတီးကျန်းမာရေးနဲ့ ခရီးဝေး ခရီးပြင်းတွေ မသင့်ဘူးလို့ထင်တယ်နော်”

“အိမ်မှာနေတော့လည်း တယောက်တည်းဖြစ်နေတာကတကြောင်း၊ အခုတိုက်ပွဲတွေလည်း ဖြစ် နေတော့ ဘယ်လိုပဲဖြစ်ဖြစ် သွားမှဖြစ်မယ်လေ။ ကျန်းမာရေးမကောင်းတာက တကဏ္ဍပေါ့။ ဒါက မလုပ်ရင်မဖြစ်တဲ့ အလုပ်မဟုတ်လား”

တရားသောတိုက်ပွဲမှန်သမျှ အောင်မြင်ရမှာပါအတီးရယ်…ဆိုတဲ့ ကလေးမရဲ့အားပေးသံကလည်း ခပ်ပျော့ပျော့သာ။

သူမမွေးခင်ကတည်းက ဖြစ်လာခဲ့တဲ့ မြန်မာ ပြည်တွင်းစစ်အကြောင်း ကျောင်းက သင်ပေးလိုက်တဲ့ ၀ါဒဖြန့်အရေးအသားကလွဲရင် အမှန်ကို သိရဖို့ ကျမ အချိန် အများကြီးယူပြီး လေ့လာရအုန်းမှာပါ… ဆိုတဲ့ သူ့ရဲ့ ၀န်ခံစကားကို ကျနော် ပြုံးပြီး နားထောင်ခဲ့ဖူးတယ်။ အခုလို တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ နစ်နာဆုံးရှုံးမှုတွေအပေါ် စာနာ နားလည်တတ်တဲ့ မြန်မာလူမျိုးတွေဟာ ကျနော်တို့ အတွက်တော့ တစိမ်းတွေ မဟုတ်ပါဘူး။ ကျနော်တို့ဟာ စနစ်နဲ့ အာဏာရှင်ကို အတူတူ တိုက်ပွဲဝင် နေကြသူတွေပါ။

* * * * * * * * * * *

အခုတော့ ကျနော့်ရဲ့ မိသားစုက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတနိုင်ငံဆီသို့ရောက်ရှိနေပြီး ကျနော်ကတော့ နိုင်ငံမဲ့ အိမ်ခြေမဲ့ တယောက်အနေနဲ့ တော်လှန်ရေးခရီးကြမ်းကို အသက်ကို မေ့ထားပြီး တိုးဝင်နေဆဲ။






* * * * * * * * * * * * *
ခွာညို (၂၀၀ရ- ခုနှစ်။ ဇွန်လ (၂၀) ရက်က ရေးသားထားခဲ့ပြီး အလင်းအိမ်မဂ္ဂဇင်းမှာလည်း ဖော်ပြခဲ့ပြီးသော စာမူကို ပြန်လည် ပြုပြင်မွမ်းမံထားတာပါ။ )

၂၀၁၀ ခုနှစ်၊ ဧပြီလ (၂၇) ရက်။

IOM ကား အလာကို
ထိုင်စောင့်နေတဲ့ ကရင် အဖွားအို

တတိယနိုင်ငံကို ပို့မယ့်ကား
 အုန်းပျံ့ ဒုက္ခသည်စခန်းမှာ တထောက်နားနေတဲ့ နို့ဖိုးက ဒုက္ခသည်တွေ...

 (မှတ်ချက်။ ၊ ဓာတ်ပုံအားလုံးကို ခွာညိုပိုင်ပါတယ်။)

Monday, February 15, 2010

နန်းခြည်ကျွမ်းခဲ့ ဖန်မီးအိမ်

(တစ်)
မမျှော်လင့်ဘဲရောက်လာသည့် အမျိုးသမီးဧည့်သည်ကိုကြည့်ကာ သူမ ပျော်ရွှင်သွားရပါသည်။ ထောင်ထောင်မောင်းမောင်းနှင့် ကျန်းမာရေးကောင်းသော၊ ရင်းနှီးဖော်ရွေသော မျက်နှာပိုင်ရှင် ဧည့်သည်မျိုးကိုမြင်ရသည့်အတွက် ကိုယ့် ရောဂါကို အချိန်အနည်းငယ်မျှ မေ့လျော့ထားနိုင်စွမ်းလေသည်။

သူမက ခပ်မှောင်မှောင် အခန်းကျဉ်းလေးထဲမှာ သေခြင်းတရားကိုအနုလုံ ပဋိလုံတွေးရင်း စိတ်တွေယောက်ယက်ခတ်နေရ တာ။ ငြီးငွေ့ပျင်းရိမှုများနှင့် စိတ်ကျဝေဒနာတို့ကို အဖော်ပြုရင်း တုန်လှုပ်ခြောက်ခြားမှုတွေကို ဇွတ်အတင်းမောင်းထုတ်ရင်း သေမင်းကို ရင်ဆိုင်ဖို့ ထည်းတည်း ပြင်ဆင်နေရသူ။

သည်လိုအချိန်မျိုးမှာ ကိုယ့်ဆီကို မအားသည့်ကြားက တကူးတက ရောက်အောင်လာသူ ဧည့်သည် မည်သူ့ကိုမဆို
အခုလို ကြိုဆိုမိမှာပါပဲ။

“ဟယ်၊ အ၀င်း လာ လာ။ ဘယ်ကနေလှည့်လာတာလဲ”

“ဘယ်ကလှည့်လာရမလဲ။ ဒီကိုပဲ တည့်တည့်လာနေတာ မြင်ရဲ့သားနဲ့။ ရုံးပြေးကို လာဖမ်းတာလေ”

အ၀င်းက တင်းကားဖောင်းပြည့်နေသည့် သူမ၏၀မ်းဘိုက်ပြင်ကို လှစ်ကနဲဝေ့ကြည့်ရင်း ဘာမှမထူးခြားဟန်နှင့် ပုံမှန် စကားကိုဆိုသည်။ ထောင်ကပြန်လွတ်လာပြီးကတည်းက ဗဟန်းကအဖွဲ့ချုပ်ရုံးကိုလည်းမသွားဖြစ်တော့။ သူမ တာဝန်ရှိရာ အလုံမြို့နယ်ရုံးကိုလည်း မရောက်တော့တာကို ဧည့်သည်က ရည်ညွှန်းလိုက်တာကို သူမ သဘောပေါက် ပါသည်။

သူမ ဘာမှပြန်မဖြေဖြစ်ဘဲ ခပ်ယဲ့ယဲ့ပြုံးရင်း ဆက်တီပေါ်မှာ ရှုပ်နေသည့် ပစ္စည်းတချို့ကို မိတ်ဆွေအမျိုးသမီးထိုင်စရာရရန်
ရှင်းပေးဖို့ ကြိုးစားလိုက်သည်။ ဧည့်သည်ကအရှင်းမခံ။ သူ့ဖာသာသူပဲ ဇိုးဇိုးဇတ်ဇတ်နှင့် ပစ္စည်းတွေကို တခဏလေး အတွင်းမှာ နေသားတကျဖြစ်သွားအောင် သူမကိုစကားပြောရင်း သူ့အိမ်သူ့ယာကို ရှင်းလင်းနေသလို အလုပ်လုပ်သွား သည်ကို သူမငေးကြည့်နေဖြစ်သည်။

“ပြောပါအုန်း၊ ဘာဖြစ်လို့ အဆက်အသွယ်တွေ အကုန်ဖြတ်ပြီး နေနေရတာလဲ။ ဆက်မလုပ်တော့ဘူးလား”
သူမက မချိပြုံးလေး ပြုံးလိုက်မိသည်ထင်သည်။

“ကျမ တကယ်ပဲ ဆက်လုပ်ချင်ပါတယ် အ၀င်းရယ်။ ဒါပေမယ့် ကျမ ကျန်းမာရေးကို ကျမ အားမရတော့ဘူး။ ကျမမှာ ဆေးကုစရာ ပိုက်ဆံလည်းမရှိတော့ဘူး။ အလုပ်အကိုင်လည်းမရှိတော့ဘူး။ စိတ်ပြေလက်ပျောက် ရုံးတက်ချင်တာတောင်မှ ခရီးစရိတ်က မလွယ်တော့တဲ့အခြေအနေကို ရောက်နေပြီ။ ငွေဖန်တီးဖို့ဆိုရင် ကျမမှာ ဒီ စိန်နားကပ်လေးတရံပဲ ကျန်တော့ တာ။ ကျမ ကျန်းမာရေး အတွက် အရေးပေါ် ဒါမှမဟုတ် ကျမရဲ့ အသုဘစရိတ်အတွက် ချန်ထားသင့်တယ်လို့ ထင်တယ် လေ၊ ကိုယ်ယုံကြည်ရာကို လုပ်နေတာက မွေးချင်းမိဘတွေကို သေသည် အထိတော့ ဒုက္ခပေးခဲ့တာမျိုး ဖြစ်မသွားချင်ဘူး”

အလုံမြို့နယ်၏အမတ်တဦးဖြစ်သောသူမနှင့် မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့၏ စည်းရုံးရေးတာဝန်များကို ယူထားသော အ၀င်းတို့က တခါတရံ ရုံးချုပ်မှာ ဆုံကြချိန်ကလွဲလျှင် အချင်းချင်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုမရှိခဲ့ကြ။ အခုတော့ စကားတွေ ထိုင်ပြောရင်းက ရင်းနှီးသွားလိုက်သည်မှာ တအူတုံဆင်း ညီအမရင်းခြာများနှယ်။ မိုးကြီးစုပ်စုပ်ချုပ်မှ စကားစကို အတင်း ဖြတ်ကြရသည်။ နောက်တပတ်တနင်္ဂနွေနေ့တွင် သူမအိမ်ကို ထမင်းလာစားရန် ဇွတ်ခေါ်ပြီး အ၀င်း ပြန်သွားလေသည်။

ကျန်းမာရေးကောင်းကောင်း၊ သွားနိုင်လာနိုင်၊ ဖျတ်ဖျတ်လတ်လတ်ရှိနေသော၊ နိုင်ငံတာဝန်ကို ကျရာနေရာက ထုံပေပေ နှင့် ထမ်းဆောင်နေနိုင်သေးသော အ၀င်း၏နောက်ကျောပြင်ကို ငေးရင်း ကြည်နူးခြင်းနှင့် ကြေကွဲခြင်းကို တပြိုင်တည်း ခံစားရလေသည်။

(နှစ်)

သူမက အိမ်ထောင်ရေးမှာ ကံမကောင်းခဲ့။ သူမ နှစ်ရှည်ထောင်ကျနေစဉ်မှာ ခင်ပွန်းက နောက်အိမ်ထောင်ပြု သွားခဲ့သည်။ ကိုယ်ကလည်း ကလေးတယောက်လောက်တောင် နှောင်ကြိုးလေးတမျှင်အဖြစ် ချည်နှောင်ပေးနိုင်စွမ်း မရှိခဲ့တာက တကြောင်းလည်းဖြစ်နိုင်ပါသည်။ အရာရာကို ကံ-လို့ပဲယိုးမယ်ဖွဲ့ရမည့် ဘ၀မှာ သူမက ဘုရားနှင့် တရားကို အာရုံပြုဖို့ကလွဲလျှင် စိတ်ထဲမှာ နာကျင်ခံစားနိုင်စွမ်းမရှိတော့။

သူမက သားအိမ်မကောင်းခဲ့။ ဆေးကုစမှာပင် ထောင်ကျခဲ့ရသောအခါ ထောင်ထဲတွင် မည်သည့်ဆေးဝါးကိုမှ မရခဲ့။ ဆရာဝန်နှင့်တွေ့ရန် တောင်းဆိုလိုက်တိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထွက်ပါ။ အမတ်အဖြစ်က နှုတ်ထွက်ပါ ချက်ခြင်း လွှတ်ပေးပါမည်ဆိုသည့်စကားကိုသာ ထပ်တလဲလဲကြားနေခဲ့ရသည်။ နောက်ပိုင်း သူမ ဘာဆရာဝန်၊ ဘာဆေးဝါးကိုမှ မတောင်းဆိုခဲ့တော့ပါ။

နေရာထိုင်ခင်း မသန့်ရှင်းမှု၊ သုံးစွဲရသည့်ရေ၏ညစ်ညမ်းမှု၊ ရေလုံလောက်စွာ သုံးစွဲခွင့်မရရှိမှု၊ လိုအပ်သော ဆေးဝါး ဓာတ် စာ ပြတ်လပ်မှုတို့ကြောင့် သူမ သွေးသွန်လေသည်။ သူမ၏ ၀မ်းဗိုက်ကလည်း တနေ့ တခြားကြီးထွားလာလိုက်သည်မှာ မွေးဖွားကာနီး ဗိုက်တလုံးနှင့်မခြား။ လမ်းပင် ကောင်းကောင်းလျှောက်၍ မရတော့သည့်အခြေသို့ ရောက်လာသောအခါ ထောင်အာဏာပိုင်များက ထောင်ထဲသေလျှင် နံမည်ပျက်ရချည့်ဟုတွေးမိကြပုံနှင့် သူမအား ကျန်းမာရေးမကောင်းသူဖြစ်၍ လူသားချင်း စာနာထောက်ထား၍ ဟုဆိုကာ ပြန်လွှတ်ပေးလိုက်လေသည်။ သို့သော် ဒါဟာ လူမသိ သူမသိဘ၀ကို အဆုံးသတ်ရေး၏နိဒါန်းပဲ ဟု သူမ သိနေခဲ့သည်။
ဒါကြောင့် ထောင်ကထွက်ကတည်းက သူမသည် တရားရိပ်သာမှလွဲ၍ ဘယ်ကိုမှ မသွားခဲ့။

(သုံး)

စားပွဲပေါ်မှာ ပြည့်နေသည့်ဟင်းပွဲများကို ကြည့်ကာ သူမက အ၀င်းတို့မိသားစုကို အားနာမိလေသည်။ ငါးခေါင်းချဉ်စပ် ဟင်းရည်။ ငါးကုန်းဘောင်ကြီးကျော်၊ ကြက်သားကို ငရုပ်သီးတောင့်ပွနှင့်ချက်ထားသည့် ငရုပ်သီးချက် မွှေးမွှေးလေး။ အစိမ်ကြော်နှင့် ဟင်းရွက်စုံ တို့စရာတွေကလည်း ဖွယ်ဖွယ်ရာရာ။

သွားရလာရခက်သောကြောင့် အပြင်မထွက်ချင်သော်လည်း အ၀င်း၏ ဖိတ်ကြားချက်ကိုတော့ လက်ခံခဲ့တာက အ၀င်းနှင့် စကားပြောရသည်မှာ စိတ်ပေါ့ပါးလွတ်လပ်ပြီး ဝေဒနာကိုမေ့ထားနိုင်၊ စိတ်အပြောင်းအလဲဖြစ်စေနိုင်သောကြောင့်သာပါ။
ကိုယ်တိုင် မချက်နိုင်တော့သည့်အတွက် ထမင်းဆိုင်က အိမ်ရှေ့လာချပေးသည့် ချိုင့်ကို တယောက်တည်း ဖွင့်စားနေ ရသည့် လပေါင်းများစွာအတွင်း အခုလို ဖွယ်ဖွယ်ရာရာထမင်းစားပွဲကိုက ရောဂါဝေဒနာကို မေ့သွားနိုင်လောက်အောင် သူမ အာရုံကို ဖျားယောင်းထားနိုင်လေသည်။

အ၀င်းသမီး အလတ်မလေးက သူမတို့ထမင်းမစားခင် အပြင်မှ ပြန်လာကာ ထမင်းကို သုတ်သုတ်စားပြီး ခပ်သုတ်သုတ်ပဲ ပြန်ထွက်သွားသည်။ ဆရာမအလုပ်ကထွက်ကာ အိမ်၏ စီးပွားရေးအတွက် အမေ့နိုင်ငံရေးစရိတ်အတွက် အပြင်မှာ ကျူရှင်တွေလည်ပြနေရသည်ဟု ဆိုသည်။

“အန်တီ အေးအေးဆေးဆေးနားနေပါနော်၊ သမီးတော့ နောက်တ၀ိုင်းပြေးလိုက်အုန်းမယ်” ဟု လည်း သူမကို အပြေးအလွှား နှုတ်ဆက် သွားသေးသည်။

အ၀င်း၏အမျိုးသားကလည်း ကျန်းမာရေးသိပ်မလှ။ ခြေထောက်တွေက ဖူးယောင်ကာ ညိုမည်း၍ပင်နေသည်။ မျက်နှာ လည်း ချောင်ကျနေသည်ကိုတွေ့ရ၏။ သို့သော် သူ့အတွက်အချိန်မပေးနိုင်တော့သည့် ဇနီးအပေါ်မှာ စိတ်ကွက်ငြူစူခြင်း အလျဉ်းမရှိသူ အမျိုးသားကြီးကိုကြည့်ကာ စွန့်ထားရစ်ခဲ့သူကြီးကို တိတ်တဆိတ်သတိရလိုက်မိသေးသည်။ ပိုက်ဆံ မချမ်းသာသော်လည်း မေတ္တာနှင့် အေးချမ်းနေသည့် မိသားစုလေးဆီကို လာလည်ရတာ သူမအတွက် တကယ် မမေ့နိုင်စရာ အဖိုးတန်အချိန်လေးတွေပဲဖြစ်ပါသည်။

ထမင်းက စား၍ကောင်းနေသည်။ ဟင်းရည်ဇွန်းကိုလည်း လက်ကပင် မချချင်။ သူမ၏ပုံမှန် မဟုတ်သော ၀မ်းဗိုက်၏ ပူနေမှုကြောင့် တခုခုက အစာအိမ်ကိုလာဖိထားသည့်နှယ် နည်းနည်းစားသည့်တိုင် ဗိုက်က အလွန်အမင်း အင့်ကယ် ကယ်နေသည့်ဒဏ်ကို ခံရမည်မှန်း သိသိကြီးနှင့် အတော်ကို စားပစ်လိုက်သည်။ ထမင်းစားပြီး အ၀င်းက အစာကြေ ဆေးတိုက်ရင်းသူမအား ရာဇသံတခုပေးသည်။

“ကဲ သူငယ်ချင်း၊ မင်းဘာမှ ငြင်းမယ်လို့ စိတ်မကူးနဲ့၊ မနက်ဖြန် မွတ်စလင်ဆေးရုံမှာ ဆေးစစ်ရမယ်။ လိုအပ်တဲ့ ကုသ မှုတွေအားလုံးကို လက်ခံရမယ်၊ မင်းနေမကောင်းဖြစ်နေတာ သူ့ကို ဘယ်သူမှ လာမပြောရကောင်းလားလို့ အမ သိပ်စိတ်ဆိုးနေတယ်။ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတဲ့သူတွေ၊ ကိုယ့်ပါတီရပ်တည်ရေးအတွက် မိုးထဲရေထဲမှာ ရုန်းကန်လာပေးခဲ့တဲ့သူတွေ ပိုက်ဆံမရှိလို့ ဆေးမကုလိုက်ရဘူးဆိုတဲ့စကားက လူကြားလို့လည်း မကောင်းဘူး၊ ဖြစ်လည်း မဖြစ်သင့်ဘူးလို့ အမက ပြောလိုက်တယ်။ အဲဒါ မင်း ငြင်းဖို့မပြင်နဲ့”

‘အမ’ လို့ သူမက ကြိုးစားပီး မခေါ်မပြောဘဲနေနေခဲ့သည်။ ခေါ်မိလျှင် ပြောမိလျှင် နိုင်ငံရေးပိုးက ကြွထလာဦးမှာစိုး၍ပါ။ အခုတော့ အ၀င်းက အမက… အမက…လို့ ပြောပြောနေတာတွေ နားထောင်ရင်း ကိုယ့်ကိုယ်ကို အားမလိုအားမရစိတ်၊ ငါ လုပ်များလုပ်နိုင်ဦးမလား၊ လုပ်ကြည့်ဦးမှပါပဲ…ဆိုသည့် စိတ်ကလေးက ခေါင်းပြူလာပြန်သည်။ ဇာတ်မင်းသားတွေ ဘယ်နေရာရောက်ရောက် ဆိုင်းသံကြားတာနဲ့ ခြေတွေလက်တွေက ချိုးပီးသားဖြစ်နေပီ..ဆိုသလိုပါပဲ။

“ငါတို့ခေါင်းဆောင်က ဒီလို လူတယောက်ချင်းစီရဲ့ မပြေလည်မှုတွေကိုတောင်မှ ဖြေရှင်းပေးချင်တာပါလား၊ အရေးတယူ ရှိလှပါလား၊ ငါ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကလည်း ငါ့ကို ပစ်မထားကြပါလား” ဟု သူမက ၀မ်းနည်းဝမ်းသာ မြည်တမ်းချိန် တွင် သူမလိုပင် သားအိမ်မကောင်းဘဲ ခွဲစိတ်ကုသမှုနှစ်ကြိမ်ခံထားပြီးဖြစ်သော၊ သားအိမ်ခေါင်း ဖြတ်ထုတ်ထားသည့် တိုင်အောင် ထောင်ထဲမှာသွေးတွေသွန်နေ၍ အပြင်ပြန်ရောက်လာရသော ဒေါ်ကျင်ကျင်ဝင်းက မျက်ရည်လည်း လွယ်သူပီပီ ငိုပါလေတော့သည်။

“ငါတို့ နိုင်ငံရေးလုပ်တာ ဘာတွေရလို့မှ လုပ်နေကြတာမဟုတ်ဘူး၊ တယောက်ကို တယောက်မှီခိုရင်း အပြန်အလှန် ဖေးမပြီးတော့ ရပ်တည်နေနိုင်တာလေးကိုပဲ ကျေနပ်ရင်း လုပ်နေကြရတာ၊ အမကို ဘယ်သူတွေက ပစ်ထားလို့လဲ။ ကျနော်လည်း သားအိမ်ကင်ဆာဖြစ်နေတာပဲ။ ကျနော် ပြန်ထွက်လာတော့ ဆရာဝန်ကညွှန်တဲ့ဆေးက တပုလင်း သုံး သောင်းခွဲဆိုတော့ မတတ်နိုင်လို့ သေရတော့မှာပဲဆိုပြီး ငိုလိုက်ရတာ။ အဲဒီတုန်းကလည်း မမ၀င်းပဲ စမ်းချောင်းမသီတာ ဆီမှာ သွားအလှူခံပေးလို့ ကျနော် ဒီနေ့ အထိ အသက်ရှင်နေသေးတာ၊ အမလည်း ကောင်းသွားမှာပါ”

စမ်းချောင်းမသီတာသည်လည်း ထိုကိစ္စနှင့်ပင် ထောင်ထဲမှာ အတော်လေးခံစားလိုက်ခဲ့ရပြီး အချိန်မီ သားအိမ်ထုတ်လိုက်နိုင်သည့် အတွက် ကောင်းမွန်ကျန်းမာနေလေပြီ။ မသီတာက သူမအတွက်ဝယ်ထားပြီး သောက်ရန်မလိုတော့သည့် ဆေးကို မျှဝေဒါန ပြုလိုက်သည့်အတွက် ဒေါ်ကျင်ကျင်ဝင်းက အသက်ဆက်ရှင်နေသတဲ့လား။

ဆေးဖိုးတလ သုံးသောင်းခွဲဆိုသည့်ပမာဏသည် အိပ်မက်ပင် မမက်ရဲသည့် ပမာဏဖြစ်သောကြောင့် ဒီဆေးမှမရရင် သေ ရမှာပဲ ဆိုကာ ကျင်ကျင်ဝင်း ဘယ်လောက်များ သောကရောက်ခဲ့မလဲ သူမ ကိုယ်ချင်းစာ၍ရပါသည်။ ဆေးအလှူခံ ပေး သူကိုရော၊ ဆေးလှူခဲ့သူရောကို သူမက သာဓုအကြိမ်ကြိမ်ခေါ်မိသည်။ စိတ်ထဲကလည်း ဆေးကုလိုက်ရရင်တော့ သူမ လည်း ကျင်ကျင်ဝင်းလို ကောင်းသွားမှာပဲ၊ ရုံးပြန်တက်နိုင်တော့မှာပဲဟု မျှော်လင့်ချက်အလင်းရောင်လေး သန်းလာသည်။

“ဒေါ်ကျင်ကျင်ဝင်းရယ်။ ခင်ဗျားအားပေးပုံကလည်း မျက်ရည်လည်ရွဲနဲ့ တော်တော် အားရှိဖို့ကောင်းတာပါလား” ဆိုသည့် အ၀င်းအမျိုးသား၏ နောက်ပြောင်ကျီစယ်သလို သတိပေးတော့မှ အငိုတိတ်ရန် ကြိုးစားသည့် ကျင်ကျင်ဝင်းကို ကိုယ်ကပင် ပြန်လည် ရယ်မောက ချော့မော့နိုင်ခဲ့လေသည့်အတွက် ကိုယ့်ကို ကိုယ် ကျေနပ်အားရမိလေသည်။

(လေး)

ကုန်ကျစရိတ်ထက် မျှော်လင့်ချက်ရှိပါ့မလားမသေချာသည့်သူမအနေအထားကို ပုခုံးဖက်လျှက် ခါးပွေ့လျှက် ရယ်မော စရာများပြောလျှက် နှစ်သိမ့်ရင်းက အားလုံးက ပူပန်နေခဲ့ကြရသည်။ သူမက အ၀င်းလက်ကို အားကိုးတကြီး ဆွဲကိုင်ထားရင်း-
“အ၀င်း၊ ကျမကိုခွဲတဲ့အချိန်မှာ လာစောင့်ပေးနေပါနော်။ အမကို တောင်းပန်ပေးပါနော်၊ ကျမနားမှာ အ၀င်းရှိနေရင် အားရှိသလိုပဲ။ ခွဲချိန်လေးတချက်ပဲ လာနေပေးပါနော်” ဟု တောင်းပန်မိသည်။ အ၀င်းက သူ့မူပိုင်ဖြစ်ဟန်တူသည့် ဘယ်တော့မှ မတုန်လှုပ်သည့် ကြံ့ကြံ့ခံအပြုံးနှင့် သူမ၏ လက်ကို တင်းတင်းပြန်ဆုပ်ကိုင်ပေးထားရင်း-

“ပြောစရာလားကွဲ့။ ကျမ တယောက်ထဲတောင်မဟုတ်ဘူး၊ ကျင်ကျင်ဝင်း၊ စိုးစိုး အကုန်လာမှာ။ အမလည်း လာခဲ့ မယ်လို့ပြောထားတယ်။ စန်းစန်းကသာ ခွဲဖို့သဘောတူပါစေ၊ အဲဒီမနက် မခွဲခင် သူလာခဲ့မယ်လို့ ငါ့ကို မှာလိုက်ပြီးသား”
“ဟုတ်လား၊ အမရောလာမလား၊ အို- ကျမပျော်လိုက်တာ အ၀င်းရယ်၊ အ၀င်းကိုရော အားလုံးကိုရော ကျမ ဘယ်လိုကျေးဇူးတင်မှန်းမသိတော့ဘူး။ အမ…အမကိုရော…”

(လေး)

ခွဲစိတ်မည့်နံနက်တွင် အမ တကယ်ပဲ ဆေးရုံကို ရောက်လာခဲ့သည်။ ရွှင်လန်းတက်ကြွသည့် အမ၏ အပြုံးကလည်း သူမ အတွက် ခွန်အားတရပ်ဖြစ်စေခဲ့သည်။ ‘ဘာမှ အားမငယ်နဲ့၊ ဘာကိုမှလည်း တွေးကြောက်မနေနဲ့၊ လုပ်စရာရှိသမျှ အကောင်းဆုံးတွေကိုချည့်ပဲ မျှော်လင့်ပြီး လုပ်နေကြတဲ့သူတွေပဲ၊ ဒီလောက်ဝေဒနာလေးကို အားလုံးလက်တွဲပြီး ရင်ဆိုင် ကြတာပေါ့နော်’ ဟု အမက သူမလက်ကို အသာဆုပ်ကိုင်ကာ အားပေးလာတော့ သေမျိုးမဟုတ်တော့သလိုမျိုး လုပ်ရန်ရှိ သည်များ၊ လုပ်သင့်သည့်အလုပ်များက တသီကြီး အာရုံမှာ တန်းစီပီးပေါ်လာသည်။

“စိတ်ချ အမ၊ ကျမ ဆေးရုံက ဆင်းတဲ့နေ့ဟာ ကျမ ရုံးပြန်တက်တဲ့နေ့ပဲ” ဟု ပြောလိုက်နိုင်သည်အထိ မျှော်လင့် တက်ကြွလျှက်။

(ငါး)

အားလုံးခန့်မှန်းထားသည့်အတိုင်း ကင်ဆာဖြစ်နေခဲ့လေသည်။ သူမ၏၀မ်းဗိုက်အတွင်းမှ အမြစ်တွယ်နေသော အဆီပြင်လုံးကြီးသည် ကျန်ကျောင်းအိပ်အဖြူရောင်နှင့်အပြည့်ဖြစ်နေပြီ ဟု နားစွန်နားဖျား ကြားလိုက်မိသည်။ ဗိုက်ထဲက အလုံးမပျက်ထုတ်နိုင်ဖို့ ဖွင့်ထားသည့်ဗိုက်အပေါက်ကသေးနေသတဲ့။ အကယ်၍ သူမသာ ထောင်ထဲမှာကတည်းက ဆေးကုသခွင့်ရခဲ့ပါလျှင်…

(ခြောက်)

“ကျမ မျက်လုံးတွေ မမြင်ရတော့ဘူး အ၀င်းရဲ့” ဟု သူမက အ၀င်းလက်အား အမှောင်ထဲမှာ လက်ကို ယမ်းကာ ရှာဖွေရင်း ပြောသောအခါ အ၀င်းက “ ငါသိပါတယ် သူငယ်ချင်းရယ်” ဟု ပြောလျှက် သူမ၏ ဝေ့နေသည့်လက်ကို ဖမ်းဆုတ် ထားခဲ့သည်။
တကယ်တော့ သွေးအားနည်း၍ သွေးတပုလင်းလောက်သွင်းရုံမျှဖြစ်သည့်အတွက် ဂျပန်ဆေးရုံကို သူမတက်ခဲ့တာ အိမ်နှင့်နီးသော ဆေးရုံဖြစ်နေတာကတကြောင်း၊ မျှော်လင့်ချက်နည်းနေသည့် သူမအတွက် အမကို ပိုက်ဆံထပ် မကုန်စေ လိုတော့တာက တကြောင်းကြောင့် သာပါ။ အခုလို သွေးမလတ်ဆတ်၍ လိုလို၊ သွေးဘဏ်ထဲက ထုတ်လိုက်သော သွေး၏ မူလရှိသင့်သည့် အပူချိန်ကို ပြန်မရောက်ဘဲသွင်းလိုက်၍လိုလို သူတို့ချင်းတိုးတိုးပြောသောစကားတွေက မရေရာလှသော်လည်း သေချာတာတခုက သူမ၏မျက်လုံးများက သွေးသွင်းနေဆဲမှာပင် တဖြေးဖြေးေ၀၀ါးကာ မမြင်ရတော့ဘဲ သွင်းလက်စ သွေးပုလင်းကိုလည်း ချက်ခြင်းဖြုတ်သိမ်း သွားကြခြင်းကတော့ အသေအချာ။

အ၀င်းက သူမအား ဘားလမ်းဆေးရုံသို့ ပြန်ခေါ်လာခဲ့သည်။ ကိုယ့်အသိုင်းအ၀ိုင်းကြားထဲပြန်ရောက်လာသောအခါ ရရှိသည့် လုံခြုံနွေးထွေးမှု၊ အမအသံလေးကို ကြားလိုက်ရသောအခါ ဖြစ်ပေါ်လာသည့် မျှော်လင့်ခြင်းတို့ဖြင့် မျက်လုံးကွယ်နေသော်ငြားလည်း ဘ၀ကို နေပျော်သလိုလို။ အမလက်ချောင်းပျောင်းနွဲ့နွဲ့လေးတွေကို တင်းနေအောင်ဆုပ်ကိုင်မိရင်း-

“အမ၊ ကျမ အလုပ်လုပ်ချင်သေးတယ်။ အမကို အများကြီး ကူပေးချင်သေးတယ်” ဟု ကယောင်ကတန်းများ ပြောမိသေးသလားမသိ။ ဒေါင့်တဒေါင့်မှ ရှိုက်သံသဲ့သဲ့တချက်ထွက်လာသည်။ ကျင်ကျင်ဝင်းပဲ ဖြစ်မှာပါ။ ဒင်းက အလွန် မျက်ရည်လွယ်တဲ့ကောင်…
မျက်မမြင်တယောက်အတွက် နေ့တွေ ညတွေ မလိုတော့သည့်အတွက် သူမကိုယ်သူမ အိပ်ချိန်မဟုတ်ဘဲ အိပ်ပျော်နေ မိသလား တွေးနေရန်မလို။ တခါတရံ သူမ နိုးလာချိန် ‘အ၀င်းရေ’ ဟု ခေါ်မိလိုက်သည်ထင်သည်။ တခါတလေ ‘သူငယ်ချင်း၊ ငါရှိတယ်လေ’ ဆိုကာ လက်ကိုကိုင်ထားပေးတတ်သည်။ တခါတလေတော့ တယောက်ယောက်က ‘မမ၀င်း၊ အမဆီခဏပြန်တယ်’ ဟု ဖြေတတ်၏။
သူမ နေကောင်းလျှင် အ၀င်းတို့အိမ်ကို အလည်သွားချင်သေးသည်။ ငါးခေါင်းဟင်းချိုလေးကို မိသားစုနှင့်အတူ သောက် ရတာ အရမ်းကိုနှစ်သက်စရာကောင်းလွန်းလို့ပါ။

အဲသည်နေ့က အိမ်ပြန်ရောက်တော့ စိတ်ထဲမှာ ပေါ့ပါးလန်းဆန်းနေခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်သွားတယ် အ၀င်းရဲ့၊ အဲဒီတော့ မနက်ကျတော့ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းနိုးလာတာပေါ့။ ထောင်ထဲကထွက် ကတည်းက မက်နေခဲ့တဲ့ ထောင်အိပ်မက်တွေတောင် အဲဒီညက မမက်ခဲ့ဘူး။

နင်နေမယ်ဆိုရင် ငါတို့က တသက်လုံးခေါ်ထားမှာပါ သူငယ်ချင်းရယ်၊ မရှိအတူ ရှိအတူပေါ့… ဆိုတဲ့ အ၀င်းရဲ့အသံက ဟိုးအဝေးကြီးကနေ သူမဆီလွင့်လာတာ ပဲ့တင်သံတွေထပ်နေလိုက်တာများ အခုထိ။

အခုရော အ၀င်း ကျမနားမှာ ရှိနေတယ်မို့လား၊ ကျမလက်ကို ကိုင်ထားပေးတာ အ၀င်းလား၊ အမလား၊၊

အ၀င်းဆီကရတဲ့ စိတ်ချယုံကြည်မှုခွန်အားတွေ၊ အမလက်ချောင်းလေးတွေထဲက ကျမခန္ဓာကိုယ်ထဲစီးဝင်လာတဲ့ ရဲရင့်မှုနဲ့ မျှော်လင့်ချက်တွေလိုအပ်တယ်။ အို…အမလက်ကို ကျမဆီက ဖြုတ်သွားလိုက်ပြီလား။ ကျမလက်ကို ဆက်ကိုင်ထားပေးပါ အမရယ်…
ကျမမှာ ယောက်ကျားပစ်သွားပေမယ့်လို့ ကျမကို သည်းခံစောင့်ရှောက်ပေးနေတဲ့ မိဘမွေးချင်းတွေ…
ကျမနဲ့ အေးအတူ ပူအမျှ ခံစားပေးဖို့ အဆင်သင့်ရှိနေတဲ့ ကျမရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ…
နောက်ပြီး ကျမ လုပ်ဖို့ ရှိနေသေးတဲ့ ကျမရဲ့ နိုင်ငံရေးတာဝန်တွေ…

ကျမရဲ့ပါတီက ဒီမိုကရေစီခရီးရှည်ကြီးကို လျှောက်နေရတာလေ။ လမ်းကအရမ်းကြမ်းတယ်။ ကျမတို့ တယောက်လဲရင် နှစ်ယောက်ဝင်တွဲနိုင်ဖို့ လူတွေအများကြီးလိုတယ်။ ဒီလို တာဝန်ယူမှုတွေ… လုပ်စရာတွေ အများကြီး ရှိနေသေးတာ။ ကျန်းမာရေးအကြောင်းပြပြီး ကိုယ်လွတ်ရုန်းသွားလို့ ဘယ်ဖြစ်ပါ့မလဲနော်…
အမ ကျမကို ရအောင်ကယ်ပါနော်။ ကျမ ဆေးရုံကဆင်းရင် ရုံးကို ချက်ခြင်းလာခဲ့မယ်သိလား...

(ခုနစ်)

အာလေးလျှာလေးနှင့် ဟိုဟိုဒီဒီ တယောက်ယောက်ကို ရှာဖွေရင်း သူမအသံသည် တဖြေးဖြေး ပို၍ ဗလုံးဗထွေးဖြစ်လာကာ နောက်ဆုံး လုံးဝ ငြိမ်သက်သွားခဲ့သည်။
ၾကိတ္မနိုင္ခဲမရ ရိႈက္ငိုသံတခို့် သူမေဘးမွာ ခပ္သဲ့သဲ့။ ဘယ်တော့မှ စဲမည်မဟုတ်သည့် နာကျင်ဆွေးမြည့်သည့် ရှိုက်သံတွေဖြစ်သည်။


ခွာညို
၃၁၊ သြဂုတ်လ၊ ၂၀၀၇။

နိုင်ငံရေးသတ္တိအပြည့်နှင့် ဒုက္ခပေါင်းစုံကို အန်တုရင်ဆိုင်ခဲ့ကြသော၊ ရင်ဆိုင်နေဆဲဖြစ်သော မြန်မာ့အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူများသို့ ဦးညွတ်ဂုဏ်ပြုလျှက်-
(ရွှေခမောက်တွင်ဖော်ပြပြီး)
Template by : kendhin x-template.blogspot.com