Showing posts with label ရုပ်-သံ. Show all posts
Showing posts with label ရုပ်-သံ. Show all posts

Monday, July 19, 2010

အမည်မပေါက်တဲ့ သူရဲကောင်းအာဇာနည်များအတွက် အမှတ်တရ

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွတ် အလေးပြုရိုးထုံးစံဟာ မြန်မာလူမျိုးတိုင်းအတွက် ရင်ထဲ အသည်းထဲက မြတ်နိုးရိုးကျိုးမှုတွေနဲ့သာ ထုံမွှမ်းထားပါတယ်။ အဲဒီ မြတ်နိုး ရိုကျိုးမှုတွေနဲ့ ညွှတ်လိုက်တဲ့ ဦးခေါင်းကိုယ်စီက ငါတို့ ဦးညွတ်ရမယ် ဆိုတဲ့ အသိတရားဟာ ဖန်တီးထားတာမဟုတ်သလို ဖျောက်ဖျက်ပစ်လို့လည်း ရနိုင်တဲ့ အသိတရားမဟုတ်။

ဇူလိုင် ၁၉ က နံမည်ထင်ရှားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများနဲ့တကွ ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အမည်ပျောက် အာဇာနည်လေးများကိုပါ ဂုဏ်ပြုဖို့အတွက် ကဗျာဆရာ သစ်ကောင်းအိမ်ရဲ့ ရွှေဝါရောင်ဥဒါန်းကို ပြန်လည် တင်ဆက်ပေးပါတယ်။

သင်္ကြန်ကနဲ့ လှပျိုဖြူတွေ

ကြာပန်းပွဲမှာ မြန်မာ့အကကို နွဲ့နွဲ့နောင်းနောင်း ကပြသွားကြတာပါ။ ကင်မရာသေးသေးလေးနဲ့ ရှေ့က ပိတ်တဲ့သူတွေရှောင်ရင်းရိုက်တော့ လက်မငြိမ်ဘဲ လှုပ်နေတော့ အကကိုခံစားဖို့ အရသာသိပ်တွေ့မယ်တော့ မထင်မိပါဘူး။ ဒါပေမယ့် အမှတ်တရပါ။

Sunday, July 18, 2010

ဦးရွှေရိုးနဲ့ ဒေါ်မိုး

ဒီနေ့ ကြာပန်းပွဲတော်ကို ရောက်ခဲ့ပါတယ်။ အမေရိကန်မှာ အာရှက ကြာတွေ ကန်နဲ့အပြည့် ရှိတဲ့ နေရာလေးတခုမှာ အာရှယဉ်ကျေးမှု ဖလှယ်တဲ့ပွဲလေး ဒီနေ့ကျင်းပပါတယ်။ အဲဒီမှာ ကမကထပြုပြီး ဆောင်ရွက်ပေးနေတဲ့သူက ကိုဇော်ပါ။ ကိုရီးယားက အကုန်အကျခံတယ်လို့ သိရပါတယ်။ ဒါပေမယ့် အာရှနိုင်ငံတွေကို ဖိတ်ပြီး ယဉ်ကျေးမှုဖလှယ်တာဖြစ်တဲ့အတွက် ကမ္ဗောဒီးယားအကတို့ နောက်   ကျမ မကြည့်ဖြစ်လိုက်တဲ့ တခြား အာရှနိုင်ငံတွေက အကတချို့လည်း ပါဝင်ပါလိမ့်မယ်။ မြန်မာအကမှာတော့ ဦးရွှေရိုးနဲ့ ဒေါ်မိုး၊ သင်္ကြန်က၊ နောက် ခွပ်ဒေါင်းအငြိမ့်တွေနဲ့ ဆင်နွဲခဲ့ကြပါတယ်။

ဦးရွှေရိုးအဖြစ် ကိုယဉ်ထွေးနဲ့ ဒေါ်မိုးအဖြစ် မမြရင်ချောတို့ အတိုင်အဖောက်ညီညီ ကပြသွားကြတာ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ လူတိုင်း နှစ်သက်ကြပုံပါ။



မြန်မာအကကို မြတ်နိုးတွယ်တာသူများအတွက် မျှဝေမှုပါ။ ပျော်ရွှင်ကြပါစေ။

Thursday, July 8, 2010

ခွပ်ဒေါင်းအလံ

၈၈ အရေးအခင်းဖြစ်တဲ့အချိန် ပြည်ကောလိပ်က ကဗျာစာအုပ်လေး ခပ်ပါးပါး တအုပ်ထွက်တဲ့အထဲ နှစ်ပေါင်း ၂၀ ကျော်အတွင်း စွဲစွဲမြဲမြဲ တင်ကျန်ရစ်တဲ့ ကဗျာအပိုင်းအစလေး လေးကြောင်းရှိတယ်။

ကျုပ်တို့သေပြီး 
မြေကြီးဖြစ်လည်း
ရွှေထီးအမှန်
ပြည်သူ့ထံသို့.....တဲ့။ 

ဘယ်လောက်တောင် ရဲရင့်ပြတ်သားလိုက်တဲ့ စာလေးလဲ။ ဘယ်လောက်တောင် ခွန်အားကောင်းတဲ့ စာသားလဲ။ ဘာအဖွဲ့အနွဲ့မှ မပါဘဲ ရိုးရိုးတွေးပြီး ရှင်းရှင်းလေး ချပြသွားခဲ့ပုံများ။ ဘာဖြစ်လို့များ ကဗျာဆရာလေးရဲ့ အမည်ကို မှတ်မထားခဲ့မိပါလိမ့်လို့....ကိုယ့်ကိုကိုယ် အပြစ်တင်မိတာ အကြိမ်ကြိမ်ပါ။ 


ကဗျာလေးရဲ့ အရှင်ကို မှတ်တမ်းတင်ဖို့ ပျက်ကွက်ခဲ့သလိုပဲ ဒီ ခွပ်ဒေါင်းအလံသီချင်းကို ဘယ်အဖွဲ့က ဘယ်သူတွေဆိုတာ အတိအကျ သိချင်မိပါတယ်။ ကျမ တွေ့လိုက်တဲ့အချိန်မှာတော့ တေးရေးတေးဆိုကို အခု ရုပ်-သံ အစမှာ စာတမ်းထိုးပေးထားသလိုပဲ တွေ့ခဲ့မိတာကြောင့် အဲဒီအတိုင်းပဲ ရေးပေးထားတာပါ။ 

တကယ်လို့မျှား အမှန်သိသူ ရှိခဲ့ရင် ၀င်ရောက် ပြုပြင်ပေးနိုင်ပါတယ်ရှင်။

Tuesday, July 6, 2010

သတင်းစာတွေထဲက သမိုင်းမှတ်တမ်း အတိုအထွာ

ရွှေဝါရောင် တော်လှန်ရေးပြီးသွားတဲ့နောက် ၂၀၀၈ ခုနှစ်အတွင်း တိမ်စစ်တမ်း...လို့ ခေါ်တဲ့ မှတ်တမ်း ဒီဗီဒီ အခွေလေးတခု ထုတ်ခဲ့ဖူးပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုရိုက်ချက်တွေအားလုံး ကျမတို့ မိုးကြိုးရုံးမှာ အဆင်သင့်၊ နောက် စက်မှုပစ္စည်းနဲ့ လူအလုံအလောက်မရှိသည့်တိုင်အောင် လုပ်ချင်တာကို လုပ်ခွင့်ရဖို့တော့ လုံလုံလောက်လောက်အနေအထားမှာရှိတဲ့အတွက်....နေက်တခါ လိုချင်တယ်လို့ ပြောတဲ့သီချင်းကို ချက်ခြင်းပို့ပေးတဲ့ စင်ကာပူက မိတ်ဆွေ ကိုဘိုဘိုဝင်းနဲ့ ပိုက်ဆံလိုတယ်ဆိုတာနဲ့ ချက်ခြင်း ထုတ်ပေးခဲ့တဲ့ အင်္ဂလန်ရောက် ကိုဇော်ဇော်အောင်တို့ရဲ့ ပံ့ပိုးအားပေးမှုတွေကလည်း အလုပ်ဖြစ်သွားဖို့ ခွန်အားတွေရခဲ့ပါတယ်။

Template by : kendhin x-template.blogspot.com