Thursday, April 29, 2010

ဆေးပေါင်းခတဲ့ညက ကျမရဲ့ အတွေး အပိုင်းအစတွေ...

အအိပ်ဇီဇာကြောင်တဲ့ ကျမအိပ်ချိန်တိုင်းမှာ ဘယ်သူတယောက်ကိုမှ ခြေသံပြင်းပြင်းနင်းပြီး လမ်းလျှောက်ဖို့ ခွင့်မပြုခဲ့တဲ့ အမေက ကျမရဲ့ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို တနှစ်မှာ တကြိမ်တိတိ မပျက်မကွက် နှောင့်ယှက်လေ့ရှိပါတယ်။

အဲဒီညက…

ဆေးပေါင်းခတဲ့ည ဖြစ်ပြီး ည (၁၂) နာရီတိတိတိုင်းမှာ သူ ကျမကို မရမကနှိုးပြီးတော့ သူကိုယ်တိုင် သုတ်ထားတဲ့ မယ်ဇလီဖူးသုပ်ကျွေးအတင်းခွံကျွေးလေ့ရှိတာပါပဲ။

* * * * * * * * * * * * * * *


ဆေးပေါင်းခတဲ့ညမှာ အနှောင့်အယှက်မရှိဘဲ အိပ်နေနိုင်ခဲ့တာ အခုဆိုရင် နှစ်နှစ်ရှိသွားပြီ။ ဒါပေမယ့် အခုတော့ ကျမကို တယောက်ယောက်က လာနှောင့်ယှက်ဖို့ ပြန်ပြီး တမ်းတမိနေတယ်။

* * * * * * * * * * * * * * *

ကျမက ချူခြာတယ်ဆိုပြီး အိမ်မှာ အမေက အလိုလိုက်တာကိုခံရတယ်။ အခွင့်ထူးခံဆိုပါတော့။

အမေက သိပ်အေးဆေးပြီး စိတ်နှလုံးသိမ်မွေ့တဲ့သူ၊ အဖေကလည်း အမေ့လိုပါပဲ။ ဒါပေမယ့် အင်္ဂါသားအဖေက စိတ်ဆိုးပြီ ဆိုရင်တော့ နည်းနည်း သောင်းကျန်းတတ်တယ်။

အဖေက အဲဒီလို ဆူပူ ၀ုန်းဒိုင်းကျဲရင် အမေက နည်းနည်းမှကို မကြိုက်ဘူး။ အဖေကလည်း အမေ မကြိုက်မှန်းသိပေမယ့် သူ့ဒေါသကိုသူ မထိန်းနိုင်တဲ့အခါတွေရှိတယ်။ တခါကတော့ ကျမအိပ်နေတဲ့ တနေ့လည်ခင်းမှာ အဖေက တယောက်ယောက်ကို သိပ်စိတ်ဆိုးပြီး အသံအကျယ်ကြီးနဲ့ အော်လိုက်တော့ ကျမလန့်နိုးသွားခဲ့တယ်။

အမေက အဖေ့ကိုလှမ်းပြောလိုက်တယ်။ “အဖေကြီး ညိုလေးအိပ်နေတယ်“ တဲ့။

အဖေ့အသံ ချက်ခြင်းတိုးသွားခဲ့ပါတယ်။ အဲဒီလို အခါမျိုးကျရင် တိတ်တိတ်လေးကျေနပ်ရင်း ဆက်ပြီး အိပ်ချင်ယောင် ဆောင်နေခဲ့တာပေါ့။

ဒါပေမယ့်လည်း အမေက အရိပ်တကြည့်ကြည့်နဲ့ အမြဲတမ်းဂရုစိုက်ခဲ့တာတွေကြောင့် စိတ်ညစ်ရတာတွေလည်း အများကြီး ရှိခဲ့တယ်။ သူများ ငပိရည် စပ်စပ်နဲစားလည်း ကျမက ငရုပ်သီးပါယုံလေးနဲ့ စားရတာမျိုး...

သူများမုန့်ဖိုးရပေမယ့် ကျမကိုတော့ အပြင်စာတွေ လျှောက်စားပြီး ၀မ်းလျှော ၀မ်းကိုက်မှာစိုးလို့၊ အစာအိမ် အချဉ်ပေါက်မှာစိုးလို့ ဆိုတဲ့… ပူပင်မှုတွေနဲ့  မုန့်ဖိုးမပေးတာမျိုး။ ညတိုင်းမှာ နွားနို့ မသောက်မနေရတို့ ….

နောက်ပြီး ညည သူ နည်း နည်းချမ်းပြီဆိုတာနဲ့ ကျမအိပ်ယာဆီ ကူးလာပြီး ကျမ ချမ်းလား..အိုက်လား မစုံစမ်းဘဲ မအိပ်သေးတဲ့ သူ့သမီးကို နိုးသွားမှာစိုးလို့ ဖွဖွလေး စောင်အထူကြီးတွေ တကူးတက လာခြုံပေးတာတို့…. ကျမ သိပ်စိတ်ညစ်ခဲ့ ရဖူးတဲ့ အမေ့ရဲ့ အကြင်နာတွေပါ။

လက်ဆစ်တွေကိုက်နေလို့ပါ အမေရာ လို့ အပျင်းထူပြီးညာတာကို ယုံချင်ယောင်ဆောင်ပြီး ကျမ လိမ်းဖို့  သနပ်ခါးသွေးပေး တဲ့အခါမျိုး …

ကျမနေမကောင်းတဲ့အခါ အထူးသဖြင့် လနဲ့ချီပြီး ခေါင်းကိုက်တတ်တဲ့ ဝေဒနာဆိုးကိုခံနေရတဲ့အခါ မျိုးမှာ အသားနံ့ငါးနံ့တွေကို မခံနိုင်တော့တဲ့အခါတိုင်း ကျမစားချင်လေ့ရှိတဲ့ ကြာဇံဟင်းခါးကို ဘယ် လောက်ပဲ မအားတဲ့ကြားက အပြေးအလွှား ချက်ဖြစ် အောင် ချက်ကျွေးတဲ့အခါ…

သည်းခြေထဲမှာ ကျောက်လေးလုံးရှိနေတယ်လို့ အာထရာဆောင်းရိုက်တဲ့အဖြေထွက်လာတဲ့အခါ ကျမက တဆင်စာပြည့်အောင် စုနေတာ။ ပြည့်တော့မှ ထုတ်ရောင်းမယ်လို့ ရယ်စရာလုပ်နေသည့် တိုင်အောင် အမေ့ မျက်နှာက ထိန်းမရအောင်ပျက်နေတာကို တွေ့ ရတဲ့အခါ …

ကျမအတွက် ဖိနပ်ကို ကျမကိုယ်တိုင် ဘယ်နှစ်ကြိမ်ဝယ်ဝယ် တခါမှ အံကိုက်မဖြစ်ဘဲ ကြီးလိုက် သေးလိုက်နဲ့ အဆင်မပြေဘဲ သည်းခံစီးနေခဲ့ရပေမယ့် အမေ၀ယ်လာပေးတဲ့ဖိနပ်တိုင်းကတော့ ကျမခြေထောက်နဲ့ အမြဲ အံဝင်ခွင်ကျဖြစ်နေတဲ့အခါတွေမှာ...

ကျမဟာ အမေ့သမီးတယောက်အနေနဲ့ လူဖြစ်လာရတာကို အလွန်ဂုဏ်ယူမိခဲ့တယ်။ လူဖြစ်ရကျိုးနပ်တယ်ရယ်လို့လည်း အမြဲကျေနပ်နေခဲ့တယ်။

ဖြစ်နိုင်ရင် အနှီးနဲ့ ထုတ်ပြီး ရင်ခွင်ထဲ ထည့်ထားချင်တုန်းပဲ လို့  လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က သူပြောခဲ့တာကိုလည်း ကျမ အခုထိ ကြားနေမိတုန်းပဲ။

ကျမက ချူခြာပေမယ့် အသက်တော့ပြင်းသား။

ကိုယ့်အားနဲ့ကိုယ်တောင်မှ နို့်စို့မယူနိုင်တဲ့ ပိစိကွေးလေးဘ၀နဲ့ ကျမအသက်သုံးလမှာ မွေးရာပါ ခြေမ အပွားလေးကို ဖြတ်ဖို့ ကြိုးစားရင်း ခြေထောက် ပုပ်လိုက်လာလို့ အမေ့ခမျာ ဆရာဝန်တွေကို ဒူးထောက်ပြီးတော့တောင် ကျမအသက်ကိုကယ်ပေးဖို့  တောင်းပန်ခဲ့ရဖူးသတဲ့။

ဖြစ်ပုံက အမေက အိမ်ထောင်ကျတာအရမ်းစောတော့ ဘာမှ နားမလည်ဘူး။ ကျမခြေမမှာ အပွားလေးပါလာတာကိုကြည့်ပြီး အရွယ်ရောက်လာတဲ့ အခါ ရှက်ရှာမှာပဲ။ ကွင်းထိုးဖိနပ်လည်းစီးလို့ ရမှာမဟုတ်တော့ပါဘူး လို့ စိတ်မကောင်းဖြစ်နေတဲ့အမေ့ကို ပညာမတတ်တဲ့ တောကသူ့အဒေါ်တွေ က အကြံကောင်းတခုပေးလိုက်တယ်။ ခြေပွားလေးကို အချစ်ဆုံးအမျိုးသမီးသုံးယောက်ရဲ့ ဆံပင်ခြည် နဲ့ပတ် သုံးရက်ရှိရင် သူ့ဟာသူ ပြတ်ကျသွားလိမ့်မယ်တဲ့။ တကယ်တန်းကျတော့ အသားပိုမဟုတ်ဘဲ အရိုးပါပါနေတဲ့ ခြေမအပိုလေးက ပြတ်မကျနိုင်တော့ ပုပ်သွားတာလို့ အမေက ပြောပြပါတယ်။

မကွေးတိုင်းဆေးရုံကြီးဆီ ကျမကိုပွေ့ခေါ်သွားတဲ့အခါ ဆရာဝန်တွေက လှီကင်းသေးကွေးလှတဲ့ ကျမရဲ့ ကိုယ်လုံးသးသေးလေးကို ကြည့်ပြီး အမေ့ကို ဒီလောက်တောင်မှ အသိဉာဏ် နည်းရမလား ဆိုပြီး ဆူပူအပစ်တင်ရင်း ဒီလောက်သေးတဲ့ကလေးလေးကို မေ့ဆေးနဲ့ ခွဲပေးရမှာ မလုပ်ပေးနိုင်ဘူး ဆိုပြီး ငြင်းလို့ အဲဒီဆရာဝန်တွေရှေ့ မှာ ဒူးထောက်ပြီးတော့တောင် တောင်းပန်ခဲ့ရတယ်လို့ ပြောတယ်။

အဲဒီတုန်းက သုံးလသမီးနဲ့ မေ့ဆေးဒဏ်ကိုခံလိုက်ရတာ တော်တော်နဲ့ နလံမထူဘူးဆိုပဲ။

ဒီလိုနဲ့ ကိုးလသမီးအရွယ်ရောက်တော့ အဖေ့တူမတွေက ကျမကိုလုချီရင်း သူယူနိုး၊ ကိုယ်ယူနိုးနဲ့ ပြိုင်တူ လွှတ်ချလိုက်ကြတာ ညှပ်ရိုးကျိုးပြန်ရော။ ဆရာဝန်တွေက ပိစိကွေးလေးကို ကျောက်ပတ်တီး စီးမပေးဘူး။ သူ့ ဟာသူပြန်ဆက်သွားလိမ့်မယ်ဆိုပြီး ဒီအတိုင်းပြန်လွှတ်လိုက်လို့  ဆောင်းဝင်စ အအေးနဲ့  အနာရှိန်နဲ့ ရောပြီး ကျွက်ကျွက်ညံအောင်ငိုပြီး အမေ့ကို ညပေါင်းများစွာ အိပ်ရေးပျက်စေခဲ့ တာလည်း ကျမပါပဲ။

တနှစ်ပြည့်ခါနီးအရွယ်ကျတော့ အမေ့အဒေါ်အပျိုကြီးက သူစားနေတဲ့သဘောင်္သီးသုပ်ချဉ်စပ်တွေ ခွံ ကျွေးလိုက်တာ တခါတည်း အထက်လှန် အောက်လျှောဖြစ်တာ သုံးလကျော်…

အဲဒီသုံးလမှာလည်း အမေ့ခမျာ နေ့ ရောညပါ မအိပ်ခဲ့ရဘူး။ ပတ်ဝန်းကျင်က ဘယ်တော့ငိုသံကြားရမ လဲ…လို့  မျှော်လင့်နားစွင့်နေခဲ့ကြတဲ့ အခြေအနေကနေ ဒီအရွယ်အထိအသက်ရှည်နေနိုင်တာ အမေဟာ ကျမအမေ ဖြစ်နေခဲ့လို့ ပါ။

….အဲဒီတုန်းက သမီးက ရင်တွေပဲ အရမ်းပူနေလို့လားမသိဘူး။ ဒီလောက်အေးတဲ့အညာဆောင်းမှာ အနွေးထည် ၀တ်ပေးလို့လည်းမရ၊ စောင်လည်းအခြုံမခံဘဲ တညလုံး ကြမ်းပေါ်မှာပဲ လူးလှိမ့်နေတော့ အဆုတ် အအေးပတ်မှာစိုးလို့  သမီးလှိမ့်မယ့်နေရာကိုကြိုကြိုပြီး စောင်လိုက်ခင်းပေးရတဲ့အလုပ်ကို ညပေါင်းများစွာလုပ်ခဲ့ရတာ၊ ချီထားလည်း လက်မခံဘူး။ တခြား စိတ်မရှည်တတ်တဲ့ အမေမျိုးသာ ဆိုရင် သမီး ဒီအရွယ်အထိ အသက်ရှင်နိုင်မယ်မထင်ဘူး…လို့  အဖေက ကျမကို ပြန်ပြောပြခဲ့ဖူးတယ်။

တခါတရံမှာ မှန်တယ်လို့ ထင်ရင် ကျမက အမေ့အပေါ်မှာ အလွန် ဆိုးတတ်ပြီး အမေ စိတ်ထိခိုက် သွားစေမယ့်စကားမျိုးတွေ ပြောချလိုက်မိတဲ့ အချိန်တိုင်းမှာ အဖေက ကျမကို ခပ်အေးအေးနဲ့ သွန်သင် ဆုံးမခဲ့တတ်ပါတယ်။ အဲဒါတွေ ပြန်တွေးမိတိုင်း အမေ့ကိုပိုပိုပြီး ချစ်လာတယ်။

အခုဆိုရင် အမေ့ကို မတွေ့ရတော့တာ သုံးနှစ်တောင်ပြည့်တော့မယ်။ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံ ထားရတဲ့အမေကတော့ အလုပ်မရှိတိုင်း ကျမကိုပဲတွေးပူနေတော့မှာပဲ ဆိုတဲ့အတွေးမျိုး ၀င်လာတဲ့ အခါတိုင်း ကျမ စိတ်မကောင်းဖြစ်မိတယ်။

ကျမကျန်းမာရေးအတွက် ရတက်မအေးရတာဟာ တသက်လုံး ဖျောက်ဖျက်မရမယ့် အမေ့သောက ပါပဲ။

အမေဆိုတဲ့အမျိုးအစားက ဘယ်အချိန်မှာပဲဖြစ်ဖြစ် သားသမီးတွေပေးတဲ့ ဒုက္ခတွေ တနင့်တပိုးထမ်း ထားရတာ ကိုပဲ ရူးသွပ်ချိုမြိန်နေတတ် ကြသူတွေပါ၊ လူလားမြောက်လာတဲ့ သူတို့သားသမီးတွေကို စောင့်ကြည့်ရင်း ငယ်ငယ်က သူတို့ရဲ့သားသမီးတွေနဲ့ ပတ်သက်တဲ့ ဆင်းရဲပင်ပန်းမှုတွေအကြောင်း မြိန်ရည်ယှက်ရည် ပြောပြချင်ကြတဲ့ အာသီသလည်း သူတို့ မှာ ညီတူညီမျှရှိနေကြတယ်။ ငယ်ငယ်ကတော့ ဒါတွေကို ကျမ နားမလည်ခဲ့ပါဘူး။ နေမကောင်းဖြစ်တဲ့အခါတိုင်း အမေက ဘာဖြစ်လို့ ငါးဆယ့်ငါးပါးဆေး စားပီး သမီးကို မွေးခဲ့ရတာလဲ…လို့ အမေ့အားနည်းချက်ကိုနင်းပြီး ရန်လုပ်တတ်ခဲ့တဲ့ မလိမ္မာတဲ့သမီးပါ။

ကျမကို မွေးမယ့်အလှည့်ကျမှ မြန်မာသန္ဓေတားဆေးသုံးခဲ့မိကြောင်း…ကျမ မွေးလာတဲ့အခါ ပေါင်မပြည့်ခဲ့တဲ့အကြောင်း…အမေပြန်ပြောလို့  သိရတဲ့ ဒီအချက်တွေကို ကျမက နိုင်ဖဲတချပ်လို ကိုင်ပြီး အမေ့ကို ဗိုလ်ကျ ခဲ့မိလေသလားတော့ ကျမ မဝေခွဲတတ်ခဲ့ပါ။ သို့သော် ကျမ အမေ့ကို ခဏ ခဏ အဲဒီလို ပြောပြောပြီး ဂျီကျခဲ့တာကတော့ အသေအချာ။

* * * * * * * * * * * * * * *

ဒီလို ကောင်းကင်မှာ တိမ်တွေကင်းစင်ပြီး ကြည်စင် ၀င်းပတဲ့ ကောင်းကင်ကြီးထဲက လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေကို မော့ကြည့်ငေးမောရင်း ဟိုး..နားက ဓူဝံကြယ်...ဟောဟိုက မောင်ရင်ဆိုင်းထမ်း...ဟိုဘက်မှာက ခုနစ်စင်..စသည်ဖြင့် တွတ်ထိုးခဲ့ကြတဲ့ လသာတဲ့ညက မိသားစုနဲ့အတူ အိမ်ရှေ့ကွပ်ပျစ်မှာ လဲလျောင်းရင်း နေခဲ့တဲ့ အရသာကို ကျမ ပြန်ပြီး တမ်းတမိလာတယ်။

ဒီလို ကောင်းကင်မှာ တိမ်တွေကင်းစင်ပြီး ကြယ်တာရာတွေခြံရံလို့ အစွမ်းကုန်သာနိုင်အားတဲ့ လမင်းကြီးက ကောင်းကင်ပြာကို အလှတိုးစေအောင် စွမ်းဆောင်ထားနိုင်ခဲ့တယ်။

ထူးထူးခြားခြား တန်ဆောင်တိုင်လပြည့်ညမှာ ကြယ်တာရာတွေစုံညီပေါ်ထွက်လို့ နက္ခတ်သဘင် ဆင်ယင်ကျင်းပလေ့ရှိသတဲ့။

ဒါဟာ ရိုးရာ ပုံပြင်က ဆင်းသက်လာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တန်ဆောင်တိုင်ညတိုင်းမှာ ကျမ မှတ်မိနေတာကတော့ သန်းကောင်ယံချိန်ကို စောင့်ပြီး မန်ကျည်းခေါက်တွေ ခွာသူက ခွာကြတယ်။ မျက်စေ့စူးတဲ့အခါ သွေးလိမ်းတော့ ဆေးစွမ်းထက်ဖို့တဲ့....

မြေစာမြက်ပင်တွေကို နောက်ပြန်ဆွဲနှုတ်ကြပါတယ်။ အဖျားကြီးတဲ့အခါ သနပ်ခါးခေါက်နဲ့ ကွမ်းရွက်တို့နဲ့ ရောပြုတ်သောက်ဖို့တဲ့။

ကြယ်တာရာတို့ရဲ့ ညီလာခံအချိန်မှာ သိမ်းဆည်းထားသမျှ နွယ်၊ မြက်၊ သစ်ပင်တွေ အားလုံး ဆေးဘက်ဝင်သတဲ့...

အဲဒီ တန်ဆောင်တိုင်ကာလမှာ လှိုင်လှိုင်ပွင့်တဲ့ စိမ်းဖန့်ဖန့် ၀ါရွှေသွေးနဲ့ မယ်ဇလီဖူးတွေကို နူးအောင် သုံးလေးခါပြုတ်၊ အခါးသက်သာအောင် သုံးလေးရက်ရေစိမ်ထားလို့ နုအိနေတဲ့ မယ်ဇလီဖူးပြုတ်ကို နှမ်းထောင်းနိုင်နိုင်နဲ့သုတ်ပြီး ကြက်သွန်အနီကြော်လေးတွေ အပေါ်ယံက ဖြူးလို့ စားချင့်စဖွယ် ပြင်ဆင်ပြီးတော့ အမေက တန်ဆောင်တိုင်လပြည့်ညရဲ့ သန်းကောင်ယံအချိန်ကို စောင့်လေ့ရှိပါတယ်။

သူချစ်တဲ့ မိသားစု ကျန်းမာ သက်ရှည်ဖို့ သူက ဆေးပေါင်းခချိန်ကျတော့မှ တယောက်တဇွန်း လိုက်ခွံ့ကျွေးဖို့ပါ။

အထူးသဖြင့်ကတော့ အချူခြာဆုံး ကျမကို အမေက ပစ်မှတ်ထားခဲ့ပါတယ်။ သူ့ခမျာ..ကျမကို နှစ်လခွဲရတဲ့ အထိ မသိလိုက်ဘဲ သောက်လိုက်ခဲ့မိတဲ့ သန္ဓေတားဆေးကြောင့် ကျမ ချူခြာနေရတာ..ဆိုတဲ့ စိတ်အစွဲနဲ့ အမြဲတမ်း ကျမကိုပဲ ပူပန်နေတဲ့ အမေပါ။

ဒါကြောင့် ဟုတ်သော်ရှိ..မဟုတ်သော်ရှိ...ကျမ နည်းနည်းပို ကျန်းမာရင် ပြီးရော..ရယ်လို့ အမေက အမြဲတမ်းပဲ တန်ဆောင်တိုင်ညတိုင်းမှာ ကျမအတွက် မယ်ဇလီဖူးသုတ်လေ့ရှိပါတယ်။


ဟိုး...ငယ်ငယ်တုန်းကတော့ အဲလို ရိုးရာစကားတွေကို တကယ်လား..ရယ်လို့ ညသန်းကောင်အထိစောင့်ပြီး မြက်ခြောက်တွေလည်းစုခဲ့ဖူး...အမေ့လက်ရာ မယ်ဇလီဖူးသုတ်ကိုလည်း မက်ခဲ့ဖူးတယ်လေ...

အသက်လေး နည်းနည်း ကြီးလာတဲ့အခါကျ ဒီလို ရိုးရာ ပုံပြင်တွေက ဆင်းသက်တဲ့ အယူအဆတွေကို အပိုအလုပ်တွေရယ်လို့ လုပ်ရတာကို ရှက်သလိုနဲ့ ပင်ပန်းလို့ အမေရာ...ဆိုပြီး အတင်း အိပ်ယာဝင်ခဲ့တာက အမေ့မေတ္တာကိုပါ ရောပြီး ဥပက္ခောပြုထားခဲ့သလိုပါပဲ။

အမေကတော့ စောစောအိပ်ရာဝင်တာကို မကန့်ကွက်ပေမယ့် သန်းကောင်ကျော်ရင်တော့ ..သမီးရေ...ခဏလေး ထပါနော်။ စားပီး ပြန်အိပ်...ဆိုပြီး စတိလေးပါကွယ်..ဆိုပြီး အတင်း မယ်ဇလီဖူးသုတ်ကိုလာခွံ့ကျွေးတဲ့အခါ သွားတွေ မညစ်ပတ်အောင် ရေခွက် အဆင်သင့် သူ့လက်မှာ ပါခဲ့ပြီးသားလေ...

* * * * * * * * * * * * * * *


တန်ဆောင်တိုင်ရဲ့ လပြည့်ဝန်းကိုမော့ကြည့် အမေ့ကိုသတိရရင်းက ရုတ်တရက် ကျမအတွေးက သတင်းဖတ် တိုင်း တွေ့ နေရတဲ့ မနီလာသိန်း တို့ မိသားစုပုံကလေးဆီ စိတ်ရောက်သွားမိတယ်။

ဖြူနေခြည် မင်းယုလေး ကြီးပြင်းလာတဲ့အခါမှာ ကျမက အမေ့အကြောင်း အခုလို ကြည်ကြည်နူးနူး၊ တမ်းတမ်း တတပြန်ပြောနေသလိုမျိုး သူ ပြောမှပြောတတ်ပါတော့မလား။

သူ့ မှာ အဲဒီလိုပြန်ပြောစရာစကားရှိဖို့ ၊ သူ့ မှာ အဲဒီလိုပြန်ပြောနိုင်လောက်အောင် ပြည့်စုံလုံလောက်တဲ့ အမေ့ရဲ့ ချစ်ခင်စောင့်ရှောက်မှုတွေလိုအပ်ပါတယ်။ အမေ့ရင်ခွင်ထဲမှာ အချိန်ပြည့်နေဖို့ အချိန်တွေ လို ပါလိမ့်မယ်။ အဲဒါတွေ ဘာတခုမှမရဘဲ ရင်ခွင်မဲ့ ကြီးပြင်းလူလားမြောက်လာရမယ့် ကလေးတယောက် ရဲ့ စိတ်အခြေအနေဟာ ဘယ်လိုများဖြစ်သွားနိုင်မလဲ။

အမေက သားတို့ထက် အမေ့အဖေရဲ့ တိုင်းပြည်ကိုပိုချစ်တယ်လို့ …. နာနာကျင် ကျင် ပြောလိုက်တဲ့ ကလေးလေးတယောက်ရဲ့ရင်ကွဲသံကို ကျမကြားဖူးခဲ့ရပြီးပြီ။

အခုအိမ်နဲ့ဝေးရာကို ပြေးနေ ရတဲ့ ကျမတို့တိုင်းပြည်က အာဇာနည်မိခင်တွေရဲ့ လူလားမမြောက်သေး တဲ့ ရင်သွေးလေးတွေကရော ရင်ခွင်မဲ့နေရတဲ့ဘ၀မှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှုတွေ ပျောက် ဆုံးရင်း မိဘတွေကို အဲဒီလိုအပစ်ဖွဲ့ စကားတွေကို ပဲ့တင်သံတွေအဖြစ် အတောမသတ် နားထောင်ပေး နေကြရမှာလား။

အဲဒီ မိခင်ရင်ခွင်နဲ့ဝေးပြီး လူလားမြောက်ရမယ့်ကလေးတွေရဲ့အဖြစ်ကလည်း ခဏ ခဏဆိတ် အကြည့်ခံထားရတဲ့ ဗူးသီးနုနုလေးတွေလို အကင်းသေပြီး မာကြောင်မဲပုပ် သွားလေမလား။

အသက်လေးဆယ်ကျော် ကျမက အမေ့မေတ္တာတရားနဲ့ ယုယမှုတွေကို တမ်းတမိတဲ့အခါတိုင်း မနီလာသိန်းရဲ့ သမီးလေးကို ကျမ ကိုယ်ချင်းစာမိတယ်။

လေးလသမီးမှာ အမေနဲ့ ခွဲခဲ့ရရှာသတဲ့။ သူ့ခမျာ အခါတောင် မလည်ရှာသေးဘူး။

ညည တရေးနိုးလာတဲ့အခါတိုင်း ကလေးကိုစောင်ခြုံပေးဖို့ရယ်လို့ မနီလာ ယောင်ယမ်းပြီး ထနေမလား။

အမေတယောက်ရဲ့ ချစ်ခြင်းတရားကို သမီးလေးနားမှ လည်နိုင်ပါတော့မလား။

သူကြီးပြင်းလာတဲ့အခါ အမေနဲ့ပတ်သက်လို့  ပြန်ပြောစရာ သူ့မှာရှိနေတဲ့ စကားတွေက အမေက ကျမကိုထားခဲ့ပြီး ထွက် သွားခဲ့တာကိုး …လို့  ပစ်တင်နာကျင်သံဖြစ်နေလေမလား။

ကျမတို့တိုင်းပြည်ရဲ့ စံပြသူရဲကောင်း ဇာနည်မေ တယောက်ဟာ သူဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတဲ့ ဒီကလေး လေးအတွက်တော့ စံပြမိခင်အဖြစ်ကို စွန့်လွှတ် စတေးခဲ့လိုက်ရတာလား…လို့ တွေးမိတဲ့အခါ ကလေး လေးက သူ့အမေကို နားလည်နိုင်ပါစေ…လို့ ဆန္ဒပြုရုံကလွဲလို့လည်း ကျမတို့ တတ်နိုင်တာ ဘာမှ မရှိခဲ့ပြန်။

* * * * * * * * * * * * * * *

အဲဒီ ညက...
ဝိုင်းစက်နေတဲ့ လပြည့်ဝန်းကြီးကို မော့ကြည့်ရင်း ကျမ အမေ့ကိုသတိရနေခဲ့တယ်။

အဲဒီညက...
အအိပ်ဇီဇာကြောင်တဲ့ ကျမအိပ်ချိန်တိုင်းမှာ ဘယ်သူတယောက်ကိုမှ ခြေသံပြင်းပြင်းနင်းပြီး လမ်းလျှောက်ဖို့ ခွင့်မပြုခဲ့တဲ့ အမေက ကျမရဲ့ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို တနှစ်မှာ တကြိမ်တိတိ မပျက်မကွက် နှောင့်ယှက်လေ့တဲ့ ညလေးတညပေါ့။  

အဲဒီညက…
ဆေးပေါင်းခတဲ့ည ဖြစ်ပြီး သူကိုယ်တိုင်သုပ်ထားတဲ့ မယ်ဇလီဖူးသုပ်ကျွေးဖို့  ည (၁၂) နာရီတိတိတိုင်းမှာ အမေ ကျမကို နှိုးလေ့ရှိခဲ့ဖူးပါတယ်။

အဲဒီညက…
တိမ်ကင်းစင်နေတဲ့ကောင်းကင်ပြင်ကြီးကိုမော့်ကြည့်နေခဲ့မိတယ်။

အဲဒီညက....
ကျမကို နှိုးမယ့်အမေနဲ့ မယ်ဇလီဖူးသုတ်ရဲ့ ခါးသက်သက် ရနံ့ကိုတော့ ကျမ မရနိုင်တော့တဲ့ညလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီညက…
ဖိုးလမင်းကြီးကလည်း ၀ိုင်းဝိုင်းစက်စက်ကြီးနဲ့ ရွှေရည်လောင်းထားသလို ၀ါနေတယ်။
ဘယ်တော့မှ သနပ်ခါးမပြတ်တဲ့ အမေ့မျက်နှာပြည့်ပြည့်ကြီးနဲ့တောင် တူနေသေးတော့တယ်။

ဆေးပေါင်းခတယ်ဆိုတာ နက္ခတ်တာရာ စုရုံးလို့ နက္ခတ်ပွဲသဘင် စီရင်တဲ့နေ့…ဖြစ်လို့ ဆိုတဲ့…
လူကြီးမိဘတွေစကား ကျမ ကြားဖူးခဲ့ပါတယ်.

ဒါကြောင့်…. အဲဒီညက ကောင်းကင်ကို ကျမမော့ကြည့်ရင်းကြယ်တွေစုံလာမယ့် အချိန်ကို ကျမ မျှော်လင့်တကြီး စောင့်နေခဲ့မိတယ်။

ကြယ်ကြွေနေချိန်မှာ တောင်းတဲ့ဆု..ပြည့်တယ် ဆိုတဲ့စကား ဘယ်သူက ထားသွားလည်း ကျမ မသိပါဘူး။

နိဗာန်မဂ်ဖို ရက်တိုတိုနဲ့ ရောက်ပါရစေ ဆိုတဲ့ဆုမျိုးကို တောင်းရမှာတောင် အချောင်သမား စိတ်ဓာတ်လို့ အတွေးမျိုးနဲ့ ဆိုရမှာ လိပ်ပြာမလုံခဲ့တဲ့ကျမက ဆုတောင်းတယ်ဆိုတာအပေါ်မှာလည်း ဘယ်တုန်းကမှ မှီခိုအားထားမှု မရှိခဲ့ပါဘူး …

ဒါပေမယ့် အဲဒီညကတော့...
လှိုက်လှဲသောစိတ်နဲ့ ဆုတခုတောင်းဖို့ ကြယ်ကြွေချိန်ကို စောင့်နေမိခဲ့တယ်။

ဖြူနေခြည်မင်းယုလေး သူ့အမေရင်ခွင်ရိပ်မှာ နွေးထွေးလုံခြုံမှုတွေအပြည့်နဲ့ တချိန်ချိန်မှာ ကျမ အမေ့အကြောင်း ကျမပြောပြနေတာတွေထက် ပိုပြီး နူးညံ့လှပတဲ့ မိခင်တယောက်ရဲ့ ချစ်ခြင်းတရားတွေအကြောင်း မမောတမ်းပြောဖို့ စကားတွေရနိုင်ပါစေလို့….

အဲဒီဆုကို တောင်းပေးဖို့ ကျမဟာ ကောင်းကင်မှာ ကြယ်စုံလာမယ့် သန်းကောင်ယံအချိန်ကို အမေ့ကို တမ်းတရင်း စိတ်ရှည်လက်ရှည် စောင့်နေခဲ့ဖူးပါတယ်။

ဒါပေမယ့်…။ ။

ဒါပေမယ့်....
အဲဒီညက…

ကြွေစရာ ကြယ်တွေတောင် ကောင်းကင်မှာ မလင်းလက်ခဲ့ဘူး ကလေးရေ။

* * * * * * * * * * * * * * *

ခွာညို
တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်။
Tuesday, January 8, 2008

အလင်းအိမ်မဂ္ဂဇင်းမှာ ပါပြီးသား ၀တ္ထုတိုလေးပါ။ အမေများနေ့ ရောက်တော့မယ့်အချိန်မှာ အမေ့ကို မှန်းပြီး အနည်းငယ် ပြုပြင်မွမ်းမံပြီး တင်ပေးလိုက်ပါတယ်။

အမေတွေအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင်...

Tuesday, April 27, 2010

ကမ္ဘာ...ကမ္ဘာအဝေး....


Tuesday, December 18, 2007
(တစ်)

တို့နှစ်ယောက် ဘုရားကျောင်းကိုသွားရအုန်းမယ်လေ” ဆိုတဲ့ ဇနီးသည်ရဲ့သတိပေးစကားကြောင့် အင်တာဗျူးလာတဲ့ ဆရာမလေးက အားနာသွားပုံရပါတယ်။

ကျနော့်မျက်နှာကို မော့ကြည့်နေတဲ့ ဇနီးသည်ရဲ့ မျက်နှာမှာ သူ့ကိုယ်သူ လုံးဝအပြစ်ပုံချထားလိုက်တဲ့ စိတ်ဆင်းရဲမှု အစုအပုံကြီးကို ကျနော်မြင်ရတယ်။

ဒါ…မင်းအပြစ်မဟုတ်ပါဘူးကွယ်…လို့ ကျနော် သူ့ကို ပြောပြချင်တယ်။ ဒါတွေကို ဖွင့်ပြီး ဆွေးနွေးကြဖို့ တို့နှစ်ယောက်လုံး မလိုလားသလို တို့နှစ်ယောက်ကြားမှာ လိုလည်း မလိုအပ်လို့ ရေငုံနှုတ်ပိတ် တိတ်တိတ်ကြိတ်ခံစားနေကြရတာ ငါ သိသလို မင်းလည်း သိမှာပါ…လို့ ကျနော် ဖွင့်ပြောလိုက်ရင် ကောင်းမလား။

ယောက်ကျားတယောက်အနေနဲ့ အိမ်ထောင်တခုကို ပြည့်စုံကုံလုံအောင်ရှာဖွေမပေးနိုင်ခဲ့တာ...

သားသမီးတွေသာ မွေးဖွားစေခဲ့ပေမယ့် သူတို့ပညာရေး၊ ကျန်းမာရေးတွေကို တာဝန်တခုမှ ယူမပေး   နိုင်ခဲ့တာ၊ မိဘထက် တဆင့်မြင့်တဲ့ အဆင့်တခုရောက်အောင် ပုခုံးထမ်းတင်မပေးနိုင်တဲ့ နိုင်ငံကို ကယ်တင်ဖို့ကြိုးစားနေတဲ့ ကျနော့်ကို သူတို့ထားခဲ့တယ်ဆိုရင် ဒါဟာ ညီမျှတဲ့ တန်ပြန်သက်ရောက်မှု တခုပဲရယ်လို့ ကျနော် ကျေကျေနပ်နပ်ကြီး အထီးကျန် နေခဲ့ရဲရမှာပါ။

လာမယ့် သီတင်းနှစ်ပတ် လွန်မြောက်တဲ့အချိန်မှာ ကျနော့်မိသားစုဝင်အားလုံး ကျနော့်ကိုထားရစ်ခဲ့ပြီး ကမ္ဘာ့မြောက် ဖျားပိုင်းကို ခရီးနှင်ကြတော့မယ်။

ဒါဟာ ကျနော်တို့အားလုံး လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ကြိုတင်စဉ်းစားခဲ့ကြ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒီတုန်းက လုပ်သင့်တာကိုလုပ်လိုက်တာမို့ ဒီလိုအနီးကပ်မှာ ခံစားရမယ့် ဝေဒနာကို ကျနော်တို့ လျှော့ တွက်ခဲ့ကြတယ်။ ဟိုတုန်းကလည်း ကျနော်က အိမ်ကပ်ရတဲ့သူမဟုတ်၊ ခရီး အမြဲ ထွက်နေတဲသူဆိုတော့ သူတို့အနားမှာ ကျနော် ရှိခြင်း မရှိခြင်းဟာ ဘာမှထူးဆန်းတဲ့ကိစ္စတခု မဟုတ် ဘူးရယ်လို့ ဒီလိုပဲ ထင်မိခဲ့ကြ တယ်။ ကျနော်တို့ကိုယ် ကျနော်တို့ ခံစားချက်ထက် လုပ်ငန်းတာဝန်နဲ့ လုပ်သင့်တာကိုသာ လုပ်တတ်ကြတဲ့ နှလုံးသားခံစားချက်မရှိတဲ့ စက်ရုပ်လူသားတွေလို ပြုမူနေထိုင်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုကိုယ် အထင်ကြီးမိ ခဲ့ကြတယ်။

လက်တွေ့မှာတော့ သံရုံးအင်တာဗျူးနှစ်ကြိမ်ဝင်ပြီးတဲ့အချိန်ကစပြီး ကျနော့်ဇနီးဟာ တွေဝေငေးငိုင်စ ပြုလာတယ်။

ကျနော့ကို အရိပ်လိုကြည့်ပြီး ကလေးလေးတယောက်ကိုပြုစုယုယသလိုမျိုးတွေလုပ်လာခဲ့တယ်။

နိုင်ငံရေးခရီးကြမ်းကို အငတ်ငတ် အပြတ်ပြတ် ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ပေါင်း လေးဆယ်နီးပါးအတွင်း  နိုင်ငံရေးသမားပီပီ ဒေါသကိုချုပ်တည်းရတာတွေ၊ မျိုသိပ်စောင့် စည်းရတာတွေ၊ ခန္ဓာနဲ့ဝန်မမျှအောင် ထမ်းခဲ့ရတဲ့ဝန်တွေ၊ ထွက်ခဲ့ရတဲ့ ခရီးကြမ်းတွေကြောင့် အခုတော့ ကျနော့် နှလုံးဟာ ကျနော့်ရဲ့ တစထက် တစ ယိုယွင်းလာတဲ့ ခန္ဓာဝန်ကို နိုင်အောင်ထမ်းပေးဖို့ ငြင်းဆန် ပုန်ကန်နေပြီလေ။

“အေး....အရင်ကဆို တောထဲတောင်ထဲမှာ ပြေးရပုန်းရ စားစရာမရှိ၊ အိမ်မရှိနဲ့ ဒီကလေးတွေတောင် ဒီအရွယ် ရောက်မှ ဘာလို့များ နိုင်ငံခြားသွားချင်စိတ်ပေါ်ခဲ့ရပါလိမ့်လို့ ငါတွေးမိတယ်။ အခုဆိုရင် အကြီးမက ကျောင်းသား ဆေးခန်းက ဖွင့်တဲ့ကျောင်းမှာ ဆရာမလုပ်လို့၊ အငယ်မလေးကလည်း ဆယ်တန်းအောင်ပြီးလို့ ကေအီးဒီစီမှာ ကျောင်းတက်နေရတာပဲ။ ကျမဆိုရင်လည်း ဒီမှာ အလုပ်ကလေးဘာလေးလုပ်နေရတာပဲ။ လစဉ်ရနေတဲ့ ရိက္ခာ နဲ့ ဒီမှာနေရတဲ့ဘ၀လည်း သိပ်ဆိုးတာမှမဟုတ်ဘဲနဲ့၊ နော်....”

ကျနော့်ဇနီးက သူ့ကို အင်တာဗျူးလာလုပ်တဲ့ အမျိုးသမီးငယ်ကို ပြောနေရာက နောက်ဆုံးတော့ သူတို့ဘေးက ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့ ကျနော့်ကို မော့ကြည့်ပြီး သူ့စကားကို အဲဒီလို အဆုံးသတ်လိုက်ပါတယ်။

ကျနော် သူ့ကို ဘယ်လို နှစ်သိမ့်ရမလဲ။ အိမ်ထောင်သက် ၂၀ ကျော် ၂၅ နှစ်နီးပါးအတွင်း သူဟာ ကျနော့်အတွက် မျိုးဆက်တဆက်ကိုလည်း ကျွေးမွေး စောင့်ရှောက်ခဲ့ရ။ ကျနော့်ကိုလည်း ပြုစု ယုယခဲ့ရ၊ ကျနော့်ကြောင့်ရတဲ့ ဒုက္ခ သုက္ခနဲ့ နေရာအတည်တကျမရှိ ခြေသလုံးအိမ်တိုင် နေခဲ့ရတဲ့ ဘ၀မှာ ကိုယ့်ဖာသာကိုယ် ရှာဖွေ စားသောက်ခဲ့ရ။ သည်ကြားထဲက သူ…ကျနော့်ကို ထားမသွား ရက်ဘဲ ဖြစ်နေသေးတော့တယ်။

 အဲဒီ စိတ်ဖိစီးမှုတွေကြောင့် သွေးအန်ပြီး ဆေးရုံရောက်ရခဲ့ရတာ လွန်ခဲ့တဲ့ ၂ ရက်ကမှ သူ အိမ်ပြန် ရောက်လာရတာပါ။
ကျနော်က သူ့ကို အဲဒီလိုစိတ်ဝေဒနာတွေ တပွေ့ တပိုက်နဲ့ ကျနော့ကို ခွဲ ခွာသွားရတာမျိုး မဖြစ်စေချင်ဘူး။

ဒီလိုနဲ့ အင်တာဗျူးတဲ့ကိစ္စက စနေနေ့မနက်ပိုင်းမှာ အတည်ဖြစ်သွားတယ်။

* * * * * * * * * * * * *

အင်တာဗျူးမယ့် မိန်းကလေးက ကျနော့်ဇနီးနဲ့စကားပြောချင်တာဖြစ်တဲ့အတွက် ကျနော် အိမ်ရှေ့ခန်းကို မထွက်ပါဘူး။

ဒီဘက်နယ်မှာ နိုင်ငံရေးသမားတွေကို နိုင်ငံရေး ကိစ္စတွေသာ မေးကြ ရေးကြလေ့ရှိတဲ့အထဲ ဒီ မိန်းကလေး  ကတော့ ထူးထူးခြားခြား နိုင်ငံရေးသမားတွေရဲ့ ပါရမီဖြည့်ဖက်တွေရဲ့ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ ဘ၀တွေနဲ့ ရပ်တည်ချက်တွေကို စိတ်ဝင်စားတယ်လို့ ပြောတယ်။ ဒါကလည်း လူတွေ သိသင့်တဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးသမိုင်းကြောင်းမှာ အရေးပါတဲ့ အချက်ပဲလို့ ဆင်ခြင်ရင်း သူတို့ ဘာတွေ မေးကြ ပြောကြသလဲ..ဆိုတာကိုတော့ ၀ါးထရံရဲ့ တဖက်ခြားကနေ ကျနော် နားစွင့်နေမိတယ်။

‘ရန်သူ့တပ်ဝင်လာပြီဆိုတာနဲ့ ကျမတို့ဟာ ရိက္ခာထုတ်တွေထမ်း ကလေးကိုပိုး၊ အ၀တ်ထုတ်တွေ ရွက်ပြီး ပြေးရ တော့တာပါပဲ။ အဲဒီလိုပြေးရတိုင်း ကလေးတွေအဖေက ဘယ်တော့မှ အိမ်မှာ ရှိနေ တာမဟုတ်ဘူး။ ကျမနဲ့အတူ လာနေပေးတဲ့ ရဲဘော်လေးတွေနဲ့ပဲ ပြေးကြရတာပေါ့။ ရွာထဲကလူတွေက ကျမတို့ကို မကြည်ဖြူကြဘူး။ ကျမတို့လို နိုင်ငံရေးလုပ်တဲ့မိသားစုတွေကို ရွာထဲမှာလက်ခံထားလို့ အခုလို အစိုးရအမွှေခံရတာလို့ပြောတော့ ကျမလေ သူတို့ကို အားလည်းအားနာတယ်။ သူတို့ ဒီလို ပြောတာလည်း ဟုတ်နေတာပဲကိုး၊ နော...

ဒါပေမယ့် ရွာနဲ့ဝေးဝေးမှာလည်း မနေရဲတော့ ရွာအပြင်က ချောင်းဘေးမှာ ကျမလင်လိုပဲ နိုင်ငံရေးသမား မိသားစုတွေလေးငါးအိမ်စုပြီး နေကြရတာပေါ့။ တကယ်လို့များ ရန်သူ့တပ်လာတော့မယ် သတင်းကြားရင် ကျမတို့က ဘာမှလည်း ပိုင်ဆိုင်တဲ့ပစ္စည်း ယူဖို့ သိမ်းဖို့ ၀ှက်ခဲ့ဖို့ မရှိတော့ ကျမတို့က မြန်မြန်သိမ်းပြီးလို့ အရင်ပြေးနှင့်တယ်ဆိုရင်လည်း သူတို့က သူတို့လင်တွေ နိုင်ငံရေးလုပ်လို့ လာဖမ်းတော့ သူတို့ကအရင်သတင်းရပြီး အရင်ပြေးနှင့်တယ်လို့ပြောပြန်ရော”

“အဲဒီလိုအခါတွေမှာ ဒေါဒေါ်က အတီး(ဦးလေး) အပေါ်မှာ ငြိုငြင်မိသေးလား” လို့ စာရေးဆရာမလေးက မေးပါတယ်။ 

သူဘယ်လိုများဖြေမလဲ။

“အို ဒါကတော့ သူ့ကို ကျမစတွေ့ကတည်းက သူက နိုင်ငံရေးသမားပဲဟာ၊ သူ့အလုပ်က ဒီလိုပဲ အမြဲ ခရီးတွေ ထွက်နေရတာပဲဟာ။ ယူပြီးမှ တွေ့ရတာမှမဟုတ်ဘဲ။ ပြီးတော့ ကိုယ့်နိုင်ငံအရေးအတွက် စိတ်သန့်သန့်နဲ့ လုပ်ပေးနေတာပဲ။ ဘာမှ စိတ်ဆိုးနေဖို့မရှိပါဘူး”

ကျနော့်ဇနီးကို ကျနော်မြတ်နိုးတွယ်တာခဲ့တဲ့ အဓိကအကြောင်းက အဲဒီသူ့ရဲ့ နားလည်ခွင့်လွှတ်တတ်တဲ့ စိတ်ကလေးပါပဲ။

ကိုယ့်ယောက်ျားရဲ့ ငွေမရှာနိုင်မှုအပေါ်မှာ အပြစ်ဖွဲ့ငြင်ညိုတတ်တဲ့ အိမ်ထောင်ဖက်မျိုး မဟုတ်ခဲ့ဘူး။

ဘယ်သူ့ ယောက်ျားကတော့ဖြင့် နိုင်ငံခြားထွက်သွားပြီး မိသားစုကို ဘယ်လိုထောက်ပံ့နေတာ ဆိုတာမျိုး... ဘယ်သူက တော့ဖြင့် နိုင်ငံခြားရောက်နေတဲ့ သူ့သူငယ်ချင်းတွေဆီက ပိုက်ဆံတောင်းနိုင်လို့ ပြေလည်နေပြီ၊ တော့်သားသမီးတွေငတ်နေတာ ကြည့်လို့ကောင်း နေတယ်ပေါ့ ဆိုတာမျိုး.... သူ ဘယ်တော့မှ ကျနော့ကို နှလုံးပူ မတိုက်ခဲ့ပါဘူး။ သူတို့အမေးအဖြေတွေက ကျနော့်ကို ကြေကွဲမှုထက် ကြည်နူးမှုကိုဖြစ်စေပါတယ်။

ကျနော်ကတော့ နေ့ခြောက် လ၊ ညခြောက်လဆိုတဲ့ ဒေသတခုမှာ သူနေလို့ပျော်ပါ့မလားလို့ တွေးနေမိ တယ်။ ကိုယ့်မိသားစုကလွဲရင် ကိုယ့် လူမှုအသိုင်းအ၀ိုင်းမဟုတ်တော့တဲ့ ဒေသစိမ်း၊ လူစိမ်းတွေ ကြားမှာ အခုမှ စကားပြောတတ်ကာစ ကလေးတ ယောက်လို စကားပြောပြန်သင်ရမယ့်အတွက် စိတ်ဖိစီးမှုတွေ များနေမှာကို စိုးရိမ်မိတာပါပဲ။

* * * * * * * * * * * * * * * *

ကားက အုပ်ချုပ်ရေးရုံးရှေ့ကအထွက်မှာ စိတ်ခိုင်လှပါတယ်ဆိုတဲ့ ဇနီးသည်ရဲ့မျက်ရည်စကို မြင်ဖြစ်အောင်မြင် လိုက်ရပါတယ်။

သူ့အဖေ နာတာရှည်ရောဂါဖြစ်နေတဲ့ အသက်ရှစ်ဆယ်ကျော်လူကြီးတယောက်အတွက် အစာ အာဟာရအပြည့်အ၀ရနိုင်မယ့်နေရာတခုဆီ.....

ငှက်ဖျားတောထဲမှာမွေးဖွားခြင်းခံခဲ့ရပြီး ငှက်ဖျားပိုး အစားခံရတဲ့ဦးနှောက်နဲ့ လူတကာကို ရယ်ပြတတ် တာကလွဲရင် စာသင်လို့မရနိုင်တော့တဲ့ သမီးလတ်အတွက် ဆေး ကုဖို့ အချိန်လွန်နေပြီဆိုရင်တောင်မှ လုံခြုံစိတ်ချစွာ ထားပေးနိုင်မယ့်နေရာတခုဆီကို...
နိုင်ငံ့အတွက် အသက် ပေးထားတဲ့ ကျန်းမာရေးဆုတ်ယုတ်လာသည့်တိုင်အောင် ဘယ်တော့မှ တော်လှန်ရေးနယ်မြေကို အသက်ရှင် လျှက် စွန့်ခွာထွက်သွားမှာမဟုတ်တဲ့ သူ့ယောက်ျား ကျနော့်ရဲ့လိုအပ်ချက်ပေါင်းများစွာကို နောက်ကနေ လိုသမျှ ထောက်ပံ့ကူညီနိုင်ဖို့အတွက်...

အဲဒီ အတွက် ပေါင်း များစွာအတွက် မျက်ရည်စက်တွေနဲ့ သူ-ထွက်ခွာသွားခဲ့ပါပြီ။

IOM လို့ အဝေးကမြင်နေရတဲ့ ဒုက္ခသည်တွေကို သယ်ဆောင်သွားတဲ့ ကားတန်းကြီးကတော့ မီးစုံဖွင့်မောင်းလို့ ဒုက္ခသည်မြို့လေးထဲက ထွက်ခွာသွားပါပြီ။

ကျနော်က သူ့ကိုထားရစ်ခဲ့ပြီး အန္တရာယ်ရှိတဲ့ ခရီးပေါင်းမရေတွက်နိုင်အောင်ထွက်ခဲ့တုန်းက အိမ်အပြန် သူ့ကိုမြင်ရမယ်ဆိုတဲ့အသိ နဲ့ ဘယ်လောက်နက်တဲ့တောကိုပဲဖြစ်ဖြစ် ကျနော်တိုးရဲခဲ့တယ်။

ဘယ်လောက်နီးကပ်တဲ့ အန္တရာယ်မြေကိုဖြစ် ဖြစ်သွားရဲခဲ့တယ်။ အခု ကျနော် အိမ်မပြန်ရဲတော့ဘူး။

ဆွေမျိုးသားချင်းတွေ ရှိနေသေးပေမယ့် ဒီအိမ်ဟာ ကျနော့်အိမ် မဟုတ်တော့သလို…ကျနော်ဟာ အလိုလိုနေရင်း တယောက်တည်း…ဆိုတဲ့ စိတ်အားငယ်မှုက ဖိစီးလာတော့တယ်။

* * * * * * * * * * * * *

ကျနော့ဆီက ငှားထားတဲ့ နိုင်ငံ့သမိုင်းစာအုပ်လေးကို ပေးဖို့ အင်တာဗျူးတဲ့ ဆရာမလေး ကျနော် ခရီးမထွက်ခင် ရောက်လာခဲ့ပါတယ်။

“တီးတီ ပိန်သွားလိုက်တာနော်။ နေမကောင်းဘူးလား”တဲ့။

ကျနော့ရယ်ပုံက မဲ့တဲ့တဲ့ဖြစ်နေမလားတော့မသိဘူး။

 “အတီး ခရီးသွားတော့မယ်။ တကယ်လို့စာအုပ်ဖတ်ချင်သေးတယ်ဆိုရင် ပြန်ယူသွားပါ။ အိမ်မှာ အတီး ညီမ ကျန်ရစ်ခဲ့လိမ့်မယ်။ ဖတ်ပြီးမှ သူ့ကိုလာပေးထားလိုက်ရင် ရပါတယ်”

“အတီးကျန်းမာရေးနဲ့ ခရီးဝေး ခရီးပြင်းတွေ မသင့်ဘူးလို့ထင်တယ်နော်”

“အိမ်မှာနေတော့လည်း တယောက်တည်းဖြစ်နေတာကတကြောင်း၊ အခုတိုက်ပွဲတွေလည်း ဖြစ် နေတော့ ဘယ်လိုပဲဖြစ်ဖြစ် သွားမှဖြစ်မယ်လေ။ ကျန်းမာရေးမကောင်းတာက တကဏ္ဍပေါ့။ ဒါက မလုပ်ရင်မဖြစ်တဲ့ အလုပ်မဟုတ်လား”

တရားသောတိုက်ပွဲမှန်သမျှ အောင်မြင်ရမှာပါအတီးရယ်…ဆိုတဲ့ ကလေးမရဲ့အားပေးသံကလည်း ခပ်ပျော့ပျော့သာ။

သူမမွေးခင်ကတည်းက ဖြစ်လာခဲ့တဲ့ မြန်မာ ပြည်တွင်းစစ်အကြောင်း ကျောင်းက သင်ပေးလိုက်တဲ့ ၀ါဒဖြန့်အရေးအသားကလွဲရင် အမှန်ကို သိရဖို့ ကျမ အချိန် အများကြီးယူပြီး လေ့လာရအုန်းမှာပါ… ဆိုတဲ့ သူ့ရဲ့ ၀န်ခံစကားကို ကျနော် ပြုံးပြီး နားထောင်ခဲ့ဖူးတယ်။ အခုလို တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ နစ်နာဆုံးရှုံးမှုတွေအပေါ် စာနာ နားလည်တတ်တဲ့ မြန်မာလူမျိုးတွေဟာ ကျနော်တို့ အတွက်တော့ တစိမ်းတွေ မဟုတ်ပါဘူး။ ကျနော်တို့ဟာ စနစ်နဲ့ အာဏာရှင်ကို အတူတူ တိုက်ပွဲဝင် နေကြသူတွေပါ။

* * * * * * * * * * *

အခုတော့ ကျနော့်ရဲ့ မိသားစုက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတနိုင်ငံဆီသို့ရောက်ရှိနေပြီး ကျနော်ကတော့ နိုင်ငံမဲ့ အိမ်ခြေမဲ့ တယောက်အနေနဲ့ တော်လှန်ရေးခရီးကြမ်းကို အသက်ကို မေ့ထားပြီး တိုးဝင်နေဆဲ။






* * * * * * * * * * * * *
ခွာညို (၂၀၀ရ- ခုနှစ်။ ဇွန်လ (၂၀) ရက်က ရေးသားထားခဲ့ပြီး အလင်းအိမ်မဂ္ဂဇင်းမှာလည်း ဖော်ပြခဲ့ပြီးသော စာမူကို ပြန်လည် ပြုပြင်မွမ်းမံထားတာပါ။ )

၂၀၁၀ ခုနှစ်၊ ဧပြီလ (၂၇) ရက်။

IOM ကား အလာကို
ထိုင်စောင့်နေတဲ့ ကရင် အဖွားအို

တတိယနိုင်ငံကို ပို့မယ့်ကား
 အုန်းပျံ့ ဒုက္ခသည်စခန်းမှာ တထောက်နားနေတဲ့ နို့ဖိုးက ဒုက္ခသည်တွေ...

 (မှတ်ချက်။ ၊ ဓာတ်ပုံအားလုံးကို ခွာညိုပိုင်ပါတယ်။)

Tuesday, April 20, 2010

ကဗျာစာဆို လူငယ်နှစ်ယောက်ရဲ့ အားပြိုင်ကဗျာ

ဟိုး...ရှေးတုန်းက ကဗျာစာဆိုတွေဟာ တယောက်ကို တယောက် ကဗျာအားစမ်းတဲ့အနေနဲ့ ကဗျာကို တယောက်က ရှေ့ကစပ်ရင် နောက်တယောက်က ရပ်လိုက်တဲ့နေရာကနေ အ
ချိတ်အဆက်မိမိ ထပ်ကဗျာစပ်တာမျိုးတွေ ရှိခဲ့ဖူးတယ်။

ပိုဒ်စုံ ရတုတွေအလွန်ကောင်းတဲ့ လက်ဝဲသုန္ဒရ အမတ်ကြီးလည်း ဧကပိုဒ် ရတုရေးပြီး အဖြည့်ပိုဒ်တွေ ထားထားခဲ့ဖူးတယ်။

အခု ဒီကဗျာလေး နှစ်ပုဒ်ကို ဖတ်ရတဲ့အခါ အဲဒီ ရှေးခေတ်က စာဆိုကြီးတွေအကြောင်း မမီ မကမ်း ဖတ်ဖူး မှတ်ဖူးတဲ့ အတိုအထွာလေးတွေကို ပြန်အမှတ်ရလာမိလို့ပါ။

တနေ့က ညကြီး ကိုးနာရီကျော်မှ ကဗျာဆရာ အေအမ်တီက ကျမဆီ ဖုံးဆက်ပါတယ်။ ထုံးစံအတိုင်း သူ့အသံ ခပ်လေးလေး ခပ်ရိုးရိုးနဲ့ အားပါးတရအာလုတ်သံနဲ့ပေါ့။

သူများဖုံးနဲ့ဆက်နေတာ..ဆိုတာလည်းပါရဲ့...ရေဘ၀ဲဖြစ်ချင်တယ်...လို့လည်း ပြောရဲ့...သူငယ်ချင်း (ဇော်ကြီး) က လေးရာစိုက်ပေးလို့ အခု ၈၀၀ တန် ကား ၀ယ်လိုက်ပီဆိုလား..အဲဒါလည်းပါရဲ့။

ကျမ အီးမေးလ်လည်း တောင်းသေးတယ်။ ကဗျာပို့ပေးမယ်တဲ့။ ဒါပေမယ့် သူ့ကဗျာက သူ့ဆီကနေ ကျမဆီ အမေရိကားတိုက်အတွင်းချင်း တိုက်ရိုက်ရောက်မလာခဲ့။ ထိုင်းနိုင်ငံကို အရင်ပြေးသွားပြီး ကဗျာရေးဘက် နေသွင်ဆီက ကဗျာတစကို ဆွဲထုတ်ပြီးမှ နေသွင်ဆီကနေ ကျမဆီ ရောက်လာခဲ့တော့တယ်။


'အမေရိကား အတွေ့အကြုံ

အခုတလော... ငါ
ရေဘ၀ဲတကောင်.. သိပ်ဖြစ်ချင်နေတယ်

နှစ်ချောင်းက မုန့်လုပ်မယ်...
နှစ်ချောင်းက မုန့်ဖုတ်မယ်...
တချောင်းက တံမျက်စည်းလှည်းမယ်
ကျန်တဲ့တချောင်းက "mop" တိုက်မယ်

လက်တွေအဲဒီလောက်ရှိမှ
အခွန်ဆောင်ပြီးဘာပြီး
ကိုယ့်အတွက် နှစ်ချောင်းလောက်ကျန်မယ်.....

AMT / 14.4.10


'၀ယ်လင်တန်' နေ့တွေ

ကျုပ်တို့အရပ်မှာတော့ ခြေထောက်များများလိုတယ်
ခြေထောက်တွေကိုယ်တိုင်က အခွန်ထမ်းဖြစ်နေတော့လေ

ဥပမာ
နှစ်ချောင်းက မြေမြှုပ်မိုင်းနင်းဖို့...
နှစ်ချောင်းက ရဲပြေးဖို့...
နှစ်ချောင်းက မြေကျွံတဲ့နေရာမှာ ထားခဲ့ဖို့လေ..

(ခင်ဗျားသိတဲ့အတိုင်း မြေပျော့တယ်မဟုတ်လား)

လိုရမယ်ရ
နောက် နှစ်ချောင်းကတော့ ကိုယ့်ချစ်သူနဲ့
ညနေခင်းမှာ အေးအေးလူလူ လမ်းလျှောက်ထွက်ဖို့ပေါ့...
ခြေထောက်များတော့လည်း အမူးလွန်တဲ့အခါ မလဲတော့ဘူးပေါ့။

ဒါပေမယ့် ဟေ့လူ
ခင်ဗျားတုန်းက
ငါး-ဖြစ်ချင်ခဲ့တယ်မဟုတ်လား
ဖိနပ်ဖိုး မတတ်နိုင်လို့လေ...

ဘာပဲဖြစ်ဖြစ်
ဘက်ဖဲလို* ဆိုတဲ့မြို့မှာတော့
ဆံပင်တွေရှည်လာတဲ့ တညနေမှာ
တပည့်မတယောက်က
ကဗျာဆရာခေါင်းကို လက်တည့်မစမ်းလောက်တော့ဘူး။

ကြည့်ပျော်ရှုပျော်
ဆရာမတယောက်ဆို
တော်ရော့ပေါ့ဗျာ...

ဒုက္ခသည်စခန်းက
လမ်းကြိုလမ်းကြားတွေမှာတော့
ဝယ်လင်တန်ဘု** တွေ
စိတ်ကူးမယဉ်ကြဘူး၊


* Buffalo အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်ထဲက ဒုတိယအစည်ကားဆုံးမြို့
** wellington boot ရေစိုခံ၊ အကြမ်းခံ ဒူးခေါင်းထိရှည်သော ရာဘာဖိနပ်

နေသွင်



သူတို့နှစ်ယောက်ဟာ နေသွင်ရဲ့ မင်္ဂလာညမှာလားမသိ၊ ကဗျာတပုဒ်ကို အတူစပ်ခဲ့ကြဖူးတယ်...ဆိုတာ ကျမ မှတ်မိနေသေးတယ်။ တကယ်လို့ ကျမ အမှတ်မမှားဘူး...ဆိုရင် ပြောတာပါ။

အခုလို အခံကဗျာနဲ့ အအုပ်ဖြည့်လိုက်တဲ့ ကဗျာလေးကိုက ကျမတို့ မြန်မာလူမျိုးတွေရဲ့ ပြင်ပက ဒုက္ခ သောကတွေကို ကိုယ်တိုင်ထုတ်ပိုး ပြေးလွှားနေရတဲ့ သမိုင်းတကွေ့ကို ကဗြည်းတင်ထိုးလိုက်ကြတယ်လို့ ခံစားမိတယ်။
အေအမ်တီနဲ့ နေသွင် များများရေးနိုင်ပါစေ။

Monday, April 19, 2010

တံလျှပ်ရွှေပြည် အပိုင်း (၈)

အခုတော့ အောင်နိုင် အနောက် ဗာဂျီးနီးယားမှာ အလုပ်သစ်ကိုပြောင်းလုပ်နေပြီ။
ဘော်လတီမိုးမှာက လူမည်းများသည်။ ယဉ်ကျေးသောလူမည်းတွေက ချစ်ခင်ဖို့ကောင်းသလောက် ဆိုးသွမ်းသောင်းကျန်း သောလူမည်းများ၏ အန္တရာယ်ကလည်းမသေးလှ။ ရထားပေါ်မှာ ကားပေါ်မှာ သီချင်းမဖွင့်ဖို့တားမြစ်ထားသော်လည်း သူတို့ကိုယ်စီရဲ့ နားမှာတပ်ထားသည့် နားကြပ်ပိစိကွေးထဲက အန်ထွက်နေသည့် ဒိုးဒိုးဒန့်ဒန့်အသံတွေက အမြဲလို ဆူပွက်ထနေတတ်သည်။

သည်ကြားထဲမှာ သီချင်းသံကိုလွှမ်းအောင်၊ ကား သို့မဟုတ် ရထားစက်သံကို ကျော်လွှမ်းအောင် အပြန်အလှန် အော်ဟစ် ပြောဆိုပြီးရယ်ကြမည်။ ဒါမှမဟုတ် ပါးစပ်ပဲပါပြီး နားမပါသူများနှယ် ဘယ်သူ့စကားမှ ဘယ်သူက နားမထောင်ဘဲ အလုအယက် ပြောပဲပြောနေကြမည်။ ဒါကတော့ အမေရိကန်ထဲ လှိမ့်ဝင်လာနေသည့် စပိန်နှင့် မက္ကဆီကို လူမျိုးများလည်း ထိုနည်းတူပါပဲ။

မြန်မာ့အညာဒေသက ပြောလေ့ရှိသည့် လက်ပံပင် ဆက်ရက် (ဇရက်) ကျဆိုသလို ကျွက်ကျွက်ညံနေတာ။ တခါတရံ ကားသမားပင် ကားမောင်းမရနိုင် လောက်အောင် အနှောင့်အယှက်ဖြစ်၍ ကားရပ်ကာ တားမြစ်ရ… ဖြစ်တတ်သည်။ တရှစ်ရှစ်….တဖပ် ဖပ်ခ်တွေရော အဆင်းမှာ လက်ခလယ် တချောင်းပင် ထောင်ပြသွားကြသေးသည်။

ဆိုးတာက မှောင်နေချိန် လူပြတ်သည့်နေရာများတွင်လုယက်ခံရတာမျိုးဖြစ်သည်။ အောင်နိုင်နေသည့်ရပ်ကွက်က ဘတ်စ် ကားဂိတ်နှင့်အတော်အလှမ်းဝေးသည်။ ဈေးချိုသောကြောင့် အကုန်သက်သာမလား ငှားမိသည်။ ညဆိုင်းအလုပ်က သန်း ကောင်ကျော်ပြန်လာကြရသည့် ကားမရှိသူ တယောက်တည်းသမားတွေအတွက် အလွန်အန္တရာယ်ကြီးသည်။

ရှေ့က ခပ်တည်တည်ပိတ်ရပ်ပြီး ပိုက်ဆံတောင်းမည်။ မပါဘူး..ဟုပြောမိလျှင်ဖြစ်စေ၊ မချေမငံပြောမိလျှင်ဖြစ်စေ၊ ရိုက် နှက်လုယူမည်။ သို့မဟုတ် သတ်ချင်လည်း သတ်ပစ်ခဲ့လိမ့်မည်။

သည်တော့ အတွေ့အကြုံရှိထားသောသူများက သင်ပေး ထားသည့်အတိုင်း အဲဒီလို ပုဂ္ဂိုလ်လေးတွေကို မသဒ္ဒါကြေးပေးဖို့ အိပ်ထဲမှာ အမြဲ (၅) ဒေါ်လာလောက် ဆောင်ထားရ သည်။ တောင်းလျှင် မျက်နှာမပျက်စေအောင်ထိန်းရင်း အဆင်ပြေအောင် ပြောကာ ဒါပဲပါလို့ပါဟု ကိုယ့်ပိုက်ဆံနှင့်ကိုယ် အောက်ကျို့ပြီး ဆက်သရသည်။ အဲလိုဆိုလျှင်တော့ သူတို့က (၅) ဒေါ်လာ ရလည်း ပြေလည်သည်။ ကိုယ်လိုခံရသည့်လူမျိုး တည မှာ ဆယ်ယောက်လောက်ဆိုလျှင်လည်း သူတို့အတွက် နည်းတာမှ မဟုတ်တာ။

ဤသည်က ကားမရှိသည့်အတွက် ခံရသည့် နောက်ဒုက္ခတမျိုးဖြစ်၏။

တချို့ကပြောသည်။ ဒီ အမည်းတွေက အိုဘားမားသမတဖြစ်လာပြီးတဲ့နောက် ပိုပြီး ဆောင့်ကြွားမြောက်ကြွပိုနိုင်လာသတဲ့။ ဘာမှတော့မဆိုင်ဟုထင်ရသော်လည်း ဟုတ်သလိုလိုတော့ရှိသည်။ အိုဘားမားကိုယ်တိုင်က သူ့ကိုယ်သူ ပြည်သူရှေ့ မှောက်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနဲ့ ရပ်နေပါတယ်လို့ သူ့ရဲ့ သမတလက်ခံတဲ့မိန့်ခွန်းမှာ ပြောခဲ့သေးတာပါ။ သူတို့က လူမည်း တယောက် သမတဖြစ်တာနဲ့ သူများချွေးနှဲစာကို ဆေးချဖို့ အနုကြမ်းစီးနေတာကိုတော့ သမတက အားပေးမှာမဟုတ်။

သို့သော် ကိုယ်ပိုင်ဉာဏ်နှင့်ဆင်ခြင်စဉ်းစားမှုနုံနဲ့သူတွေကတော့ သူတို့ထုံးစံအတိုင်း ဒီတိုင်းပြည်မှာ ငါတို့လူမည်းက သမတကွ… ဆိုကာ မြောက်ကြွမြောက်ကြွဖြစ်လာကြတာတွေကလည်း ရှိကိုရှိနေပြန်သည်။

အောင်နိုင့်အတွက်ကတော့ အိုဘားမားမျက်နှာကိုမြင်တိုင်း သူငယ်ငယ်က သွားကြည့်ခဲ့ဖူးသော ဆင်ဖြူတော်ဆိုသည့် အကောင်ငယ်လေးကို သတိရကာ ပြုံးမိမြဲ။ ဆင် က ဆင်ဖြူ မဟုတ်ပါဘူး၊ ဆင်ပန်းရောင်လေးပါ…ဆိုသည့်သူကဆို၊ အမှန် ကတော့ ခရုသင်းစွဲနေတာပါကွာ ပြောတဲ့သူကပြောသော အကို ကာလာသားကြီးတွေရဲ့ လှောင်ပြောင်စကားကို သတိရမိ သောကြောင့်ပါ။

အဲသည်တုံးက နိုင်ငံရေးနှင့်နွယ်သည့် အဲသည် ပြက်လုံးလေးမျိုးတွေကို သူက ငယ်လွန်းသေးတာကြောင့်ရော၊ နိုင်ငံရေးနောက်ခံကို မယဉ်ပါးသေးတာကြောင့်ရော မရယ်တတ်ခဲ့။ အခုတော့ သူရယ်တတ်နေပြီ၊

လူမည်း စစ်စစ်မဟုတ်သော အိုဘားမားကိုမြင်တိုင်းလည်း လူပန်းရောင်ကြီး…ဟု အောင်နိုင်ရယ်ချင်လာမိမြဲ။

တညနေမှာတော့ နည်းနည်း ညီးစီစီဖြစ်နေတာကြောင့် အချိန်ပြည့်မလုပ်တော့ဘဲ လူလဲကာ စောစောပြန်လာခဲ့သည်။
အရင်လို နောက်ဆုံးရထားချိန် သန်းကောင်သန်းလွဲမဟုတ်သည့်အတွက် ဆေးသမားတွေရန်ကတော့ လွတ်ပြီဟု စိတ် အေး၍မှမဆုံးသေး။ စက်ဘီးစီးလာသည့် ကရင်လေးတယောက်ကို လူမည်း လူငယ်လေးနှစ်ယောက်က ဖမ်းတားနေတာ ခပ်လှမ်းလှမ်းမှာ တွေ့လိုက်ရသည်။ အသားဖြူဖြူလေးနှင့် တော်တော်ငယ်သေးတာကို အဝေးကပင် ခန့်မှန်းနိုင်သည်။

စိတ်ထဲမှာ ထင့်ကနဲပူသွားသည်။ အောင်နိုင်က နေ့ရောညပါ အလုပ်လုပ်နေရသည့်အတွက် ကိုယ့်ဝန်းကျင်ကို ကိုယ့် တိုင်းပြည်က လူတွေထပ်ရောက်လာတာကိုပင် မသိလောက်အောင်ဖြစ်နေသည်။

သူလှမ်းကြည့်အကဲခတ်နေစဉ်မှာပဲ တယောက်က ကရင်လေးကို ရင်ဘတ်ဆောင့်တွန်းလိုက်သည်။ တယောက်က စက်ဘီးကို ယူပြီးနင်းသွားသည်။ ကရင်လေးနှင့်ကျန်ခဲ့သည့်တယောက် နပမ်းလုံးနေရာသို့ လွှားကနဲရောက်ပြီး လူချင်းဆွဲ ခွာရင်း အလိုအလျှောက် ထိုးကြိတ်ပစ်လိုက်မိသွားသည်။ အောင်နိုင့်တသက်မှာ လူတယောက်ကို ပထမဆုံးအကြိမ် ကိုယ်ထိ လက်ရောက် လုပ်မိခြင်း။

ကရင်လေးကလည်း အထိုးခံလိုက်ရသော နှုတ်ခမ်းပေါ်ကသွေးစကို လက်ခုံနှင့်သုတ်ရင်း သူ့ဘေးမှာ ယှဉ်ရပ်လာသည်။ အောင်နိုင်ထိုးတာ ခံလိုက်ရသော ကောင်လေးကလည်း အောင်နိုင့်ကို ဘာကောင်လဲ သိရရန် ချိန်ဆကာကြည့်ရင်း နာသွားသော သူ့မေးရိုးကို လက်နှင့်ပွတ်သပ်နေသည်။ စက်ဘီးစီးသွားသော ကောင်လေးက နောက်ပြန်လှည့်ကြည့်ပြီး ပြန်လှည့်လာသည်။

အောင်နိုင်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း အခြေအနေမဟန်လျှင် နှိပ်လိုက်ရန် နိုင်းဝမ်းဝမ်းကို အသင့်တင်ထားလိုက်သည်။ သူတို့ကိုလာကူမည့် နောက်ထပ်လူမိုက်ဘယ်နှစ်ယောက်များ ရှိနေသေးလဲဆိုတာကို။ လောလောဆယ်တော့ မတွေ့ရ။ ကရင်လေးထက် သူတို့က နှစ်နှစ်သုံးနှစ်ခန့်ကြီးသည့်ပုံ။

လူကောင်တွေကတော့ သူတို့ကပိုထွားသည်။ အောင်နိုင် က လူကြီးဖြစ်နေသည့်အတွက် သူတို့ကလည်းခပ်ဆဆ ခပ်တွေ တွေရှိနေသည်။ လူမိုက် လက်သင်လေးတွေ ဖြစ်ပုံရတာ အကဲခတ်လိုက်မိပြီးသည့်အတွက် အောင်နိုင်က ဖုံးကို ဒေါနှင့်မာန်နှင့် ဆက်ဟန်ပြင်သည်။ ငါ နိုင်းဝမ်းဝမ်းကိုေ ခ်ါလိုက် မယ်…ဟု ပြောလျှက်ပေါ့။

“ဟေး..ဂိုင်း၊ ငါက သူ့စက်ဘီးကို စီးကောင်းသလားလို့ ခနတောင်းစီးကြည့်တာပဲ။ သူ့စက်ဘီးက ငါ့အတွက် စီးမကောင်း ဘူး။ ဟေ့… မင်းဘီး ပြန်ယူ”

ပြောပြောဆိုဆိုနှင့် ထိုလူမည်းလေးက စက်ဘီးပေါ်က ခုန်ဆင်းပြီး ကရင်လေးရှေ့ ထိုးရပ်ပေးလိုက်သည်။ ကရင်လေးက သူ့စက်ဘီးကို ဖမ်းထိန်းရင်း အောင်နိုင်ကို ကြည့်နေသည်။

“မင်းတို့ နောက်တခါဒါမျိုးထပ်လုပ်မယ်ဆိုရင် ငါ သည်းမခံဘူး” ဟု ခပ်တည်တည်နှင့်ခြိမ်းခြောက်ကာ ဖုံးကို ပြန်သိမ်း လိုက်သည်။ ထို အမည်းလေးနှစ်ကောင် ထွက်သွားသည်အထိ ကောင်လေးက သူ့ကို ဇဝေဇ၀ါကြည့်တုံး။

“တော်တော်နာသွားလား ညီလေး”

“အေး..နင် ဗမာလား”

အောင်နိုင် သူ့ကိုပြုံးပြလိုက်သည်။

“ကရင်သင်တိုင်းလေးကိုမြင်တာနဲ့ ဒါ တို့လူမျိုးဆိုပြီး ပြေးလာခဲ့တာ။ တကယ်တန်းကျ အကိုလည်း ခပ်ကြောက်ကြောက်ပဲကွ။ သူတို့ကအုပ်စုအရမ်းတောင့်လို့ကတော့ ၀ိုင်းရိုက်ရင်သေမှာ။ နောက်ကို ပြဿနာမဖြစ်အောင်နေနော် ညီ”

“အေး- ငါ ဘာမှ မလုပ်ဘူး။ သူတို့က ဟိုးတနေ့ကလည်း ငါအလုပ်ထွက်ရှာတာ အပြန်မှောင်တော့ အဲဒီကောင်တွေပဲ မှောင်ထဲက ထွက်လာပြီး ပိုက်ဆံတောင်းတယ်။ ငါ့မှာ ပေးစရာမရှိဘူးပြောတာ နားမလည်ဘူး။ အဲဒီတုံးကလည်း တခါရန်ဖြစ်ပီးပီ။ အခု ငါ စက်ဘီးစီးလာတာကို အတင်းလိုက်လုပီး စက်ဘီးပေးလို့ပြောတယ်။ ဒါက ငါ ကမ့်ထဲတုန်းက တို့ဆီကို စာလာသင်ပေးတဲ့ ဗော်လန်တီယာဆရာ မိုက်ခ်က ငါ့ကိုလာတွေ့ပီး ၀ယ်ပေးခဲ့တဲ့ဟာ၊ ငါ မပေးနိုင်ဘူး”

“အရင်တခါ ရန်ဖြစ်တော့ရော မင်းနိုင်ခဲ့သလား” ဟု အောင်နိုင်က ကောင်လေးကို ကျီစယ်လိုက်သည်။

“ဘယ်နိုင်မလဲဟ ကောင်ရာ… ငါက ဇာတ်လိုက်မှမဟုတ်တာ”

သူကတော့ သူတတ်သလို ပြောချလိုက်တာပါပဲ။ ဒါပေမယ့် အောင်နိုင့်ရင်ဘတ်မှာလာငြိသွားရသည်။ စောလယ်မှူးကို အိမ်ပြန်လိုက်ပို့တော့ ဆယ့်နှစ်နှစ်အရွယ် ဖြူဖြူတုတ် တုတ်လေးနှင့်ချစ်စရာညီမလေးတယောက်၊ အသက် (၄၀) ၀န်းကျင် သူ့အမေနှင့် ရင်ခွင်ပိုက်ညီငယ်လေးတို့နှင့် သူ့ကိုမိတ်ဆက်ပေးသည်။ မနှစ်ကပဲ သူတို့လို ဒုက္ခသည်နေရာချထားရေး အစီအစဉ်ဖြင့်ရောက်လာသည့် ကရင်မိသားစုထဲက (၇) နှစ်အရွယ်ကလေးမလေး မတရားကျင့်ကြံသတ်ဖြတ်တာခံရ သည့် သတင်းကို တဆင့်စကားနှင့် ကြားထားသည့်အပေါ်မှာလည်း အမေလုပ်သူက စိုးရိမ်ကြောင်းပြောသည်။ အဖေ မပါလာ။

“သူတို့အဖေက တော်လှန်ရေးသမားပဲ။ တော်လှန်ရေးကို သစ္စာမဖောက်ဘူးတဲ့။ သူ့ရဲဘော်တွေကို မထားခဲ့နိုင်ဘူးတဲ့။ ဒါပေမဲ့ ဒီကလေးတွေပညာရေးအတွက် ငါ သွားချင်ရင်သွားပါလို့ အခွင့်ပေးတယ်။ ငှက်ထိပြီး ဆေးကုစရာမရှိလို့ ရူးသွားတဲ့ သူတွေရှိတယ်။ ပိုလီယိုကာကွယ်ဆေးမထိုးနိုင်လို့ ချည့်သွားတဲ့ကလေးတွေရှိတယ်။ ငါ့ကလေးတွေကို ငါ အဲဒီလို အဖြစ် မခံနိုင်ဘူး။ ဒါကြောင့် ငါထွက်လာခဲ့တာ။ သူတို့အဖေက ပြောတယ်။ ငါ မပျော်ရင် ပြန်လာခဲ့တဲ့”

စာမတတ်သော မိခင်ဆီက သားသမီးများအပေါ်ထားသည့်မျှော်လင့်ချက်ကလေးက လှပလွန်းလှသည်။ သို့သော် လောလောဆယ် အလုပ်ရှာနေရသူက လယ်မှူးသာဖြစ်သည်။ လယ်မှူးအမေ အလုပ်လုပ်မည်ဆိုလျှင် သူ့ကလေးကို နေ့ကလေးထိန်းကျောင်းပို့ရမည်။ အဲဒါကအလွန်ဈေးကြီးသည်။ အင်္ဂလိပ်စကားမတတ်ဘဲအလုပ်လုပ်ရမည်ဆိုလျှင် လခအရမ်းနည်းပြီး အလွန်ပင်ပန်းသောအလုပ်ကိုသာ အချိန်ပိုင်းရှာလုပ်ရလိမ့်မည်။

သည်ကလေးကို ကလေးထိန်းဌာန သွားထားရသည့်စရိတ်နှင့် သူရှာလို့ရသည့်ငွေက ဘဲစားဘဲချေဖြစ်နေမှာ သေချာသည်။ နောက် အကြီးကောင်က ကျောင်းမတက်ဘူးဆိုလျှင်တောင် အိမ်ငှားခ၊ ရေဖိုး မီးဖိုးဆိုတာတွေအတွက် ဒီကောင်လေးက အရမ်းရုန်းကန်ရမည်။ သည်လိုဆိုလျှင် အလတ်မလေးကို ဘယ်သူက ကျောင်းပို့ကျောင်းကြို လုပ်မလဲ။

ဆယ့်သုံးနှစ်အောက်ကလေးတွေ တယောက်တည်း အပြင်ထွက်ခွင့်မရှိတာက အမေရိကန်ပြည်ထောင်စုရဲ့ ကလေးဥပဒေ။
အခုလောလောဆယ်တော့ အမေရိကန်ပြည်ထောင်စုကိုရောက်ပြီး (၈) လအတွင်း ဒုက္ခသည်အဖြစ် လက်ခံခေါ်ယူထား သည့်အတွက် အမေရိကန်အစိုးရက တာဝန်ယူပေးထားသည့်စောင့်ရှောက်မှုဥပဒေအရ သူတို့ပြေလည်နေကြသေးသည်။ ရေဖိုး မီးဖိုးနှင့် အိမ်လခတချို့ကိုလည်း ကျခံပေးသည်။ သို့ သော် လယ်မှူးက (၈) လကျော်ပြီး၍မှ တယောက်မှ အလုပ် မလုပ်လျှင် အဆင်မပြေဖြစ်မှာကို အမေနှင့်အတူတွေးပူနေတတ်ပြီ။ ညီမလေးကတော့ ကျောင်းတော့တက်နေပြီ။ စာလိုက်နိုင်သည်။ ညီမလေးပျော်သည်ဟု သူက ပြောသည်။

“ငါက အလုပ်မပျင်းဘူး။ အလုပ်မရှိမှ ပျင်းတာ။ ဒါပေမယ့် ငါ အလုပ်သွားလျှောက်တာ မရဘူး။ ငါက အင်္ဂလိပ်စကားနည်း နည်းတော့ ပြောတတ်ပေမယ့် မုန့်ဆိုင်မှာ သွားလုပ်တော့ သူတို့မုန့်တွေနံမည်တွေ ငါမသိဘူး။ စားသောက်ဆိုင်သွားတော့လည်း သူတို့အစားအသောက်နံမည်တွေ ငါမသိဘူး။ တကယ်လို့ တယောက်ယောက်က ငါ့ကို ငါနားလည်အောင် ရှင်းပြပေးနိုင်ရင် တော့ ငါ ချက်ခြင်းလုပ်နိုင်မှာပဲ” ဟု ပြောသည်။

သူတို့မိသားစုဆီက ပြန်လာသည့်တိုင် အောင်နိုင့်အတွေးထဲမှာ သည်မိသားစု လိုက်ပါလာသည်။
သိပ်မကြာခင်မှာ အောင်နိုင် ဗမာတယောက်နှင့်ဆက်သွယ်မိသည်။ သူက အနောက်ဗာဂျီးနီးယားက ကြက်သားစက်ရုံ အတွက် အလုပ်သမားပွဲစားလုပ်နေသည့်သူ။ ပွဲစားခကို (၃) လစာဖြတ်မည်ဟုပြောသည်။ ပွဲစားခဖြတ်ပြီးသားတောင်မှ တနာရီကို (၈) ဒေါ်လာခွဲဆိုတော့ မဆိုး။ နောက်ပြီး အဲသည်မှာ သွားနေရမည်။ အချိန်ပြည့်စာရင်းမ၀င်ဘူးဆိုလျှင်တောင် တပတ်ကို နာရီ (၄၀) တော့ အချိန်ပိုနှင့်ဝင်သွားသည်ဟုသိရသည်။ နောက်ပြီး စက်ရုံက အိမ်ငှားပေးတာကလည်း တပတ်ကို (၄၀) ပဲဆိုတော့ တလလုံးမှ နေစရိတ်၊ မီးဖိုး၊ ရေဖိုးအားလုံး (၁၆၀) ပဲကျမည်။ ခရီးစရိတ်နှင့် ခရီးသွား ချိန်ကုန်စရာမလိုတော့။
အသောက်အစားမရှိသူတွေဆို အသားတင် တပတ်ကို (၂၅၀) လောက်စုမိသည်ဟု ဆိုသည်။ တလ ဒေါ်လာတထောင် စုမိ သောနေရာကို သူဘာကြောင့် မပြောင်းနိုင်ရမလဲ။ အခွန်ပေးဖို့ ဖယ်ထားလျှင်တောင် တလ (၅၀၀) လောက်တော့ သူစုမိ မည်။ အိမ်ကိုပုံမှန်ပေးပြီး သူ့အတွက် ပုံမှန်ပိုက်ဆံစုမိဖို့ လမ်းစလေးပေါ်လာသည်။ နောက်ပြီး ကျောင်းတက်ချင်သူတွေ အတွက် စက်ရုံက အလုပ်ချိန်ကို အဆင်ပြေအောင်စီစဉ်ပေးသည်ဟုဆိုသည်။ ဒါဆိုလျှင် သူ အပိုဝင်ငွေနှင့် ကျောင်းစရိတ် ချေးပြီး ကျောင်းတခုခု ဆက်တက်နိုင်မည်။

အခု သူ ဂစ်ဖ်ရှော့ပ် (Gift Shop) မှာလုပ်တာလည်း တနာရီကို ရှစ်ဒေါ်လာခွဲရသည်ဆိုပေမည့် တပတ်ကို (၁၅) နာရီ လောက်သာရတာ၊ သည်တော့ အချိန်ပိုင်းအလုပ်ကလေးတွေ ဟိုပြေးလုပ်ရ သည်ပြေးလုပ်ရနှင့် အချိန်နှင့် ခရီးစရိတ်က ထောင်းသည်။ အဲလိုမှမလုပ်လည်း အလုပ်တလုပ်တည်းနှင့် မှီခို၍မရ။ သည်လိုနှင့် အချိန်အားငွေပိုရယ်လို့ ပြောပလောက် အောင်မရှိဘဲ ရပ်တည်နေခဲ့ရတာ လေးငါးနှစ်ရှိနေပြီ။ အိမ်လခကလည်း အနည်းဆုံးပင်လျှင် (၃၀၀) ၀န်းကျင်။
စောလယ်မှူးကို သူလှမ်းပြောလိုက်သည်။ လိုက်မလားလို့။ လယ်မှူးက ၀မ်းသာအားရလက်ခံသည်။ သည်လိုနှင့် ပွဲစားက ဆက်ပေးသော ကယ်ရီသမားက သူတို့ကိုလာခေါ်သည်။ သူကလည်း ကရင်လူမျိုးတယောက်ပဲဖြစ်သည်။ သူတောင်းသည့် ခရီးစရိတ်က နည်းနည်းကြီးသည်။ သို့သော်ဒါက တက္ကစီငှားသလို နာရီနှင့်တွက်ယူသည်ပဲထားပါတော့။ သို့သော် နဗီဂိတ်တာ (Navigator) ဟုခေါ်သည့် လမ်းပြသည့်စက်ကလေးတပ်ဆင်ခ တယောက်ကို ဒေါ်လာ (၅၀) ပေးရမည် ဆိုတာကတော့ တော်တော် တရားလွန်သည့်ကိစ္စဖြစ်သည်။

“မင်းရဲ့အလုပ်မှာ လိုအပ်လို့ မင်းဝယ်ထားတဲ့ပိုက်ဆံကို ငါတို့က မပေးနိုင်ဘူး။ နဗီဂိတ်တာက ဖုံးတွေထဲမှာလည်းပါတာပဲ။ မင်း အဲဒါသုံးရလို့ ငါတို့ ငါးဆယ်စီထပ်ပေးရမယ်ဆိုရင် အဲဒီအလုပ်ကို ငါတို့မလုပ်တော့ဘူးကွာ၊ ငါ့ဖုံးထဲက နဗီဂိတ်တာနဲ့ သွားမယ်။ ပိုက်ဆံမပေးနိုင်ဘူး” ဟု အောင်နိုင်ကပြောတော့ သူက အောင်နိုင့်ကို ကြောင်ကြောင်ကြီးကြည့်နေသည်။ မလည်ရှုပ်..ဆိုတာ ဒါမျိုးဟု အောင်နိုင်သိလိုက်၏။ သူကိုယ်တိုင်က ဖုံးတလုံးရဲ့အသုံးကိုသေချာမသိပါဘဲ သိသမျှလေးနှင့် ကိုယ့်လူမျိုးအချင်းချင်း ပြန်ခွေနေတာ…ခရီးစရိတ် (၁၀၀) Navigator ကြေးက (၅၀) စီတဲ့။

နောက်တော့ တယောက် နှစ်ဆယ်စီတော့ပေးဆိုပီး ဇွတ်ကပ်ပြောနေပြန်သည်။ စောလယ်မှူးကိုကြည့်တော့ မျက်နှာငယ် လေးနှင့်။ သူက အလုပ်လိုနေသူ။ မတရားတာကို မခံတတ်သည့်စိတ်ကို အလုပ်လိုချင်စိတ်ဖြင့် ချိုးနှိမ်ဖို့ ကြိုးစားနေသည့် ကလေးလူကြီးလေးကိုသနားတာနှင့်ပဲ အလျှော့ပေးလိုက်သည်။ ကိုယ်က အဲသည်စက်ရုံလိပ်စာကို သိရတာမဟုတ်။ အစကတည်းက ပွဲစားခပေးရမယ်ဆိုတာ သိပြီးသား။ ပွဲစားနှင့်ပတ်သက်လျှင် သည်လိုဖြတ်စားလတ်စား တွေပါလာမည် ဆိုတာ သိပြီးသားမို့ အောင့်သီးအောင့်သက်နှင့်ပဲ သူတို့ ဈေးတည့်ခဲ့ကြရသည်။

တလမ်းလုံး ကားတောက်လို့ခွေခေါက်လာသည့်လယ်မှူးက နေရမည့်အခန်းထဲရောက်သည်နှင့် ထိုးလှဲချလိုက်ကာ ပြောသည့် စကားက- “ငါ အမိုးတို့နဲ့ တခါမှ မခွဲဖူးဘူး။ နေတတ်ပါ့မလား မသိ” တဲ့။

သည်လိုနှင့်ပဲ သူတို့ အနောက်ဗာဂျီး နီးယားကိုရောက်လာသည်။ သည်လိုနှင့်ပဲ ပွဲစားကငှားပေးသောအိမ်ကလေးထဲတွင် (၂) ယောက်ခန်းမှာ အတူနေကြသည်။ အောင်နိုင်က ကြက်သားထုတ်သည့် နေရာမှာရပြီး လယ်မှူးက ကားပေါ်က ကြက်အရှင်တွေကို သယ်ချိတ်ပေးရသည့် နေရာသို့ရောက်သွားသည်။

ဘယ်လိုပဲဖြစ်ဖြစ် အသောက်အစားကင်းပြီး ငွေကိုပဲ တစိုက်မတ်မတ်ရှာဖွေလိုသူတွေအတွက် လုပ်ပျော်သောအလုပ် အဖြစ် အောင်နိုင်ကကျေနပ်ပါသည်။ လယ်မှူးအနားရှိနေတာကိုက အထီးကျန်ဆန်မှုကို လျှော့ပါးစေသည်မဟုတ်လား။ သူက ကလေးသာသာဖြစ်ပြီး ကမ့်ထဲမှာကြီးပြင်းလာရသူဖြစ်သည့်အတွက်လည်း သူမသိသေးတာတွေ၊ သိသင့်၍ ပြောပြ နေရတာတွေကိုက တနေ့တနေ့ အကြောင်းအရာမထပ်စေရ။ တချို့ကျတော့ သူကိုယ်တိုင်ပင် မသိသောအကြောင်းအရာ များဖြစ်နေတတ်သေးသောကြောင့် အဲလိုမေးခွန်းမျိုးဝင်လာလျှင်တော့ သူ့ထက်အရာရာပိုသိသည့် ကိုဝေငြိမ်းထံသို့ ဖုံး ဆက်မေးပြီးမှ လယ်မှူးကို ပြန်လည်မျှဝေရသည်။ အသားကျနေသည့်တိုင် တခါတရံ လယ်မှူးကသူ့အမေကို လွမ်းကြောင်း ပြောတတ်သည်။ သို့သော် စပ်စုစိတ်ဝင်စားစရာတွေကြားမှာ သိပ်ကြီးတော့ အသည်းအသန်မဖြစ်လှ။

ဗာဂျီးနီးယားက ရှုခင်းလေးတွေက အရိုင်းဆန်ဆန်လှပသည်။ သဘာဝအငွေ့အသက်တွေက လူ့စိတ်ကို ကြည်လင်ချမ်းမြ စေသည်။ အိမ်နှင့် စက်ရုံက သိပ်မဝေးလှသောကြောင့် သူတို့လမ်းလျှောက်ပြန်ရတာကို နှစ်သက်သည်။ နို့မို့လျှင် စက်ရုံမှာ တနေကုန်မတ်တပ်ရပ်ပြီးအလုပ်လုပ်။ အိမ်ကျတော့ ကိုယ့်အခန်းထဲက ကိုယ့်အိပ်ယာမှာပဲ လဲလျှောင်းနှင့် ကြာတော့ လူက ခြံခတ်မွေးထားခံရသည့် ၀က်တကောင်လို အဆီတိုးတိုးလာသည်။

လယ်မှူးဆိုလျှင်ပဲ သည်ရောက်ပြီး တလအတွင်းမှာ သိသိသာသာဝဖြိုးလာသည်။ သည်မှာက ကြက်ကြော်ကလည်း မစား ချင်မှအဆုံး။ တခုပဲရှိသည်။ အဲသည်မှာ အာရှအစားအသောက်ဝယ်၍မရ။ ဘိုစာတွေကိုလည်း နှစ်ယောက်လုံးက မစုံမက်။ အောင်နိုင့်မှာပါလာသည့် ငပိ၊ မျှစ်ဆိုတာတွေကလည်း ခြွေတာစားနေရင်းက နှစ်ယောက်စာဖြစ်၍ ကုန်ခဲ့ပြီ။ နောက် တပတ်ပိတ်ရက်ကျလျှင်တော့ မေရီလင်းဘက်သွားပြီး ဈေးဝယ်မည်ဟု မှန်းထားသည်။

သူစောစောရောက်လျှင် သူက ထမင်းချက်ထားတတ်ပြီး လယ်မှူးကလည်း သူပြန်ရောက်နှင့် ချက်ထားပေးရန် ကြိုးစား တတ်ပါသည်။ သိပ်ချက်တတ်လှသည်တော့မဟုတ်။ ငါက ငပိရည်နဲ့မျှစ်တို့ပဲ စားတတ်တာ…ဆိုသည့်စကားက အောင်နိုင့် ရင်ကို ထိသောစကားဖြစ်နေပြန်သည်။ သည်ငပိရည်နှင့်မျှစ်တို့ပင်လျှင် အမိုးက ချက်ကျွေးတာဟု ပြောရင်းလည်း ရယ်နေ တတ်သေးသည်။ သို့သော် ကရင်တာလပေါဟင်းကိုတော့ လယ်မှူး ကောင်းကောင်းချက်တတ်သည်။ အောင်နိုင်ကလည်း လယ်မှူးရဲ့ တာလပေါကိုတော့ အသေကြိုက်သည်။

အောင်နိုင်ဟင်းချက်နေတုံး လယ်မှူး ပြန်ရောက်လာသည်။

“မွေးတယ်ဟ၊ နင် ဘာချက်နေတာလဲ ကိုအောင်နိုင်” ဟု လှမ်းမေးသည်။ လယ်မှူးစကားပြောလျှင် ဟထိုးသံကို ထွက်မရ သောကြောင့် လေ့ကျင့်ခန်းလုပ်ခိုင်းသောအခါ တချို့စကားတွေမှာ အတော်ရီရသည်။ ကျီစယ်လိုစိတ်နှင့် ဟထိုးထည့် ရသည့် လ-အက္ခရာမျိုးစုံကို လျှောက်ရွတ်ခိုင်းပြီး အောင်နိုင်ရယ်ပြီဆိုမှဖြင့် လယ်မှူးမျက်နှာကလေးက နီရဲလာတတ်တာ အပျိုမလေး ရှက်နေတာနှင့်ပင် တူနေသေးသည်။

“ငါးချဉ်ရည်ဟင်းချက်တယ်ကွာ၊ ဟိုတနေ့က ဆားသိပ်ထားတဲ့ငါးကို ငရုပ်သီးနဲ့ကြော်တယ်ကွ”

“အေး၊ ငါ ဗိုက်ဆာတာနဲ့ အတော်ပဲ။ အော… ဒီနေ့ ငါ ဆူပါဗိုက်ဆာ အော်ခံထိခဲ့တယ်”

“ဟုတ်လား၊ ဘာဖြစ်လို့လဲ”

တခါတရံတွင် ဘာသာစကားအခက်အခဲကြောင့် နားလည်မှုလွဲတာတွေရှိလျှင် အောင်နိုင်က လိုက်လံဖြေရှင်းပေးရတာ လေးတွေရှိသည်။ တချို့ဆူပါဗိုက်ဆာတွေက စပဲန်းနစ်တွေဖြစ်ပြီး သူတို့ကိုယ်နှိုက်ကလည်း စကားကို ပီသအောင်ပြော တတ်တာမဟုတ်။ ဒါ့အပြင် အနိုင်ကျင့်လိုစိတ်တို့၊ ပါဝါပြလိုတာတို့ကလည်း ရှိသည်။ တခါတခါကျ စကားကို သိပ် နားမလည်သည့်တိုင်အောင် အနိုင်ကျင့်ပြီး ညစ်ပြီး ခိုင်းတာဟု ခံစားရသည့်ကိစ္စမျိုးတွေမှာ လယ်မှူးက မခံချင်။ သည် ကလေးကလည်း မဟုတ်မခံ ဇတ်ဇတ်ကျဲလေးပဲဆိုတာ ပေါင်းကြည့်လေ သိလေဖြစ်သည်။

လယ်မှူးက သူ့အ၀တ်ထုတ်ကို ပစ်ချလိုက်သည်နှင့်တပြိုင်တည်း မွေးပွကြမ်းခင်းပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

“ငါ ကြက်ကိုင်တာ ကြမ်းလို့တဲ့။ နောက်ပီး တခါတည်း (၂) ကောင်မကိုင်ရဘူးတဲ့။ နင် စဉ်းစားကြည့်၊ ဒီနေ့ ကြက်ကားက နောက်ကျတယ်။ တကောင်စီကိုင်နေရင် ငါတို့ သတ်မဲ့အကောင်တွေ အချိန်မီ အထဲကို ဘယ်ထည့်နိုင်မလဲ။ ဒီတော့ မြန်မြန်ပီးအောင် ငါက နှစ်ကောင်တခါတည်းဆွဲတာ အဲဒီလို မဆွဲရဘူးတဲ့။ ဖြေးဖြေးကိုင်တဲ့။ သတ်မယ့်ကြက်တွေရဲ့ လည်ပင်းကို ခပ်မြန်မြန်ကိုင်လိုက်လို့ ကြက်တွေ အော်သံထွက်တာနဲ့ ဆူပါဗိုက်ဆာက ပြေးလာပီး နောက်တခါဆို အလုပ်ဖြုတ်မယ်လို့ ပြောတယ်၊ သူက ပြောသေးတယ်။ ရိုက်…ရိုက်နဲ့…ဘာလဲမသိဘူး၊ ဒီကောင်ဟာ…”

“Animal right လို့ ပြောတာလား”

“အေး…အေး ။ ဟုတ်တယ်။ animal right တဲ့။ ဘာလဲ…တိရိစ္ဆာန်အခွင့်အရေး…၊ ငါ နားမလည်နိုင်ဘူး။ ဒီကောင်ကိုင်တာ ငါလည်ပင်းနာသွားပီဆိုပီး တိရိစ္ဆာန်က ငါ့ကို တရားစွဲနိုင်လား။ သူက ခနနေ ငါ့လက်ကလွတ်တာနဲ့ သေရမှာပဲဟာ”

လယ်မှူးပြောတာလည်းဟုတ်တုတ်တုတ်မို့ အောင်နိုင် သဘောကျကာ ရယ်လိုက်မိသေးသည်။

“တိရိစ္ဆာန်အခွင့်အရေးဆိုတော့ သူ့ကို သတ်ကာမှသတ်ရော တတ်နိုင်သမျှ စိတ်ချမ်းချမ်းသာသာနဲ့ မနာမကျင် အသက်ရှင် ခွင့်ပေးဖို့ တိရိစ္ဆာန်တွေအတွက် ပြဌာန်းထားတဲ့ဥပဒေဖြစ်မှာပေါ့။ ငါလည်း သိပ်တော့မသိဘူးကွ။ ဒီမှာက ကလေးအခွင့်အရေး၊ လူ့အခွင့်အရေး၊ မိန်းမ အခွင့်အရေး၊ အခြောက်အခွင့်အရေး..အခွင့်အရေးနဲ့ ဥပဒေတွေက အများကြီး။ သူက ကြမ်းကြမ်း မကိုင်နဲ့ဆိုမကိုင်နဲ့ပေါ့ လယ်မှူးရာ။ ဘာခက်လို့လဲ။ ကားနောက်ကျလို့ အရေအတွက်မပြည့်တာ သူတို့ကိစ္စ။ ခပ်ကြမ်းကြမ်း ကိုင်မိလို့ Animal right နဲ့ သွားညိရင် ကိုယ့်ကိစ္စဖြစ်သွားမယ်။ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံရဲ့ ဥပဒေဘောင်ထဲမှာပဲ အံဝင် ဂွင်ကျ နေပေးရမှာပဲမဟုတ်လား”

“ဟကောင်ရ၊ ငါတို့ကျတော့ ရွာထဲကို အစိုးရစစ်တပ်ဝင်လာတာနဲ့ စပါးတွေ အိမ်တွေမီးရှို့ခံရတယ်။ ခွေးပြေး ၀က်ပြေး ပြေး ခဲ့ရတယ်။ ငါတို့ဆို အမိုးတို့ထမ်းပြေးတဲ့ ပလိုင်းထဲမှာ ငုပ်တုပ်ထိုင်ပြီး လူဖြစ်လာခဲ့ရတာ။ နင်တို့လို အိမ်နဲ့ခြံနဲ့နေပြီးမှ လူ ဖြစ်ခဲ့ရတာမဟုတ်ဘူး။ တခါတလေ မျှစ်တောင်ချိုးစားဖို့မရှိဘူး။ မျှစ်ရှာတွေ့လည်း အစိုးရတပ်နဲ့နီးနေလို့ မီးမဖိုရဲလို့ မျှစ်အစိမ်းတွေကို ဒီအတိုင်းစားခဲ့ရတယ်။ စပ်လည်းစပ်၊ ခါးလည်း ခါးတယ်။ ထွီ…။ ဘုရားသခင်က ငါ့ကို အစကတည်းက ဒီမှာ တိရိစ္ဆာန်ဖြစ်ခိုင်းလိုက်ရင်ကောင်းမယ်နော။ ဒီနိုင်ငံက အသတ်ခံရမယ့်တိရိစ္ဆာန်တောင် ငါတို့ထက် ဇိမ်ကျသေးတယ်။ သေခါနီးဆဲဆဲတောင် ကြမ်းကြမ်းမကိုင်ရဘူးတဲ့၊ ---တဲ့မှပဲ။ လူကလူလိုမနေခဲ့ရဘဲ ခွေးလို ၀က်လိုပြေးရင်း ကြီးလာပြီး အခုတော့ အသတ်ခံရမယ့်တိရိစ္ဆာန်ကို ကြမ်းကြမ်းကိုင်ရင် အလုပ်ပြုတ်ပီး ထမင်းငတ်မယ့်တိုင်းပြည်ကို ရောက်လာရတယ်၊ ဂျီးဇက်က အစအနောက်သန်တယ်လို့ တခါမှ ငါမထင်ခဲ့ဘူး...”

“အဲဒါက ငါတို့တိုင်းပြည် ရွှေမြန်မာပြည်လေ... ဒါက အမေရိကန်ပြည်ထောင်စုကွ၊ မင်းကလည်း ဆန့်ကျင်ဘက် (၂) ခုကို လာဆွဲစေ့ပြီး ငါ့ကို ခေါင်းစားပေးနေပြန်ပါပြီ”

အခွင့်အရေးဆိုသည့်စကားကို နည်းနည်းမှ နားလည်ခံစား၍မရသည့်လယ်မှူးကို ကြည့်ကာ အောင်နိုင်ရယ်မိသည်။

“ဟေ့လူ၊ ဒါ ရီစရာမဟုတ်ဘူးဗျ” ဟု ဘေးနားကအသံထွက်လာတော့မှ အောင်နိုင်က ကိုလင်းထွန်းကို သတိရသည်။ သူ့ အကြောင်းကို အောင်နိုင်သိပ်မသိပါ။ သူကလည်း အိန္ဒိယဘက်ကနေ သည်ဘက်ကို ဒုက္ခသည်အဖြစ်နှင့် ရောက်လာ သည်ဆိုတာလောက်ပဲ အောင်နိုင်သိထားသည်။ အလုပ်အတူတူလုပ်ကြရင်း ချဉ်ရည်ဟင်းသောက်ချင်ကြောင်းပြောကြရင်း ထမင်းစားခေါ်ထားလို့ ရောက်နေသူ။

“ကျနော်ထောင်ထဲမှာ ငါးနှစ်နေခဲ့ရဖူးတယ်။ ကျနော်ဘာမှမလုပ်လို့ မသိဘူးလို့ ပြောမှုနဲ့။ ကျနော့်အဖေက အဲန်အယ်လ်ဒီ အဖွဲ့ဝင်၊ ရဲတွေက သူ့စာရွက်စာတန်းတချို့ လာရှာရင်းနဲ့ ကျနော့်ကိုပါ ဖမ်းခေါ်သွားတာဗျ။ ထောင်ထဲမှာ မင်းအဖေ ဘာ လုပ်လဲ၊ ဘယ်သူနဲ့ဆက်သွယ်သလဲမေးမေးပြီးရိုက်တာဗျာ၊ ကျနော်လည်းဘာမှမသိရ၊ ဘာမှလည်း မလုပ်ရဘဲနဲ့ခံခဲ့ရတာ လနဲ့ချီပီးကြာတယ်။ နောက်ပီး ထောင် (၅) နှစ်ချလိုက်တယ်။ အဖေ့ကို အားပေးကူညီမှုနဲ့ စွဲချက်တင်ပြီး ထောင်ချလိုက် တာပဲ”

အောင်နိုင် ကိုလင်းထွန်းကို ကြည့်ကာ ဘာပြောရမှန်းမသိဖြစ်သွားသည်။ လယ်မှူးကလည်း ငေးလို့။

“လယ်မှူးပြောသလိုပဲ။ ဒီမှာ အသတ်ခံရတဲ့ကြက်တွေမှာတောင် သတ်တော့မယ့်အချိန်အထိ သက်တောင့်သက်သာ နေ ခွင့်ရတာကို သိလိုက်ရတဲ့အချိန်မှာ အချုပ်ခန်းထဲမှာ ကျနော့်ကျောပေါ်ကျလာတဲ့ စစ်ဖိနပ်တွေ၊ ကျနော့်ဗိုက်ပေါ် ကျလာတဲ့ လက်သီးချက်တွေကို သတိရလာပီး အဲဒီတုံးက အထိုးအကန်ခံရသလို အစိမ်းလတ်လတ်ပြန်နာလာမိတယ်၊ ကျနော်တို့ တိုင်းပြည်ဟာ တကယ်ကို လူဖြစ်ရှုံးနေတဲ့တိုင်းပြည်ဗျ၊ လူတယောက်ရဲ့ မွေးရာပါအခွင့်အရေးတွေ အားလုံး ဆုံးရှုံးနေတာ မျိုးဆက် (၂) ဆက်ကနေ (၃) ဆက်ဖြစ်လာတဲ့အခါကျတော့ လူတွေကလည်း အဲဒီလို ဘာမှမရတာကိုက ပုံမှန်လို့ ထင် ကုန်ကြတဲ့အထိ၊ ကျနော်တို့တိုင်းပြည်ကလူတွေဟာ ဒီမှာတိရိစ္ဆာန်တွေကိုပေးထားတဲ့အခွင့်အရေးရဲ့ တ၀က်တောင် လူ့ အခွင့်အရေးကို မရကြဘူးဗျ၊ အဲဒါကိုက နာကျည်းဖို့ ရှက်ဖို့ကောင်းနေတာ”

အောင်နိုင်က လယ်မှူးလိုလည်း ရွာပုန်းရွာရှောင်ဘ၀နဲ့ မြေမြှုပ်မိုင်းတွေကြားမှာ မပြေးလွှားခဲ့ရဘူးသလို မြို့ပေါ်က ပါတီ အဖွဲ့တွေနှင့်လည်း အလှမ်းကွာဝေးခဲ့သူမို့ သည်လိုဒုက္ခတွေအကြောင်း ပြည်တွင်းမှာတုန်းက တကယ်ကိုမသိခဲ့တာအမှန်။ သို့သော် လက်သည်းဆိပ်လျှင်တော့ လက်ထိပ်က နာရမှန်းသိအောင်တော့ အောင်နိုင့်မှာ လူသားဆန်သည့် အသိနှင့် ခံစားချက်ရှိနေသည်။ ထို့ကြောင့် စောလယ်မှူးကိုရော ကိုလင်းထွန်းကိုပါ စာနာနားလည်နိုင်ပါသည်။

***********

အောင်နိုင်ဆီက ဖုံးချသွားသည်အထိ ကိုဝေငြိမ်း ဖုံးကို မပိတ်ဖြစ်သေးဘဲ စပီကာကိုငေးကြည့်နေမိသည်။ သူ ဒီကို ရောက်ကာစက အမဲသားထုတ်စက်ရုံသို့ အင်တာဗျူးဝင်ခဲ့သည့်အဖြစ်ကို ပြန်လည်သတိရမိသောကြောင့်ဖြစ်သည်။
အဲသည်တုံးကလည်း စကားပြန်က မြန်မာလူမျိုးပါပဲ။ စကားပြန်ဆိုတာထက် တကယ်တော့ ပွဲစားလို့ ပြောရင် ပိုမှန်မှာပါ။ ပြီးတော့ ပတ်စ်ပို့နှင့်လာသည့်သူ။ အဲသည်ခေတ်က ဒုက္ခသည်အနေနှင့် အမေရိကန်ကိုလာသူက သည်လောက်လည်း မများလှသေး။ နောက် ပတ်စ်ပို့နှင့်လာသူတွေက ဒုက္ခသည်အဖြစ်နှင့်လာသူတွေဆိုလျှင် မတူမတန်သလိုလို ဆက်ဆံတတ် ကြသည်။ ဒါမှမဟုတ် သူပုန်တွေ…ဆိုပြီး သူတို့နှင့်ခေါ်ပြောမိလျှင်ကိုယ်ပဲ သိက္ခာကျသလိုလို… ဒါမှမဟုတ် သူတို့အကျိုး စီးပွားပဲ ပျက်တော့မှာလိုလို ရှောင်ဖယ်ကြသည်။ သူများတိုင်းပြည်မှာ လာတွေ့ရတဲ့ဗမာလူနည်းစုလေး စုစည်းညီညွတ်စွာ နေလိုသည့်စိတ်နှင့် ချဉ်းကပ်မိသူ ကိုယ်သာလျှင် နာကျင်ခံခက်သော ဝေဒနာတွေနှင့် ကျန်ရစ်ခဲ့ရတတ်သည့်အတွက် နောက်ဆို ပတ်စ်ပို့သမားများကို ကိုယ်ကပဲ ဦးအောင်ရှောင်ရသည်ကလည်း တဒုက္ခ။

သည်လိုနှင့် သူအလုပ်ရှာရင်း အမဲသားထုတ်သည့်စက်ရုံသို့ ရောက်သွားခဲ့သည်။ တကယ်တော့ တက္ကသိုလ်ကျောင်းသား ဘ၀နှင့် တောထဲရောက်ခဲ့သူတယောက်အတွက် အင်္ဂလိပ်စကားကို အနည်းအကျဉ်းတော့ သူတတ်နိုင်ခဲ့ပါသည်။ သို့သော် ပွဲစားက သူပဲပြောမယ်ဆိုတော့ ပြောပေါ့။
ပြဿနာက ပွဲစားက အမေရိကန်မှာ အနေကြာ၍ပဲ ဗမာစကားအသုံးအနှုန်းကို မေ့သွားလို့လားတော့မသိ။ အပြောမတတ် တော့ ဆဲသလိုဆိုသည့်အဖြစ်မျိုးနှင့် ကိုဝေငြိမ်းတိုးခဲ့ရလေသည်။

“မင်းက လူငယ်လည်းဖြစ်၊ လက်နက်ကိုင်ပြီး လူတောင်သတ်လာသေးတာ၊ နွားသတ်တဲ့နေရာမှာ နေပါလားကွ။ ပိုက်ဆံပို ရတယ်”

ခန္ဓာကိုယ်ထဲမှာလှည့်ပတ်နေသမျှသွေးလွှတ်ကြောသာမက သွေးပြန်ကြောတွေထဲကပါ ဖျဉ်းကနဲကျဉ်တက်သွားသည်။ သွေးကြောတွေ ပေါက်ကွဲ ပြတ်ထွက်ပြီးတော့များ သွေးစိမ်းရှင်ရှင်ပန်းထွက်နေသလို တဖျဉ်းဖျဉ်း နာကျင်လိုက်ခဲ့တာ ရိုးတွင်းချဉ်ဆီထဲအထိ နက်နက်ရှိုင်းရှိုင်း။

အလိုလိုဆုပ်မိပြီးသားဖြစ်သွားသည့်လက်သီးကို အဲဒီလူရဲ့ မေးရိုး ပေါ်ချက်ခြင်းရောက်မသွားဖြစ်အောင် အံကိုတင်းတင်း ကြိတ်ပြီး ထိန်းထားခဲ့ရသည်။ ကိုဝေငြိမ်းသာ နဂါးတကောင်ဆိုလျှင် အဲသည်လူ ပြာအတိကျသွားမှာသေချာပါသည်။ လူမျိုးခြားရှေ့မှာ ကိုယ့်ပေါင်ကိုယ်လှန်မထောင်းလိုသည့်အတွက် ထိန်းချုပ်ထားလိုက်ရသည့် ဒေါသမီးက ကိုဝေငြိမ်း၏ နှလုံးသားကို တဟုတ်ဟုတ်နှင့် လာဟပ်နေခဲ့သည်။

“ကျုပ်။ လက်နက်ကိုင်ခဲ့တယ်။ ကျုပ်ကျည်ဆံကြောင့် တဖက်လူ သေလား မသေလား ကျုပ်မသိခဲ့ဘူး။ ကျုပ်သိတာက မတရားအနိုင်ကျင့်မှုမျိုးကို ဘယ်နေရာမှာမှ၊ ဘယ်သူကိုမှ သည်းခံမှာမဟုတ်ဘူး။ သာမန်အချိန်မှာ ကျုပ်က ပရွက်ဆိတ် တကောင်၊ ခြင်တကောင်ကိုတောင် သေစေလိုတဲ့စိတ်နဲ့ဖိမသတ်ရက်ဘူး။ ဒါပေမယ့် ကျုပ်တို့ကျောင်းသားတွေရဲ့ တော် လှန်ရေးဖြတ်သန်းမှုနဲ့ ရပ်တည်ချက်ကို စော်ကားမယ်ဆိုရင်တော့ ကျည်ဆံမလိုဘူးဗျ၊ တခါမှ ကြက်တကောင်ကို တောင် လည်လိမ်မချိုးခဲ့ဘူးပေမယ့် လိုအပ်ရင် လူတယောက်လည်ပင်းကိုလိမ်ချိုးပစ်ဖို့ လက်တွန့်နေမယ့်ကောင်တော့လည်း မဟုတ်ဘူး”

အဲသည်ပွဲစားမျက်နှာ မည်းကနဲဖြစ်သွားသည်။ သူတို့နှစ်ယောက်ရဲ့စကားကိုစောင့်နေသည့် မန်နေဂျာက အခြေအနေ တင်းမာနေတာကို ငြိမ်ပြီးစောင့်ကြည့်နေခဲ့သည်။

ကိုဝေငြိမ်းမျက်နှာရဲ့တင်းမာမှုနှင့် ဆုပ်ထားသည့်လက်သီးရဲ့ပြင်းအားကို တွက်ဆမိပုံနှင့် ပွဲစားက ဘာမှဆက်မပြောရဲခဲ့။ တကယ်လို့ ဒါမျိုးနောက်တခွန်းထပ်ပြောလျှင်လည်း ကိုဝေငြိမ်း တကယ်စိတ်ထိန်းနိုင် တော့မှာမဟုတ်။ သုဝဏ္ဍက ကျောမှာ ဒဏ်ရာတွေနဲ့လေ….

နောက်တော့ ကိုဝေငြိမ်းက မန်နေဂျာဘက် လှည့်ကာ တိုက်ရိုက်စကားပြောခဲ့ပြီး ကျောခိုင်းထွက်လာခဲ့တော့သည်။
မင်းတို့လုပ်ငန်းကိုစိတ်ဝင်စားပေမယ့် ဒီသဘောက်မသားနဲ့အလုပ်လုပ်နေရရင် ငါ လူသတ်မှုဖြစ်လိမ့်မယ်။ ဆောရီးပဲ….ဟု။

ဒေါင်းတိမောင်းတိ ကြိမ်းဝါးလာခဲ့ပြီး အပြင်ရောက်လို့ ဘယ်သူမှ အနားမရှိတော့မှ လမ်းဘေးသစ်ပင်ကို လက်သီးနှင့်ထိုး ခေါင်းနှင့်တိုက်တိုက်ပြီး ရင်ကွဲမတတ်ငိုခဲ့မိသည်။ ပြောရက်လေခြင်း၊ လက်နက်ကိုင်ဖူးတယ်၊ နွားသတ်တဲ့။

ကံ့ကော်တန်းနဲ့ သစ်ပုပ်ပင်အိမ်မက်ရဲ့ လှပတဲ့နိဂုံးမှာ ဘွဲ့ဦးထုပ်ကလေးဆောင်း၊ ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ချစ်သူနဲ့တွဲ… မိဘတွေနဲ့တွဲကာဓာတ်ပုံရိုက်ရင်း အဆုံးသတ်ခွင့်မသာခဲ့တဲ့ ငါတို့ရင်ထဲက သေရာပါမယ့် အမာရွတ်တွေကို မမြင်နိုင်လောက်အောင် မင်းဟာ လူမှဟုတ်ရဲ့လားကွာ…ဟု အဲသည်လူကိုမေးလိုက်ချင်သည်။

ကြက်စက်ရုံ..၀က်စက်ရုံတွေဆိုတဲ့အသံကြားရလျှင် ဝေငြိမ်းရင်ဘတ်ထဲက အနာက အစိမ်းလတ်လတ်လို ပြန်ပြန်နာလာတတ်ပါသည်။ ဘယ်တော့မှ မကျက်မဲ့ ဒဏ်ရာတွေ….
*******************

ခွာညို
ဇန်န၀ါရီလ (၁၆) ရက်
Template by : kendhin x-template.blogspot.com