Showing posts with label အခန်းဆက် ၀တ္ဖုရှည်. Show all posts
Showing posts with label အခန်းဆက် ၀တ္ဖုရှည်. Show all posts

Monday, April 19, 2010

တံလျှပ်ရွှေပြည် အပိုင်း (၈)

အခုတော့ အောင်နိုင် အနောက် ဗာဂျီးနီးယားမှာ အလုပ်သစ်ကိုပြောင်းလုပ်နေပြီ။
ဘော်လတီမိုးမှာက လူမည်းများသည်။ ယဉ်ကျေးသောလူမည်းတွေက ချစ်ခင်ဖို့ကောင်းသလောက် ဆိုးသွမ်းသောင်းကျန်း သောလူမည်းများ၏ အန္တရာယ်ကလည်းမသေးလှ။ ရထားပေါ်မှာ ကားပေါ်မှာ သီချင်းမဖွင့်ဖို့တားမြစ်ထားသော်လည်း သူတို့ကိုယ်စီရဲ့ နားမှာတပ်ထားသည့် နားကြပ်ပိစိကွေးထဲက အန်ထွက်နေသည့် ဒိုးဒိုးဒန့်ဒန့်အသံတွေက အမြဲလို ဆူပွက်ထနေတတ်သည်။

သည်ကြားထဲမှာ သီချင်းသံကိုလွှမ်းအောင်၊ ကား သို့မဟုတ် ရထားစက်သံကို ကျော်လွှမ်းအောင် အပြန်အလှန် အော်ဟစ် ပြောဆိုပြီးရယ်ကြမည်။ ဒါမှမဟုတ် ပါးစပ်ပဲပါပြီး နားမပါသူများနှယ် ဘယ်သူ့စကားမှ ဘယ်သူက နားမထောင်ဘဲ အလုအယက် ပြောပဲပြောနေကြမည်။ ဒါကတော့ အမေရိကန်ထဲ လှိမ့်ဝင်လာနေသည့် စပိန်နှင့် မက္ကဆီကို လူမျိုးများလည်း ထိုနည်းတူပါပဲ။

မြန်မာ့အညာဒေသက ပြောလေ့ရှိသည့် လက်ပံပင် ဆက်ရက် (ဇရက်) ကျဆိုသလို ကျွက်ကျွက်ညံနေတာ။ တခါတရံ ကားသမားပင် ကားမောင်းမရနိုင် လောက်အောင် အနှောင့်အယှက်ဖြစ်၍ ကားရပ်ကာ တားမြစ်ရ… ဖြစ်တတ်သည်။ တရှစ်ရှစ်….တဖပ် ဖပ်ခ်တွေရော အဆင်းမှာ လက်ခလယ် တချောင်းပင် ထောင်ပြသွားကြသေးသည်။

ဆိုးတာက မှောင်နေချိန် လူပြတ်သည့်နေရာများတွင်လုယက်ခံရတာမျိုးဖြစ်သည်။ အောင်နိုင်နေသည့်ရပ်ကွက်က ဘတ်စ် ကားဂိတ်နှင့်အတော်အလှမ်းဝေးသည်။ ဈေးချိုသောကြောင့် အကုန်သက်သာမလား ငှားမိသည်။ ညဆိုင်းအလုပ်က သန်း ကောင်ကျော်ပြန်လာကြရသည့် ကားမရှိသူ တယောက်တည်းသမားတွေအတွက် အလွန်အန္တရာယ်ကြီးသည်။

ရှေ့က ခပ်တည်တည်ပိတ်ရပ်ပြီး ပိုက်ဆံတောင်းမည်။ မပါဘူး..ဟုပြောမိလျှင်ဖြစ်စေ၊ မချေမငံပြောမိလျှင်ဖြစ်စေ၊ ရိုက် နှက်လုယူမည်။ သို့မဟုတ် သတ်ချင်လည်း သတ်ပစ်ခဲ့လိမ့်မည်။

သည်တော့ အတွေ့အကြုံရှိထားသောသူများက သင်ပေး ထားသည့်အတိုင်း အဲဒီလို ပုဂ္ဂိုလ်လေးတွေကို မသဒ္ဒါကြေးပေးဖို့ အိပ်ထဲမှာ အမြဲ (၅) ဒေါ်လာလောက် ဆောင်ထားရ သည်။ တောင်းလျှင် မျက်နှာမပျက်စေအောင်ထိန်းရင်း အဆင်ပြေအောင် ပြောကာ ဒါပဲပါလို့ပါဟု ကိုယ့်ပိုက်ဆံနှင့်ကိုယ် အောက်ကျို့ပြီး ဆက်သရသည်။ အဲလိုဆိုလျှင်တော့ သူတို့က (၅) ဒေါ်လာ ရလည်း ပြေလည်သည်။ ကိုယ်လိုခံရသည့်လူမျိုး တည မှာ ဆယ်ယောက်လောက်ဆိုလျှင်လည်း သူတို့အတွက် နည်းတာမှ မဟုတ်တာ။

ဤသည်က ကားမရှိသည့်အတွက် ခံရသည့် နောက်ဒုက္ခတမျိုးဖြစ်၏။

တချို့ကပြောသည်။ ဒီ အမည်းတွေက အိုဘားမားသမတဖြစ်လာပြီးတဲ့နောက် ပိုပြီး ဆောင့်ကြွားမြောက်ကြွပိုနိုင်လာသတဲ့။ ဘာမှတော့မဆိုင်ဟုထင်ရသော်လည်း ဟုတ်သလိုလိုတော့ရှိသည်။ အိုဘားမားကိုယ်တိုင်က သူ့ကိုယ်သူ ပြည်သူရှေ့ မှောက်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနဲ့ ရပ်နေပါတယ်လို့ သူ့ရဲ့ သမတလက်ခံတဲ့မိန့်ခွန်းမှာ ပြောခဲ့သေးတာပါ။ သူတို့က လူမည်း တယောက် သမတဖြစ်တာနဲ့ သူများချွေးနှဲစာကို ဆေးချဖို့ အနုကြမ်းစီးနေတာကိုတော့ သမတက အားပေးမှာမဟုတ်။

သို့သော် ကိုယ်ပိုင်ဉာဏ်နှင့်ဆင်ခြင်စဉ်းစားမှုနုံနဲ့သူတွေကတော့ သူတို့ထုံးစံအတိုင်း ဒီတိုင်းပြည်မှာ ငါတို့လူမည်းက သမတကွ… ဆိုကာ မြောက်ကြွမြောက်ကြွဖြစ်လာကြတာတွေကလည်း ရှိကိုရှိနေပြန်သည်။

အောင်နိုင့်အတွက်ကတော့ အိုဘားမားမျက်နှာကိုမြင်တိုင်း သူငယ်ငယ်က သွားကြည့်ခဲ့ဖူးသော ဆင်ဖြူတော်ဆိုသည့် အကောင်ငယ်လေးကို သတိရကာ ပြုံးမိမြဲ။ ဆင် က ဆင်ဖြူ မဟုတ်ပါဘူး၊ ဆင်ပန်းရောင်လေးပါ…ဆိုသည့်သူကဆို၊ အမှန် ကတော့ ခရုသင်းစွဲနေတာပါကွာ ပြောတဲ့သူကပြောသော အကို ကာလာသားကြီးတွေရဲ့ လှောင်ပြောင်စကားကို သတိရမိ သောကြောင့်ပါ။

အဲသည်တုံးက နိုင်ငံရေးနှင့်နွယ်သည့် အဲသည် ပြက်လုံးလေးမျိုးတွေကို သူက ငယ်လွန်းသေးတာကြောင့်ရော၊ နိုင်ငံရေးနောက်ခံကို မယဉ်ပါးသေးတာကြောင့်ရော မရယ်တတ်ခဲ့။ အခုတော့ သူရယ်တတ်နေပြီ၊

လူမည်း စစ်စစ်မဟုတ်သော အိုဘားမားကိုမြင်တိုင်းလည်း လူပန်းရောင်ကြီး…ဟု အောင်နိုင်ရယ်ချင်လာမိမြဲ။

တညနေမှာတော့ နည်းနည်း ညီးစီစီဖြစ်နေတာကြောင့် အချိန်ပြည့်မလုပ်တော့ဘဲ လူလဲကာ စောစောပြန်လာခဲ့သည်။
အရင်လို နောက်ဆုံးရထားချိန် သန်းကောင်သန်းလွဲမဟုတ်သည့်အတွက် ဆေးသမားတွေရန်ကတော့ လွတ်ပြီဟု စိတ် အေး၍မှမဆုံးသေး။ စက်ဘီးစီးလာသည့် ကရင်လေးတယောက်ကို လူမည်း လူငယ်လေးနှစ်ယောက်က ဖမ်းတားနေတာ ခပ်လှမ်းလှမ်းမှာ တွေ့လိုက်ရသည်။ အသားဖြူဖြူလေးနှင့် တော်တော်ငယ်သေးတာကို အဝေးကပင် ခန့်မှန်းနိုင်သည်။

စိတ်ထဲမှာ ထင့်ကနဲပူသွားသည်။ အောင်နိုင်က နေ့ရောညပါ အလုပ်လုပ်နေရသည့်အတွက် ကိုယ့်ဝန်းကျင်ကို ကိုယ့် တိုင်းပြည်က လူတွေထပ်ရောက်လာတာကိုပင် မသိလောက်အောင်ဖြစ်နေသည်။

သူလှမ်းကြည့်အကဲခတ်နေစဉ်မှာပဲ တယောက်က ကရင်လေးကို ရင်ဘတ်ဆောင့်တွန်းလိုက်သည်။ တယောက်က စက်ဘီးကို ယူပြီးနင်းသွားသည်။ ကရင်လေးနှင့်ကျန်ခဲ့သည့်တယောက် နပမ်းလုံးနေရာသို့ လွှားကနဲရောက်ပြီး လူချင်းဆွဲ ခွာရင်း အလိုအလျှောက် ထိုးကြိတ်ပစ်လိုက်မိသွားသည်။ အောင်နိုင့်တသက်မှာ လူတယောက်ကို ပထမဆုံးအကြိမ် ကိုယ်ထိ လက်ရောက် လုပ်မိခြင်း။

ကရင်လေးကလည်း အထိုးခံလိုက်ရသော နှုတ်ခမ်းပေါ်ကသွေးစကို လက်ခုံနှင့်သုတ်ရင်း သူ့ဘေးမှာ ယှဉ်ရပ်လာသည်။ အောင်နိုင်ထိုးတာ ခံလိုက်ရသော ကောင်လေးကလည်း အောင်နိုင့်ကို ဘာကောင်လဲ သိရရန် ချိန်ဆကာကြည့်ရင်း နာသွားသော သူ့မေးရိုးကို လက်နှင့်ပွတ်သပ်နေသည်။ စက်ဘီးစီးသွားသော ကောင်လေးက နောက်ပြန်လှည့်ကြည့်ပြီး ပြန်လှည့်လာသည်။

အောင်နိုင်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း အခြေအနေမဟန်လျှင် နှိပ်လိုက်ရန် နိုင်းဝမ်းဝမ်းကို အသင့်တင်ထားလိုက်သည်။ သူတို့ကိုလာကူမည့် နောက်ထပ်လူမိုက်ဘယ်နှစ်ယောက်များ ရှိနေသေးလဲဆိုတာကို။ လောလောဆယ်တော့ မတွေ့ရ။ ကရင်လေးထက် သူတို့က နှစ်နှစ်သုံးနှစ်ခန့်ကြီးသည့်ပုံ။

လူကောင်တွေကတော့ သူတို့ကပိုထွားသည်။ အောင်နိုင် က လူကြီးဖြစ်နေသည့်အတွက် သူတို့ကလည်းခပ်ဆဆ ခပ်တွေ တွေရှိနေသည်။ လူမိုက် လက်သင်လေးတွေ ဖြစ်ပုံရတာ အကဲခတ်လိုက်မိပြီးသည့်အတွက် အောင်နိုင်က ဖုံးကို ဒေါနှင့်မာန်နှင့် ဆက်ဟန်ပြင်သည်။ ငါ နိုင်းဝမ်းဝမ်းကိုေ ခ်ါလိုက် မယ်…ဟု ပြောလျှက်ပေါ့။

“ဟေး..ဂိုင်း၊ ငါက သူ့စက်ဘီးကို စီးကောင်းသလားလို့ ခနတောင်းစီးကြည့်တာပဲ။ သူ့စက်ဘီးက ငါ့အတွက် စီးမကောင်း ဘူး။ ဟေ့… မင်းဘီး ပြန်ယူ”

ပြောပြောဆိုဆိုနှင့် ထိုလူမည်းလေးက စက်ဘီးပေါ်က ခုန်ဆင်းပြီး ကရင်လေးရှေ့ ထိုးရပ်ပေးလိုက်သည်။ ကရင်လေးက သူ့စက်ဘီးကို ဖမ်းထိန်းရင်း အောင်နိုင်ကို ကြည့်နေသည်။

“မင်းတို့ နောက်တခါဒါမျိုးထပ်လုပ်မယ်ဆိုရင် ငါ သည်းမခံဘူး” ဟု ခပ်တည်တည်နှင့်ခြိမ်းခြောက်ကာ ဖုံးကို ပြန်သိမ်း လိုက်သည်။ ထို အမည်းလေးနှစ်ကောင် ထွက်သွားသည်အထိ ကောင်လေးက သူ့ကို ဇဝေဇ၀ါကြည့်တုံး။

“တော်တော်နာသွားလား ညီလေး”

“အေး..နင် ဗမာလား”

အောင်နိုင် သူ့ကိုပြုံးပြလိုက်သည်။

“ကရင်သင်တိုင်းလေးကိုမြင်တာနဲ့ ဒါ တို့လူမျိုးဆိုပြီး ပြေးလာခဲ့တာ။ တကယ်တန်းကျ အကိုလည်း ခပ်ကြောက်ကြောက်ပဲကွ။ သူတို့ကအုပ်စုအရမ်းတောင့်လို့ကတော့ ၀ိုင်းရိုက်ရင်သေမှာ။ နောက်ကို ပြဿနာမဖြစ်အောင်နေနော် ညီ”

“အေး- ငါ ဘာမှ မလုပ်ဘူး။ သူတို့က ဟိုးတနေ့ကလည်း ငါအလုပ်ထွက်ရှာတာ အပြန်မှောင်တော့ အဲဒီကောင်တွေပဲ မှောင်ထဲက ထွက်လာပြီး ပိုက်ဆံတောင်းတယ်။ ငါ့မှာ ပေးစရာမရှိဘူးပြောတာ နားမလည်ဘူး။ အဲဒီတုံးကလည်း တခါရန်ဖြစ်ပီးပီ။ အခု ငါ စက်ဘီးစီးလာတာကို အတင်းလိုက်လုပီး စက်ဘီးပေးလို့ပြောတယ်။ ဒါက ငါ ကမ့်ထဲတုန်းက တို့ဆီကို စာလာသင်ပေးတဲ့ ဗော်လန်တီယာဆရာ မိုက်ခ်က ငါ့ကိုလာတွေ့ပီး ၀ယ်ပေးခဲ့တဲ့ဟာ၊ ငါ မပေးနိုင်ဘူး”

“အရင်တခါ ရန်ဖြစ်တော့ရော မင်းနိုင်ခဲ့သလား” ဟု အောင်နိုင်က ကောင်လေးကို ကျီစယ်လိုက်သည်။

“ဘယ်နိုင်မလဲဟ ကောင်ရာ… ငါက ဇာတ်လိုက်မှမဟုတ်တာ”

သူကတော့ သူတတ်သလို ပြောချလိုက်တာပါပဲ။ ဒါပေမယ့် အောင်နိုင့်ရင်ဘတ်မှာလာငြိသွားရသည်။ စောလယ်မှူးကို အိမ်ပြန်လိုက်ပို့တော့ ဆယ့်နှစ်နှစ်အရွယ် ဖြူဖြူတုတ် တုတ်လေးနှင့်ချစ်စရာညီမလေးတယောက်၊ အသက် (၄၀) ၀န်းကျင် သူ့အမေနှင့် ရင်ခွင်ပိုက်ညီငယ်လေးတို့နှင့် သူ့ကိုမိတ်ဆက်ပေးသည်။ မနှစ်ကပဲ သူတို့လို ဒုက္ခသည်နေရာချထားရေး အစီအစဉ်ဖြင့်ရောက်လာသည့် ကရင်မိသားစုထဲက (၇) နှစ်အရွယ်ကလေးမလေး မတရားကျင့်ကြံသတ်ဖြတ်တာခံရ သည့် သတင်းကို တဆင့်စကားနှင့် ကြားထားသည့်အပေါ်မှာလည်း အမေလုပ်သူက စိုးရိမ်ကြောင်းပြောသည်။ အဖေ မပါလာ။

“သူတို့အဖေက တော်လှန်ရေးသမားပဲ။ တော်လှန်ရေးကို သစ္စာမဖောက်ဘူးတဲ့။ သူ့ရဲဘော်တွေကို မထားခဲ့နိုင်ဘူးတဲ့။ ဒါပေမဲ့ ဒီကလေးတွေပညာရေးအတွက် ငါ သွားချင်ရင်သွားပါလို့ အခွင့်ပေးတယ်။ ငှက်ထိပြီး ဆေးကုစရာမရှိလို့ ရူးသွားတဲ့ သူတွေရှိတယ်။ ပိုလီယိုကာကွယ်ဆေးမထိုးနိုင်လို့ ချည့်သွားတဲ့ကလေးတွေရှိတယ်။ ငါ့ကလေးတွေကို ငါ အဲဒီလို အဖြစ် မခံနိုင်ဘူး။ ဒါကြောင့် ငါထွက်လာခဲ့တာ။ သူတို့အဖေက ပြောတယ်။ ငါ မပျော်ရင် ပြန်လာခဲ့တဲ့”

စာမတတ်သော မိခင်ဆီက သားသမီးများအပေါ်ထားသည့်မျှော်လင့်ချက်ကလေးက လှပလွန်းလှသည်။ သို့သော် လောလောဆယ် အလုပ်ရှာနေရသူက လယ်မှူးသာဖြစ်သည်။ လယ်မှူးအမေ အလုပ်လုပ်မည်ဆိုလျှင် သူ့ကလေးကို နေ့ကလေးထိန်းကျောင်းပို့ရမည်။ အဲဒါကအလွန်ဈေးကြီးသည်။ အင်္ဂလိပ်စကားမတတ်ဘဲအလုပ်လုပ်ရမည်ဆိုလျှင် လခအရမ်းနည်းပြီး အလွန်ပင်ပန်းသောအလုပ်ကိုသာ အချိန်ပိုင်းရှာလုပ်ရလိမ့်မည်။

သည်ကလေးကို ကလေးထိန်းဌာန သွားထားရသည့်စရိတ်နှင့် သူရှာလို့ရသည့်ငွေက ဘဲစားဘဲချေဖြစ်နေမှာ သေချာသည်။ နောက် အကြီးကောင်က ကျောင်းမတက်ဘူးဆိုလျှင်တောင် အိမ်ငှားခ၊ ရေဖိုး မီးဖိုးဆိုတာတွေအတွက် ဒီကောင်လေးက အရမ်းရုန်းကန်ရမည်။ သည်လိုဆိုလျှင် အလတ်မလေးကို ဘယ်သူက ကျောင်းပို့ကျောင်းကြို လုပ်မလဲ။

ဆယ့်သုံးနှစ်အောက်ကလေးတွေ တယောက်တည်း အပြင်ထွက်ခွင့်မရှိတာက အမေရိကန်ပြည်ထောင်စုရဲ့ ကလေးဥပဒေ။
အခုလောလောဆယ်တော့ အမေရိကန်ပြည်ထောင်စုကိုရောက်ပြီး (၈) လအတွင်း ဒုက္ခသည်အဖြစ် လက်ခံခေါ်ယူထား သည့်အတွက် အမေရိကန်အစိုးရက တာဝန်ယူပေးထားသည့်စောင့်ရှောက်မှုဥပဒေအရ သူတို့ပြေလည်နေကြသေးသည်။ ရေဖိုး မီးဖိုးနှင့် အိမ်လခတချို့ကိုလည်း ကျခံပေးသည်။ သို့ သော် လယ်မှူးက (၈) လကျော်ပြီး၍မှ တယောက်မှ အလုပ် မလုပ်လျှင် အဆင်မပြေဖြစ်မှာကို အမေနှင့်အတူတွေးပူနေတတ်ပြီ။ ညီမလေးကတော့ ကျောင်းတော့တက်နေပြီ။ စာလိုက်နိုင်သည်။ ညီမလေးပျော်သည်ဟု သူက ပြောသည်။

“ငါက အလုပ်မပျင်းဘူး။ အလုပ်မရှိမှ ပျင်းတာ။ ဒါပေမယ့် ငါ အလုပ်သွားလျှောက်တာ မရဘူး။ ငါက အင်္ဂလိပ်စကားနည်း နည်းတော့ ပြောတတ်ပေမယ့် မုန့်ဆိုင်မှာ သွားလုပ်တော့ သူတို့မုန့်တွေနံမည်တွေ ငါမသိဘူး။ စားသောက်ဆိုင်သွားတော့လည်း သူတို့အစားအသောက်နံမည်တွေ ငါမသိဘူး။ တကယ်လို့ တယောက်ယောက်က ငါ့ကို ငါနားလည်အောင် ရှင်းပြပေးနိုင်ရင် တော့ ငါ ချက်ခြင်းလုပ်နိုင်မှာပဲ” ဟု ပြောသည်။

သူတို့မိသားစုဆီက ပြန်လာသည့်တိုင် အောင်နိုင့်အတွေးထဲမှာ သည်မိသားစု လိုက်ပါလာသည်။
သိပ်မကြာခင်မှာ အောင်နိုင် ဗမာတယောက်နှင့်ဆက်သွယ်မိသည်။ သူက အနောက်ဗာဂျီးနီးယားက ကြက်သားစက်ရုံ အတွက် အလုပ်သမားပွဲစားလုပ်နေသည့်သူ။ ပွဲစားခကို (၃) လစာဖြတ်မည်ဟုပြောသည်။ ပွဲစားခဖြတ်ပြီးသားတောင်မှ တနာရီကို (၈) ဒေါ်လာခွဲဆိုတော့ မဆိုး။ နောက်ပြီး အဲသည်မှာ သွားနေရမည်။ အချိန်ပြည့်စာရင်းမ၀င်ဘူးဆိုလျှင်တောင် တပတ်ကို နာရီ (၄၀) တော့ အချိန်ပိုနှင့်ဝင်သွားသည်ဟုသိရသည်။ နောက်ပြီး စက်ရုံက အိမ်ငှားပေးတာကလည်း တပတ်ကို (၄၀) ပဲဆိုတော့ တလလုံးမှ နေစရိတ်၊ မီးဖိုး၊ ရေဖိုးအားလုံး (၁၆၀) ပဲကျမည်။ ခရီးစရိတ်နှင့် ခရီးသွား ချိန်ကုန်စရာမလိုတော့။
အသောက်အစားမရှိသူတွေဆို အသားတင် တပတ်ကို (၂၅၀) လောက်စုမိသည်ဟု ဆိုသည်။ တလ ဒေါ်လာတထောင် စုမိ သောနေရာကို သူဘာကြောင့် မပြောင်းနိုင်ရမလဲ။ အခွန်ပေးဖို့ ဖယ်ထားလျှင်တောင် တလ (၅၀၀) လောက်တော့ သူစုမိ မည်။ အိမ်ကိုပုံမှန်ပေးပြီး သူ့အတွက် ပုံမှန်ပိုက်ဆံစုမိဖို့ လမ်းစလေးပေါ်လာသည်။ နောက်ပြီး ကျောင်းတက်ချင်သူတွေ အတွက် စက်ရုံက အလုပ်ချိန်ကို အဆင်ပြေအောင်စီစဉ်ပေးသည်ဟုဆိုသည်။ ဒါဆိုလျှင် သူ အပိုဝင်ငွေနှင့် ကျောင်းစရိတ် ချေးပြီး ကျောင်းတခုခု ဆက်တက်နိုင်မည်။

အခု သူ ဂစ်ဖ်ရှော့ပ် (Gift Shop) မှာလုပ်တာလည်း တနာရီကို ရှစ်ဒေါ်လာခွဲရသည်ဆိုပေမည့် တပတ်ကို (၁၅) နာရီ လောက်သာရတာ၊ သည်တော့ အချိန်ပိုင်းအလုပ်ကလေးတွေ ဟိုပြေးလုပ်ရ သည်ပြေးလုပ်ရနှင့် အချိန်နှင့် ခရီးစရိတ်က ထောင်းသည်။ အဲလိုမှမလုပ်လည်း အလုပ်တလုပ်တည်းနှင့် မှီခို၍မရ။ သည်လိုနှင့် အချိန်အားငွေပိုရယ်လို့ ပြောပလောက် အောင်မရှိဘဲ ရပ်တည်နေခဲ့ရတာ လေးငါးနှစ်ရှိနေပြီ။ အိမ်လခကလည်း အနည်းဆုံးပင်လျှင် (၃၀၀) ၀န်းကျင်။
စောလယ်မှူးကို သူလှမ်းပြောလိုက်သည်။ လိုက်မလားလို့။ လယ်မှူးက ၀မ်းသာအားရလက်ခံသည်။ သည်လိုနှင့် ပွဲစားက ဆက်ပေးသော ကယ်ရီသမားက သူတို့ကိုလာခေါ်သည်။ သူကလည်း ကရင်လူမျိုးတယောက်ပဲဖြစ်သည်။ သူတောင်းသည့် ခရီးစရိတ်က နည်းနည်းကြီးသည်။ သို့သော်ဒါက တက္ကစီငှားသလို နာရီနှင့်တွက်ယူသည်ပဲထားပါတော့။ သို့သော် နဗီဂိတ်တာ (Navigator) ဟုခေါ်သည့် လမ်းပြသည့်စက်ကလေးတပ်ဆင်ခ တယောက်ကို ဒေါ်လာ (၅၀) ပေးရမည် ဆိုတာကတော့ တော်တော် တရားလွန်သည့်ကိစ္စဖြစ်သည်။

“မင်းရဲ့အလုပ်မှာ လိုအပ်လို့ မင်းဝယ်ထားတဲ့ပိုက်ဆံကို ငါတို့က မပေးနိုင်ဘူး။ နဗီဂိတ်တာက ဖုံးတွေထဲမှာလည်းပါတာပဲ။ မင်း အဲဒါသုံးရလို့ ငါတို့ ငါးဆယ်စီထပ်ပေးရမယ်ဆိုရင် အဲဒီအလုပ်ကို ငါတို့မလုပ်တော့ဘူးကွာ၊ ငါ့ဖုံးထဲက နဗီဂိတ်တာနဲ့ သွားမယ်။ ပိုက်ဆံမပေးနိုင်ဘူး” ဟု အောင်နိုင်ကပြောတော့ သူက အောင်နိုင့်ကို ကြောင်ကြောင်ကြီးကြည့်နေသည်။ မလည်ရှုပ်..ဆိုတာ ဒါမျိုးဟု အောင်နိုင်သိလိုက်၏။ သူကိုယ်တိုင်က ဖုံးတလုံးရဲ့အသုံးကိုသေချာမသိပါဘဲ သိသမျှလေးနှင့် ကိုယ့်လူမျိုးအချင်းချင်း ပြန်ခွေနေတာ…ခရီးစရိတ် (၁၀၀) Navigator ကြေးက (၅၀) စီတဲ့။

နောက်တော့ တယောက် နှစ်ဆယ်စီတော့ပေးဆိုပီး ဇွတ်ကပ်ပြောနေပြန်သည်။ စောလယ်မှူးကိုကြည့်တော့ မျက်နှာငယ် လေးနှင့်။ သူက အလုပ်လိုနေသူ။ မတရားတာကို မခံတတ်သည့်စိတ်ကို အလုပ်လိုချင်စိတ်ဖြင့် ချိုးနှိမ်ဖို့ ကြိုးစားနေသည့် ကလေးလူကြီးလေးကိုသနားတာနှင့်ပဲ အလျှော့ပေးလိုက်သည်။ ကိုယ်က အဲသည်စက်ရုံလိပ်စာကို သိရတာမဟုတ်။ အစကတည်းက ပွဲစားခပေးရမယ်ဆိုတာ သိပြီးသား။ ပွဲစားနှင့်ပတ်သက်လျှင် သည်လိုဖြတ်စားလတ်စား တွေပါလာမည် ဆိုတာ သိပြီးသားမို့ အောင့်သီးအောင့်သက်နှင့်ပဲ သူတို့ ဈေးတည့်ခဲ့ကြရသည်။

တလမ်းလုံး ကားတောက်လို့ခွေခေါက်လာသည့်လယ်မှူးက နေရမည့်အခန်းထဲရောက်သည်နှင့် ထိုးလှဲချလိုက်ကာ ပြောသည့် စကားက- “ငါ အမိုးတို့နဲ့ တခါမှ မခွဲဖူးဘူး။ နေတတ်ပါ့မလား မသိ” တဲ့။

သည်လိုနှင့်ပဲ သူတို့ အနောက်ဗာဂျီး နီးယားကိုရောက်လာသည်။ သည်လိုနှင့်ပဲ ပွဲစားကငှားပေးသောအိမ်ကလေးထဲတွင် (၂) ယောက်ခန်းမှာ အတူနေကြသည်။ အောင်နိုင်က ကြက်သားထုတ်သည့် နေရာမှာရပြီး လယ်မှူးက ကားပေါ်က ကြက်အရှင်တွေကို သယ်ချိတ်ပေးရသည့် နေရာသို့ရောက်သွားသည်။

ဘယ်လိုပဲဖြစ်ဖြစ် အသောက်အစားကင်းပြီး ငွေကိုပဲ တစိုက်မတ်မတ်ရှာဖွေလိုသူတွေအတွက် လုပ်ပျော်သောအလုပ် အဖြစ် အောင်နိုင်ကကျေနပ်ပါသည်။ လယ်မှူးအနားရှိနေတာကိုက အထီးကျန်ဆန်မှုကို လျှော့ပါးစေသည်မဟုတ်လား။ သူက ကလေးသာသာဖြစ်ပြီး ကမ့်ထဲမှာကြီးပြင်းလာရသူဖြစ်သည့်အတွက်လည်း သူမသိသေးတာတွေ၊ သိသင့်၍ ပြောပြ နေရတာတွေကိုက တနေ့တနေ့ အကြောင်းအရာမထပ်စေရ။ တချို့ကျတော့ သူကိုယ်တိုင်ပင် မသိသောအကြောင်းအရာ များဖြစ်နေတတ်သေးသောကြောင့် အဲလိုမေးခွန်းမျိုးဝင်လာလျှင်တော့ သူ့ထက်အရာရာပိုသိသည့် ကိုဝေငြိမ်းထံသို့ ဖုံး ဆက်မေးပြီးမှ လယ်မှူးကို ပြန်လည်မျှဝေရသည်။ အသားကျနေသည့်တိုင် တခါတရံ လယ်မှူးကသူ့အမေကို လွမ်းကြောင်း ပြောတတ်သည်။ သို့သော် စပ်စုစိတ်ဝင်စားစရာတွေကြားမှာ သိပ်ကြီးတော့ အသည်းအသန်မဖြစ်လှ။

ဗာဂျီးနီးယားက ရှုခင်းလေးတွေက အရိုင်းဆန်ဆန်လှပသည်။ သဘာဝအငွေ့အသက်တွေက လူ့စိတ်ကို ကြည်လင်ချမ်းမြ စေသည်။ အိမ်နှင့် စက်ရုံက သိပ်မဝေးလှသောကြောင့် သူတို့လမ်းလျှောက်ပြန်ရတာကို နှစ်သက်သည်။ နို့မို့လျှင် စက်ရုံမှာ တနေကုန်မတ်တပ်ရပ်ပြီးအလုပ်လုပ်။ အိမ်ကျတော့ ကိုယ့်အခန်းထဲက ကိုယ့်အိပ်ယာမှာပဲ လဲလျှောင်းနှင့် ကြာတော့ လူက ခြံခတ်မွေးထားခံရသည့် ၀က်တကောင်လို အဆီတိုးတိုးလာသည်။

လယ်မှူးဆိုလျှင်ပဲ သည်ရောက်ပြီး တလအတွင်းမှာ သိသိသာသာဝဖြိုးလာသည်။ သည်မှာက ကြက်ကြော်ကလည်း မစား ချင်မှအဆုံး။ တခုပဲရှိသည်။ အဲသည်မှာ အာရှအစားအသောက်ဝယ်၍မရ။ ဘိုစာတွေကိုလည်း နှစ်ယောက်လုံးက မစုံမက်။ အောင်နိုင့်မှာပါလာသည့် ငပိ၊ မျှစ်ဆိုတာတွေကလည်း ခြွေတာစားနေရင်းက နှစ်ယောက်စာဖြစ်၍ ကုန်ခဲ့ပြီ။ နောက် တပတ်ပိတ်ရက်ကျလျှင်တော့ မေရီလင်းဘက်သွားပြီး ဈေးဝယ်မည်ဟု မှန်းထားသည်။

သူစောစောရောက်လျှင် သူက ထမင်းချက်ထားတတ်ပြီး လယ်မှူးကလည်း သူပြန်ရောက်နှင့် ချက်ထားပေးရန် ကြိုးစား တတ်ပါသည်။ သိပ်ချက်တတ်လှသည်တော့မဟုတ်။ ငါက ငပိရည်နဲ့မျှစ်တို့ပဲ စားတတ်တာ…ဆိုသည့်စကားက အောင်နိုင့် ရင်ကို ထိသောစကားဖြစ်နေပြန်သည်။ သည်ငပိရည်နှင့်မျှစ်တို့ပင်လျှင် အမိုးက ချက်ကျွေးတာဟု ပြောရင်းလည်း ရယ်နေ တတ်သေးသည်။ သို့သော် ကရင်တာလပေါဟင်းကိုတော့ လယ်မှူး ကောင်းကောင်းချက်တတ်သည်။ အောင်နိုင်ကလည်း လယ်မှူးရဲ့ တာလပေါကိုတော့ အသေကြိုက်သည်။

အောင်နိုင်ဟင်းချက်နေတုံး လယ်မှူး ပြန်ရောက်လာသည်။

“မွေးတယ်ဟ၊ နင် ဘာချက်နေတာလဲ ကိုအောင်နိုင်” ဟု လှမ်းမေးသည်။ လယ်မှူးစကားပြောလျှင် ဟထိုးသံကို ထွက်မရ သောကြောင့် လေ့ကျင့်ခန်းလုပ်ခိုင်းသောအခါ တချို့စကားတွေမှာ အတော်ရီရသည်။ ကျီစယ်လိုစိတ်နှင့် ဟထိုးထည့် ရသည့် လ-အက္ခရာမျိုးစုံကို လျှောက်ရွတ်ခိုင်းပြီး အောင်နိုင်ရယ်ပြီဆိုမှဖြင့် လယ်မှူးမျက်နှာကလေးက နီရဲလာတတ်တာ အပျိုမလေး ရှက်နေတာနှင့်ပင် တူနေသေးသည်။

“ငါးချဉ်ရည်ဟင်းချက်တယ်ကွာ၊ ဟိုတနေ့က ဆားသိပ်ထားတဲ့ငါးကို ငရုပ်သီးနဲ့ကြော်တယ်ကွ”

“အေး၊ ငါ ဗိုက်ဆာတာနဲ့ အတော်ပဲ။ အော… ဒီနေ့ ငါ ဆူပါဗိုက်ဆာ အော်ခံထိခဲ့တယ်”

“ဟုတ်လား၊ ဘာဖြစ်လို့လဲ”

တခါတရံတွင် ဘာသာစကားအခက်အခဲကြောင့် နားလည်မှုလွဲတာတွေရှိလျှင် အောင်နိုင်က လိုက်လံဖြေရှင်းပေးရတာ လေးတွေရှိသည်။ တချို့ဆူပါဗိုက်ဆာတွေက စပဲန်းနစ်တွေဖြစ်ပြီး သူတို့ကိုယ်နှိုက်ကလည်း စကားကို ပီသအောင်ပြော တတ်တာမဟုတ်။ ဒါ့အပြင် အနိုင်ကျင့်လိုစိတ်တို့၊ ပါဝါပြလိုတာတို့ကလည်း ရှိသည်။ တခါတခါကျ စကားကို သိပ် နားမလည်သည့်တိုင်အောင် အနိုင်ကျင့်ပြီး ညစ်ပြီး ခိုင်းတာဟု ခံစားရသည့်ကိစ္စမျိုးတွေမှာ လယ်မှူးက မခံချင်။ သည် ကလေးကလည်း မဟုတ်မခံ ဇတ်ဇတ်ကျဲလေးပဲဆိုတာ ပေါင်းကြည့်လေ သိလေဖြစ်သည်။

လယ်မှူးက သူ့အ၀တ်ထုတ်ကို ပစ်ချလိုက်သည်နှင့်တပြိုင်တည်း မွေးပွကြမ်းခင်းပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

“ငါ ကြက်ကိုင်တာ ကြမ်းလို့တဲ့။ နောက်ပီး တခါတည်း (၂) ကောင်မကိုင်ရဘူးတဲ့။ နင် စဉ်းစားကြည့်၊ ဒီနေ့ ကြက်ကားက နောက်ကျတယ်။ တကောင်စီကိုင်နေရင် ငါတို့ သတ်မဲ့အကောင်တွေ အချိန်မီ အထဲကို ဘယ်ထည့်နိုင်မလဲ။ ဒီတော့ မြန်မြန်ပီးအောင် ငါက နှစ်ကောင်တခါတည်းဆွဲတာ အဲဒီလို မဆွဲရဘူးတဲ့။ ဖြေးဖြေးကိုင်တဲ့။ သတ်မယ့်ကြက်တွေရဲ့ လည်ပင်းကို ခပ်မြန်မြန်ကိုင်လိုက်လို့ ကြက်တွေ အော်သံထွက်တာနဲ့ ဆူပါဗိုက်ဆာက ပြေးလာပီး နောက်တခါဆို အလုပ်ဖြုတ်မယ်လို့ ပြောတယ်၊ သူက ပြောသေးတယ်။ ရိုက်…ရိုက်နဲ့…ဘာလဲမသိဘူး၊ ဒီကောင်ဟာ…”

“Animal right လို့ ပြောတာလား”

“အေး…အေး ။ ဟုတ်တယ်။ animal right တဲ့။ ဘာလဲ…တိရိစ္ဆာန်အခွင့်အရေး…၊ ငါ နားမလည်နိုင်ဘူး။ ဒီကောင်ကိုင်တာ ငါလည်ပင်းနာသွားပီဆိုပီး တိရိစ္ဆာန်က ငါ့ကို တရားစွဲနိုင်လား။ သူက ခနနေ ငါ့လက်ကလွတ်တာနဲ့ သေရမှာပဲဟာ”

လယ်မှူးပြောတာလည်းဟုတ်တုတ်တုတ်မို့ အောင်နိုင် သဘောကျကာ ရယ်လိုက်မိသေးသည်။

“တိရိစ္ဆာန်အခွင့်အရေးဆိုတော့ သူ့ကို သတ်ကာမှသတ်ရော တတ်နိုင်သမျှ စိတ်ချမ်းချမ်းသာသာနဲ့ မနာမကျင် အသက်ရှင် ခွင့်ပေးဖို့ တိရိစ္ဆာန်တွေအတွက် ပြဌာန်းထားတဲ့ဥပဒေဖြစ်မှာပေါ့။ ငါလည်း သိပ်တော့မသိဘူးကွ။ ဒီမှာက ကလေးအခွင့်အရေး၊ လူ့အခွင့်အရေး၊ မိန်းမ အခွင့်အရေး၊ အခြောက်အခွင့်အရေး..အခွင့်အရေးနဲ့ ဥပဒေတွေက အများကြီး။ သူက ကြမ်းကြမ်း မကိုင်နဲ့ဆိုမကိုင်နဲ့ပေါ့ လယ်မှူးရာ။ ဘာခက်လို့လဲ။ ကားနောက်ကျလို့ အရေအတွက်မပြည့်တာ သူတို့ကိစ္စ။ ခပ်ကြမ်းကြမ်း ကိုင်မိလို့ Animal right နဲ့ သွားညိရင် ကိုယ့်ကိစ္စဖြစ်သွားမယ်။ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံရဲ့ ဥပဒေဘောင်ထဲမှာပဲ အံဝင် ဂွင်ကျ နေပေးရမှာပဲမဟုတ်လား”

“ဟကောင်ရ၊ ငါတို့ကျတော့ ရွာထဲကို အစိုးရစစ်တပ်ဝင်လာတာနဲ့ စပါးတွေ အိမ်တွေမီးရှို့ခံရတယ်။ ခွေးပြေး ၀က်ပြေး ပြေး ခဲ့ရတယ်။ ငါတို့ဆို အမိုးတို့ထမ်းပြေးတဲ့ ပလိုင်းထဲမှာ ငုပ်တုပ်ထိုင်ပြီး လူဖြစ်လာခဲ့ရတာ။ နင်တို့လို အိမ်နဲ့ခြံနဲ့နေပြီးမှ လူ ဖြစ်ခဲ့ရတာမဟုတ်ဘူး။ တခါတလေ မျှစ်တောင်ချိုးစားဖို့မရှိဘူး။ မျှစ်ရှာတွေ့လည်း အစိုးရတပ်နဲ့နီးနေလို့ မီးမဖိုရဲလို့ မျှစ်အစိမ်းတွေကို ဒီအတိုင်းစားခဲ့ရတယ်။ စပ်လည်းစပ်၊ ခါးလည်း ခါးတယ်။ ထွီ…။ ဘုရားသခင်က ငါ့ကို အစကတည်းက ဒီမှာ တိရိစ္ဆာန်ဖြစ်ခိုင်းလိုက်ရင်ကောင်းမယ်နော။ ဒီနိုင်ငံက အသတ်ခံရမယ့်တိရိစ္ဆာန်တောင် ငါတို့ထက် ဇိမ်ကျသေးတယ်။ သေခါနီးဆဲဆဲတောင် ကြမ်းကြမ်းမကိုင်ရဘူးတဲ့၊ ---တဲ့မှပဲ။ လူကလူလိုမနေခဲ့ရဘဲ ခွေးလို ၀က်လိုပြေးရင်း ကြီးလာပြီး အခုတော့ အသတ်ခံရမယ့်တိရိစ္ဆာန်ကို ကြမ်းကြမ်းကိုင်ရင် အလုပ်ပြုတ်ပီး ထမင်းငတ်မယ့်တိုင်းပြည်ကို ရောက်လာရတယ်၊ ဂျီးဇက်က အစအနောက်သန်တယ်လို့ တခါမှ ငါမထင်ခဲ့ဘူး...”

“အဲဒါက ငါတို့တိုင်းပြည် ရွှေမြန်မာပြည်လေ... ဒါက အမေရိကန်ပြည်ထောင်စုကွ၊ မင်းကလည်း ဆန့်ကျင်ဘက် (၂) ခုကို လာဆွဲစေ့ပြီး ငါ့ကို ခေါင်းစားပေးနေပြန်ပါပြီ”

အခွင့်အရေးဆိုသည့်စကားကို နည်းနည်းမှ နားလည်ခံစား၍မရသည့်လယ်မှူးကို ကြည့်ကာ အောင်နိုင်ရယ်မိသည်။

“ဟေ့လူ၊ ဒါ ရီစရာမဟုတ်ဘူးဗျ” ဟု ဘေးနားကအသံထွက်လာတော့မှ အောင်နိုင်က ကိုလင်းထွန်းကို သတိရသည်။ သူ့ အကြောင်းကို အောင်နိုင်သိပ်မသိပါ။ သူကလည်း အိန္ဒိယဘက်ကနေ သည်ဘက်ကို ဒုက္ခသည်အဖြစ်နှင့် ရောက်လာ သည်ဆိုတာလောက်ပဲ အောင်နိုင်သိထားသည်။ အလုပ်အတူတူလုပ်ကြရင်း ချဉ်ရည်ဟင်းသောက်ချင်ကြောင်းပြောကြရင်း ထမင်းစားခေါ်ထားလို့ ရောက်နေသူ။

“ကျနော်ထောင်ထဲမှာ ငါးနှစ်နေခဲ့ရဖူးတယ်။ ကျနော်ဘာမှမလုပ်လို့ မသိဘူးလို့ ပြောမှုနဲ့။ ကျနော့်အဖေက အဲန်အယ်လ်ဒီ အဖွဲ့ဝင်၊ ရဲတွေက သူ့စာရွက်စာတန်းတချို့ လာရှာရင်းနဲ့ ကျနော့်ကိုပါ ဖမ်းခေါ်သွားတာဗျ။ ထောင်ထဲမှာ မင်းအဖေ ဘာ လုပ်လဲ၊ ဘယ်သူနဲ့ဆက်သွယ်သလဲမေးမေးပြီးရိုက်တာဗျာ၊ ကျနော်လည်းဘာမှမသိရ၊ ဘာမှလည်း မလုပ်ရဘဲနဲ့ခံခဲ့ရတာ လနဲ့ချီပီးကြာတယ်။ နောက်ပီး ထောင် (၅) နှစ်ချလိုက်တယ်။ အဖေ့ကို အားပေးကူညီမှုနဲ့ စွဲချက်တင်ပြီး ထောင်ချလိုက် တာပဲ”

အောင်နိုင် ကိုလင်းထွန်းကို ကြည့်ကာ ဘာပြောရမှန်းမသိဖြစ်သွားသည်။ လယ်မှူးကလည်း ငေးလို့။

“လယ်မှူးပြောသလိုပဲ။ ဒီမှာ အသတ်ခံရတဲ့ကြက်တွေမှာတောင် သတ်တော့မယ့်အချိန်အထိ သက်တောင့်သက်သာ နေ ခွင့်ရတာကို သိလိုက်ရတဲ့အချိန်မှာ အချုပ်ခန်းထဲမှာ ကျနော့်ကျောပေါ်ကျလာတဲ့ စစ်ဖိနပ်တွေ၊ ကျနော့်ဗိုက်ပေါ် ကျလာတဲ့ လက်သီးချက်တွေကို သတိရလာပီး အဲဒီတုံးက အထိုးအကန်ခံရသလို အစိမ်းလတ်လတ်ပြန်နာလာမိတယ်၊ ကျနော်တို့ တိုင်းပြည်ဟာ တကယ်ကို လူဖြစ်ရှုံးနေတဲ့တိုင်းပြည်ဗျ၊ လူတယောက်ရဲ့ မွေးရာပါအခွင့်အရေးတွေ အားလုံး ဆုံးရှုံးနေတာ မျိုးဆက် (၂) ဆက်ကနေ (၃) ဆက်ဖြစ်လာတဲ့အခါကျတော့ လူတွေကလည်း အဲဒီလို ဘာမှမရတာကိုက ပုံမှန်လို့ ထင် ကုန်ကြတဲ့အထိ၊ ကျနော်တို့တိုင်းပြည်ကလူတွေဟာ ဒီမှာတိရိစ္ဆာန်တွေကိုပေးထားတဲ့အခွင့်အရေးရဲ့ တ၀က်တောင် လူ့ အခွင့်အရေးကို မရကြဘူးဗျ၊ အဲဒါကိုက နာကျည်းဖို့ ရှက်ဖို့ကောင်းနေတာ”

အောင်နိုင်က လယ်မှူးလိုလည်း ရွာပုန်းရွာရှောင်ဘ၀နဲ့ မြေမြှုပ်မိုင်းတွေကြားမှာ မပြေးလွှားခဲ့ရဘူးသလို မြို့ပေါ်က ပါတီ အဖွဲ့တွေနှင့်လည်း အလှမ်းကွာဝေးခဲ့သူမို့ သည်လိုဒုက္ခတွေအကြောင်း ပြည်တွင်းမှာတုန်းက တကယ်ကိုမသိခဲ့တာအမှန်။ သို့သော် လက်သည်းဆိပ်လျှင်တော့ လက်ထိပ်က နာရမှန်းသိအောင်တော့ အောင်နိုင့်မှာ လူသားဆန်သည့် အသိနှင့် ခံစားချက်ရှိနေသည်။ ထို့ကြောင့် စောလယ်မှူးကိုရော ကိုလင်းထွန်းကိုပါ စာနာနားလည်နိုင်ပါသည်။

***********

အောင်နိုင်ဆီက ဖုံးချသွားသည်အထိ ကိုဝေငြိမ်း ဖုံးကို မပိတ်ဖြစ်သေးဘဲ စပီကာကိုငေးကြည့်နေမိသည်။ သူ ဒီကို ရောက်ကာစက အမဲသားထုတ်စက်ရုံသို့ အင်တာဗျူးဝင်ခဲ့သည့်အဖြစ်ကို ပြန်လည်သတိရမိသောကြောင့်ဖြစ်သည်။
အဲသည်တုံးကလည်း စကားပြန်က မြန်မာလူမျိုးပါပဲ။ စကားပြန်ဆိုတာထက် တကယ်တော့ ပွဲစားလို့ ပြောရင် ပိုမှန်မှာပါ။ ပြီးတော့ ပတ်စ်ပို့နှင့်လာသည့်သူ။ အဲသည်ခေတ်က ဒုက္ခသည်အနေနှင့် အမေရိကန်ကိုလာသူက သည်လောက်လည်း မများလှသေး။ နောက် ပတ်စ်ပို့နှင့်လာသူတွေက ဒုက္ခသည်အဖြစ်နှင့်လာသူတွေဆိုလျှင် မတူမတန်သလိုလို ဆက်ဆံတတ် ကြသည်။ ဒါမှမဟုတ် သူပုန်တွေ…ဆိုပြီး သူတို့နှင့်ခေါ်ပြောမိလျှင်ကိုယ်ပဲ သိက္ခာကျသလိုလို… ဒါမှမဟုတ် သူတို့အကျိုး စီးပွားပဲ ပျက်တော့မှာလိုလို ရှောင်ဖယ်ကြသည်။ သူများတိုင်းပြည်မှာ လာတွေ့ရတဲ့ဗမာလူနည်းစုလေး စုစည်းညီညွတ်စွာ နေလိုသည့်စိတ်နှင့် ချဉ်းကပ်မိသူ ကိုယ်သာလျှင် နာကျင်ခံခက်သော ဝေဒနာတွေနှင့် ကျန်ရစ်ခဲ့ရတတ်သည့်အတွက် နောက်ဆို ပတ်စ်ပို့သမားများကို ကိုယ်ကပဲ ဦးအောင်ရှောင်ရသည်ကလည်း တဒုက္ခ။

သည်လိုနှင့် သူအလုပ်ရှာရင်း အမဲသားထုတ်သည့်စက်ရုံသို့ ရောက်သွားခဲ့သည်။ တကယ်တော့ တက္ကသိုလ်ကျောင်းသား ဘ၀နှင့် တောထဲရောက်ခဲ့သူတယောက်အတွက် အင်္ဂလိပ်စကားကို အနည်းအကျဉ်းတော့ သူတတ်နိုင်ခဲ့ပါသည်။ သို့သော် ပွဲစားက သူပဲပြောမယ်ဆိုတော့ ပြောပေါ့။
ပြဿနာက ပွဲစားက အမေရိကန်မှာ အနေကြာ၍ပဲ ဗမာစကားအသုံးအနှုန်းကို မေ့သွားလို့လားတော့မသိ။ အပြောမတတ် တော့ ဆဲသလိုဆိုသည့်အဖြစ်မျိုးနှင့် ကိုဝေငြိမ်းတိုးခဲ့ရလေသည်။

“မင်းက လူငယ်လည်းဖြစ်၊ လက်နက်ကိုင်ပြီး လူတောင်သတ်လာသေးတာ၊ နွားသတ်တဲ့နေရာမှာ နေပါလားကွ။ ပိုက်ဆံပို ရတယ်”

ခန္ဓာကိုယ်ထဲမှာလှည့်ပတ်နေသမျှသွေးလွှတ်ကြောသာမက သွေးပြန်ကြောတွေထဲကပါ ဖျဉ်းကနဲကျဉ်တက်သွားသည်။ သွေးကြောတွေ ပေါက်ကွဲ ပြတ်ထွက်ပြီးတော့များ သွေးစိမ်းရှင်ရှင်ပန်းထွက်နေသလို တဖျဉ်းဖျဉ်း နာကျင်လိုက်ခဲ့တာ ရိုးတွင်းချဉ်ဆီထဲအထိ နက်နက်ရှိုင်းရှိုင်း။

အလိုလိုဆုပ်မိပြီးသားဖြစ်သွားသည့်လက်သီးကို အဲဒီလူရဲ့ မေးရိုး ပေါ်ချက်ခြင်းရောက်မသွားဖြစ်အောင် အံကိုတင်းတင်း ကြိတ်ပြီး ထိန်းထားခဲ့ရသည်။ ကိုဝေငြိမ်းသာ နဂါးတကောင်ဆိုလျှင် အဲသည်လူ ပြာအတိကျသွားမှာသေချာပါသည်။ လူမျိုးခြားရှေ့မှာ ကိုယ့်ပေါင်ကိုယ်လှန်မထောင်းလိုသည့်အတွက် ထိန်းချုပ်ထားလိုက်ရသည့် ဒေါသမီးက ကိုဝေငြိမ်း၏ နှလုံးသားကို တဟုတ်ဟုတ်နှင့် လာဟပ်နေခဲ့သည်။

“ကျုပ်။ လက်နက်ကိုင်ခဲ့တယ်။ ကျုပ်ကျည်ဆံကြောင့် တဖက်လူ သေလား မသေလား ကျုပ်မသိခဲ့ဘူး။ ကျုပ်သိတာက မတရားအနိုင်ကျင့်မှုမျိုးကို ဘယ်နေရာမှာမှ၊ ဘယ်သူကိုမှ သည်းခံမှာမဟုတ်ဘူး။ သာမန်အချိန်မှာ ကျုပ်က ပရွက်ဆိတ် တကောင်၊ ခြင်တကောင်ကိုတောင် သေစေလိုတဲ့စိတ်နဲ့ဖိမသတ်ရက်ဘူး။ ဒါပေမယ့် ကျုပ်တို့ကျောင်းသားတွေရဲ့ တော် လှန်ရေးဖြတ်သန်းမှုနဲ့ ရပ်တည်ချက်ကို စော်ကားမယ်ဆိုရင်တော့ ကျည်ဆံမလိုဘူးဗျ၊ တခါမှ ကြက်တကောင်ကို တောင် လည်လိမ်မချိုးခဲ့ဘူးပေမယ့် လိုအပ်ရင် လူတယောက်လည်ပင်းကိုလိမ်ချိုးပစ်ဖို့ လက်တွန့်နေမယ့်ကောင်တော့လည်း မဟုတ်ဘူး”

အဲသည်ပွဲစားမျက်နှာ မည်းကနဲဖြစ်သွားသည်။ သူတို့နှစ်ယောက်ရဲ့စကားကိုစောင့်နေသည့် မန်နေဂျာက အခြေအနေ တင်းမာနေတာကို ငြိမ်ပြီးစောင့်ကြည့်နေခဲ့သည်။

ကိုဝေငြိမ်းမျက်နှာရဲ့တင်းမာမှုနှင့် ဆုပ်ထားသည့်လက်သီးရဲ့ပြင်းအားကို တွက်ဆမိပုံနှင့် ပွဲစားက ဘာမှဆက်မပြောရဲခဲ့။ တကယ်လို့ ဒါမျိုးနောက်တခွန်းထပ်ပြောလျှင်လည်း ကိုဝေငြိမ်း တကယ်စိတ်ထိန်းနိုင် တော့မှာမဟုတ်။ သုဝဏ္ဍက ကျောမှာ ဒဏ်ရာတွေနဲ့လေ….

နောက်တော့ ကိုဝေငြိမ်းက မန်နေဂျာဘက် လှည့်ကာ တိုက်ရိုက်စကားပြောခဲ့ပြီး ကျောခိုင်းထွက်လာခဲ့တော့သည်။
မင်းတို့လုပ်ငန်းကိုစိတ်ဝင်စားပေမယ့် ဒီသဘောက်မသားနဲ့အလုပ်လုပ်နေရရင် ငါ လူသတ်မှုဖြစ်လိမ့်မယ်။ ဆောရီးပဲ….ဟု။

ဒေါင်းတိမောင်းတိ ကြိမ်းဝါးလာခဲ့ပြီး အပြင်ရောက်လို့ ဘယ်သူမှ အနားမရှိတော့မှ လမ်းဘေးသစ်ပင်ကို လက်သီးနှင့်ထိုး ခေါင်းနှင့်တိုက်တိုက်ပြီး ရင်ကွဲမတတ်ငိုခဲ့မိသည်။ ပြောရက်လေခြင်း၊ လက်နက်ကိုင်ဖူးတယ်၊ နွားသတ်တဲ့။

ကံ့ကော်တန်းနဲ့ သစ်ပုပ်ပင်အိမ်မက်ရဲ့ လှပတဲ့နိဂုံးမှာ ဘွဲ့ဦးထုပ်ကလေးဆောင်း၊ ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ချစ်သူနဲ့တွဲ… မိဘတွေနဲ့တွဲကာဓာတ်ပုံရိုက်ရင်း အဆုံးသတ်ခွင့်မသာခဲ့တဲ့ ငါတို့ရင်ထဲက သေရာပါမယ့် အမာရွတ်တွေကို မမြင်နိုင်လောက်အောင် မင်းဟာ လူမှဟုတ်ရဲ့လားကွာ…ဟု အဲသည်လူကိုမေးလိုက်ချင်သည်။

ကြက်စက်ရုံ..၀က်စက်ရုံတွေဆိုတဲ့အသံကြားရလျှင် ဝေငြိမ်းရင်ဘတ်ထဲက အနာက အစိမ်းလတ်လတ်လို ပြန်ပြန်နာလာတတ်ပါသည်။ ဘယ်တော့မှ မကျက်မဲ့ ဒဏ်ရာတွေ….
*******************

ခွာညို
ဇန်န၀ါရီလ (၁၆) ရက်

Saturday, March 27, 2010

တံလျှပ်ရွေပြည် - အပိုင်း (၇)



အွန်လိုင်းမှာ လာစုမိနေကြသည့် ငယ်ငယ်တုံးက သူငယ်ချင်းတွေရဲ့နံမည်သစ်တွေကို ငေးမောရင်ခုန်လျှက် စိတ်လှုပ်ရှားနေမိသည်။ ဥရောပကတယောက်….အမေရိကားကနှစ်ယောက်၊ နော်ဝေကတယောက် အင်္ဂလန်ကတယောက်၊ ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းထဲက ၃ ယောက်… ကိုယ်ကမြန်မာပြည်ထဲက …ကိုယ့်အကြောင်း သူ့အကြောင်းတွေဖလှယ်လိုက်ကြတာ အချိန်တွေ အကုန်မြန် လိုက်တာ… ဟုပင် နာရီလက်တံကို နောက်ပြန်ဆွဲထားလလိုက်ချင်သေးသည်လေ။
“အခု ငါတို့နေရာမှာ အရမ်းအေးနေပြီ။ ဒီနေ့ရေခဲမှတ်အောက်ကျနေတယ်” ဟု အမေရိကန်က သူငယ်ချင်းဝေငြိမ်းဆီက စာတန်း လေးတက်လာသည်။ ခနနေရင် ငါ့အိမ်ရှေ့ကနှင်းပုံနဲ့ဓာတ်ပုံရိုက်ထားတာပို့ပေးလိုက်မယ်ဟု ဆက်ရေးလာသည်။ “မင်းက အေးတာ စာဖွဲ့နေ ငါနေနေတဲ့ နော်ဝေမှာ နေ့ခြောက်လ ညခြောက်လနဲ့သွားနေတာ၊ နေရောင်မြင်ဖို့မပြောနဲ့ နေ့အလင်းရောင်တောင် မရှိဘူးဟ” ဟု နော်ဝေကသူငယ်ချင်းက ၀င်ပြောသည်။ ညခြောက်လဆိုသည့်စကားက ကိုမျိုးနိုင်စိတ်ကို အတော်လေး ပုတ်နှိုး လိုက်သည်။ နိုင်ငံများစွကို သူက နိုင်ငံရေးရှုဒေါင့်ကသာလေ့လာမှတ်သားခဲ့ဖူးသည်။ ပထ၀ီဝင်အနေအထားအရမှာတော့ သူ အတော်လေး လေ့လာဖို့လိုသေးတာပဲဟု တေးမှတ်လိုက်သည်။ သည်အချိန်မှာပဲ ဝေငြိမ်းပို့လိုက်သော သူ့ဓာတ်ပုံရောက် လာသည်။
“မင်းဓာတ်ပုံရောက်လာပီ”ဟု လှမ်းပြောတော့ ဝေငြိမ်းက “မင်းတို့ဆီကအင်တာနက် access တွေက အရမ်းနှေးတယ်ဆိုလို့ ပုံဆိုက်ဒ်တွေချုံ့ပေးလိုက်တယ်။ ပုံအရည်အသွေးကတော့ သိပ်ကောင်းမှာမဟုတ်ဘူး။ အမှတ်တရမြင်ရရုံပေါ့ကွာ” ဟုပြန်ရေးသည်။
နှင်းတွေဖွေးနေသောအိမ်ရှေ့မှာ ထွက်ရပ်နေသော သူငယ်ချင်းရဲ့ မျက်နှာက အရင်ကထက် ဖြူလာသော်လည်း နှင်းတော ထဲမှာ ထူပွသောအ၀တ်ကြီးထဲဝင်နေရသော သူငယ်ချင်းမျက်နှာမှာ မြန်မာဆန်သောအငွေ့တွေ မပျောက်သေးတာ ကိုတော့ သူ ခံစားရဆဲဖြစ်သည်။
“မင်းက ဆံပင်ရှည်ကို ခုထိကြိုက်တုံးနော်”
 “ကြိုက်လို့မဟုတ်ဘူးဟ၊ အမေရိကန်ငွေချေစနစ်ကိုမကြိုက်လို့မညပ်တာ။ မင်းစဉ်းစားကြည့်ကွာ။ ဆံပင်ဆိုင်ထဲဝင်သွား တော့ လျှော်တာနဲ့ ညပ်တာ (၁၆) ဒေါ်လာလို့ရေးထားတယ်။ အိုကေ ပေါ့လေ။ ခေါင်းလျှော်တော့လည်း ရှမ်ပူတွေ ပြောင်အောင် ရေကိုသေချာများများသုံးပြီး ပြန်ဆေးမပေးဘူး။ ထားပါတော့ အိမ်ပြန်ရောက်ရင် ပြန်လျှော်မယ်ပေါ့။ ဆံပင်ဖြတ်ပီးတော့ ငါ့ဆံပင်က အထူကြီးနဲ့ ရေကစက်လက်ပဲရှိသေးတယ်။ အဲဒီအမျိုးသမီးက မေးတယ်။ Do you want your hair to be dry, if you want to you have to pay $5 more, totally $21. တဲ့”
ဘောက်စ်ထဲမှာ ရယ်ပုံမျိုးစုံ အီးမိုရှင်နယ်အရုပ်ကလေးတွေ ပလုံ ပလုံ..ဆိုပြီးတက်လာကြသည်ကိုကြည့်ရင်း ကိုမျိုးနိုင် ရယ်မိ လေသည်။
“ခေါင်းလျှော်ရင် ခြောက်အောင်ပြန်လုပ်ပေးရတာ ဆံပင်ညပ်ဆိုင်တွေရဲ့ထုံးစံပဲ။ မင်းနားကြားလွဲလို့လားကွာ”
“ဟေ့ကောင်၊ ငါ ဒီမှာနေတာဆယ်နှစ်ကျော်ပီကွ၊ ဒီအခြေခံစကားလောက်ကို နားမလည်လောက်အောင် မထူဘူး၊ It is really nasty business.”
ဒိန်းမတ်ကနေ လှမ်းမေးပြီးဆွလိုက်သော ဆွေမျိုးက အီမိုးရှင်နယ်ရုပ်ကလေးပေါင်းများစွာကို အတောမသတ်လွှတ် ပေးနေ တော့သည်။
“ပီးတော့ တစ်ပ်မဲန်းနီးကလည်းပေးရသေးတယ်။ တကယ်ရွံဖို့ကောင်းတဲ့ စီးပွားရေးပုံစံ၊ ငါနားလည်တာက တစ်ပ်ပေးတယ် ဆိုတာ ကပ်စ်တမ်မာက ၀န်ဆောင်မှုကောင်းတဲ့ အလုပ်သမားကို သဘောကျလို့မုန့်ဖိုးပေးတယ်လို့ပဲ။ ဒါပေမယ့် ဒီမှာက ရာခိုင်နှုန်းနဲ့ ပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရှင်က အလုပ်သမားကို လခနည်းနည်းလေးပဲပေးထားပီး တစ်မန်းနီးကသာ သူတို့ တကယ်ရတဲ့လခလိုမျိုးလုပ်ထားတာကိုး။ တကယ်တန်းကျ သူ့အလုပ်အတွက်သူငှားထားတဲ့အလုပ်သမားကို ကပ်စ်တန်မာက လခ ပေးနေရတာပဲ။ အလုပ်သမားလခကို တခါတည်းတင်ယူထားပီး သူ့ဖာသာသူပေးတာက စိတ်ထဲ ခံသာသေးတယ်။ အခုကျတော့ သက်သက်မဲ့လူပါးအ၀ခံနေရသလိုခံစားရတယ်။ အခွန်လည်းဖြတ်တယ်။ တစ်ပ်လည်း ပေးရတယ်။ စားသောက်ဆိုင်များသွားရင် ထိုင်ခပါပေးရသေးတယ်။ အဲဒါကြောင့် ငါဆံပင်မညပ်ဘူး။ ဆိုင်မှာထိုင်စားတဲ့ အကျင့်သိပ်မလုပ်ဘူး။ ဆံပင်သိပ်ရှည်လာရင်တော့ ကင်ဆာရောဂါဖြစ်လို့ ခေါင်းပြောင်နေတဲ့ လူနာတွေအတွက် ဆံပင်တုလုပ်ဖို့ သွားလှူလိုက်တယ်”
“နေရာတခုမှာ ဆယ်နှစ်ကျော်နေပီးတာတောင် အသားကျမလာသေးဘူးဆိုရင် ပြဿနာရှိတယ်နော်” ဟု အင်္ဂလန်က သူငယ်ချင်းက လှမ်းသတိပေးသည်။
“ငါသိပါတယ်။ ဒါပေမယ့် တတ်နိုင်သမျှ လိုက်လျှောညီထွေနေနိုင်အောင်ကြိုးစားပါတယ်။ ဒါပေမယ့် တချို့အခုလိုဟာမျိုးမှာတော့ ငါ့စိတ်ငါ အလိုလိုက်ထားမိတာပဲ။ ဘယ်သူ့မှမထိခိုက်ဘူးလေ။ ငါ့ပိုက်ဆံငါချွေတာတာ။”
 “ငါတို့တိုင်းပြည်လောက်တော့ ရာသီဥတုအဆင်ပြေ၊ အစစအရာရာပြည့်စုံချစ်ဖို့ကောင်းတဲ့မြေမျိုး မရှိတာတော့ အမှန်ပါပဲကွာ”
အိမ်လွမ်းနာကျနေကြသည့် သူငယ်ချင်းတွေစာကိုဖတ်ရတော့လည်း ဒီမှာ မွန်းကျပ်မှုနဲ့ တင်းခံနေရတာက အမှန်လား။ အပြင်ကို လွတ်မြောက်အောင်ထွက်သွားနိုင်ကြသူတွေက အမှန်လား ကိုမျိုးနိုင်စိတ်မှာ မဝေခွဲတတ်အောင်ဖြစ်ရပြန်သည်။
“ငါတို့ကတော့ မင်းရွံနေတဲ့ အခင်းအကျင်းတွေဆီကို တိုးဝင်ဖို့ ခြေလှမ်းကျွံမိပြီး ဝေငြိမ်းရေ” ဟု ကမ့်ထဲက သူငယ်ချင်းတွေက ၀င်ပြောလာသည်။
“ဒါကတော့ ကိုယ်ကျရာဇာတ်ရုပ်အတိုင်း ရွေ့ကြရတာပဲ။ အမှန်အမှားဆိုတာက အခြေအနေနဲ့ အချိန်အခါအလိုက် လူပုဂ္ဂိုလ် တယောက်ချင်းစီကြုံရတဲ့ သီးသန့်အခက်အခဲအလိုက် သီးသန့်တည်ရှိနေမှာပါ။ ဒါကို စိတ်ပျက်နေဖို့ ကိုယ့်အစီအစဉ်ဖျက်ပစ်ဖို့တော့ မလိုပါဘူးကွာ”
ဒိန်းမတ်ကသူငယ်ချင်းကတော့ မင်းစီးပွားရေးအဆင်ပြေရဲ့လား ဟု ကိုမျိုးနိုင်ကို လှမ်းမေးသည်။ သူငယ်ချင်းတွေထဲက ဘယ်သူ တွေ အထဲရောက်နေပြီး ဘယ်သူတွေက အပြင်မှာလည်း…ဆက်ပြီးတိုက်ပွဲဆင်နေတဲ့သူငယ်ချင်းတွေ ဘယ်နှစ် ယောက် ကျန်သေး လဲဆိုတာကိုတော့ ဘယ်နိုင်ငံကသူငယ်ချင်းကပဲဖြစ်ဖြစ်မေးရှာကြသည်။ နောက်ပြီး သူတို့က ထောင်ထဲရောက်နေသော သူငယ် ချင်းတွေ၏မိသားစုတွေကို ထောက်ပံ့ဖို့စကားပြောကြသည်။ 
အားလုံးတပြေးညီ သဘောတူနိုင်ကြတာက တော်လှန်ရေး လုပ်မည့်မျိုးဆက်သစ်လူငယ်တွေမှာ အသိတရားနှင့် ခေတ်နှင့်လျှော်ညီသော အသိပညာ အတတ်ပညာတွေ လိုအပ်သည်ဆို တာပါပဲ။
အင်္ဂလိပ်စာအရမ်းညံ့သော တောသားကိုအောင်ဆန်းကလေးက နိုင်ငံရေးကိုတစိုက်မတ်မတ်လုပ်လာချိန်တွင် အင်္ဂလိပ် တွေဆီက လွတ်လပ်ရေးတောင်းဖို့ အင်္ဂလိပ်စကားပြောတတ်ဖို့လိုကြောင်း ပြောခဲ့ရေးခဲ့တာကို သူတို့ပြန်သတိရကြသည်။ ကိုအောင်ဆန်းက သူကိုယ်တိုင်ပြောတာကို ဖြစ်အောင်လည်း လုပ်နိုင်ခဲ့သည်။
အာဏာပိုင်တို့၏သားသမီးများက ခေတ်မီပညာရေးကိုသင်ကြားနိုင်ချိန်မှာ ကိုယ့်ဘက်ကမျိုးဆက်က အခြေခံပညာ အထက်တန်း စရိတ်လောက်ကိုပင် မတတ်နိုင်တော့သည့်အတွက် ဈေးတောင်းခေါင်းရွက် နေရသည့်သမီးတွေ… ဆိုက်ကား နင်းနေရသည့်သား တွေရဲ့ မျိုးဆက်အကြောင်း သူတို့ဆွေးနွေးဖြစ်ကြသည်။ အိမ်လခ..ထောင်ဝင်စာ… ဆန်ဖိုး.. ဆိုတာတွေရဲ့အောက်မှာ နစ်မြုပ် နေရသည့် လူငယ်ဘ၀တွေကို သူတို့ပစ်ပယ် လျစ်လျှူရှုထားပါက မျိုးဆက်တွေ တဆက်ပြီးတဆက် ညံ့သထက်ညံ့လာလျှင် တိုင်းပြည်ကို အဖတ်ဆည်၍မရနိုင်တော့မှာကို တွေးပူမိသည်။
“အဲဒီတော့ကွာ၊ ပညာတော်ရဲ့သားနဲ့ အလုပ်တဖက်နဲ့ မိသားစုကိုထောက်ပံ့နေရလို့ ပညာရေးမှာ အခက်တွေ့နေတဲ့ ဘယ်ကလေးမဆိုကို ထောက်ပံ့ဖို့ ငါတို့ တခုခုစီစဉ်ကြရအောင်။ ကိုယ့်ပတ်ဝန်းကျင် တနိုင်တပိုင်စီပေါ့”
“မင်းက အတွင်းမှာရှိနေတဲ့သူဆိုတော့ မင်းပဲပြောလေ။ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ”
“ငါတို့အနေနဲ့ ကလေးတွေဘာလုပ်ချင်တယ်ဆိုတာ အရင်သိဖို့လိုမယ်။ ဥပမာ အင်္ဂလိပ်စာသင်တန်းတက်ချင်တဲ့သူကို ကျူရှင်လခ ထုတ်ပေးနိုင်ဖို့”
“တခုရှိတာက ငါတို့က ပိုက်ဆံပို့ပေးနိုင်ရင်တောင် သူတို့အချိန်ကို သူတို့မဲန်းနိတ်ခ်ျလုပ်နိုင်မလား ဆိုတာ ထည့်တွက်ဖို့ လိုမယ်။ မိသားစုအတွက်လိုအပ်ချက်အတွက် တပတ်မှာ ခုနစ်ရက်လုံးအလုပ်လုပ်နေရတဲ့လူငယ်တွေအများကြီးပဲ။ ဒါတောင် ငွေကြေးဖောင်းပွတဲ့ဒဏ်ကြောင့် တလနဲ့တလ အလျဉ်မမီကြဘူး”
“ငါစဉ်းစားမိတာတခုပြောမယ်နော်”  ဟုနော်ဝေက အေးအေးတင့်က ၀င်ပြောသည်။
“အင်း”
“ငါ့အနေနဲ့ အခုလောလောတယ် နှစ်ယောက်တာဝန်ယူနိုင်တယ်။ ပညာရေးစရိတ်ပေါ့။ အဲဒီနှစ်ယောက်ကို ကွန်ပြူတာနဲ့ အင်တာနက် သင်စရိတ်အရင်ဆုံး ငါပို့ပေးရမယ်ဆိုရင် ဘယ်လောက်ကုန်မလဲ။ အင်တာနက်ကနေ သူတို့လေ့လာချင်တာတွေ လေ့လာလို့ ရတယ်ဆိုတာကို အရင်ဆုံးပေးသိချင်တယ်ကွာ။ လူငယ်တွေဘယ်လို ရုန်းကန်နေကြသလဲ။ ဘယ်လို ကြိုးစားနေကြသလဲဆိုတာကို သူတို့ကိုယ်တိုင်တွေ့စေချင်တယ်”
“အဲဒီအကြံမဆိုးဘူး။ ငါက အခုလောလောဆယ် အလုပ်ကပုံမှန်မဟုတ်သေးတော့ တယောက်လောက်တော့ တာဝန်ယူပါ့မယ်” ဟု ဝေငြိမ်းကလည်း ဖြည့်စွက်သည်။
“တကယ်လို့ ပညာဒါနတွေက စာသင်ကောင်းတယ်။ ပေးစရာသိပ်မလိုဘူး။ ဒါပေမယ့် ကျောင်းသွားတက်ဖို့ မိသားစုဝင်ငွေအတွက် အလုပ်လုပ်နေရတဲ့အချိန်ကို မလျှော့နိုင်လို့ ကျောင်းတက်ချိန်မရတာမျိုးဆိုရင် ငါ့ကိုပြောပါ။ ကျောင်းတက်ချိန်တွေမှာ အလုပ်ပျက်လို့ လိုအပ်သွားမယ့်ငွေကို ငါပို့ပေးမယ်။ ပညာဒါနမှာ သူတို့ကျောင်းတက်ဖြစ်ပါစေ။ ငါနဲ့မပြတ်ဆက်သွယ်ထိတွေ့နေပါစေ။ သူတို့ရဲ့တိုးတက်မှုကိုလိုက်ပြီး အဆင့်မြင့်ပီး စာထပ်သင်ချင်တယ်ဆိုရင် ငါ ဒီမှာ လိုက်ပြီး အလှူခံမယ်။ အဲဒီလိုကလေးမျိုး နှစ် ယောက်စာ ငါတာဝန်ယူမယ်”
ထို့နောက် ကမ့်ထဲက သူငယ်ချင်းများကို လှည့်ကာမေးဖြစ်ကြပြန်သည်။
“ကမ့်ထဲက အခြေအနေရောဘယ်လိုလဲ”
“စိတ်ပျက်စရာတော့ တော်တော်ကောင်းတယ်ကွ”
“ဟုတ်လား။ ဘာဖြစ်လို့လဲ”
“ဒုက္ခသည်စခန်းထဲကိုဝင်လာတာ သူဌေးတွေချည့်ဖြစ်နေလို့ဟေ့”
“ဟားဟားဟး”
အဲဒီကိစ္စက အွန်လိုင်းမှာပျံ့နေပီးသားသတင်းဟောင်းပါကွာ၊ ဒုက္ခသည်ဖြစ်ချင်လို့ ဒုက္ခရောက်နေကြရတဲ့ ကမ္ဘာကျော်သတင်းတွေ”
“ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် မွန်းကျပ်လှောင်ပိတ်နေတဲ့နေရာကနေ လွတ်မြောက်ချင်တာ လူ့သဘာဝပဲ မဟုတ်လား။ အပြစ်ပြောလို့တော့ မရဘူး။ ဒါလည်း လွတ်လပ်စွာရွေးချယ်ခွင့်ပဲ။ တခုပဲရှိတယ်လေ။ အင်မီဂရေးရှင်းက အင်တာမဗျူးခင်မှာ ညာဘက်လက်ထောင်ပြီး အမှန်အတိုင်းပြောပါ့မယ်လို့ ကျိန်ရမှာနဲ့ ကျိန်စာကို အလေးမထားဘူးဆိုရင် ဘယ်သူမဆို လွတ်လပ်စွာပြောရေးဆိုခွင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတာပဲ”
“အဲဒါကိုက သူတို့မှားတာ”
“ဘယ်သူမှားတာလဲ။ ဘယ်လိုမှားတာလဲ”
“သံရုံးအင်တာဗျူးလေ။ ကျိန်ဖို့ထောင်ခိုင်းတာကိုက ညာဘက်လက်ဆိုတော့ ညာတော့မှာပေါ့ဟ”
“ဟားဟားဟား”…ဆိုသည့်စာလေးတွေက အကန့်တိုင်းက တက်လာသည်။
“အင်း…မင်းပြောမှ သူရ ရဲ့ လွှတ်တော်ထဲမှာ ခေါင်းပေါင်းကြီးတွေအကုန်လုံးညာချနေကြတယ် ဆိုတာကို ပြန်သတိရ မိပြန်ရော”
“သူရအကြောင်းပြောတော့ တခုသတိရပြန်ပီ။ ငါတို့သင်္ကြန်မင်းသားရဲ့ နောက်ကြည့်မှန် တော်တော်ကောင်းတယ်ကွ”
“ငါတို့သင်္ကြန်မင်းသားရဲ့ နောက်ကြည့်မှန်” ဟု ကိုမျိုးနိုင်က သံယောင်လိုက်စာတကြောင်း ကိုဝေငြိမ်းကိုပြန်ပို့လိုက်သည်။ 
“အေးလေ သူအပြင်ခနထွက်တုံးရေးသွားတာလေ။ ဒီဘက်မှာထုတ်တယ်။ တော်တော်ကောင်းတယ်။ (၁၄) နှစ်လောက် အပိတ် အလှောင်ခံထားရပီး ငပိပိုးထိုး ပဲပိုးထိုးစားရင်းထွက်တဲ့ စာပေက ရိုးရိုးရှင်းရှင်းလေးနဲ့ အရပ်ဆန်ဆန်လေး။ ငါသူ့ကို တကယ် ချီးကျူးတယ် လေးစားသွားတယ်”
ကိုမျိုးနိုင် အတော်ကြာစဉ်းစားတော့မှ မင်းကိုနိုင်ကို ရည်ညွှန်းနေတာ သတိရသည်။ သူ့သူငယ်ချင်းတွေက အင်တာနက် ဆိုင်တွေကို ရုတ်တရက်ဝင်ဝင်စစ်တတ်သည့်သတင်းတွေကြောင့် တတ်နိုင်သမျှ အမည်ရင်းတွေကို ထည့်မရိုက်ပေးကြဘဲ ကိုယ့်ဘာသာ စကားနဲ့ကိုယ် ပြောတတ်ကြသည်။ မင်းကိုနိုင် ၀တ္ထုတပုတ်ရေးသွားသည် ဆိုသည့်သတင်းကို ခပ်သဲ့သဲ့တော့ သူကြားခဲ့မိသည်။
“ငါဖတ်ချင်လိုက်တာကွာ”
“scan ဖတ်ပီး မင်းဆီကို ငါပို့ပေးမယ်”
အော်…ကိုယ့်တိုင်းပြည်အတွင်းက ကိုယ့်နိုင်ငံသားရေးသည့်ဝတ္ထုကို နိုင်ငံခြားကတဆင့်ပို့မှ ဖတ်ရသည့်အဖြစ်ကို အောင့် သီးအောင့် မျက်ခံလိုက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်ရေးသည့်စာအုပ်တွေလည်း ထိုနည်းလည်းကောင်း။ ကိုယ့် နိုင်ငံက ကမ္ဘာကျော် နေတဲ့စာရေးဆရာမစာအုပ်အဖြစ် နိုင်ငံတကာက လွတ်လွတ်လပ်လပ်ဖတ်ရှုနိုင်ကြ ကျောင်းသုံးစာအုပ်တောင် ပြဌာန်းကြဖြစ် နေချိန်မှာ မြန်မာပြည်သားတွေကတော့ ခိုးကြောင်ခိုးဝှက်ဖတ်နိုင်ဖို့တောင် အတော်လေး အဆက်အသွယ်ရှာရသည်။ မိသွားလျှင်လည်း အနည်းဆုံး (၇) နှစ်။
“ငါတို့ထွက်လိုက်တော့မယ်။ နောက်မှာ အင်တာနက်သုံးဖို့တန်းစီစောင့်နေကြတဲ့သူတွေရှိလို့” ဟု ကမ့်ထဲက သုံးယောက်က နှုတ်ဆက်သည်။ အချိန်တွေမတူကြတော့ တချို့က အိပ်ချိန်ပေမယ့် တချို့အတွက်ကျတော့ အလုပ်သွားချိန်ဖြစ်နေသည်။
“ငါလည်း ခနနေရင် သွားရတော့မယ်။ တွေ့စရာရှိတယ်။ နောက် ဘတ်စ်ကားစောင့်ရတဲ့အချိန်တွေလည်း ထည့်တွက် ရသေးတယ်” ဟု ကိုမျိုးနိုင်က သူငယ်ချင်းတွေအားလုံးကို တခါတည်းနှုတ်ဆက်လိုက်သည်။
မင်း လုပ်နေတာတွေနဲ့ ထပ်ပြီးလုပ်ချင်တာတွေကို ငါတို့ကိုပြောပါ။ ငါတို့ကတော့ မင်းတို့ကိုပံ့ပိုးပေးဖို့ကလွဲရင် ဘာမှ မတတ်နိုင် တော့ဘူးကွာ။ အထူးသဖြင့် ငါတို့သူငယ်ချင်းတွေရဲ့ ကလေးတွေပညာရေးတွေမှာ အခက်အခဲဖြစ်နေရင် ငါ တို့ကို ချက်ခြင်းပြောပါ။ ငါတို့ တတ်နိုင်သလောက်ဝိုင်းစောင့်ရှောက်ရမယ် ဟူသောစာတန်းလေးတွေကိုဖတ်ရင်း ကိုမျိုးနောင် ရင်ထဲဆို့လာသည်။ ကြည်နူး ပီတိနှင့်ဆို့သောရင်ပါ။ တကယ်မလုပ်ဖြစ်စေအုံးတော့ သည်လိုစကားနှင့် အားပေးဖော်ရလျှင်ကိုပဲ သူတို့အနေနှင့် အားကိုးစရာ ကောက်ရိုးတမျှင်ကို ရလိုက်သလိုပါပဲ။
လိုအပ်နေတာက ဟိုဘက် ဒီဘက်မျိုးဆက်ချင်းယှဉ်လျှင် ကိုယ့်ဘက်က အပြတ်အသတ်နိမ့်ကျမကျန်ရစ်စေဖို့ပါပဲ။


ရုံးတက်ချိန်ဖြစ်သည့်အတွက် ဘတ်စ်ကားက ထုံးစံမပျက်လူကြပ်လှသည်။ လမ်းတ၀က်က ဖြတ်တက်သူ ခင်လေးတို့လို လူတွေ အတွက် နေရာရဖို့ဆိုတာ ဘုရားပေးတဲ့အခွင့်ထူးတခုလိုမို့ ဘယ်တုံးကမှ ဘတ်စ်ကားကို နေရာနှင့်မစီးခဲ့ရ။ တခါတရံ ကိုယ်က နေရာ ရနိုးနိုးမျှော်လင့်ချက် ၀ိုးတ၀ါးလေးကို အားပြုပြီး ကိုယ့်ကို ဖိတိုးနေသူများ၏အင်အားကို ခုခံရင်း ခုံနေရာတခုခုဘေးမှာ တွယ်ကပ် ရပ်နေခဲ့ကျိုးနပ်စွာ နေရာရတတ်သော်လည်း တမှတ်တိုင် နှစ်မှတ်တိုင်လောက်ပဲ ထိုင်ရသေးသည်။ ဘုန်းကြီးတို့… သက်ကြီး ရွယ်အိုတို့…သားသည်မိခင်တို့ကို မြင်လျှင် မသိကျိုးကျွံပြုကာ ထိုင်နေရာမှာ စိတ်မလုံတာနှင့်ပဲ မတ်တပ်က မတ်တပ်ပဲဖြစ် သွားရတာပါပဲ။ မတ်တပ်သာစီးနေရ… ကားခတွေကလည်း တက်လိုက်သည်မှာ သကြားမင်း ငယ်ထိပ်မှာ သွားကပ်နေသည့်ဈေး… ခေါင်ကိုခိုက်လို့။
“ငါးဖယ်တိုးလေးနော်..ငါးဖယ်တိုးလေးသာတိုးသွား။ အလယ်မှာ ၀ါသနာပါရင် မော်ဒယ် လျှောက်လို့ရတယ်”
ကိုယ့်ဆွဲခြင်းကိုယ်တောင်မှ ဘယ်လက်ကနေ ညာလက်ပြောင်းလို့ မရအောင်ကြပ်နေသည်ကိုများ သူက မော်ဒယ် လျှောက်လမ်း ပေးအုံးမတဲ့။ ဒါတောင် မှတ်တိုင်စေ့ရပ်တာမဟုတ်သေး။ နောက်က ကားက နီးနေလျှင် နီးနေသလို လမ်းလု မောင်းနေ ကြသည့်အတွက် လူမရှိသည့်မှတ်တိုင်ဆိုလျှင် ကားပေါ်က ဆင်းမည့်သူမရှိလျှင် မရပ်။ ဆင်းမည့်သူရှိလျှင် နောက်ကျောကနေ တွန်းချသည်။ ဆင်းသူက ဟပ်ထိုး ဟပ်ထိုးနှင့် မလဲအောင်သူ့ဖာသာသူ ထိန်းပေတော့။
ခင်လေးကတော့ ကိုယ်ဆုပ်ကိုင်ထားသည့် တိုင်ကလေးက လက်တနေရာစာလေးကို ချွေးစေးများနစ်ကာ ချော်နေသည့် တိုင်အောင် အတင်းဆုပ်ထားရသည်။ အရပ်ပုသူဆိုတော့ လက်လွတ်သွားလျှင် နောက်တခါ ပြန်ကိုင်ဖို့ နေရာရတော့မှာ မဟုတ်။
တချို့မှတ်တိုင်တွေကျတော့ လူအနည်းအကျဉ်းရှိပေမယ့် တက်မည် မတက်မည် မသေချာလျှင် မရပ်ပြန်။ သည်လိုနှင့် တခါတရံမှာ ဖြစ်သည့်နည်းတူ တက်မလို ခရီးသည်နှင့် ရပ်မလို ဒရိုင်ဗာတို့ကြားက ယောင်ဝါးဝါးဖြစ်မှုတွေကြောင့် ဘရိတ်ဆောင့်အုပ် လိုက်…ချက်ခြင်း အရှိန်ပြန်တင်ကာ မောင်းထွက်လိုက်လုပ်လိုက်သည့်အခါမျိုးဆိုလျှင် ခရီးသည်တွေခမျာ စကောထဲ ထည့်လှိမ့် သည့် ဇီးဖြူသီးများသဖွယ် လိမ့်လိမ့်လူးလူး…
 “ဒီလူတွေဟာ ဘတ်စ်ကား တသက်လုံးစီးလာကြပြီး ကားကို ရပ်စေချင်ရင် လက်ကလေးထောင်ပြဖို့လောက်တော့ သိသင့်တာပေါ့။ မလိုက်ဘူးထင်ပြီးမောင်းမှ နောက်ကပြေးလိုက်လာတော့ ကျုပ်က ဘာလုပ်ရမှာတုံး။ လက်ညိုးလေး တချက်ထောင်ပြဖို့ ကြောက် နေရအောင် စပါယ်ယာကိုများ အဂုင်္လိမာလ မှတ်နေလားမသိဘူး”
စပါယ်ယာ့ဥပမာကြောင့် ကျဉ်းကျဉ်းကြပ်ကြပ်ကြားက ခရီးသည်တွေ  တယောက်မျက်နှာတယောက် နီးစပ်ရာတွေ ကြည့်လျှက် ဖျော့တော့နွမ်းလျှစွာပြုံးဖြစ်ကြသည်။ “ဟဲ့။ ငါ့ထမိန်တက်နင်းထားတာ။ ကျွတ်ကျသွားပြီ” ဟူသော အဖွားကြီးတယောက်အသံက ကားအလယ်တည့်တည့်ကနေ ထွက်လာတော့ ပွဲကျသွားကြပြန်သည်။ စပါယ်ယာလေးက ရွှတ်နောက်နောက်နှင့် “အမေကြီးနော်။ ဒါမိုးလုပ်နဲ့ ကြိုက်ဖူး” ဟု လှမ်းနောက်လိုက်သေးသည်။
နောက်က စပါယ်ယာကတော့ ရှေ့ကတယောက်နှင့်မတူ။ အပေါက်အလွန်ဆိုးလှသည်။
“လက်မှတ်လေးတွေ ၀ယ်ထားနော်။ ကိုယ့်အကြောင်းကိုယ်သိပါ။ လူကြပ်တယ်ဆိုပြီး လက်မှတ်မပေးဘဲ ချောင်ခိုစီးလို့ စပယ်ယာ မသိလည်း ဘုရားကသိတယ်။ နောက်ဘ၀ကျ ကားဘီးတာယာဖြစ်ပြီး တသက်လုံးလိမ့်နေရမယ်။ လက်မှတ်လေးတွေ ကိုယ့် အသိစိတ်လေးတွေနဲ့ကိုယ်ဝယ်ကြပါ”
အမေတို့ငယ်ငယ်တုံးက ဘတ်စ်ကားစပယ်ယာတွေက လွယ်အိပ်တလုံးအမြဲလွယ်ထားပြီး လက်မှတ်လည်း ကိုင်ထားသတဲ့။ လက် မှတ်တစောင် ဆယ်ပြား…ငါးပြား သူ့ခရီးနှင့်သူ ပေးဝယ်။ လက်မှတ်ဆုတ်ပေး။ တချို့နေရာတွေမှာ လက်မှတ်စစ်တွေ ကား ပေါ်တက်လာပြီး ခရီးသည်တွေဆီက လက်မှတ်တောင်းကြည့်တတ်သတဲ့။ လက်မှတ်မတွေ့လျှင် စပါယ် ယာရှင်းပေတော့။ အခု ခင်လေးတို့ခေတ်မှာတော့ စပါယ်ယာတွေက အော်ရိုးထုံးစံအတိုင်း လက်မှတ်ဝယ်သာပြောနေသည်။ တကယ်တန်းကျ ဘာ လက်မှတ်မှ သူက ပြန်ပေးတာလည်းမဟုတ်။ ပိုက်ဆံကိုသည်အတိုင်းပေးလိုက်ရသည်။
တခါတရံများဆို အမ်းစရာမရှိသေးလို့…ခန ဆိုရင်းက သူလည်းမေ့ ကိုယ်လည်းမေ့နှင့် အအမ်းပြန်မရဘဲ ဖြစ်ရတာတွေလည်း ရှိသေးသည်။ တခါတရံမှာ ကိုယ့်က သတိရ၍တောင်းသည့်အခါ ကျုပ်ပြန်ပေးပြီးပီမဟုတ်လား…ဟု မယုံသင်္ကာ ပြန်အော်တာမျိုး… လူတွေကလည်း လူရှုပ်တာ အခွင့်ကောင်းယူပြီး ပေးမထားတဲ့ပိုက်ဆံကို အအမ်းပြန်တောင်းကြ သေးတယ်…ဟု လူတကာဝိုင်းကြည့်လာအောင် အာပြဲနှင့်အော်ကာ ဆောင့်ကြီးအောင့်ကြီးပြန်ပေးလားပေးတတ်သည်။
“အား..ခင်ဗျားထမင်းဂျိုင့်ကြီးက ပူလိုက်တာ”
“တကဲတော်။ အထိမခံချင်ရင် ကိုယ်ပိုင်ကားဝယ်စီးပေါ့” ဟု အလုပ်သမကြီးထံမှ လူထုတိုက်ပွဲခေါ်သံ ထွက်လာသည်။
လေးဆင့် စတီးချိုင့်နှင့်ထည့်လာသည့် ဆောက်လုပ်ရေး အလုပ်သမတယောက်ဘေးမှ ရုပ်ရည်ခပ်သန့်သန့်နှင့် ကျောင်းသားလေး တစ်ယောက်က မကျေမနပ်ရေရွတ်ရင်း ထမင်းချိုင့်နှင့်လွတ်ရာသို့ အတင်းတိုးလိုက်သည့်အတွက် ခင်လေး နေရာပိုကြပ်ပြီး လက်က ကိုင်ထားသည့် တိုင်ကိုလွှတ်လိုက်ရသည်။ အရပ်ပုသူဖြစ်သည့်အလျှောက် ဘတ်စ်ကားကြီးတွေစီးတိုင်း ခင်လေး ဒုက္ခရောက်ရ သည်။ အပေါ်တန်းက ကွင်းကိုမမှီသောကြောင့် ဘေးကစတီးလ်တိုင်နေရာရရင်ရ။ ခုံတခုခုရဲ့ဘေးကို ဇွတ်ကပ်ပြီး နောက်မှီက သံကွင်းကိုကိုင်ထားမှ ခင်လေးကဘတ်စ်ကားပေါ်မှာ ရပ်တည်နိုင်တာဖြစ်သည်။ စလင်းဘက်ဂ်၊ လက်ထဲမှာ ထမင်းခြင်းနှင့် ခေါက်ထီး အစိုကလည်း သပ်သပ်ကိုင်ထားရသည်။ ခြင်းထဲက စာရွက် စာအုပ်တွေ ထီးရေစိုကြောင့် ပျက်စီးကုန်မှာစိုးသည့်အတွက် လက်သေးသေးလေးထဲမှာ စုံပြုံရှုပ်ထွေးနေသည်။
 “ညီမ၊ ပစ္စည်းတွေပေးထားလေ” ဟု ခပ်လှမ်းလှမ်းခုံမှာထိုင်နေသည့် အမျိုးသမီးကြီးတဦးက အကူအညီရှာနေသော ပစ္စည်းတွေကို သူ့ပေါင်ပေါ်တင်ထားပေးသည်။ အားသွားသောလက်နှင့် ဘယ်ခုံနောက်တန်းကို ဖမ်းဆုပ်ကိုင်လျှင် အဆင်အပြေဆုံးဖြစ်မလဲ ကျီးကန်းတောင်းမှောက်လိုက်ရှာရပြန်သည်။ ကားကမှတ်တိုင်တခု ထပ်ရောက်လာသည့်အတွက် ဘရိတ်ဆောင့်အုပ်ပြီး ရပ်လိုက်သောကြောင့် ယိုင်လဲ မတတ်ဖြစ်သွားသည်။ ဘေးက အကိုကြီးတယောက်က ဖမ်းထိန်း ထားပေးသည်။
ထိုခနမှာ အခုမှ ကားပေါ်တက်လာသည့် အဖိုးကြီးအဖွားကြီးစုံတွဲတတွဲက ခင်လေးကို အတင်းတိုးတိုက်ပြီး အတွင်းကို ဇွတ် တိုးဝင်ဖို့ ကြိုးစားသည်။ ခုံဖိနပ်စီးထားသော အဖိုးကြီးက ခင်လေးခြေထောက်ကို တက်နင်းသွားသဖြင့် အား..လား..လား.. ဟု ခပ်ကျယ်ကျယ်အော်လိုက်မိသည်။ နာလွန်းသောကြောင့် မျက်ရည်ပင်ဝဲလာသည်။ တစက္ကန့်လောက်လေး လှည့်ကြည့် ကာ “အဘ မမြင်မိလို့ပါကွယ်” လို့များ ပြောချိန်မရအောင် သူ့အဖွားကြီးလက်ကို တင်းနေအောင်ဆုပ်ကိုင်ပြီး ဟိုး… ထောင့် ဆုံးရောက်အောင် ရှေ့ကနေ အဖွားကြီးလမ်းရအောင် အတင်းဖိတိုးကာ ၀င်သွားသည်။ ငိုမဲ့မဲ့ဖြစ်သွားသော ခင်လေးကို ဘေးလူတွေက ငုံ့ကြည့်ပြီး အဲသည် စုံတွဲဆီကို လိုက်ကြည့်ရင်း ဘယ်လိုလူတွေပါလိမ့်…ဟု ခပ်တိုးတိုး ရွတ်ကြသည်။
“ဒီအသက်အရွယ်တွေ ရောက်နေတဲ့အထိ ကြားလေသွေးရင် ဝေးမှာစိုးတုံးနဲ့တူပါရဲ့” ဟု ရွဲ့တဲ့တဲ့ပြောသံလည်းထွက်လာသည်။
ခြေချောင်းလေးနှစ်ချောင်းဆီက စပ်ဖျဉ်းဖျဉ်းနှင့် သွေးစို့ထွက်လာသလိုမျိုးခံစားလိုက်ရသည်။ နာကျင်တာသက်သာရာရ စေအောင် လက်ကလေးနှင့် အသာဖျစ်ညစ်ဆုပ်ကိုင်ထားလိုသည့်တိုင် တကယ်တန်းကျတော့ ငုံ့ကြည့်လို့ပင်မရသည့် အခြေအနေ။ တနေ့တနေ့ သည်လိုကားတိုးစီးပြီးလူနင်းခံရတာသေသည်အထိဖြစ်နေအုံးမှာပဲဆိုသည့် နာနာကျည်းကျည်း စိတ်က ခြေချောင်းလေးတွေ နာသည့် စိတ်ကို လွှမ်းမိုးသွားပြီး မျက်ရည်ကျလုလုဖြစ်လာသည်။ လူမှန်းသိပါပြီ ဆိုကတည်း က သည်လူအုပ်… 
သည်လိုကြပ်တည်း နံစော်မှု…သည်စပါယ်ယာ၏ ငေါက်ငန်းမှုဆိုတာတွေကြားမှာ အသက်ရှူနေရတဲ့ ဘ၀ကို ခင်လေး မုန်းလှပြီ။
“လာ ညီမ။် ဒီမှာလာနေလိုက်၊ တော်တော်နာသွားလား” ဟု အကိုကြီးတယောက်က နေရာတခု ရအောင်စီစဉ်ပေးသည်။ မျက်ခမ်းစပ်မှာ ယီးလေးခိုနေသည့် မျက်ရည်စကို မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့်သိမ်းဖို့ကြိုးစားရင်း ပေးထားသည့် နေရာလေးထဲ တိုးဝင်လိုက်ရင်း မကျေမနပ်နှင့် ထို အဖိုးကြီး စုံတွဲရှိရာကို လှမ်းပြီး မေးမော့ကာ ကြည့်လိုက်သည်။
သူတို့လိုချင်သည့် ချောင်ကောင်းကောင်းတခုကို သူတို့ရသွားခဲ့ကြသည်။ သူတို့ကို ဘယ်သူမှ အတိုးအတိုက်မလုပ်မည့် နေရာတခုမှာ အဖွားကြီးက အဖိုးကြီးပုခုံးစွန်းမှာထိလုနီးပါး ခေါင်းငုံ့လျှက်…။ ခင်လေးက အဖိုးကြီးမျက်နှာကို သေချာ စိုက်ကြည့်နေမိသည်။ အသက် (၆၀) ကျော်..ရုပ်ရည်ခပ်သန့်သန့်ဖြစ်သော်လည်း ဆင်းရဲမွဲတေမှု၏ အထုအထောင်းဒဏ် ကြောင့် မွဲခြောက်သွေ့ကပ်နေသည့် အရေနှင့်အရိုးသာရှိသည့် မျက်နှာမှာ မလုံခြုံမှုနှင့် သိမ်ငယ်မှုတို့က အထင်းသား။
 “ကဲ။ ကားပေါ်တက်ချင်လှချည့်ရဲ့အတင်းတိုးဝင်လာပြီးမှတော့ လက်မှတ်လေးတွေ ၀ယ်ထားနော်။ နောက်ဘ၀မှာ တာယာတွေဖြစ်ပြီး ဘ၀တွေ ပြားသထက်မပြားချင်ရင် လက်မှတ်လေးတွေ ၀ယ်ထားကြ။ ရွှေဂုံတိုင်အထိ ငါးဆယ်ပဲကျ မယ်။ ရွှေဂုံတိုင်ကျော်ရင် တော့ ထုံးစံအတိုင်းပဲ သိတယ်နော်။ အားလုံးပေါက်ပြီးသား။ ဟိုးဘက်က အကိုကြီး ပေးပြီးပြီလား..”
ချေးအထပ်ထပ်တက်ကာ ပိုက်ဆံရုပ်ပင်ပျောက်နေပြီဖြစ်သည့် ငါးဆယ်တန်လေး တရွက်ကို အဖိုးကြီးက ကြေကြေကွဲကွဲ စိုက်ကြည့်နေလေသည်။ ပျက်ယွင်းနေသည့် မွဲသွေ့သွေ့မျက်နှာအိုတွေမှာ စိတ်မလုံခြုံအားငယ်မှုနှင့် ပိုပြီး အိုစာကျနေ သည်။
 “ပိုက်ဆံထုတ်ထားပါ။ စပါယ်ယာက လက်တို့မတောင်းရပါစေနဲ့။ အော်တောင်းရင် အပေါက်ဆိုးတယ်လို့တော့ မထင်နဲ့ နော်။ ကားတာယာဘ၀မရောက်ချင်ရင် ကားခတွေ အလိုက်တသိပေးကြပါ… ဟိုးဘက်က အင်္ကျီပန်းရောင်နဲ့ ... ”
အော်… သူတို့ခမျာ သည်ပိုက်ဆံအနွမ်းလေးတရွက်နှင့် ကားဘယ်နှစ်ခါများစီးခဲ့ပြီး…နောက်ထပ် ဘယ်နှစ်ခါလောက်များ စီးရအုံးမှာပါလိမ့်။
٭٭٭٭٭٭٭٭ ٭٭٭٭٭٭٭٭
ခွာညို
ဒီဇင်ဘာ(၁၁)ရက်၊ ၂၀၀၉ ခုနှစ်။

Tuesday, March 16, 2010

တံလျှပ်ရွှေပြည် အပိုင်း (၆)


 “ဒီမှာ… ဒီမှာ… ကျမအိမ်က ဘယ်နားလေးမှာလဲဟင်”
“အမ်..” ဟု တင်တင့်ထံမှ အာမေဋိတ်သံတိုးတိုးလေးကို ၀င်းဝင်းမာကြားလိုက်ရပါသည်။ စကားများပုံရသော အမျိုးသမီးက သူ မနေ့ကအသုတ်နှင့်ပါလာတာဖြစ်ကြောင်း၊ လိုအပ်တာတွေဝယ်ရင်း အိမ်မရှာတတ်တော့ကြောင်းတွေကို အာဘောင်အာရင်းသံသံနှင့် ရှင်းပြနေသေးသည်။
 “အမအိမ်က နံပါတ်ဘယ်လောက်လဲ မှတ်မိလား” ဟု ပြန်မေးလိုက်သည်။
“အင်း…၆၅၀ တော့ ကျော်တာပဲ”
“အဲဒါဆို အန်အယ်လ်ဒီအုပ်စုဘက်မှာဖြစ်လိမ့်မယ်။ ဒီကနေ တည့်တည့်ဆက်လျှောက်သွားအမ။ ရှေ့နားကျ ထပ်သာမေးလိုက်တော့ နော်။ အဲဒီဘက်ခြမ်းမှာပဲရှိမှာပါ”
ကျေးဇူးပဲ ညီမရေ ဆိုသည့်အသံကို ချန်ရစ်ခဲ့ကာ အထုတ်အပိုးတွေတနင့်တပိုးသယ်လာသော ထိုအမျိုးသမီးက ရွှံ့စေးတွေကြားမှာ ချော်မလဲအောင် ခေါင်းငိုက်စိုက်ချကာ ဆက်လျှောက်သွားသည့်အတွက် သူ့အိမ်ကို ခလုတ်ဝင်တိုက်မိလျှင်တောင်မှ သိအုံးမှာ မဟုတ်တာသေချာသည်။
ဝင်းဝင်းမာတို့လည်းပဲ တညအိပ်ပြီးသည်နှင့် ကုန်ထုတ်လို့ရသည့် စာအုပ်ကလေးသွားလုပ်ဖို့ သည်လိုပဲ ဈေးတန်းလေးတွေ၊ ဒေသခံ ကရင်ရပ်ကွက်ကလေးတွေကိုဖြတ်ကာ ဂိုဒေါင်တွေကို တခုပြီး တခု သွားခဲ့ကြရသည်။ ဒန်အိုး။ ဖျာ၊ ခြင်ထောင်၊ စောင်တထည် စသည့်အတွဲတွေကိုပေးသည်က ဂိုဒေါင် တခု။ နောက်ပြီး မီးသွေးနှင့် မီးဖိုကို မျက်နှာချင်းဆိုင်ကယူ။ ဆန်က တဂိုဒေါင်။ လူတွေက တရုန်းရုန်းနှင့် ကြည့်ရင်း ပင်ပန်းလာသည်။
အိမ်ပြန်တော့ ကိုယ့်အိမ်ကိုယ်မမှတ်မိဘဲ ကိုယ့်ရပ်ကွက်ထဲမှာပင် မျက်စိလည်လမ်းမှားနေသည်။ အိမ်လေးတွေအားလုံးက ဆင်ဆင် တွေ။ အကာမပါ။ ၀ါးတိုင်၊ ၀ါးကာ။ ၀ါးခင်း။ သွပ်ကြိုးနှင့်ဆိုင်းတုပ်။ အခုနက အမျိုးသမီးလိုပဲ ကျမတို့အိမ်ဘယ်မှာလဲဟင်…ဟု မေးမိလုဆဲဆဲ ကိုယ့်ကို မှတ်မိနေသော အိမ်နီးချင်းအမကြီးက သူတို့နှစ်ယောက် မျက်စိလည်နေတာကို ငြိမ်ပြီးစောင့်ကြည့်နေရာက မအောင့်နိုင်တော့ဘဲ ရယ်ချလိုက်တော့မှ သူတို့ ကိုယ့်အိမ်ကို ပြန်တွေ့ရသည့်အဖြစ်။ ထိုအိမ်နီးချင်းအမကြီးက ပြောသည်။ သည်လို ကိုယ့်အိမ်ရှေ့မှာ အိမ်ပျောက်နေသည့်သူတွေက တရာမှာ (၉၉) ယောက်လောက် ရှိသည်ဆိုပဲ။
တင်တင်နှင့် ၀င်းဝင်းမာတို့ တယောက်ကို တယောက်ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်ကြသည်။ အခုတော့ သူတို့ နည်းနည်းပါးပါး ရယ်နိုင်လာကြပြီ။
ကိုယ့်ပိုက်ဆံနှင့်ကိုယ် အိမ်ကို အပြည့်ကာလိုက်ပြီး တခါးလေးကိုလည်း အဟန့်အတားလေးအဖြစ် တပ်လိုက်ခဲ့ပြီးပြီ။ ပေါက်နေသည့် သက်ကယ်တွေကို လိုက်လံဖာထေး၍လည်းပြီးပြီ။ စောင် ခြင်ထောင်တွေနှင့် အိုးခွက်တွေနှင့် ဆိုတော့ နည်းနည်းတော့ ပတ်ဝန်း ကျင်ကို ခြေညောင်း လက်ဆန့်ထွက်ကြရန် နှစ်ယောက်သား တိုင်ပင်ထားကြသည်။
တအိမ်နှင့်တအိမ် အမိုးချင်းထိဆက်မတတ်နီးကပ်နေသည့် ညပ်ကြပ်နေသောတဲတွေကြားကနေ လမ်းမပေါ်ထွက်လိုက်သောအခါ စိတ်လွတ်လပ်ပေါ့ပါးမှုကို ပြန်လည်ရရှိလိုက်သည်။ မဲဆောက်မှာလို ရဲမကြောက်ရတော့ဘဲ လုံခြည်ဝတ်ကာ လမ်းထွက်ရသည့် အရသာကို နှစ်ထောင်းအားရရှိလှသည်။ လမ်းပေါ်မှာ ကိုယ်လိုလူတွေအများကြီး လမ်းလျှောက်နေကြတာကို ကြည့်ပြီးအံ့သြမိသည်။
အင်းလေ….ယူအဲန် အစီအစဉ်နှင့် မဲဆောက်က ဒုက္ခသည်တွေကို သွင်းဖို့ဆိုပြီး စာရင်းအတိုင်း ကြိုတင်ဆောက်သည့်တဲပေါင်း အလုံးနှစ်ထောင်က လူတွေပဲ။ နေ့တိုင်းဝယ်လို့ရသည့် ကုလားဈေး ထဲမှာလည်း ကြိတ်ကြိတ်တိုး။ တကယ်တော့ အဲဒီဈေးကို သူများဘယ်လိုခေါ်လည်း ၀င်းဝင်းမာမသိပါ။ သို့သော် ဟိုဘက်သည်ဘက် မျက်နှာချင်းဆိုင်နှစ်တန်းလုံးမှာ ဈေးဆိုင်မှန်သမျှ ကုလားတွေချည့်ဖြစ်သောကြောင့် ၀င်းဝင်းမာက ကုလားဈေးဟု ခေါ်လိုက်တာဖြစ်သည်။ ညာဘက်အစွန်ဆုံးတွင်တော့ ကရင်ဆိုင်လေးတဆိုင် ရှိသည်။ အသီးအရွက်တွေကတော့ တပတ်ကို ၂ ရက်ဈေးရှိသည်။ အဲဒါက ပလာရုံးရှေ့က လမ်းပေါ်မှာ မနက်မိုးမလင်းခင်ကစပြီး ဈေးတန်းဖြစ်ပြီး (၁၀) နာရီလောက်ဆို ပျောက်သွားသည့် ယာယီဈေးလေးဖြစ်သည်။ အဲသည်မှာကျတော့ မြန်မာပြည်နယ်စပ်ကနေ ထိုင်းဘက်မှာ အခြေကျနေသည့် ထိုင်းတောင်ပေါ်သားကဒ်ရထားကြပြီဖြစ်သော ကရင်တွေဖြစ်သည်။ ဗမာလိုမပြော၊ ထိုင်းလိုသာပြောနေကြသော ကရင်လူမျိုးတွေ။ တချို့က ထိုင်းလူမျိုးများနှင့် အိမ်ထောင်ကျပြီး ထိုင်း ကရင်ဖြစ် နေသူတွေ။
ကရင်ကတော့ ဘယ်နေရာမှာနေနေ ကရင်သွေးမပျောက်။ ရိုးသား ကြိုးစားသည်။ တောဓလေ့ကို မြတ်နိုးသည်။ ပစ္စည်းဥစ္စာကို ခင်တွယ်ကာ ဆထက်တပိုးတိုးလာဖို့ဆိုတာ သူတို့နှင့်မဆိုင်သလို… မြို့ကြီး ပြကြီးတွေမှာ မျိုးဆက် နှစ်ဆက်မက အခြေကျနေသည့် ကရင်မဟုတ်လျှင် ကရင်တွေရဲ့ ပင်မနေထိုင်မှုပုံသဏ္ဍန်က အဲဒီအတိုင်းပါပဲ။
တောင်တန်းများဝိုင်းရံနေသည့် နို့ဖိုး ဒုက္ခသည်စခန်းဘေးက တခုတည်းသော ကားလမ်းပေါ်မှာ ပွဲဈေးလျှောက်သလို လမ်းလျှောက် ထွက်သည့်သူများတွင်တော့ ထို ကရင်လူမျိုးများမပါဝင်ပါ။ အားလုံး ဒုက္ခသည် အသစ်စက်စက်တွေ။ သည် လောက်ကောင်းသည့် ရာသီချိန်မှာ လောင်းကုတ်အရှည်ကြီးဝတ်ကာ ဒေါက်ဖိနပ်စီးထားသည့် အမျိုးသမီးတယောက်ကို လည်းတွေ့ရသည်။ သူက နိုင်ငံ ရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူဟု ပြောကြသည်။ တချို့မိန်းကလေးတွေကျတော့လည်း ပေါင်ရင်းတက်နေသည့် ဘောင်းဘီတိုလေး တွေနှင့် လည်ပင်းပေါက်က ရင်ညွန့်ကိုကျော်ဆင်းနေသည့် ပါးလှပ်လှပ် အကျမည်ကာမတ္တတွေနှင့်။ အသက်လေးတွေရှိမှ အလွန်ဆုံး နှစ်ဆယ်ကျော်။
ဒီကြားထဲမှာ အသားအရည်မွဲသွေ့သွေ့နှင့် အရက်စွဲနေသော အသက်ကို ခန့်မှန်း၍မရနိုင်သည့်တိုင် လူလတ်ပိုင်းဖြစ်ပုံရသော လူတယောက်က ပြုံးပြုံး ပြုံးပြုံးနှင့် သူ့ဖာသာသူ စကားပြောလိုက် သူ့ဘေးက ဖြတ်သွားသူကို စကားပြောလိုက် ရှိနေသည်။
“တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ” ဟု ငေါ့တော့တော့ပြောပြောနေတာကိုလည်း ကြားရသည်။
“မနက် မနက်ဆို အိမ်တွေရှေ့မှာ လာအော်တာ သူပေါ့” ဟု တင်တင်က ၀င်းဝင်းမာကို လက်ထောက်ချသည်။ တင်တင်က ၀င်းဝင်း မာထက် သွက်သည်။ ဒါကြောင့် ခနလေးနှင့် လူတော်တော်များများကို မိတ်ဆွေမဖြစ်သေးလျှင်တောင် သိတော့ သိနေပြီဖြစ်သည်။ တင်တင်ပြောတော့မှ မနက်တိုင်းကြားရသည့် အသံရှင်ကို တချက်ပြန်ငဲ့ကြည့်ကာ ခပ်တိုးတိုး ရယ်မိသည်။
သူလာလာအော်တာကတော့-
“ပဲပြုတ်သည်တောင် ပဲပြုတ်ရောင်းလို့ကုန်နေပီ။ 
နိုင်ငံရေးသမားရပ်ကွက်ကလည်း အခုထိ ဘယ်တယောက်မှ မထကြသေးပါလား။ 
ဒီပုံစံနဲ့ ကျုပ်တို့တိုင်းပြည်ကြီးကို ဘယ်လိုကယ်တင်ကြမှာလဲ၊ ထကြပါတော့ဗျို့…” တဲ့။
မနက်စောစော လာအော်သည်ဆိုသော်လည်း အသံကျယ်ကြီးနှင့်မဟုတ်သောကြောင့် သူတပါးကို အနှောင့်အယှက်မဖြစ်စေပါ။ သူ့ကို လူတွေက အညာသားဟု ခေါ်ကြသည်။ နံမည်ရင်းက ဘာလည်းမသိ။ အညာမှာမွေးပြီး အသားမည်းသူဆိုလျှင် ဗမာ လူမျိုးထုံးစံအတိုင်း နံမည်တပ်လိုက်တာကတော့ သည်လိုပါပဲ။
သူ့ကိုလိုက်ကြည့်မိသော ၀င်းဝင်းမာကို ကိုအညာသားက သတိထားမိသွားပုံနှင့် လှည့်ကြည့်ကာ ပြုံးပြသည်။
“ဘယ်သွားကြမလို့လဲ၊ ဟိုးတောင်တန်းတွေပေါ်မသွားနဲ့နော်။ အဲဒီမှာ ကျားကြီးတွေရှိတယ်။ လူသားစားတဲ့ ကျားတွေ၊ ဟိုးဘက်က သူများစိုက်ခင်းတွေ၊ တက်မနင်းမိစေနေနဲ့သိလား။ ဖျက်ဆီးတဲ့စိတ်ဆိုတာ ကောင်းတာမဟုတ်ဘူး။ သူများစိုက်ခင်းနေရာကိုလည်း ခွင့်မတောင်းဘဲ သွားမစိုက်နဲ့။ အဲဒါ လူမျိုးကြီးစိတ်ထားမဟုတ်ဘူး”
လမ်းလျှောက်သွားရာတလျှောက် ဆုံးမသြ၀ါဒတွေ တသီကြီးပေးသွားသော ကိုအညာသားက ၀င်းဝင်းမာတို့နှင့် တဖြေးဖြေးဝေး သွားသည်။
“ဒီလူက မူးသာနေတာ၊ သူပြောတဲ့စကားတွေကျတော့လည်း ပညာတတ်ဆန်လိုက်တာနော်။ ဘာလို့များ အရက်သမားဖြစ်နေ လဲ မသိဘူး”
“သူက အေဘီကကျောင်းသားတဲ့။ ၈၈ အရေးအခင်းမှာ တောခိုလာတာလို့ပြောကြတာပဲ။ ဟိုးဘက်အခြမ်းက အေဘီအုပ်စုနေတာ။ သူက အဲဒီဘက်မှာနေတယ်” ဟု တင်တင်က သူသိသမျှ ဖောက်သည်ချသည်။
“အေဘီ ဆိုတာရော သိလား” ဟု သူတို့နောက်နား ခပ်လှမ်းလှမ်းမှာရပ်နေသူ သုံးယောက်အနက် တယောက်က မေးသည်။
“ကျောင်းသားအဖွဲ့ကိုပြောတာလေ” ဟု ၀င်းဝင်းမာဖြေတော့ ထိုသူများက ခပ်ဖွဖွရယ်ကြသည်။
“ကျောင်းသားအဖွဲ့။ ဟုတ်တယ်။ အဲလိုပဲ ခေါ်ကြတာများတယ်။ အပြည့်အစုံပြောမယ်ဆိုရင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတဲ့။ အေဘီအက်စ် ဒီအက်ဖ်လို့ခေါ်တယ်။ စောစောက ညီမတို့ကိုစကားပြောသွားတဲ့ အညာသားက ဆယ် တန်းကို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်တဲ့နှစ်မှာပဲ မြန်မာပြည်မှာ အရေးအခင်းတွေဖြစ်တော့ ကျောင်းသား အရေးအခင်း ထဲပါလာပြီး ကျောင်းတွေကလည်းပြန်မဖွင့်၊ အရေးအခင်းထဲပါသမျှလည်း လိုက်ဖမ်းနေတာနဲ့ တောခိုလာခဲ့တာလေ။ လူငယ် တယောက်ရဲ့ အနာဂတ်ပျောက်သွားတဲ့ အနေအထားမှာ တောထဲတောင်ထဲ ငှက်ဖျား ကြမ်းကြမ်းထိတဲ့အခါ သောက်စရာ ဆေး အစား၊ ခြုံစရာ စောင်အစား အရက်ပဲအားကိုး အစားထိုးစရာရှိတဲ့  အခြေအနေမျိုးမှာ အခုလို အရက်စွဲသွားကြတာ အဆန်း မဟုတ်ပါဘူးကွာ” ဟု ရှင်းပြသည်။
တရွေ့ရွေ့ဝေးသွားသော အညာသား၏ ကျောပြင်ကို လိုက်ငေးရင်း ၀င်းဝင်းမာရင်ထဲမှာ နည်းနည်း လှုပ်ခပ်သွားသည်။ ငါ့အကို..ငါ့မောင်များသာဆိုရင်…ဆိုသည့်အတွေးကြောင့်ပါ။ သူ့အမေဆို ရင်ကျိုးမှာပါပဲ။
“အဲဒီတောင်မှာ တကယ်ကျားရှိသလား” ဟု တင်တင်က စပ်စုလိုက်တော့ သူတို့အုပ်စု ရယ်ကြပြန်သည်။
“ဆယ်ကီလိုမီတာအကွာမှာ ရန်သူ့စစ်တပ်ရှိတယ်။ ရန်သူဆိုတာရောသိလား။ နအဖစစ်အုပ်စုကိုပြောတာ။ သူက စစ်တပ်လို့ မပြောချင်လို့ ကျားလို့ပြောသွားတာပါ”
ရည်ရွယ်မထားဘဲ တယောက်နှင့်တယောက် မိတ်မဆက်ဖြစ်ဘဲ သူတို့ အတူတူ လမ်းလျှောက်လာမိကြသည်။ တဖြေးဖြေး နှင့် သူတို့ ထိုင်းရဲတွေ၏ အစောင့်တဲလေးနားကိုရောက်လာသည်။ ၀တ်စုံနက်နှင့် ထိုင်းလူငယ် စစ်သား သုံးလေးယောက် တဲထဲမှာရှိနေသည်။
တဲကိုကျော်ဖြတ်ကာ လျှောက်ရလား မလျှောက်ရလား ဝေခွဲမရသည့် ညနေခင်းလမ်းလျှောက်သူများ တဲနားကနေ လှည့်လှည့်ပြန် သွားကြသည်။ သူတို့ကခြေလှမ်းကို မရပ်ကြ။ အသက် (၅၀) အရွယ် မျက်မှန်နှင့် ခပ်ပိန်ညက်ညက်အမျိုးသားတယောက်က သူတို့ကို ရှေ့ဆက်မလျှောက်ဖို့ လှမ်းပြောသည်။
“ဒီကောင်တွေက ကွန်မဲန်ဒိုတွေ၊ သူတို့မသင်္ကာရင် ပစ်သတ်ခွင့်ရှိတယ်။ ကိုယ်က သူတို့မြေပေါ်မှာ လာပြီး တရားမ၀င်နေ နေရ တဲ့သူတွေ။ သတ်လည်းခံရမှာပဲ။ ဂိတ်ကိုကျော်ပြီး မသွားတာအကောင်းဆုံးပဲဗျာ” ဟု ပြောရင်း သူကိုယ်တိုင်လည်း စိမ်းမြသော တောင်တန်းတောရိပ်မြင်ကွင်းကို ကျောခိုင်းပြန်လှည့်သွားသည်။ အဲသည်လူသည် ကမ့်ထဲဝင်မည့်မနက်စော ဘုရင့်ကွင်းထဲမှာ လူစစ်တုံးက အမတ်မင်းတွေလည်း ဒီလိုပဲ ကျော်ဖြတ်ခဲ့ရတာပဲ ဟုပြောကာ ခနိုးခနဲ့ ရယ်ခဲ့သော ပုဂ္ဂိုလ်ဆိုတာကို ၀င်းဝင်းမာ ချက်ခြင်းမှတ်မိလိုက်သည်။
တင်တင်နှင့် ၀င်းဝင်းမာတို့က အဲသည်လူ သုံးယောက်ကို အကဲခတ်သလိုကြည့်တော့ သူတို့က သူတို့မူအတိုင်း ခပ်ပြုံးပြုံးနှင့် မျက်ခုံး ပင့်ပြသည်။ သူမျက်ခုံးပင့်လိုက်တာက ၀င်းဝင်းမာတို့ကို စိန်ခေါ်လိုက်သလိုခံစားမိစေသည်။ စိတ်ဆတ်သော တင်တင်က ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်သလို ပေခံခံ မျက်နှာပေးနှင့်ရှိနေသည်။
“တကယ်တော့ ကိုယ်တို့ ဒီထဲဝင်လာကြပြီဆိုကတည်းက ဒီမြေမှာ တရားဝင်နေထိုင်ကြတာကို အသိအမှတ်ပြုလိုက်တဲ့ အဓိပ္ပာယ်သက်ရောက်ပြီးသားပါကွာ။ ကိုယ်တို့က သူတို့စည်းမျဉ်းဥပဒေကို မချိုးဖောက်ရင် သူတို့ ဘာမှ လုပ်ခွင့်မရှိပါဘူး” ဟု တယောက်က ရှင်းပြသည်။ တယောက်ကတော့ စီးကရက်မီးခိုးငွေ့တွေမှုတ်ထုတ်ရင်း တဲကလေးဆီလျှောက်သွားပြီး စစ်သားတွေကို ထိုင်းဘာသာနှင့် နှုတ်ဆက်လိုက်သည်။
“လူဆိုတာ ကိုယ့်ဘာသာစကားကို တခြားလူမျိုးက ပြောတတ်တာတွေ့ရင်ကိုပဲ အလိုလို ၀မ်းသာအားရဖြစ်ပီး ရင်းနှီးတတ်တဲ့ အမျိုးမဟုတ်လား။ ဘာသာစကားက လူလူချင်းဆက်ဆံရေးမှာ တော်တော်အရေးပါတယ်။ ညီမတို့ရော ထိုင်းစကားပြောတတ်လား”
နှစ်ယောက်လုံး ထိုင်းလိုမပြောတတ်ကြသောကြောင့် ၀င်းဝင်းမာတို့ အဖြေမပေးဘဲ ရယ်လို့သာနေလိုက်ကြသည်။
“ထိုင်းလေသံက ခက်တယ်။ နှာခေါင်းသံနဲ့ပြောတာကိုနားထောင်ရတာနဲ့တင် အသဲယားတယ်။ အင်္ဂလိပ်စကားကမှ စိတ်ဝင်စားဖို့ ကောင်းသေးတယ်”
“ဒါကတော့ ညည်းတို့က ငယ်ငယ်ကတည်းက ကျောင်းမှာ အင်္ဂလိပ်စာသင်ခဲ့ရတော့ နားယဉ်နေတဲ့အခံလေးကြောင့် ဒီလို ထင်တာကိုး။ တကယ်လို့ အင်္ဂလိပ်စာကို လေသံတောင်မကြားဘူးခဲ့ရင် အင်္ဂလိပ်စာလည်း ခက်တယ်ထင်မှာပါပဲ။ ထိုင်းအသံကတော့ နှာသံပါလို့ လူကြိုက်မများတာတော့ အမှန်ပါပဲ” ဟု အသက်နည်းနည်းပိုကြီးသူတယောက် ပြောသည်။ စကားသွား ပြောသော အကိုကြီးပြန်လာသည်။
“သိပ်ဝေးဝေးတော့မသွားနဲ့၊ တခုခုဖြစ်ရင် သူတို့မှာ တာဝန်ရှိတယ် တဲ့”
သည်လိုနှင့် အစောင့်တဲကို မဖြတ်ရဲသောကြောင့် လှည့်ပြန်သွားကြသူတွေနှင့် ဆန့်ကျင်ဘက်သို့ သူတို့ စိတ်အေးလက်အေး လမ်းလျှောက်နိုင်ခဲ့ကြသည်။တောင်ကမ်းပါးယံကို ဖောက်ထားသောကြောင့် လမ်းအကွေ့တွေတိုင်းမှာ သူတို့ မျက်နှာမူရသည်က ၀ါးတောလွှမ်းသည့် တောင်နံရံတွေသာဖြစ်သည်။ စိမ့်အေးနေသော လေထုကို အားပါးတရ ရှိုက်ရှူရသောအခါ လူက ပိုပြီး လန်းဆတ်သွားသည်။
“ဟာ ဟိုမှာ မျောက်-မျောက်” ဟု တင်တင်က ကလေးတယောက်လို ၀မ်းသာအားရအော်ရင်း သစ်ပင်ထိပ်ဖျားက မျောက်မိသားစုကို လက်ညိုးထိုးပြသည်။ သူတို့က မျောက်ဆိုလျှင် တိရိစ္ဆာန်ရုံ၏ လှောင်အိမ်ထဲကနေ အပြင်က လူတွေကို ရန်လို ၀န်တိုသော အကြည့်နှင့် သွားဖြဲပြကာ မာန်ဖီနေသော မျောက်အကျဉ်းသားတွေကိုသာ တွေ့ဖူးခဲ့ကြတာမို့ လူနီးသည့် သစ်ပင်အုပ်ထဲမှာ အေးအေးလူလူ သန်းတုပ်နေရင်း ကွိကွိကွကွတွေ ဆူညံနေသည့် သဘာဝမျောက်ရွာကလေးကို တွေ့ရတာကိုက အရိုင်းဆန်ဆန် ပျော်ရွှင်မှုကို ဖြစ်စေသည်။
ကျောက်ကမ်းပါးယံမှာကပ်ပေါက်နေသည့် သစ်ပင်တွေက တချို့ ၀င်းဝင်းမာမမြင်ဘူးခဲ့ဘူးဟု ထင်မိသည်။ အစိမ်းရောင်မှာ ၀ါဖန့်ဖန့်ရောနေသည့် အပင်ကို ဘာအပင်မှန်း မသိသော်လည်း အဝေးကမြင်ရတာ တော်တော်လှပပြီး ငေးလို့ကောင်းသည်။
“ကိုမျိုး အဲဒီတောင်ကြီးကိုကြည့်ရတာ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် သေလုဇောနဲ့ မျောပီးလဲနေတာနဲ့ မတူဘူး လား” ဟု အစောင့်တဲဆီသွားခဲ့သူက ၀င်းဝင်းမာတို့ကို စကားစပြောခဲ့သူအား လှမ်းပြောသည်။
ကျောက်ကြိုကျောက်ကြားမှာ မြေမရှိဘဲ အမြစ်တွယ်ကုပ်ကာ ရှင်သန်နေသည့် အရောင်ဆန်းဆန်းသစ်ပင်တခုတည်းကို အာရုံစိုက် နေမိရာက ၀င်းဝင်းမာအကြည့်က တောင်တခုလုံးကို ခြုံကာ လေ့လာဖြစ်သည်။ သည်တောင်ကုန်းကမူ၏ အောက်ခြေမှာ ကုလားဈေးရှိနေသည်။ ကုလားဈေးကိုသွားတိုင်း သည်တောင်ကို မော့မော့ကြည့်ဖြစ်သော်လည်း သူ့လို မမြင်တတ်ခဲ့။ တကယ်ပါပဲ။ မျက်နှာအရာ…လည်ပင်းအဟိုက်…မို့မောက်သောရင်သားပြင်။ ပူဖောင်းနေသည့်ဝမ်းဗိုက်ကနေ အောက်ပိုင်းကို တဖြေးဖြေး ပြန်လျှောသွားသည့် အမျိုးသမီးတယောက်အသွင် အားလုံးပြည့်စုံနေသည်။
ကိုယ်ဝန်ဆောင်ဗိုက်သားက သာမန်ကိုယ်ဝန်ရင့်မာပြီး ပူနေဟန်ထက် ဖောပုပ်ကာ ဖောင်းကားနေသယောင်ဟုပင် ခံစားရအောင် မို့မောက်နေသည့် တောင်ကမူကျောက်ကတုံးကို ၀င်းဝင်းမာ မော့ငေးရင်း သည်လူတွေက ဘယ်လိုလူတွေ လဲ ဟု သိချင်မိ လာ သည်။ သူများနှင့်မတူသော အတွေး၊ အမြင်နှင့် သီးခြားဆန်သော အလေ့အထများသူတို့ဆီမှာ ရှိသည်။
“ဒုက္ခသည်စစ်စစ်တွေရဲ့ သင်္ကေတပေါ့ဗျာ။ ပြည်တွင်းစစ်ရဲ့ သင်္ကေတပေါ့။ ထိုင်းအာဏာပိုင်တွေကိုက ရွေးပေးတတ်တာ လား။ ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာအတွက်ကိုပဲ သဘာဝက ဖန်တီးပေးလိုက်သလား။ ဒါကတော့ ဒုက္ခသည် စခန်းတခုရဲ့ သင်္ကေတဆန်နေတာတော့ အမှန်ပဲ”
စက်သံဆူဆူညံညံနှင့် ဗမာပြည်က ထော်လာဂျီလို့ ခေါ်သော တောတွေမှာ စပါးခင်းထဲ အသုံးပြုသည့် ယာဉ်တစင်း ဖြတ် သွားသည်။ မောင်းသူက ထိုင်းလယ်သမားဖြစ်ပုံရသည့် လူလတ်ပိုင်းအရွယ်။ ပလိုင်းနှင့် သင်တိုင်းနှင့် ဆေးတံခဲထားသည့် မုတ်ဆိတ်တိုနံ့နံ့နှင့် ကရင်ခေါင်းပေါင်းနှင့် အမျိုးသားကြီးတယောက် ကရင်လုံခြည် ခပ်ကြမ်းကြမ်းကို တိုတိုဝတ်ထားသည့် ကြံ့ခိုင်သော ကရင် အမျိုးသမီးကြီးယောက်၊ မျက်နှာပြည့်ဝိုင်းဝိုင်းနှင့် ဆယ်ကျော်သက် ကရင်မလေးတယောက်တို့ အဲသည် ပေါ်မှာ ပါသွားသည်။
“ကိုယ့်အစိုးရက အသုံးမကျတော့ ကိုယ့်လူမျိုးတွေက သူများနိုင်ငံမှာ အခြေချနေကြရတယ်။ ဒီလောက်ချောတဲ့ ကလေးမလေး ထိုင်းတယောက်ယောက်ရဲ့ အငယ်အနှောင်းဖြစ်သွားအုံးတော့မှာပဲ ထင်ပါရဲ့”
“ထိုင်းမှာ လာနေတာနဲ့တော့ ထိုင်းတွေရဲ့ အငယ်ချည့်ပဲ ဖြစ်မကုန်နိုင်ပါဘူး” ဟု ၀င်းဝင်းမာက သူ့ကို ဆင်ခြေတက်တော့ သူက ၀င်းဝင်းမာကို ငုံ့ကြည့်ကာ ပြုံးသည်။  
“ညီမ ထိုင်းကိုရောက်တာ ဘယ်လောက်ကြာပြီလဲ” ဟုမေးရင်း တဆက်တည်း
“မိန်းကလေးတိုင်းလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အနေနီးစပ်မှုအရ၊ စဉ်းစားတွေးခေါ်တတ်တဲ့ အမြော်အမြင်အရ၊ စိတ်သာယာမှုအရ၊ စီးပွားဥစ္စာဖိအားအရ…မရှောင်သာတဲ့ အခြေအနေအရ…ဆိုတာတွေက အများကြီးလေ။ ကိုယ့်တိုင်းပြည်မှာ နေလို့ထိုင်လို့ အဆင် ပြေကြရင် … ပညာသင်နိုင်ကြရင် …. အလုပ်အကိုင် အခွင့်အလမ်းတွေပေါများမယ်ဆိုရင် ဒီမှာ ဒီလိုဇာတ်လမ်းတွေကို အကိုတို့ တွေးပီး စိတ်မကောင်းဖြစ်မနေရဘူးပေါ့ကွာ”
“ဒီနေ့တော့ ဒီလောက်ဆို တော်သင့်ပီထင်တယ်။ နည်းနည်းလည်းမှောင်လာပြီ။ ပြန်လှည့်ကြစို့” ဟု သူတို့သုံးယောက်တည်းက အသက်အကြီးဆုံး တယောက်က ပြောသည်။ တောင်စွယ်မှာ နေကွယ်သွားသောအခါ အေးစိမ့်စိမ့်အရသာက အရေပြားကို လာပြီး တို့ထိ ကျီစယ်နေသည်။
“အကိုတို့က ကျောင်းသားတပ်ကလား” ဟု တင်တင်က စပ်စုသည်။
“ကိုယ်တို့က နိုင်ငံရေးအကျဉ်းသားအုပ်စု၊ ကျောင်းသားတပ်ကလူတွေကလည်း အကိုတို့ သူငယ်ချင်းတွေပါပဲ။ ကိုယ့်ကျရာ ဇာတ် ရုပ်ကနေ နိုင်ငံအရေးထဲ လိုသလို ပါဝင်ပတ်သက်ခဲ့ကြတာပါပဲ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဆိုတာ ကြားဖူးတယ်မို့လား။ ကျောင်းသားတွေနဲ့ ဖွဲ့ထားတဲ့ ပါတီလေ။ အဲဒီမှာ လုပ်ရင်း ထောင်ကျကြတာ။ သူကတော့ အဲန်အယ်လ်ဒီပါတီက”
ဝင်းဝင်းမာက နားထောင်ရသမျှ စကားတွေအပေါ်မှာ ကိုယ်နှင့် ပြန်နှိုင်းယှဉ်ပြီး လိပ်ပြာမလုံဖြစ်မိလာသည်။ နိုင်ငံရေးလ်ုသူ တချို့က ပေးသော စာတို့ ငွေတို့ကို သူ့အိမ်ပြန်သည့်အခါ ယူသွားပေးဖူးသည်။ ထိုင်းမှာ အလုပ်လာလုပ်သောသူများ ဆိုလျှင် စစ်ဆေးရေးဂိတ်တွေက သိပ်ပြီး မရှာဖွေတတ်။ ငွေရှာလာသူများမို့ ဂိတ်ဖြတ်ကြေးတွေကိုသာ လည်ပင်းညစ်မတတ် ရသလောက် တောင်းကြဖို့ အားသန်ကြတာဖြစ်သည်။ အ၀င်လည်းတောင်း၊ အထွက်လည်းတောင်း…တဂိတ်နဲ့တဂိတ်ကလည်း သိပ်မဝေး တတ် သည့်အတွက် တခါတခါ အိမ်ပြန်ရလျှင် အဲသည် ဂိတ်ကြေးတွေကချည့် ငါးသောင်းလောက် ဖြစ်ဖြစ်သွားသည့်အခါက ရှိသေးသည်။ သူတို့က သုံးထောင်ထက်နည်းလျှင် မျက်နှာက မကြည်လင်တတ်ကြ။ (၁၀) ဂိတ်ဖြတ်ရလျှင်ကို သုံးသောင်းဖြစ်နေပြီ။ ရဲ၊ စစ်၊ လူဝင်မှုကြီးကြပ်ရေး။ အထူးထောက်လှမ်းရေး စသည်ဖြင့် အဖွဲ့ တွေကလည်း ထပ်ကို မထပ်စေရ။
အဲသည်တော့ လူကြုံပေးသည့် ပစ္စည်းလေး၊ စာလေး၊ ငွေစလေးတွေကိုကျစ်နေအောင်ထုတ်ပြီး သယ်ယူခလေး နည်းနည်း ပါးပါးတောင်းကာ သယ်ပေးခဲ့ဖူးသည်။ အတွင်းက အပြန်ကျတော့လည်း သည်ဘက်က ပြန်မှာသည့် စာအုပ်တို့ ဘာတို့ ပြန်သယ်လာပေးရသည်။ အဲသည်မဖြစ်စလောက် နိုင်ငံရေးနှင့် ပတ်သက်မှုလေးကို ပုံကြီးချဲ့ကာ ၀င်းဝင်းမာက မြန်မာပြည်ပြန်လို့ မဖြစ်တော့ပါဟု အသနားခံလွှာ ရေးသားပြီး သူတို့က ယူအဲန်ဟု အလွယ်ခေါ်နေကြသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ သွားပြီး ဒုက္ခသည်စာရင်း သွင်းခဲ့တာဖြစ်သည်။
“ကြည့်စမ်းပါအုံးဗျာ၊ 
ဒိုင်နာကားနဲ့ နွားကျောင်းနေကြတာ၊
မြန်မာပြည်က နယ်တွေမှာဆို ဒိုင်နာတစီးလောက် ရှိနေရင်ကိုပဲ 
လူလတ်တန်းစားသဌေးလေး စာရင်းဝင်နေတာ”
သချုင်းမြေအစပ်တွင် ပေါက်နေသော မြက်ပင်များရှိရာသို့ နွားတွေလွှတ်ထားသော ပိုင်ရှင် ကုလားက သံတန်းများနှင့် ခြံခတ်ထားသည့် ဒိုင်နာကားပေါ်သို့ နွားတွေကို ကုန်းဘတ်ပေါ်ကနေတဆင့် ပြန်မောင်းသွင်းနေသည်။ ခပ်ကြပ်ကြပ်ထည့်တော့ သုံးလေးကောင် အသာလေးဝင်သွားသည်။
“ခင်ဗျားက ဒိုင်နာနဲ့ နွားကျောင်းတာကို ခံစားနေ…ကျနော်ကမှ ချင်းမိုင်မှာနေတုံးက လမ်းလျှောက်သွားလို့ ခွေးတွေ တသီကြီးလိုက်ဟောင်တာကိုခံခဲ့ရတဲ့စိတ်က သေရာပါတော့မှာ”
“လမ်းလျှောက်လို့ ခွေးဟောင်တယ်။ ဘယ်အချိန်လျှောက်လို့လဲ” ဟု ၀င်းဝင်းမာက မေးလိုက်တော့ ကိုတင့်လွင်ဆိုသူက
“မနက် (၈) နာရီမထိုးခင်ဗျာ။ ဈေးနဲ့လည်း သိပ်မဝေးတော့ လမ်းလျှောက်ပြီး ဈေးကိုသွားတာ။ အိမ်ကထွက်ပြီဆိုကတည်း က လမ်းဘေးအိမ်တွေထဲကခွေးတွေက သူတို့လှောင်အိမ်ထဲကနေ သူတို့ခြံဝကနေ ခုန်ပေါက်ပြီးတော့ကို စူးစူးဝါးဝါး ဟောင်တာ။ အစကတော့ ကိုယ့်ကို ဟောင်တယ်မထင်မိဘူး။ နောက်တော့ တအိမ်လည်းမဟုတ်၊ နှစ်အိမ်ဖြတ်တော့လည်း ဟောင်၊ ဆက်တိုက်ဖြစ်နေလို့ ခွေးတွေကို လှမ်းကြည့်တော့ သူတို့က ကိုယ့်ကို ဟောင်နေတာကိုး”
“ခင်ဗျားက ကို့ယို့ကားယားဝတ်ထားလို့လား”
“ဘယ်ကလာ ကိုတင်ထွဋ်ရယ်။ 
ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့။ ကိုယ်ပေါ်မှာ အပိုဆိုလို့ လျှာထိုးဦးထုပ်ဆောင်းထားတာပဲရှိတယ်။ 
နောက်တော့မှ သတိထားမိတာက ချင်းမိုင်မှာ ဈေးသည်ကအစ လမ်းလျှောက်တဲ့သူမှ မရှိတာကိုးဗျ။ 
အဆင်းရဲဆုံး ဈေးသည်တောင် ဆိုင်ကယ်တော့ရှိတယ်။ စက်ဘီးစီးတဲ့သူဆိုတောင် ရှားနေပီပြောရမယ်။ 
ပြည်သူလူထုက သူတို့လူမှုစရိတ်ဖူလုံပြီး အဆင့်မြင့်မြင့်နေနိုင်လာခဲ့တဲ့နှစ်တွေအတွင်း 
ထိုင်းနိုင်ငံမှာ ခွေးမျိုးဆက် ဘယ်နှစ်ဆက်လောက်ကစပြီး လမ်းလျှောက်တဲ့လူကို မမြင်ဘူးကြတော့လဲ..လို့ 
တွေးရင်း စိတ်ထဲ တနုန့်နုန့်နဲ့ နာနေတာလေ။ 
ဟောင်တာမှ အိမ်မွေး ခွေးရော၊ ရှားရှားပါးပါး လမ်းပေါ်က ခွေးလေခွေးလွင့်ကပါ ဟောင်တာဗျာ။ 
ခွေးမြင်ရင် ရင်ဘတ်ထဲကအောင့်တဲ့ ရောဂါရတာ အဲဒီကတည်းကပဲ”
“အကိုတို့ရဲ့ ပေါက်ကွဲမှုသံစဉ်တွေကြောင့် ငါ့ညီမတွေရဲ့ ညနေခင်းလေးတော့ ပျက်စီးသွားပီထင်တယ်” ဟု တိတ်တိတ် ဆိတ်ဆိတ်လျှောက်နေကြသော တင်တင်နှင့် ၀င်းဝင်းမာကို ကိုမျိုးဆိုသူက လှမ်းမေးသည်။
“မပျက်စီးပါဘူး။ အဲလိုမျိုး နှိုင်းယှဉ်ပြောပြမယ့်သူ ကျမတို့ပတ်ဝန်းကျင်မှာ မရှိခဲ့ဘူးတော့ ကိုယ့်တိုင်းပြည်အကြောင်းကို ဘာမှ မသိရဘူးလေ။ အလုပ်မရှိလဲ ကိုယ့်အကြောင်းပဲ။ ၀င်ငွေနဲ့ထွက်ငွေမမျှလည်း ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ။ လမ်းလျှောက် နေရလည်း ဒါက လူတိုင်း ဒီလိုပဲဆိုပီး တသက်လုံးနေလာခဲ့တာ။ အစိုးရဆိုတာနဲ့ သူများနိုင်ငံတွေမှာတော့ ဘယ်လိုပါလား ဆိုတာမျိုး တွေးရကောင်းမှန်းကို မသိခဲ့တာ။ အခုမှ ကိုယ့်တိုင်းပြည်အကြောင်းကို လေ့လာမှတ်သားခွင့်ရတာဆိုတော့ ကျမတို့မှာ အကျိုးအများကြီးရှိပါတယ်”
 “ဒီလိုဆိုရင် ကိုယ်တို့ အတူတူ လမ်းလျှောက်ဖြစ်ကြတာ ကောင်းသွားတာပေါ့။ အိုကေ..နောက်တော့ တွေ့ကြသေး တာပေါ့”
ကိုယ့်တဲတန်းရှေ့ချိုးဝင်ရတော့မည်ဖြစ်သောကြောင့် ခြေလှမ်းအစသပ်လိုက်ကြသော ၀င်းဝင်းမာတို့နှစ်ယောက်ကို နှုတ်ဆက်လျှက် သူတို့ ထွက်သွားကြလေသည်။
ခွာညို
နိုဝင်ဘာလ (၅) ရက်၊ ၂၀၀၉ ခုနှစ်။

Wednesday, March 10, 2010

တံလျှပ်ရွေပြည် - အပိုင်း (၅)


ငှက်ပေါင်းများစွာရဲ့ ကျီကျီကျာကျာအော်သံတွေကြောင့်  မိုးမလင်းခင်ကတည်းက ကိုဝေငြိမ်းနိုးလာခဲ့သည်။ ငှက်ကလေးတွေ တေးသီတယ်ပဲပြောမလား။ စက်တင်ဘာလဆန်းစလောက်ကတည်းက တချို့သစ်ပင်တွေက အစိမ်းရောင်ကနေ ၀ါခြောက်ခြောက် ဖြစ်တာဖြစ်..နီကျင့်ကျင့်ပြောင်းတာပြောင်းဖြစ်စပြုနေပြီ။ ဆောင်းဦးဝင်လာသည့် နမိတ်ပုံ...
အခု လနှောင်းပိုင်းရောက်တော့ ထုံးစံအတိုင်း ငှက်ကလေးတွေ အသိုက်ရွှေ့လာကြတော့သည်။ အဲဒါကတော့ အမေရိကားရဲ့ မြောက်ပိုင်း ကနေဒါလိုနေရာမျိုးမှာ စအေးနေပြီဆိုသည့် သာဓက။ ခိုင်ထူးရဲ့ မိုးရဲရင် ဆောင်းရဲရမယ်ဆိုသည့်သီချင်းလိုပါပဲ… ဥရောပနှင့် အမေရိကားမှာက ဆောင်းတွင်းဆို ဆောင်းနှင့်တူအောင် အေးသည်။ ရေခဲမှတ် အောက်ရောက်လိုက်။ ရေခဲမုန်တိုင်းကျလိုက်..နှင်းမုန်တိုင်းကတမျိုး…။
လူသားတွေက အဲသည်ဆောင်းကို ဟိတာ hearter တွေ… မီးလင်းဖိုတွေ…အိပ်ယာထဲထည့်အိပ်လို့ရတဲ့ heat bag တွေ (ဗမာပြည်မှာသုံးသည့် ရေနွေးအိပ်မျိုးဆန်ဆန်အိပ်ကလေး)… ခြေစွပ်…ခေါင်းစွပ်..လက်အိပ်… လည်ပတ်တွေ အစုံအလင်နဲ့ ခုခံကာကွယ်ကြသည်။ ငှက်ကလေးတွေကတော့ အအေးကဲတော့ မယ်ဆိုတာကို သူတို့ဘာသာ ဘာဝ အသက်ရှင်နိုင်လောက် အောင် အအေးပေါ့တဲ့နေရာတွေဆီကို အုပ် လိုက်ပြောင်းရွှေ့ကြရသည်။ တခါတရံ ထောင်ပေါင်းများစွာသောငှက် အုပ်ကြီးကို မြင်ရသည်။ တခါတရံ သောင်းနှင့်ချီသော ရွှေ့ပြောင်းငှက်များကို သူမြင်ရတတ်ခဲ့သည်။ အထူးသဖြင့် တောရိပ် တောင်ရိပ်များပြီး အအေးပေါ့သည့် အာကင်ဆောလို၊ ကင်ဆတ်စ်လို ပြည်နယ်မျိုးတွေမှာ ပိုပြီး ငှက်အုပ်အကျများတတ်သည်ဟု ဆိုကြသည်။ အဲသည်လို မိုးလုံးပြည့်မတတ် ပျံသန်းနေသည့် ငှက်အုပ်ကြီးကို မြင်မှဖြင့် သူ့ရင်ထဲမှာ အမည်ဖော် လို့မတတ်စွမ်းသည့် ပြည်တော်ပြန်ချင်သည့်အလွမ်းနာက ဖိစီးလာတော့သည်။
သည်ငှက်တွေကို သည်ရောက်ခါစမှာ သိပ်သတိထားမိခဲ့တာတော့မဟုတ်။ အလုပ်ထဲမှာ၊ အရက်ဝိုင်းမှာရောက်ပြီး ငှက်တွေ အုပ်လိုက်ပျံတာကို နှစ်တော်တော်ကြာပင် သတိထားခဲ့မိတာတောင်မဟုတ်။ အမေရိကားမှာ အနေကြာ အခြေတကျ ဖြစ်တော့မှ ကိုယ့်ကိုယ်ကို သင်းကွဲငှက်တကောင်လို…အသိုက်ပျက်ငှက်တကောင်လို အထီးကျန်ခံစားလာရသောအခါမှ အဲသည်ငှက်တွေကို စပြီး သတိထားမိတာဖြစ်သည်။
အဲသည်အခါ ငှက်တွေကိုမော့ ငေးကြည့်ပြီး ခင်မောင်တိုးရဲ့ ကြိုးကြာငှက်တို့ အိမ်ပြန်ချိန်ကို ဆိုညည်းမိရင်း အလွမ်းကိုနှိုက် ကိုက  ၀ါသနာလို ဖြစ်နေပြန်တော့သည်။
သည်နှစ်ကျတော့ အသက်ကလေးက ရလာ၍ပဲလားမသိ။ စောစောနိုးနေရင်း ခါတိုင်းထက်ပိုဆူညံနေသည့် ငှက်အုပ်ကျသံကို နားထောင်ရင်း အော်…သူတို့လည်း..ငါတို့လိုပါပဲလား…ဟု ကိုယ်နှင့်စာနာဖြစ်လိုက်သည်။ သူတို့အတွက် အစာရေစာမှ လောက် ပါ့မလား…တို့ကတော့ IRC (International Refugee Center) မှာ food stamp card သွားတောင်းပြီး စားလို့ရသေးသည်ဟု နာကျင်မှုရောပြွန်းသောအတွေးကို သောတောတော ရွဲ့တဲ့တဲ့တွေးဖြစ်သည်။
အင်း…  သူတို့က အအေးလျော့သွားရင် သူတို့နေရပ်ကို ပြန်သွားလို့ရတယ်…ဟု အိမ်ပြန်ခွင့်သာသော ငှက်တွေကို မနာလိုစိတ် ဖြစ်မိသည်။
 ငါသာ ငှက်တကောင်ဆိုရင် စစ်အုပ်စုကလည်း ငါ့ခြေရာကိုရှာလို့ရမှာမဟုတ်လို့ ငါအိမ်ပြန်လို့ရမှာပဲ လို့ ကိုယ့်ကိုကိုယ် အဟိတ် တိရစ္ဆာန်မဖြစ်ရလေခြင်းရယ်လို့လည်း အားမလိုအားမရစိတ်ဖြစ်လာမိသည်။  အခု ဆိုကြည့်ပါအုံး။ ကိုညီညီအောင် အိမ်ပြန်ဖို့ ကြိုးစားလိုက်တာ၊ အခုတော့ ထောင်ထဲမှာ အနှိပ်စက်ခံနေရသတဲ့။ ဘယ်လို စီရင်ချက်မျိုးနဲ့ ရင်ဆိုင်ရမလဲ ဘယ်သူမှ မသိနိုင်။ ဘယ်လိုပဲဖြစ်ဖြစ် သူကကိုယ့်မွေးရပ်မြေကို ထိတွေ့ခွင့်တော့ ရသွားတာပါပဲ။ အခုတော့ နတ်သျှင်နောင်လိုပဲ..ငှက်သွင်ပျံကြွမတတ်သော်ဝ်…လို့ ညည်းဆိုယုံကလွဲလို့ ဘာမှ မတတ်နိုင်….


စိတ်လှုပ်ရှားမှုဖြင့် တညလုံး အိပ်မပျော်ကြသော ရာနှင့်ချီသည့် မြန်မာလူမျိုးများ အခုတော့ မနက်လေးနာရီလောက်ကတည်းက မြို့ပိုင်ရုံးဝန်းအတွင်းက မြေကွက်လပ်ပေါ်မှာ တန်းစီကာ ငုပ်တုပ်လေးတွေ ထိုင်နေကြရပြီဖြစ်သည်။ ခပ်လှမ်းလှမ်းမှာ ကားတွေ တန်းစီပြီး ရပ်ထားသည်။ ကားတွေနဘေးမှာ သယ်သွားမည့်အထုတ်တွေက တောင်လိုရာလိုပုံနေသည်။ ဟိုဟာမယူရဘူးတဲ့။ ဒီဟာလေးတော့ ပါမှဖြစ်မယ်…စသည့်ထင်ကြေးအမျိုးမျိုးပေးသံတွေက ကွင်းထဲမှာ မှောင်ထဲမှာ ဟိုက ဒီက ကျယ်ကျယ် လောင် လောင်ထွက်ပေါ်နေသည်။ ပစ္စည်းတွေနဲ့ ကားနဲ့မဆန့်လို့ ထားခဲ့ရမည့်ပစ္စည်းတွေကို ကျန်ရစ်ခဲ့ မည့်သူများကိုအပ်နှံနေသံ… ပစ္စည်းရွေးချယ်နေသံတွေကလည်း သောသောညံနေသည်။ အားလုံးက ကိုယ့်စိတ်ကူးနှင့် ကိုယ် အားလုံးတက်တက်ကြွကြွ။
ဆယ်နှစ်ကျော်..တော်လှန်ရေးကို သစ္စာမဖောက်ဘူး…ဆိုကာ တင်းခံနေခဲ့သူအနည်းအကျဉ်းကလွဲလျှင် အတော်များများ ကတော့ ကမ့် (ဒုက္ခသည်စခန်း) ထဲဝင်ဖို့ရည်ရွယ်ချက်နှင့် မဲဆောက်မြို့မှာ နှစ်နှင့်ချီပြီး သောင်တင်နေကြသူတွေ။ နိုင်ငံရေးကို တကယ်လုပ် သူတွေလည်းပါ..လုပ်ချင်ယောင်ဆောင်သူတွေလည်းပါ..သည်လိုစကားမျိုး လူရှေ့ရောက်တိုင်း လှိုင်လှိုင်ပြောမှ သည်လမ်းကို ရောက်မယ်ဆိုသည့် ဖော်မြူလာသမားတွေလည်းပါ။ သည်လိုလူတွေနဲ့တွဲမှ နိုင်ငံခြားကို ရောက်မှာဆိုပြီး အရက်ပဲ စွဲစွဲ… သွားပဲ ကျိုးကျိုး… ဦးနှောက်ပဲပျက်နေနေ… လက်ထပ်ပြီး တွဲထားသည့်အတွဲတွေလည်းပါ…
မဲဆောက်မှာ တသက်လုံးက မမြင်ဘူးခဲ့သည့် မျက်နှာစိမ်းတွေလည်း အများကြီးပါသည်။ တချို့က ဘန်ကောက်က… တချို့က ချင်းမိုင်က စသည်ဖြင့် ရေကြည်ရာ မြက်နုရာမှာ အလုပ်လုပ်ကြရင်း မဲဆောက်က ယူအဲန်ရုံးမှာ (အများစုက ယူအဲန်အိပ်ခ်ျစီအာရ် ကို ယူအဲန် ဟုသာ အလွယ်ခေါ်ကြသည်) ဒုက္ခသည်စာရင်းလာသွင်းထားသည်။ အင်တာဗျူးရှိလျှင် ဖြစ်သည့်နည်းနှင့် ရောက်အောင် လာပြီး အဗျူးခံသည်။ ပြီးတော့ ပြန်သွားကာ လုပ်ကိုင်စားသောက်နေကြသည်။ တကယ် ကမ့်ထဲသွင်းတော့မယ်..ဆိုတော့မှ အလုပ်ကထွက်… စုဆောင်းထားသည့်ပစ္စည်းတွေ ရောင်းသင့်တာရောင်းပြီး မဲဆောက် မှာလာစုကြသည်။ ယူအဲန်ရုံးမှာ ဓာတ်ပုံ ရိုက်ပြီး ယာယီအသိအမှတ်ပြုကဒ်နှင့် နှစ်ပေါင်း လေးငါးနှစ်နေခဲ့ပြီးသည့် နောက်မှာ တော့ သူတို့ဦးတည်ရာ ခရီးလမ်းဆုံးနီးပါးသို့ ရောက်မည်ဖြစ်သည့် ဒုက္ခသည်စခန်းတွင်းဝင်ရောက်ရေးအစီအစဉ်ကြီးက အကောင်အထည်ပေါ်ကာ ပျော်ရွှင်တက်ကြွနေကြသည်။  
လူတွေက ဟိုစုစု သည်စုစုဖြစ်နေရာကနေ ထိုင်းရဲတွေက နှာသံပါပါ..ညောင်နာနာအသံနှင့် လူစုထိပ်ကနေ တုတ်တယမ်းယမ်းနှင့် အော်လိုက်သောအခါ ထိုင်းစကားနားလည်သော ကုလားတွေက ကပျာကယာ ဘော်လန်ဒီယာ ဘာသာပြန် တာဝန်ကို ယူလိုက်ကြသည်။
“တန်းစီ…တန်းစီကြလို့ပြောနေတယ်။ တန်းစီကြပါ”
ခနလေးနှင့် လူတွေ တန်းစီပြီးသားဖြစ်သွားသည်။ ခနနေတော့ တခါ ရုံးစုရုံးစုလူတွေကို ဒေါသသံ..စိတ်မရှည်သံနှင့် အော်တာခံလိုက်ကြရပြန်သည်။
“ငြိမ်ငြိမ်နေကြတဲ့။ စကားမများနဲ့…မဆူနဲ့လို့ပြောနေတယ်ဗျာ။ နည်းနည်း စကားမပြောဘဲ နေကြပါ”
လူကြီးတွေက မခံချိမခံသာ ညည်းသံတချို့ထွက်လာသည်။ တကယ်တော့ ထိုင်းရဲ…ဆိုတာက ပညာလည်း မတောက် တခေါက်..ဘာဗဟုသုတရယ်လို့မှလည်းမရှိ။ သည်လိုလူမျိုးတွေက ငါတို့လိုလူတွေကို အော်လား…ငေါက်လား..နဲ့ ဆိုသည့် ပညာမာန်လေးတွေကြောင့် မကျေမနပ်မော့ကြည့်ရင်းက မဆူနဲ့ဆိုသည့်အတိုင်း ကိုယ့်နှုတ်ခမ်းကိုယ် နာနာပိတ်ကာနေ လိုက်ကြရပြန်သည်။
“ထိုင်ခိုင်းနေတယ်။ အားလုံးထိုင်ကြပါ။ နံမည်ခေါ်တဲ့သူ မတ်တပ်ရပ်ပါ” …စသည်ဖြင့် ဘာသာပြန်တွေကလည်း ကိုယ့်တန်းမှာကိုယ် ဘာသာပြန်ပေးနေကြသည်။
လူကြီးတွေက မကျေနပ်သော်လည်း တိတ်သွားသည့်တိုင် အိပ်ရေးမ၀သော ကလေးတွေက အာဖြဲပြီး အော်ငိုနေကြသောကြောင့် ဟိုတကွက် သည်တကွက်နှင့် ဆူမြဲဆူနေသည်။ နံမည်ဆင်တူခေါ်၍ မှားရပ်မိသော လူရွယ်တယောက်ကို ထိုင်းရဲတယောက်က နင်ပဲငဆ အော်ဟစ်ငေါက်ငန်းသံကို ကြားလိုက်ကြရသည်။ ထိုင်းလို နားမလည်သည့်တိုင် နိုင့်ထက်  စီးနင်းအအော်ခံရခြင်းအပေါ် ထိုလူရွယ်လေးက ရှက်သွားသည်။ ငါးဆယ်ဝန်းကျင်လူတယောက်က ခပ်ပျော့ပျော့လေသံ နှင့် ငေါ့တီးငေါ့တော့ အားပေးစကားပြောသံ ထွက်လာသည်။
“အားလည်းမငယ်နဲ့။ စိတ်လည်းမပျက်ပါနဲ့ဗျာ။ ကိုယ့်ရှေ့က အမတ်မင်းတွေလည်း ဒီလိုအခြေအနေမျိုး…ဒီလို အော်ငေါက် မှုမျိုးကို ဖြတ်သန်းပြီးမှ နိုင်ငံခြားကိုရောက် ကြရတာပါပဲ။ ဒီလို ထိုင်းရဲတွေအအော်မခံရဘဲ..ထိုင်းရဲတွေရှေ့မှာ ပုံစံထိုင်သ လို မထိုင်ရဘဲနဲ့ ဘယ်သူမှ နိုင်ငံခြားမရောက် နိုင်ဘူးမဟုတ်လား။ ဒုက္ခသည်တွေအားလုံး အဆင့်တူ အတန်းတူ ပါပဲ။ ဟဲ ဟဲ ဟဲ…”
ပစ္စည်းတွေကားနှင့်မဆန့်သောကြောင့် ကျန်ရစ်ခဲ့သည်က တပုံတပင်။ စာရင်းနှင့်တိုက်ကာ လူတွေအကုန်လုံးကို ကားပေါ် တင်ပြီးချိန်မှာ မနက် (၇) နာရီခန့်ရှိပေပြီ။ှ လက်ပြကြ..နှုတ်ဆက်ကြနှင့် ကားတန်းကြီး စထွက်တော့သည်။ မနက်ခင်း နေ ရောင်ခြည်အောက်မှာ မီးစုံဖွင့်မောင်းနေသည့် ကားတန်းကြီးကို နောက်ပြန်လှည့်ကြည့်ရသည်မှာ ဘာကိုအမည်သေချာ မတပ်နိုင်သည့် ဝေဒနာတမျိုးကို ၀င်းဝင်းမာ စတင်ခံစားလိုက်ရသည်။
မဲဆောက်က စထွက်ချိန်မှာ သိပ်မသိသာလှသေး။ အာရုံကလည်း ကားဂိတ်မှာကျန်ရစ်သူတွေနှင့် အပြန်အလှန် ပြောဆို ကြတာတွေကို စားမြုံ့ပြန်နေကြသေးသည်။ လမ်းကလည်း ကောင်းနေတုံး။ နောက် မြို့ထဲက စထွက်ပြီဆိုသည်နှင့် လမ်း က တဖြေးဖြေး ခပ်ပြေပြေပေမယ့် အပေါ်မော့တက်နေတာ သိသာလာသည်။ အကွေ့အကောက်လေးတွေက ခပ်ပြေပြေ ကနေ ပိုပိုပြီးကွေ့လာ…အကွေ့တွေကလည်း များလာသည်။
အဲသည်အချိန်မှာ မီးစုံဖွင့်မောင်းနေသည့် ကားတန်းကြီးက တောင်ကွေ့တွေမှာ မြွေတကောင်လို တရွေ့ရွေ့…. ကားမူးတတ်သည့်သူတွေကပဲ များသလား…လမ်းခရီးကိုက ကြမ်းလို့လားမသိ။ ဆန်ပြုတ်ရောင်းသူတွေက ပေါမှပေါ။ ကိုယ်က ကားကောက်တတ်သူမဟုတ်သည့်တိုင် တချို့ဆို ကြွပ်ကြွပ်အိပ်မဆောင် ဘာမဆောင် ကားဝမ်းထဲ ဝေါ့ကနဲ ထိုးအန်ချသူကချသည်။ သည်အနံ့တွေကြောင့် ကိုယ်ပါရောပြီး ဆန်ပြုတ်သည်ဖြစ်ရသူတွေလည်းရှိလာသည်။
အုံးပျံ့စခန်းကိုရောက်တော့ ခနကားရပ်ပြီး ထမင်းထုတ်တွေဝေသည်။ ထိုင်း ထမင်း၊ ထိုင်းဟင်း။ ကြက်သားဖာကပေါင်၊ ၀က်သား ဖာကပေါင်နှင့်။ ဖာကပေါင်ဆိုသည်က ကြက်သား ၀က်သားကို နုပ်နုပ်စင်းကာ ပင်စိမ်းနံ့ပြင်းပြင်း၊ ငရုပ်သီးစပ်စပ်နှင့်ချက်ထားသည့် ဟင်း။ တပွဲမှ ထိုင်းငွေ (၁၅) ဘတ်ပဲ ပေးရသည်။ သို့သော် ဒုက္ခသည်များကိုဝေသည့် ထမင်းဘူးတွေမှာတော့ အသားထက် ပဲသီးနှင့် ငရုပ်သီးက ပိုများနေသည်ပြောရမည်။ ဘယ်လိုပဲပြောပြော ကားမတောက် သူတွေကတော့ ကားဆောင့်သည့်ဒဏ်ကြောင့် အဆာကြေကာ စားနိုင်ကြပါသည်။ ကားတောက်သူတွေကတော့ အခုချိန် မှာ နတ်သုဓ္ဒါကျွေးလည်း ဟင့်အင်း..ဆိုမှာသာ။
တကယ်က အဲသည် ကြားစခန်းမှာ ခဏရပ်နားပြီး အုန်းဖျံဒုက္ခသည် စခန်း ကို ကျော်ပြီးမှ လမ်းက တကယ်ဆိုးတာဖြစ်သည်။ ဆိုးသည်ဆိုတာက အကွေ့အကောက်များသောကြောင့် စကောထဲ ထည့်လှိမ့်ခံရသည့် ဇီးဖြူသီးများလို ဖြစ်နေရ တာကိုသာ ဆိုလိုတာပါ။ လမ်းကတော့ အတော်လေးကောင်းပါသည်။ တချို့ မိုးဒဏ်ကြောင့် တောင်ပြိုနေသည့် နေရာတွေမှာတော့ ဗွက်ထနေတာရှိသည်။
“ကြည့်စမ်းပါအုံး။ တောင်ကျရေက လမ်းတွေကို တိုက်စားမသွားအောင် စီစဉ်ထားလိုက်ကြတာ။ ဒါမျိုးတွေမြင်ရတိုင်း တို့ တိုင်းပြည်က အစိုးရကို အော်အော်ပီးသာ ဆဲနေချင်တော့တာပဲ” ဟု အဖိုးကြီးတယောက်က မချိတင်ကဲသံ ထွက်လာသည်။ ၀င်းဝင်းမာ ထမင်းဆိပ်တက်ကာ အိပ်ငိုက်သလို ဖြစ်နေရာက အဖိုးကြီးအသံကြောင့် ပတ်ဝန်းကျင်ကို လေ့လာဖို့ မျက်လုံးဖွင့်ဖြစ်သည်။
တောင်ကမ်းပါးယံမှာ လှေကားထစ်လိုမြောင်းဖောက်ပြီး အဲဒီမြောင်းလေးတွေကို ကွန်ကရစ်လောင်းပေးထားသည်။ အဲသည် ရေစီးမြောင်းလေးကိုလည်း တဖြေးဖြေး နိမ့်လျှောကျလာစေပြီး လမ်းကို တိုက်စားမသွားအောင် ရေထုတ်မြောင်း သပ်သပ်ဖြင့် ရေကိုလမ်းလွှဲပေးထားသည်။ တောင်သွယ်တန်းတွေမှာ သစ်ပင်တွေက အုံ့ဆိုင်း ညို့မှိုင်းလို့နေသည်။ တချို့တောင်တွေမှာတော့ သစ်မရှိဘဲ ၀ါးတောသက်သက်တွေလည်းတွေ့ရသည်။ သည်ဒေသမှာ သစ်ထက် ၀ါးကပိုများသည်ဟု ဆိုနိုင်သည်။
“ဂြိုဟ်တုကနေ ရိုက်တဲ့ပုံတွေကိုကြည့်ရင် ဗမာပြည်ဘက်က တောင်တွေက တောင်ကတုံးတွေဖြစ်နေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ မှာက တောကြီးပိုထူလာတာကို သိသိသာသာတွေ့ရတယ်။ ဗမာပြည်မှာတော့ အစိုးရက ကံထရိုက် စာချုပ်နဲ့ ရောင်းစားလိုက်… တိုင်းရင်းသားလက်နက်ကိုင်တွေက တော်လှန်ရေးအတွက် ရောင်းစားလိုက်နဲ့ ဘာမှမကျန်တော့ဘူး” ဟု ကို ၀င်းလှိုင်က ၀င်ပြောသည်။ သူက အရင်က ကျောင်းသားတပ်မတော်က တပ်ရင်းမှူးဟုပြောသည်။ လူက လူဗလံလေး… ငါးပေကျော်ရုံလောက် သာရှိမည့်အရပ်အမောင်းနှင့် သေနတ်ကိုဘယ်လိုကိုင်ပြီးစစ်တိုက်ခဲ့ပါလိမ့် အတွေးဖြင့် ၀င်းဝင်းမာ ရယ်ချင်လာကြောင့် ကိုယ်ကို စောင်းလိမ်ကာ တောင်တန်းတွေဆီ ငေးချင်ယောင်ဆောင်နေလိုက်ရသည်။ 
ဘယ်လိုပဲဖြစ်ဖြစ်..သူပြောသည့်စကားက တခါမှ မကြားဘူးသော ကိုယ့်တိုင်းပြည်ရဲ့ အကြောင်းကို ၀င်းဝင်းမာ စိတ်ဝင်စားပါသည်။ အဲလိုမျိုး ကိုယ့်နိုင်ငံနှင့် သူများနိုင်ငံကို နှိုင်းယှဉ်တွေးပြီး နာကျည်းနေခဲ့ရလောက်အောင် ၀င်းဝင်းမာမအားခဲ့ဘူးဟု ထင်မိ သည်။ သို့မဟုတ် သည်လို နှိုင်းယှဉ်တွေးတောတတ်သည့် ပတ်ဝန်းကျင်နှင့် အလှမ်းဝေးခဲ့တာမျိုးလည်း ဖြစ်နိုင်ပါသည်။
လမ်းတလျှောက်လုံး ထိုအဖိုးကြီးနှင့် ကိုဝင်းလှိုင်တို့ပြောစကားများက ၀င်းဝင်းမာ မသိသောအကြောင်းအရာများစွာပါတာမို့ သည်ခရီးအတွက် မနက်စောစော စိတ်သိမ်ငယ်ခဲ့ရတာတွေပင် ပျောက်သလောက်ဖြစ်သွားရသည်။ အခုမှ ဒုက္ခသည် အခွင့် အရေးအပြည့်အ၀ယူပြီး ကိုယ့်တိုင်းပြည်အကြောင်း လေ့လာရပေတော့မည်။ သူတို့ပြောသည့်စကားတွေကလည်း ဟိုရောက်  သည်ရောက်နိုင်သော်လည်း နောက်ဆုံးတော့ နိုင်ငံရေးမှာပဲ ပြန်ပြန်အဆုံးသတ်နေတာကို ၀င်းဝင်းမာ သတိထားမိသည်။
“ကျနော့်မိန်းမက ကရင်မ၊ တခါမှ ကားကို ကြာကြာမစီးဘူးတော့ အခု တွေ့တယ်မို့လား။ ခေါင်းကိုမထောင်နိုင်တော့ဘူး” ဟု လသားကလေးငယ်လေးကို ပွေ့လျှက် ကားနောက်တန်းနှင့် တဒိုင်းဒိုင်းဆောင့်နေသည့်ကြားက အတင်းမှီကာ ခွေခေါက်နေသည့် သူ့မိန်းမကို ကြည့်ပြီးတော့ ပြောသည်။
“သူက ကျနော်နဲ့ရတဲ့အထိ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူလဲဆိုတာ မသိဘူး။ ဒေါ်စုဆိုရင် ဝေးရော။ ဒါနဲ့ ကျနော်က ပြောပြရ တယ်။ ကျောင်းသားတပ်မတော်က တပ်ရင်းမှူး မိန်းမဖြစ်နေပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်မှ မသိရင် မဖြစ်ဘူးဆိုပြီး ဗိုလ်ချုပ်က အင်္ဂလိပ်ကို တော်လှန်ခဲ့တာတွေ….ဂျပန်ကို တိုက်ထုတ်ခဲ့တာတွေ..ဒေါ်စုက အခု စစ်တပ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်နေတာတွေ…”
ပြောရင်း သူက သူ့မိန်းမကိုကြည့်ကာ အကြာကြီးပြုံးနေသည်။ သို့သော် သူ့အပြုံးက ၀င်းဝင်းမာ အဓိပ္ပာယ်မကောက်တတ်သော အပြုံးမျိုးဖြစ်နေသည်။
“ဘယ်လောက်များ မသိသားဆိုးဝါးတဲ့မိန်းမလဲဆိုတော့ဗျာ။ ကျနော်ပြောတာတွေ အကုန်လုံးနားထောင်ပြီးတော့မှ ဒီလောက်တော်တဲ့ ယောက်ကျားနဲ့ ဒီလောက်တော်တဲ့ မိန်းမ ဘာဖြစ်လို့ မရကြတာလဲ တဲ့”
“ဟေ…” ဟု အဖိုးကြီးထံမှ အသံထွက်လာသည်။
“အင်း..သူတို့ခမျာလည်း ဒီလောက်တောင် မသိရကောင်းလားလို့ ဘယ်လို သွားအပြစ်ပြောရမလဲ။ မွေးကာစ လမ်းမလျှောက် တတ်ခငကတည်းက မိဘတွေ လွယ်ထမ်းပြီး ပြေးသရွေ့လမ်းမှာ ပလိုင်းကိုအိမ်လုပ်ပြီး  ရွာပုန်းရွာရှောင်ဘ၀နဲ့ လူဖြစ်လာခဲ့ရ တာကိုး။ ကျောင်းဆိုတာ ဘာမှန်းမှမသိခဲ့တာမှ မဟုတ်ဘဲ။ ကျနော်နဲ့ရတော့ ဗမာစကားတောင် ကောင်း ကောင်မလေးကတော့ ကားမူးနေတာကလွဲရင် သူ့အကြောင်း သူ့ယောက်ကျားပြောနေတာကို နည်းနည်းမှ စိတ်ဝင်စား ပုံမပြ။ မျက်မှောင်တွန့်ကုတ်လျှက် မအန်မိအောင် သာ ကြိုးစားနေရသည့်အသွင်နှင့်။

ဝင်းဝင်းမာတို့နေရမည့် နို့ဖိုး ဒုက္ခသည်စခန်းသို့ နေ့ခင်း သုံးနာရီလောက်မှာရောက်ကြသည်။ ကားပေါ်ကဆင်းသည်နှင့် ကားလမ်း နဘေးက ယာယီတဲကြီးထဲ အကုန်ဝင်ကြရသည်။ အဲသည်မှာ ထိုင်းရဲဝတ်စုံနှင့်တယောက်က စကားပြောသည်။ တယောက်က ဘာသာပြန်ပေးသည်။ အဲဒီထိုင်းကို “ပလာ” ဟုခေါ်ရသတဲ့။ ကမ့်ကို အုပ်ချုပ်သည့်သူဟု ပြောသည်။ သူက နည်းနည်း ဟိတ်ဟန် များသော်လည်း သဘောကောင်းသည့်ပုံတော့ ပေါက်သည်။ သူ အားလုံးအဆင်ပြေအောင် ကူညီမည့် အကြောင်း၊ နိုင်ငံရေး ဒုက္ခ သည်များလည်းပါသည့်အတွက် ကမ့်ထဲမှာရှိသည့် သတင်းများကိုတော့ မီဒီယာကို ပို့လို့မဖြစ် ကြောင်း၊ သူပြောနေတာကို ပင်ပင် ပန်းပန်းနှင့် နာရီဝက်မက နားထောင်ပြီးသည့်နောက် အိမ်နံပါတ်တွေ ပေးသည်။ အိမ်တ အိမ်မှာ လူလေးယောက် နေရမည်ဟု ဆိုသည်။ ၀င်းဝင်းမာက တယောက်တည်းသမားဖြစ်သောကြောင့် အတူနေရမည့် သူ ကို လိုက်ရှာရသည်။ အိမ်နံပါတ်ရသည်နှင့် ထိုအိမ်တွင်နေမည့်သူများကို လူအရေအတွက်အတိုင်း ညစာထမင်းပေးသည်။ ထုံးစံအတိုင်း ဖော့ဘူးပိတ်ဖြင့် ဖာကပေါင်။

ကိုယ့်အိမ်ကိုယ်သွားလို့ရပြီ..ဆိုသည့်အသိက တနေကုန် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံတွေ့ရသည့် ဒုက္ခသည် ခရီးစဉ်အား စိတ်ရွှင်လန်းမှုဖြင့် အဆုံးသတ်စေခဲ့ပြီဟု ၀င်းဝင်းမာထင်သည်။ ထမင်းအဆင်သင့်။ အိမ်အဆင်သင့်။ တသက်လုံး တခါမှ အိမ်ပိုင်… ဆိုသည့်စကားမျိုး မသုံးနှုံးခဲ့ဘူးသဖြင့် ငါ့အိမ်နဲ့ငါ နေရတော့မယ် ဆိုသောအသိက ခြေလှမ်းတို့ကို ပေါ့ ပါးဖျတ်လတ်လာစေသည်။ စက်တင်ဘာမိုးဖွဲတို့ကြောင့် ဗွက်ထနေသော ကမူလေးများပေါ်ကို သွက်သွက်ဖြတ်နင်းရင်း ချော်လဲမလို ခနခနဖြစ်ရတာကိုက ပျော်စရာတခုလို ဖြစ်နေပြန်သည်။
ကုလားလေးတွေ ကုလားမလေးတွေက မတ်တပ် အုန်းတံမျက်စည်းအကြမ်းတွေနှင့် မျက်တံမျက်စည်းအချောတွေကို နောက်က တကောက်ကောက်လိုက်ရောင်းနေသည်။ တချို့က ရေပိုက်ယူမလားမေးသည်။ ဒုက္ခသည်စခန်းက ၀န်ထမ်းတွေက ရေပုံးတွေ ရေဇလုံတွေ လာယူဖို့ပြောနေသည်။ အသံတွေ…..
ထိုင်းနိုင်ငံနယ်စပ်က တောရိပ်တောင်ရိပ်များအုပ်ဆိုင်းနေသောကြောင့် မဲဆောက်မှာထက် အချမ်းပိုသည်။ စက်တင်ဘာလမှာ မိုးကလည်း တစိမ့်စိမ့်နှင့် ရုတ်တရက်ဝင်လာသော ထောင်နှင့်ချီသည့်လူအုပ်ကြောင့် မြေနီလမ်းကလေးတွေ ဗွက်ပေါက်ကုန် တော့သည်။
ချော်မလဲအောင် ဗွက်ပြင်ကို ခေါင်းတငုံ့ငုံ့နှင့်လာရာက အိမ်တွေကြားထဲ ရောက်ပြီဖြစ်သောကြောင့် အိမ်နံပါတ်ရှာရန် ခေါင်းကို မော့လိုက်သောအခါ အိမ်…ဆိုသော အရာတွေက ၀င်းဝင်းမာအမြင်အာရုံထဲမှာ စီစီရီရီနှင့် မြင်ကွင်းမဆုံး ပေါ်လာသည်။
သစ်သားဆို၍ တိုင်တချို့သာပါသည့် ၀ါးတဲကလေးတွေ …. တချို့က လှေကား သုံးထစ်။ တချို့က နှစ်ထစ်…။ အိမ်ဆို သည့်ကြမ်းခင်းသည်လည်း ၀ါးပိုးဝါးကြီးတွေကို ခွဲပြီး ခင်းထားသည့်အခင်း။ အကာအရံက ရင်ဆို့ကိုပင်မရောက်။ အိမ် အပေါ်တက်လိုက်တော့မှ တကယ်ရွှေရင်ဆို့တော့သည်။ အိမ်အလယ်ခေါင်တည့်တည့်မှာ အခန်းလေးတခန်းကို မြင့်ပြီး ဖွဲ့စည်းထားသည်။ ရှေ့မှာနှင့်ဘေးက အနိမ့်။ နောက်ဘက်မှာကျတော့လည်း တဆင့်ထပ်နှိမ့်ထားသည့် မီဖိုခန်းနှင့် မြေစိုက် အိမ်သာက တခါးမပါ။ ရေချိုးရန်နေရာက တခါ မီးဖိုထက်တဆင့်နှိမ့်ထားပြန်သည်။ တနေကုန်ကားပေါ်မှာ ဆီးချုပ် ၀မ်းချုပ် နှင့် အိမ်ရောက်ရင်တော့ အိမ်သာတက်လိုက်မယ် အားခဲလာခဲ့တာ ဘယ်လိုလုပ်ရမယ်မှန်းမသိတော့။
“မှားတယ်။ ငါတော့ ဒီယောက်ကျားကို ယူမိတာ အကြီးအကျယ်မှားတယ်။ ငါ့ဖာသာငါ ပြည်တွင်းမှာလုပ်စားနေတာ အဆင် ပြေနေရဲ့သားနဲ့ ဒီယောက်ကျားကို ယူမိတာ မှားတယ်” ဟု အတူနေရန် သဘောတူထားသည့် တင်တင်မူက ငိုသံပါကြီးနှင့် ထအော်သည်။ ၀ါးနုများဖြင့် ဆောက်ထားသည့်တဲကလေးမှာ ၀ါးပိုးအမှုန့်တွေနှင့် အမောပြေထိုင်ချစရာ တနေရာပင် မလပ်။ ဖက်မိုးသက်ကယ်ကလည်း ပိုးပေါက်ကလေးတွေနှင့် မိုးကစိမ့်ပြီး ကြမ်းခင်းတွေစိုနေသည်။ ၀ါးကိုပဲ အကြမ်းခွဲကာ ကာရံထားသည့် တဲနံရံတို့မှာတော့ စိမ်းဝါရောင်မှိုတွေနှင့်…အောင့်သိုးသိုးအနံ့ထွက်နေသည်။ လူလေး ယောက် သည်တဲမှာ ဘယ်လိုအိပ်မလဲ။ အတွင်းခန်းလေးမှာ မလှုပ်သာ မလူးသာ ခေါင်းတလားထဲဝင်နေရသလို အတောင့်လိုက်အိပ်မှ လူနှစ် ယောက်ပဲဆန့်နိုင်သည်။ အပြင်ဘက်မှာကျ တဲနံရံသုံးဘက်မှာ ခါးလောက်ရှိသောအကာနှင့် တခါးမရှိ။ လူမကြောက်ရဘူး ဘဲထား။ လေတိုက်သည့်ဒဏ်နှင့် အေးခဲသွားမလားမသိ။
ဒါကြောင့် စခန်းထဲမှာ လူခံဖြစ်နေသူတွေက တံမျက်စည်းတွေ..ရေပိုက်တွေရောင်းကြတာကိုး…ဟု သဘောပေါက်ကာ ဈေးရောင်း ချင်၍ ရစ်သီရစ်သီလုပ်နေသော ကုလားမလေးတယောက်ကို ခေါ်ပြီး တံမျက်စည်းနှစ်ချောင်းနှင့် ရေပိုက်ကို ၀ယ်လိုက်ရသည်။ မြန်မြန်မ၀ယ်ရင် ရေပိုက်ခေါင်းတခုကို အိမ်နှစ်ဆယ် ၀ိုင်းသုံးရမှာဖြစ်သောကြောင့် ကိုယ်နောက်ကျရင် ကိုယ် သန့်ရှင်းရေး မလုပ် လိုက်ရဘဲ ၀ါးပိုးမှုန့်တွေပေါ်အိပ်နေရမည်။ အိပ်စရာနေရာလောက်ကို အရင်လုပ်ရမလား အိမ်သာကိစ္စအရင်လုပ်ရမလား…နံရံတွေက မှိုတွေလည်း ဆေးမချလို့ကမရ။ သည်အနံ့တွေနှင့် ဘယ်လိုမှ မအိပ်နိုင်။
အိမ်မှာနေတုံးက နွေရာသီမှာ ပူလွန်းအားကြီးသောကြောင့် ကုတင်ကို ရေဆွတ်အိပ်ရန် ၀င်းဝင်းမာ တခါကြိုးစားတော့ အမေက ဆူလိုက်တာ မပြောပါနှင့်တော့။ လေဖြတ်သွားမယ်။ ဘာမှတ်လို့လဲတဲ့။
အခုတော့ ညနေ လေးနာရီခွဲကျမှ တဲတခုလုံးကို နံရံမကျန် ရေဆေးနေရပြီ။ ရေဆေးပြီးသည်နှင့် အဲသည်အစိုပေါ်မှာ အိပ်ရမည်။ ကမ့်ထဲမှာ အကုန်ပေးတယ်။ ဘာမှ မလိုဘူးဆိုသောကြောင့် အ၀တ်အစားတချို့နှင့် အသုံးအဆောင် အချို့သာပါသော ၀င်းဝင်းမာမှာ ဘာကို ဘယ်လို ခင်းအိပ်ရမလဲပင် စဉ်းစားမရ။ ဖျာတချပ်၊ စောင်တထည်နှင့် ခြင်ထောင်တလုံး က မနက်ဖြန်မှရမှာ။
ခြေထောက်ကိုရေစိုတာနှင့် မိုးအေးတာကြောင့် အပေါ့အပါးသွားချင်စိတ်က ပိုဆိုးလာသည်။ တင်တင်မူကတော့ မျက်ရည်ပေါက် ပေါက်ကျရင်း ပွစိပွစိမကျေမနပ်တွေပြောရင်း အိမ်နံရံက မှိုတွေကို ဒေါသနှင့် ဖိတိုက်နေသည်။ အိပ်မည့်နေရာတင် ကွက်ပြီးဆေး လို့မရ။ နောက်တနေ့ကျ ပစ္စည်းတွေ နေရာချပြီးလျှင် ဒါတွေက ပြန်လုပ်လို့မရတော့မှာမို့ တခါတည်းပဲ တအိမ်လုံးကို အပြတ်ဆေးရန် ဆုံးဖြတ်ချက်ဖြင့် ညနေ ခြောက်နာရီမထိုးခင် အပြီးဆေးနိုင်ရန် မနားတမ်း လုပ်နေကြရသည်။
နောက်တော့ တင်တင်မူ၏ စောင်တွေထည့်လာသည့် ပီနန်အိပ်ကြီးကို ဖျက်ချလိုက်ပြီး ကြွပ်ကြွပ်ကြိုး တခွေဝယ်လိုက်ကာ အိမ်သာ တခါးဖြစ်အောင်လုပ်လိုက်ရသည်။ သည်ကြားထဲ ရေပုံးလာယူ..ဇလုံလာယူ ဆိုတိုင်း ယာယီတဲကြီးဆီကို ပြေးရ တာကလည်း နှစ်ခါ သုံးခါ။
တချို့အိမ်တွေက အိမ်သာတွေဆို တယောက်ယောက်လာသုံးပြီး တုတ်တွေပစ်ချခဲ့သည်ကို ဆယ်ရ ဆေးရသည့်အတွက် အော် ဟစ် နေကြတာကိုလည်း ကြားနေရသည်။
တအိမ်လုံးရေဆေးပြီးချိန်..အိမ်သာသုံးလို့ရချိန်မှာ အမှောင်ထုက ကြီးစိုးလာပြန်သည်။ တံမျက်စည်းရောင်းသည့် ဈေးသည်တွေက ဖုရောင်းတိုင်နှင့် မီးခြစ်လာရောင်းကြပြန်သည်။ လာရောင်းသူများကိုပင် ကိုယ်က ပြန်ပြီးကျေးဇူး တင်ရမလိုပါပဲ။ 
မောမောပန်းပန်းနှင့် စားပြီး သောက်စရာရေမရှိ။ ကားပေါ်မှာ ဝေသည့်ရေသန့်ဗူးလေးထဲမှာ ကျန်သည့် ရေတ၀က်ကို နှစ်ယောက်မျှ သောက်ပြီး တင်းတိမ်လိုက်ကြရသည်။ နှစ်ယောက်အိပ်မည့်နေရာကို နှစ်ယောက်လုံးမှာပါသမျှ လုံခြည်တွေ ဖြန့်ခင်းကြရသည်။ ပြီးမှ တင်တင်မူပါလာသည့် စောင်တထည်ကို အပေါ်က ဖြန့်ခင်းရသည်။ ဒါတောင် ရေမ ခြောက်တာရော ၀ါးရဲ့ သဘာဝကိုက အအေး ဓာတ်ပိုတာရောကြောင့် လှဲလိုက်သည်နှင့် ကျောထဲလာစိမ့်ပြီးအေးနေသည်။ မတတ်နိုင်။ ခြေအိပ်စွပ်။ အနွေးထည် သုံးထပ်လောက် ၀တ်။ တင်တင်မူ့စောင်ကို ကပ်ခြုံ။
တင်တင်မူကတော့ တော်လှန်ရေးနယ်ထဲကအဆက်အသွယ်ဖြင့် အမေရိကားကိုရောက်နေသူတယောက်နှင့် တနည်းနည်းနှင့် ဆက်စပ်မိပြီး နိုင်ငံခြားကိုရောက်အောင်ဆိုကာ လက်ခံလိုက်ခဲ့တာ၊ သူထင်သလို သူ့ကို အပေါ်လမ်းက မခေါ်ဘဲ ဒုက္ခသည် စခန်းကနေ ဖြတ်သန်းဖို့ခေါ်ခဲ့တာတွေကို တတွတ်တွတ်ပြောကာငိုလေသည်။ သူ ငိုလို့အားရပြီး နည်းနည်းငြိမ်သွားချိန်တွင် ၀င်းဝင်းမာ မှေးကနဲ အိပ်ပျော်မလိုဖြစ်သွားသည်။
“ဘယ်သူလဲ။ အိမ်ပေါ်ကို ဘယ်သူတက်လာတာလဲ”
တင်တင်မူက စောင်ကို ဆွဲခွာကာ ငေါက်ကနဲထထိုင်ရင်း တုန်တုန်လှုပ်လှုပ်အသံဖြင့် လှမ်းမေးသောကြောင့် ၀င်းဝင်းမာ ပြန်လန့်နိုးသွားရသည်။ ဘာသံမှ မကြားရပါ။
သူ့ကို သနားလည်းသနား။ စိတ်လည်းရှုပ်။
“ဘာသံမှ မကြားပါဘူးတင်တင်ရဲ့”
“မဟုတ်ဘူး အမ၊ လူတက်လာတယ်”
နားစွင့်ကြည့်သည်။ ဘာမှ မထူးခြား။
“လူရှိနေရင် ဒီလောက် တကျွပ်ကျွပ်မြည်နေတဲ့ ၀ါးခင်းတွေနဲ့ သိသာပါတယ်။ ဘေးအိမ်တွေနဲ့ အရမ်းကပ်နေတာမဟုတ်လား။ အိပ်ပျော်မလို့ဖြစ်တုံး ဘေးအိမ်က လမ်းလျှောက်တဲ့အသံကို ကိုယ့်အိမ်ပေါ်ကလို့ ထင်မိတာပါ။ အိပ် အိပ်။ ဘာမှ မဖြစ်ပါဘူး။ နောက်နေ့ကျတော့ လက်သမားရှာပြီး အိမ်တခါးလုပ်ကြတာပေါ့”
တင်တင်မူ အိပ်ယာပေါ်ပြန်လှဲလိုက်ပြီး ၀င်းဝင်းမာကို ကျောပေးကာ တဖက်လှည့်လိုက်သည်။ သူ့ကျောပြင်နဲ့ထိတွေ့မှုကြောင့် နည်းနည်း နွေးလာသော်လည်း တသိမ့်သိမ့်လှုပ်နေအောင် ကြိတ်ငိုနေသောကြောင့် အိပ်ရန်ကြိုးစားထားမှုက အသုံးမ၀င်တော့ဘဲ ကြောင်တောင်မျက်လုံးနှင့် အေးစိမ့်သောညကို ဖြတ်သန်းရမည့်ပုံ။

အောက်တိုဘာ (၅) ရက်။

Template by : kendhin x-template.blogspot.com