Showing posts with label ပန်းချီ. Show all posts
Showing posts with label ပန်းချီ. Show all posts

Sunday, February 21, 2010

ဇလွန်ပြည်တော်ပြန် ဘုရားပုံတော်

ကျမသူငယ်ချင်း ပန်းချီဆရာက ပြည်မြို့တဖက်ကမ်းက ကြေးသွန်းဘုရားရဲ့ မျက်နှာတော်က အလင်းပြန်တာတွေကို ကြေးညှိစိမ်းရောင်ထည့်ပြီးဆွဲတာကို ဘေးက ထိုင်ကြည့်ရင်း သူ့ကို အားကျခဲ့ဖူးတယ်။ သူဆွဲခဲ့တာ ကားကြီးပါ။ နောက်ပီး Acrylic နဲ့ဆွဲတာ။ စိတ်ရှည်လက်ရှည် ကားအကြီးကြီးကို အသေးဆုံးစုတ်တံလေးတွေသုံးပြီး မှုန်းခဲ့တာ...

ဘေးက ကြည့်နေရတာကိုက သိပ်စိတ်လှုပ်ရှားဖို့ကောင်းတာ။ အဲဒီကားကို ဆရာတော် အရှင်ဆန္ဒာဓိက က ပြခန်းဖွင့်တဲ့ မနက်မှာပဲ ၀ယ်သွားခဲ့တာ မှတ်မိတယ်။

ကျမဆွဲထားတာကတော့ Arcylic effect ရတဲ့ အခြောက်တောင့်လေးတွေနဲ့ပါ။ ဆေးနံမည်ကို မမှတ်မိတော့ပါ။ ထိုင်း မှာနေခဲ့တုန်းက ထိုင်းပစ္စည်းကို သုံးခဲ့တာဆိုတော့ ထိုင်းလို မဖတ်တတ်။ (ဘိုလိုရေးထားပါတယ်။ ကျမက ကိုယ်လုပ်ချင်တာ လုပ်ရပြီးရော၊ ကျန်တာ အကုန်လျစ်လျူရှုထားတတ်တဲ့ အကျင့်ဆိုးရှိတဲ့သူမို့ပါ)

စက္ကူပေါ်မှာဆွဲပါတယ်။ ဆိုက်ကတော့ (၆) လက်မ၊ (၉) လက်မလား (၁၀) လက်မလားမသိ၊ ရှိပါလိမ့်မယ်။ (ပေတံမရှိလို့ အတိအကျ မပြောနိုင်သေးပါ)။

ဆွဲတဲ့ခုနှစ်က ၂၀၀၇ ခုနှစ်လောက်ကဖြစ်ပြီး ဆွဲခဲ့တဲ့နေရာကတော့ ထိုင်းနိုင်ငံ၊ တက်ခရိုင်ထဲက နို့ဖိုးကမ့်ထဲမှာပါ။

Friday, February 12, 2010

မင်းနဲ့ပြည်သူ

ဖြူမကြီး...လို့ ကျမတို့ ချစ်စနိုးခေါ်ပါတယ်။ တကယ်တော့ သူက ကျမတို့ မီဒီယာအဖွဲ့ထဲကို ကျမတို့ထက်စောပီး ရောက်ခဲ့တဲ့ ဘိုဆန်ဆန်ပြောရရင် female ထဲမှာ Senior ဆိုပါတော့....

အခုတော့ မရှိရှာတော့ဘူး...လို့ သိရပါတယ်။

အလွန်သန္ဓေကောင်းတဲ့ ခွေးမကြီးပါ။
သူ့ဗိုက်က ဘယ်လောက်ဟောက်ပက် ဟောင်းလောင်းဖြစ်နေပါစေ... လူတွေက ဘယ်လောက်ပဲ ပစ္စလက္ခတ်နဲ့ အသားငါးတွေကို ကိုင်တော့မလိုလုပ်ပီး စဥ့်တုံးပေါ်မှာ တင်ထားပစ်ခဲ့ပါစေ...ဘယ်တော့မှ ယူမစားဘဲ..သွားရည်တောက်တောက်အကျခံပြီး ထိုင်ငေးနေတတ်တဲ့ အလွန်သနားစရာ ချစ်စရာကောင်းတဲ့ ဖြူမကြီးပါ။

ကျမတို့ရဲ့ ဦးလေးက ဆို သူ့ကို ချစ်မှချစ်...။
ညနေများ နည်းနည်း အရှိန်ရလာရင် ဖြူမနားမှာထိုင်ပီး စကားတွေပြောနေလိုက်တာ ချော...လို့။
“ဖြူမ...သမီး...” ဆိုတဲ့အသံက ချိုလွန်းလို့။
ကျမတို့ထဲက အငယ်ဆုံး မိန်းကလေးတယောက်က နားထောင်ရင်း ၀မ်းတောင်နည်းလာသတဲ့။
သူက ပြောသေးတယ်။ “ဦးက ကျနော်တို့များဆို ဆူလိုက်...ငေါက်လိုက်..အော်ထုတ်လိုက်နဲ့၊
ဖြူမတ၀က်လောက် ဦးက အလိုလိုက်ပီး ချိုချိုသာသာပြောရင် လူဖြစ်ရကျိုးနပ်ပါပြီ...” တဲ့။

အော်..တခုရှိသေးတယ်။ လူတွေမှာသာ ငပိရည်နဲ့ မျှစ်တို့နဲ့...လမ်းဘေးက ကန်စွန်းရွက်ပြုတ်တို့ချင်တို့မယ်။ ဖြူမကိုတော့ ဟင်း (ငါးဘတ်) ဖိုးတော့ ၀ယ်ကျွေးတတ်သေးတာကိုး။ သူ့အိပ်ထဲမှာ ပိုက်ဆံရှိတဲ့အခါပေါ့လေ....

အဲဒီလို အကြီးအကဲရဲ့ ဂရုစိုက် အလိုလိုက်ခံရတဲ့ ဖြူမကြီးအကြောင်းကို ကျမထက်အရင် စာဖွဲ့ခဲ့တဲ့သူတွေကလည်း (၂) ပုတ်တောင်ရှိတယ်။

ကျမကတော့ စာထက် ပန်းချီချယ်ချင်ခဲ့တယ်။ သူ့အစာခွက်မှာသာ ဟောင်းလောင်းဖြစ်ပီး သူ့ကိုယ်ခန္ဓာတခုလုံး ၀ဲစွတ်နေပေမယ့် သူ့ကလေးတွေကတော့ ၀တုတ်ပီး ချစ်ဖို့ကောင်းအောင် လုံးပြောင်နေတာမြင်တော့

အော်...မိဘ...ဆိုတာ ဒါပါလား ရယ်ကတဆင့်.....
Template by : kendhin x-template.blogspot.com