Monday, August 23, 2010

ကယ်လ်ဆီယံ (ထုံးဓာတ်) အားဖြည့်ဆေးတွေကြောင့် Heart Attack (ရုတ်တရက် နှလုံးဖောက်ပြန်မှု) အန္တရာယ်တိုးမြင့်နိုင်

ကယ်လ်ဆီယံဆေးပြားတွေ သောက်တာက Heart Attack ဖြစ်စေနိုင်တယ်ဆိုတဲ့ သတင်းကို ရိုက်တားစ် သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာကနေ ဖတ်လိုက်ရ ပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်က အသက် သုံးနှစ်လောက်ပဲ ရှိသေးတဲ့ ကျမ တူကလေးကို သတိရမိပါတယ်။ သူ့ရဲ့ ဟိုဘက်က ဖွားအေက သူ့မြေး ကျန်းမာအောင်လို့ ကယ်လ်ဆီယံဆေးပြားတွေ ကဒ်လိုက်ဝယ်ပေးထားတာကို သတိရမိတာပါ။ ချိုချို ချဉ်ချဉ်နဲ့ အရောင်စုံလေးနဲ့ ပုံစံအစုံနဲ့ဆိုတော့ စားချင်စရာ အနံ့အရသာကိုလည်း ဖန်တီးထားတာကြောင့် အမေက တပြားတိုက်ရင် သားက အဆစ် နှစ်ပြားလောက် ဇွတ်ထပ်တောင်းတတ်တာ။ နားညည်းမခံနိုင်တဲ့ အမေက နားအေးပီးရော…သဘောထားပီး ထပ်ပေးလိုက်တာ….
အဲဒါကြောင့်လားမသိ။ တခါတလေ ကလေးကို စိတ်တိုလို့ မနာမကျင် သူ့ခေါင်းကို ခပ်ဖွဖွခေါက်မိရင် ဒုံ…ကနဲ့ ပြန်ကန်ထွက်လာတယ် ပြောရမလောက် ခေါင်းခွံက မာမှမာ… ကျမလက်ဆစ်သာ နာသွားတယ်။ သူကတော့ဘာမှ မဖြစ်။
အခု ဒီ ကယ်လ်ဆီယံ ဆေးပြားတွေရဲ့ ဆိုးကျိုးကို ဖတ်မိတော့ မြန်မာပြည်မှာ ဆရာဝန်မညွှန်ဘဲ ဆေးတွေကို ထင်သလို သောက်လေ့ရှိတဲ့ ကိုယ့် ဗမာလူမျိုးတွေကို စိုးရိမ်မိပါတယ်။ ဒါကြောင့် ဒီ ဆောင်းပါးလေးကို ဘာသာပြန်ကြည့်ခဲ့ပါတယ်။ ဘာသာပြန်ဆောင်းပါးကို ပထမဆုံး ဘလော့မှာ တင်လိုက်တာပါပဲ။

ဂျူလိုင် (၃၀)၊ ရိုက်တားသတင်း

အရိုးပွရောဂါကို တားဆီးကာကွယ်ဖို့ လူအတော်များများ သောက်သုံးနေတဲ့ ကယ်လ်ဆီယံဆေးပြားတွေဟာ နှလုံးမှာ ရုတ်တရက် ဝေဒနာပြင်းပြင်းထန်ထန်ခံရတဲ့ အန္တရာယ်ကို ၃၀ ရာခိုင်နှုန်းအထိ တိုးပြီး ဖြစ်ပွားစေနိုင်တယ်လို့ (ဂျူလိုင်လ ကုန်ပိုင်း) သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ ဆေးသုတေသီတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ အားပြင်း လှတဲ့ ကယ်လ်ဆီယံဆေးပြားပေါက်စနလေးတွေက လေဖြတ်ခြင်းနဲ့ သေဆုံးခြင်းတွေ မြင့်တက်လာတာနဲ့လည်း တနည်းတဖုံ ပတ်သက်ဆက်နွယ်နေပေမဲ့ ကိန်းဂဏန်းအရ သိသာထင်ရှားမှုတော့ မရှိပါဘူး။

ကယ်လဆီယံ အားဖြည့်ဆေးပြားတွေကို သုံးစွဲနေကြသူတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်သုံးကြဖို့၊ ဆေးပြားတွေ အစား ကယ်လ်ဆီယံဓာတ် အပြည့်အ၀ပါတဲ့ အစားအစာတွေကို စားသုံးကြဖို့နဲ့ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာ၊ ဆေးလိပ် မသောက်ဘဲနေတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားတာတွေနဲ့သာ အရိုးပွရောဂါကို ကာကွယ် ကြဖို့ သုတေသီတွေက အကြံပြုထားပါတယ်။

“လူတွေက ကယ်လ်ဆီယံအားဖြည့် ဆေးတွေကို သဘာဝအတိုင်းပဲလို့ ထင်နေကြတာပါ။ ဒါပေမဲ့ အဲဒီ ဆေးပြားတွေဟာ သဘာဝအတိုင်း လုံးဝ မဟုတ်ပါဘူး” လို့-
နယူးဇီလန်နိုင်ငံ၊ အောက္ကလဲန်း ဆေးတက္ကသိုလ်က ပါမောက္ခ အီရန် ရိဒ်က တယ်လီဖုန်း အင်တာဗျူးတခုမှာ ပြောပါတယ်။
ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့မှာရှိကြတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေဟာ အသက်အရွယ်ကြီးရင့်သူ တသောင်း နှစ်ထောင် နီးပါးကို လေးနှစ်ကျော်ကြာ စမ်းသပ်စစ်ဆေးမှုပေါင်း ၁၁ ခုနဲ့ သုတေသနလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ စမ်းသပ်ခံရသူတွေထဲက တ၀က်ကို ကယ်လ်ဆီယံဆေးပြားတွေပေးပါတယ်။ နောက်တ၀က်ကိုတော့ ကယ်လ်ဆီယံ အာနိသင်မရှိတဲ့ အစားထိုး ဆေးပြားတွေကို ပေးထားပါတယ်။ ထွက်လာတဲ့ အဖြေကို ဗြိတိသျှ ဆေးသပ္ပံဆိုင်ရာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

“ဒီမှာ ဘာကို တွေ့လာရသလဲဆိုတော့ ကယ်လ်ဆီယံဆေးပြားအစစ်တွေကို သောက်တဲ့သူတွေထဲမှာ Heart Attack ဖြစ်နှုန်းက ၃၀ ရာခိုင်နှုန်း တိုးလာတာကို တွေ့ရပါတယ်”

“တကယ်လို့ လူ ၁ ထောင်ဟာ ကယ်လ်ဆီယံဆေးပြားတွေကို ငါးနှစ်စွဲပြီး သောက်နေမယ်ဆိုရင် အဲဒီ ထဲက ၁၄ ယောက် ကျော်ဟာ Heart Attack ဒဏ်ကို ခံစားကြရမှာဖြစ်ပြီး ၁၀ ယောက်ကျော်ဟာ လေသင်တုန်းဖြတ်တာခံရမှာပါ။ ၁၃ ယောက်ကျော်ကတော့ အသက်ဆုံးတဲ့အထိ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းတွက်ချက်ထားပါတယ်။”

လူ ၃၇ ယောက်ကျော်ကို မကောင်းတဲ့ရလဒ်တွေရစေပြီးတော့ ၂၆ ယောက်လောက်ကိုတော့ ကာကွယ်နိုင်လိမ့်မယ်လို့ မျှော် လင့်ပါတယ်။ ဆိုလိုတာက ဒီ ကယ်လဆီယံဆေးပြားတွေဟာ အဆိုးတွေကို ကာကွယ်ပေးနိုင်တာထက် ဆိုးတဲ့အရာတွေကို ဖြစ်စေတာက ပိုများနေတာပါ။"

ကယ်လဆီယံဆေးပြားတွေက လူ့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ထိခိုက်ပျက်စီးစေနိုင်သလဲ ဆိုတာ ဆေးပညာ ကျွမ်းကျင်သူ ပညာရှင်တွေအနေနဲ့ တပ်အပ် မပြောပြနိုင်သေးပေမဲ့ ပြီးခဲ့တဲ့ လေ့လာစမ်းစစ်မှုတွေအရတော့ သွေးထဲမှာ ကယ်လ်ဆီယံ မြင့်မားလာမှုကြောင့် Heart Attack ဖြစ်ပွားမှုနှုန်း တိုးလာတာနဲ့ သွေးကြောတွေ ပျက်စီးမှုဖြစ်စေတာတွေ ဆက်စပ်မှုရှိနေတာကို တွေ့ရတယ်လို့ မစ္စတာ ရိဒ်က ပြောပါတယ်။

ကယ်လ်ဆီယံဆေးပြားတွေကို သောက်ပြီး ၄ နာရီကနေ ၆ နာရီအတွင်း သွေးထဲမှာ ကယ်လ်ဆီယံဓာတ်တွေ မြင့်တက်လာပြီး သွေးကြောထဲမှာ ရှိသင့်တဲ့ သတ်မှတ်ချက်ရဲ့ အမြင့်ဆုံး ပမာဏအထိ တက်သွားလိမ့်မယ် လို့ သူက ဆက်ပြောပါတယ်။

တကယ်လို့ ခင်ဗျားက ကယ်လ်ဆီယံဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကိုပဲ စားမယ်ဆိုရင်တော့ အန္တရာယ်မရှိနိုင်ပါဘူး။ ဘာလို့လဲဆိုရင် အစားအသောက်မှာ ပါဝင်တဲ့ ကယ်လ်ဆီယံဓာတ် စိမ့်ဝင် ပျံ့နှံ့မှုဟာ အလွန်နှေးကွေးပြီး သွေးထဲမှာ ကယ်လ် ဆီယံဓာတ် ပျော်ဝင်မှုနှုန်းကလည်း အပြောင်းအလဲ မရှိသလောက်မို့ပါ။

သွေးထဲမှာ ကယ်လ်ဆီယံဓာတ် မြင့်မားလာတာက သွေးကြောတွေထဲမှာ (ထုံး) ချိုးကပ်မှုကိုဖြစ်စေပြီး အဲဒီလို သွေးကြော တွေထဲ ထုံးချိုးကပ်တဲ့အတွက် Heart Attack ၊ လေသင်တုန်းနဲ့ နှလုံးနဲ့ဆိုင်တဲ့ တခြား ရောဂါတွေကို ဖြစ်စေနိုင်တယ်လို့ မစ္စတာ ရိဒ်က ရှင်းပြပါတယ်။

“လူတွေက အမြဲတမ်း သွေးကြောထဲ အဆီပိတ်မှာကိုပဲ သတိထားနေကြတယ်။ ဒါပေမဲ့ သွေးထဲမှာ ကယ်လ်ဆီယံ(ထုံး) ဓာတ်တွေ တိုးလာနေတာကိုလည်း သွေးကြောအဆီပိတ်တာကို သတိထားသလို သတိထားကြဖို့ လိုပါတယ်” လို့ သူက ထပ်လောင်း ရှင်းပြခဲ့ပါတယ်။

Sunday, August 1, 2010

ပျော်ခဲ့ရတဲ့ ည...၀မ်းနည်းမိတဲ့ည



တကယ်တော့ သွားဖို့ မသွားဖို့တောင် အတော်ကြီး ချီတုံ ချတုံ ဖြစ်ခဲ့ရတာပါ။
ပါတီနံမည်ကိုက ဟာဝါပါတီတဲ့။ လွန်ခဲ့တဲ့အပတ်ကတည်းက ကိုသားက တက်ကြွနေတာ။
“ကိုနိုင်နဲ့ မခွာညို။ ကျနော့်အိမ်မှာလိုက်အိပ်။ အ၀တ်တွေ အပိုထည့်ယူလာခဲ့။ ကျနော့်အိမ်ကနေ ရုံးတက်”
 ဆိုပြီး အိမ်ဝေးပြီး ကားမရှိကြတဲ့ ကျမတို့နှစ်ယောက်ကို သူက ပါတီအပြန်အတွက် တခါတည်း စီစဉ်ပေးနေခဲ့တာ။ ဘယ်သူကမှန်းမသိ “ဟာဝါပါတီ HAWA Party ဆိုတာ ဘာလဲ သိလား” လို့ ကျမကိုမေးတော့ ဘေးကနေ ဌာနမှူးက မိန့်မိန့်ကြီး ပြုံးပြီး ကျမကို ကြည့်နေတယ်။ ကျမကတော့ အရာရာမှာ နောက်ကျရင်ကျ မကျရင် လွဲချော်သူ ပီပီ…ထုံးစံမပျက် ဟိုး…တောဘက်တွေမှာ အာဝါဒေး…ဆိုပြီး လောင်းကစားတွေ တရားဝင်လုပ်ကြတဲ့နေ့လိုမျိုးလား…ဟု မေးတော့ ထုံးစံအတိုင်းကျမ အရယ်ခံရတာပါပဲ။
“Home Alone, Wife Away Party” လို့ ဌာနမှူးက ကျမကို ရှင်းပြတယ်။ ဇနီးချော ဂျပန်ပြည် ပြန်ချိန်… အထီးကျန်နေရတဲ့ရက်တွေမှာ မိတ်ဆွေတွေနဲ့ အိမ်ကို စိုပြေအောင်လုပ်တဲ့ပွဲကလေးပါ…တဲ့။
ကက်သီးကက်သတ်။ ဒါပေမဲ့ ကျမထင်တဲ့ အာဝါဒေးနဲ့ ခပ်ဆင်ဆင်ပါပဲ။ (ဌာနမှူးက မ.ယ.က လို့ သူကိုယ်တိုင် ၀န်ခံထားတာ။) မိတ်ဆွေတွေနဲ့ အိမ်ကို ဆူညံပွက်လောရိုက်ပြီး ငါ..အိမ်ထောင်ဦးစီးကွ၊ ငါ လုပ်ချင်တဲ့ပွဲ လုပ်လို့ ရသကွ…ဆိုပြီး ထင်တိုင်းကျဲပြတာ (မိန်းမ မရှိတုန်း)
ဒါက တချက်။ နောက်တချက်က မိန်းမပြန်လာခါနီး။ တလလောက် တယောက်တည်း ပွချင်သလောက်ပွနေတဲ့ အိမ်ကို ပါတီရှိတော့ ပြောင်စင်အောင် ရှင်းလင်းသုတ်သင်ဖြစ်အောင်လည်း လုပ်တာဖြစ်မယ်ထင်ပါရဲ့။ တချက်ခုတ်ရင် လေးငါးနေရာ ပြတ်အောင် တင်ခုတ်တတ်တာကို တွေးရင်း ပါတီ နံမည်ကြားရရုံနဲ့တင် စိတ်ပေါ့ပါး ပျော်ရွှင်ရတာပါ။
သောကြာနေ့ညနေက ဌာနမှူး မပြန်ခင်   ပါတီရှိတယ်နော်လို့ သတိပေးတုန်း အန်တီလုံးကတော့ မလာဘူး…လို့ တခါတည်း ငြင်းလို့ အပြန်လက်မှတ်ထိုးကာနီး အန်တီလုံးကို မျက်စောင်းအကြီးကြီးနဲ့ ပစ်ပြီး ထွက်သွားတာ တွေ့လိုက်တယ်။
“ငါ့ကို အိုဗာတိုင် ဆင်းခိုင်းထားတာကိုး၊ မလာဘူး” လို့ အန်တီလုံးကလည်း ဌာနမှူးရဲ့ မျက်စောင်းကို ထပ်ပြီး အာခံပါတယ်။
ကျမလည်း အန်တီလုံးလို မလာဘူး…လို့ ပြောချင်လိုက်တာ။ ဒါပေမဲ့ ကျမကရဲ့ အချိန်စာရင်းက အိုဗာတိုင် ပေးထားတယ်လို့ ပြောလို့ ရတာမဟုတ်တဲ့ ပုံမှန် အပတ်စဉ် အလုပ်ဆင်းရက်တွေ။ အထူးသဖြင့် ပါတီလုပ်မယ့် စနေက ကျမ ပိတ်ရက်။ တနင်္ဂနွေကျတော့လည်း နေ့ခင်းဘက်မှာဆင်းရမှာဆိုတော့ ကျမက ချောင်ချောင်ကြီးလွတ်နေရက်နဲ့ မလာဘူး…လို့ ကျမ မပြောရဲ။
ကျမက အိမ်က ထွက်ဖို့ အလွန်ပျင်းရတဲ့အထဲ ဆူဆူညံညံအသံတွေ…ရုတ်ရုတ်သဲသဲ တွေကြားမှာ ကြာကြာမနေနိုင်။ အခုမှ အများကြီးတော်သွားသေးတာ။ ငယ်ငယ်က ဒီထက်ပိုဆိုးသေးရဲ့။
အခုတလော ခေါင်းထဲက နာနေတာကိုလည်း စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အတွက် ပွဲတွေကို ရှောင်ပြီး ငြိမ်ငြိမ်လေးပဲ နေချင်တယ်။ ကျမကို အမြဲ ကျန်းမာရေးနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးလေ့ရှိတဲ့ ဦးဆိုင်းကလည်း “မခွာညို၊ အဲလို ဖြစ်ဖြစ်နေတာ ကျနော် မကြိုက်ဘူး။ အဲဒီ condition ကို ကျနော် သဘောမကျဘူးဗျာ။ ဂရုစိုက်ပါ” လို့ သတိပေးထားတော့ အလုပ်လုပ်ရမယ့်အချိန်၊ လုပ်ရမယ့်အလုပ်။ လုံလောက်တဲ့ အနားယူချိန်ဆိုတာတွေကို ကျမက အမြဲ တွက်ဆနေရတာ။
သူများတွေ…အထူးသဖြင့် ဒေါ်မေငြိမ်းများဆို မနက်စော သုံးနာရီလောက်ကတည်းက ထပြီး အလုပ်ဆင်း၊ အပြန်ကျ ပါတီ တခုခုရှိရင် အလုပ်ကနေ ချက်ခြင်း အဲဒီနေရာကိုရောက်။ အဲဒီ ပါတီရှိရာကို  ညနေမှရောက် ၂ နာရီကျော်လောက်နေပြီး ကျမ ပြန်တဲ့တိုင်အောင် သူက မပြန်သေး။ ဒါတောင် မနက်စော အဲလိုပဲ သုံးနာရီလောက်ဆို ပြန်ထရအုံးမှာ…
သူ့လိုကျန်းမာရေးမျိုးကို အားကျရုံကလွဲပြီး ကျမ မတတ်နိုင်။ (တခါတလေ မနာလိုဖြစ်မိတယ်လို့ ဒီနေ့ အပြန်လမ်းမှာတောင် ကျမ သူ့ကို ၀န်ခံလိုက်မိပါသေးတယ်။)
အခုတလော သိပ်ပြီး အဆင်မပြေလှတဲ့ အခြေအနေကြောင့်   ကျမ နေ့ခင်းအထိ သွားသင့် မသွားသင့် ချီတုံ ချတုံ။ မနေ့က မမမာ ဖုံးဆက်တော့တောင် ကျမ မသွားဖြစ်ဘူး. ခေါင်းနာနေတယ် လို့ ပြောထားမိသေးတာ။

ဒါပေမဲ့ သူများတွေ သွားနိုင် စားနိုင် လုပ်နိုင်သလို ငါလည်း လုပ်နိုင်တယ်…လို့ ကျမ ကိုယ့်ကိုကိုယ် မဲတင်း ထားချင်တယ်။ အလုပ်တူတူလုပ်ကြတယ်ဆိုပေမယ့် နေ့ဆိုင်း ညဆိုင်းကွဲနေတော့ ပါတီရှိမှ လူစုံတွေ့ရတာ ဆိုတော့ မတွေ့တာကြာလှနေတဲ့ မနက်ပိုင်းကတာဝန်ကျနေတဲ့သူတွေနဲ့လည်း တွေ့ချင်တာအမှန်။

ဒီလိုနဲ့ပဲ ကြက်သား ဗန်းလေး တဗန်းထကြော်ဖြစ်တော့ ညနေ သုံးနာရီလောက်ရှိနေပြီ။

ဌာနမှူးအိမ်ကိုရောက်တော့ ညနေ ၆ နာရီလောက်ရှိနေပြီ။ ယုနဲ့ ဦးရော်နီကတော့ အစောဆုံး။ ဦးကျော်ဇံသာနဲ့ မသင်းတို့ မိသားစုလည်း ရောက်နှင့်နေပြီ။ နန္ဒာတို့မိသားစု။

ဘောင်းဘီတို ရှပ်လက်တိုနဲ့ အသားကင်ဖို နှစ်ခုအလယ်မှာ အလုပ်ရှုပ်နေတဲ့ ကျမတို့ ဌာနမှူးက တနှစ်တခါ သူကိုယ်တိုင် အသားကင်ပြီး တဌာနလုံးကို Serve လုပ်လာတာ ၆ နှစ်မြောက်ဆိုပဲ။ ကျမကတော့ ဒါ ပထမဆုံး အကြိမ်ပါ။
စားပွဲပေါ်မှာ ဌာနမှူး လုပ်ထားတဲ့ အမဲသား၊ ၀က်သားကင်တွေနဲ့ ဟင်းရွက်သုတ်ဗန်းတွေရှိနေပါပြီ။ နောက် အန်ကယ်လ်ကျော်ဇံသာ့ အမျိုးသမီးလက်ရာ မုန့်ဟင်းခါး။ ကိုရာကျော်ကတော့ ၀ရန်တာမှာထွက်ပြီး ၀က်သားတုတ်ထိုးကို စိတ်ရှည်လက်ရှည် လှီးနေပြီ။ ဒေါ်မေငြိမ်းက ထုံးစံအတိုင်း ပွားနေပြီ။

ပန့်ခ်ျ ဆိုလား။ ဘာလဲမသိ။ သူကိုယ်တိုင် ရောစပ်ထားတဲ့ အရည်တွေကို အရက်မဟုတ်ဘူး ဆိုပြီး တယောက်တခွက် အတင်း လိုက်ငှဲ့တိုက်ပါတယ်။

မကြာခင် အပေါ်က ကာရာအိုကေ၀ိုင်း စတော့ “ခွာညို…ဟို မှာ ခေတ်ဟောင်းသီချင်းတွေ ဆိုနေပြီ။ သွားဆိုလေ” ဆိုလို့ ကျမ ရယ်မိသေးတယ်။ သက်စုက ကြည့်စမ်း အမကို အထင်သေးလိုက်တာ…တဲ့။

မိုးကြိုးမှာတုန်းကဆို ကျမတို့ ဦးလေးက သီချင်းမဆိုမနေရ...ဆိုပြီး ဇွတ်ဆိုခိုင်းလို့ ဦးက ဒီမိုကရေစီအတွက်လုပ်နေပြီး ဘာလို့ ဒီမိုကရေစီမရှိနေတာလဲ။ ညို..ဆိုချင်မှ ဆိုမှာပေါ့..ဆိုရင်း အဖွဲ့ရဲ့ပျော်ပွဲကနေ နိုင်ငံရေးတွေနဲ့ ထည့်ပြီး ငြင်းခဲ့ကြတာ ပြန်ပြီး သတိရမိတယ်။
လူစုံသလောက်ရှိတော့ သူကိုယ်တိုင် နှစ်ပေါက် စပ်ထားတယ်ဆိုတဲ့ နောက်တမျိုးကို ခွက်ပေါက်စလေးတွေနဲ့ လိုက်တိုက် ပြန်ပါတယ်။ ထုံးစံအတိုင်း …သောက်။ လက်မတဆစ်လောက်ပဲ ရှိတဲ့ခွက်ကလေးတွေနဲ့ ဘောင်းဘီတို အကျီ င်္ရင်ဘတ် ဟကွဲနဲ့ လူက ခပ်ပိန်ပိန်နဲ့ တအိမ်လုံးအနှံ့ ပြန့်ကျဲနေတဲ့လူတွေဆီကို လျှောက်တိုက်နေပုံက ဗမာပြည်က အမိန့်ရ အရက်ဖြူ ဆိုင်က အရက်ရောင်းတဲ့ တရုတ် စားပွဲထိုးနဲ့တောင် တူနေမလားမသိ...

အရက်လား…မူးမှာလား..လို့မေးမိတယ်။ ဘာအရသာလည်းသိချင်လို့ စမ်းကြည့်ချင်ပေမဲ့ ကျမအစာအိမ်က ဆေးပြင်းပြင်းတောင် လက်သင့်ခံတာမဟုတ်။ မမူးပါဘူး။ မူးလည်း ထမိန်ကျွတ်ကျရုံထက် ဘာမှ ပိုမဖြစ်ဘူး…ဆိုပြီး ထမိန် ၀တ်လာတဲ့ ကျမကို မျက်စိနောက်နေခဲ့သလို ပြောပါတယ်။ ဒီခရီး ဒီထီးနဲ့ တော်ပါ့မလားလို့ မရွေးတတ်တာ ကျမရဲ့ ညံ့ဖျင်းမှုတွေထဲက တခု ဖြစ်နိုင်ပါတယ်။ အမေရိကားမှာ ပါတီိကို ထမိန်ဝတ်ပြီးလာတာက ကျမတယောက်တည်းကိုး။ ကျမ ၀တ်ချင်ရင် ၀တ်လိုက်တာပါပဲ။ ဘယ်တော့မှ အခန်းအနားတွေ...နေရာတွေကို သိပ်ထည့်တွက်လေ့ရှိခဲ့တာမဟုတ်။


ကလေးတွေကလည်းအောက်ထပ်မှာ တရုန်းရုန်း … သူ့အုပ်စုနဲ့သူ ပျော်လို့။ တွဲစရာ အဖော်မရှိတဲ့ ကလေးနှစ်ယောက်ကတော့ နန္ဒာနဲ့ ကိုအာလူးရဲ့သားကြီးသြရဿကလေးနဲ့ မသင်းရဲ့ သားကြီး ဒေးဗစ်တို့ပါ။

နှစ်နှစ်ဆိုတဲ့ အရွယ်လေးက သူ့ထက် လေးငါးနှစ်ကြီး တဲ့ ကလေးကြီးတွေနောက် ပြေးလိုက်ရင်း မောနေရှာတယ်။ သူ ၀ိုင်းထဲဝင်လာရင် အကြီးတွေက အော်ထုတ် တော့ ယဉ်ယဉ်ကျေးကျေး..ဘိုင်…လို့ လက်ပြပြီး အသာတကြည်ထွက်သွားပေးတာကိုကြည့်ရင်း နန္ဒာက သူ့သားကြီးအတွက် စိတ်မကောင်းဖြစ်နေတယ်။

အပေါ်ထပ်မှာတော့ မသင်းရဲ့သား ဒေးဗစ်။ အောက်မှာဆော့နေကြတဲ့ ၅ နှစ်ကနေ ဆယ်နှစ်အတွင်း ကလေး အုပ်ထဲလည်း အရပ်ကြီး ကလန်ကလားနဲ့ ၀င်မပါနိုင်။ လူကြီးဝိုင်းမှာ ၀င်နွဲရအောင်ကလည်း အသက်က မပြည့်  သေး။ ဒီတော့ သူ့ခမျာ အစားအစာတွေကိုသာ အားအားရှိ ထစားလိုက်။ သူ့အသက်နဲ့ရွယ်တူ ဌာနမှူးရဲ့ ခွေးကို ပွတ်သပ်လိုက်…
ို
မမေငြိမ်းက သူ့ဝက်သားတုတ်ထိုးကို ညွှန်းတော့ ကိုနိုင်က ထုံးစံအတိုင်း ကိုရာကျော့်လက်ရာဆိုပြီး ၀င် ၀င် စလို့ မမေငြိမ်းက မျက်စောင်းတထိုးထိုး။ ဟေ့..အဲဒါ ငါ့ကြက်သားကြော်...လို့ ကျမက ကိုနိုင့်လက်ထဲက ကြက်ကြော်ကို မဏ္ဍပ်တိုင် တက် တော့ ဒေါ်မေငြိမ်းက တနေ့က ရုံးမှာ အန်တီလုံးက ကျမကို ပြောနေတဲ့စကား လူကြားထဲမှာ ပြန်ပီး ဖောက်သည်ချတယ်။

ကိုအောင်နိုင်က အန်တီလုံးကတဆင့် ခွာညို့ကို ပြောခိုင်းနေတယ်လေ။ လခလည်းမရသေးဘဲ ဘာဖြစ်လို့ ခွာညိုက ဟင်းတွေချက်ချက်ယူလာနေတာလဲ။ ယူမလာစေနဲ့လို့ ပြောလိုက်ပါတဲ့...အခုလည်း ကြက်ကြော်တွေလုပ်လာတယ်..တဲ့။

မသက်စုက အမ ပိုက်ဆံလိုရင် ပြောနော်...လို့ ချက်ခြင်း ဘဏ်တိုက်အသစ်ဖွင့်ပေးပါတယ်။ အစကတည်းကလည်း ကိုနိုင်၊ ဒေါ်မေငြိမ်းနဲ့ မမမာတို့ကလည်း ၁၀ ရက်ကျော်ပြီး လစာကိစ္စ အဆင်မပြေဖြစ်နေတာတွေ သိကတည်းက တွေ့တိုင်း လိုရင် ပြောလို့ အမြဲ ပြောနေကြတာပါ။

ကိုသားကတော့ လူနောက်ပီပီ ဟိုး..တခါ လုပ်တဲ့ ပါတီမှာ ကိုကြီးသိန်း ဘောင်းဘီဆွဲချွတ်တဲ့ အကြောင်း… ကိုကြီးသိန်းရဲ့ မိန်းမ အရင်းခေါက်ခေါက် မစပယ်က လက်ခုတ်လက်ဝါးတီးပြီး ရယ်မောရင်း ကိုသားပြောတဲ့ မပြည့်စုံတဲ့ အကြောင်း အရာတွေကို ရှင်းလင်း ဖြည့်စွက်လို့ ကိုကြီးသိန်း အပြင်ကိုထွက်ပြေးသွားပါတယ်။

မဦးကတော့ ကိုသားရဲ့ အစအနောက်သန်မှုကို စိတ်တိုပြီး…“သူများကို ကိုသား အဲလိုဂျောက်တွန်းတယ် ပေါ့လေ။ ဒီတခါ ကိုသားအလှည့်…ကိုသားကို ပြန်ဆွဲချွတ်မယ်”…လို့ ကြိမ်းဝါးပါတယ်။ ကိုသားက ယောင်ယမ်းပြီး သူ့ဘောင်းဘီခါးပတ်ကို တင်းနေအောင် ဆုတ်ထားတာကြည့်ပြီး ကျမတို့ ရယ်လိုက်ရတာ အမောသား။

ဒေးဗစ်က သူ့အမေဘေးမှာ ထိုင်နေရင်း ဒေါ်မေငြိမ်းဗိုက်ကိုကြည့်ပြီး အမေလုပ်သူကို တိုးတိုးလေး ကပ်မေးပါတယ်။
အမေ အန်တီမေငြိမ်းက ဗိုက်ကြီးနေတာလား...တဲ့။ သူ့ဗိုက်သူ လက်နဲ့ပွတ်နေမိတဲ့ ဒေါ်မေငြိမ်း ဒေးဗစ်ကို နာကျည်းသွားတာကြည့်ပြီး ကျမတို့ ရယ်မိကြပြန်ရော။ ဘယ်သူကမှန်း မသိ။ ဟုတ်တယ်။ လေးလရှိပြီလို့ နောက်တော့ ဒေးဗစ်က အသံမထွက်ဘဲ ခေါင်းငုံ့ရယ်နေတယ်။ ဒေါ်မေငြိမ်းက - သားအမေနဲ့အတူတူပဲ..လို့ အဖော်ညှိလိုက်ပါသေးတယ်။

မနက်စော အလုပ်ဆင်းရမဲ့ မသင်းက အန်ကယ်လ်ကျော်ဇံသာတို့ မိသားစုနဲ့အတူ အစောဆုံး ပြန်သွားပါတယ်။

မသင်းတို့ ပြန်သွားပြီးမှာ အာရ်အက်ဖ်အေဘက်က တဖွဲဖွဲ..ကိုနိုင်တယောက်က ရထားနဲ့လာတယ်ဆိုလို့  ကိုကြီးသိန်းက သွားခေါ်…

ကျမကတော့ ထိုင်နေရင်း ကိုယ့်ကိုကိုယ် အားမရ။ ဓာတ်ပုံရိုက်ချင်လို့ ကင်မရာယူလာပြီး လိုက်ရိုက်ရမှာကို ရွံ့နေခဲ့တယ်။ တကယ်ဆို ကျမ ဌာနမှူး အသားကင်နေတာကို ရှေ့တည့်တည့်ကနေ သွားရိုက်သင့်တာပေါ့။ နောက်ပြီး အရက်စပ်နေတာကို ရိုက်ထားရမှာပေါ့။ ပြင်ဆင်ထားတဲ့ စားပွဲပေါ်က အစားတွေကိုလည်း ရိုက်ထားသင့်တာပေါ့။ ကလေးလေးတွေ ဆော့နေကြတာ ဘယ်လောက်ပျော်စရာကောင်းလဲ။ ရိုက်ထားသင့်တာပေါ့။

စိတ်ထဲမှာ ရိုက်ချင်နေတာတွေ ရှိရှိကြီးနဲ့ ကျမ ထိုင်ခုံမှာ ကျောက်ချပြီး ထိုင်နေမိတယ်။ ငြိမ်နေတဲ့ကျမကို မခွာညိုက… ထမိန်ကျွတ်ကျမှာ စိုးလို့ ထိုင်ရာကကို မထတော့ဘူး..ဆိုပြီး အော်အော်ရယ်ကြတာကို ခံနေရတယ်။

ကျမ တကယ် အဲလိုဖြစ်မှာ စိုးရိမ်နေတယ်လို့ ကိုအောင်နိုင်က ထင်သွားပုံရတယ်။ “ကျနော့  ခါးပတ်ရှိတယ်။ ပတ်ထားမလား”….လို့ အတည်ပေါက်မေးရလောက်အောင် လှမ်းမေးတယ်။ ကျမ မူးမှမမူးတာ။ ဒါပေမဲ့ မမူးဘူး...ဆို ဇွတ်တိုက်နေမှာစိုးလို့ ရယ်ကျဲကျဲနဲ့ ချော်လဲ ရောထိုင်ပေါ့။ ကျမ မူးတာ ကိုယ့်ကိုယ်ပိုင် အမူး။ အရက်မူးမဟုတ်ဘူးလို့ မိန်းမတွေချည့် ကျန်တော့မှ တိုးတိုးပြောတော့ မသီရိက ကောင်းတာပေါ့။ ကိုသိန်းထိုက်ဦးတို့များ မူးချင်လို့ ညနေတိုင်း ၀ယ်သောက်နေရတာ...လို့ သူ့ရဲ့ ချစ်လှစွာသော...ကို မေးငေါ့ပြီး ပြောပါတယ်။

ကိုမိုးသီးက ဓာတ်ပုံရိုက်မယ် ပြောနေလို့ ဓာတ်ပုံရိုက်ပေးဖြစ်သေးတယ်။ ခနကြာတော့ တနေကုန် ပင်ပန်းထားတဲ့ ကိုအောင်နိုင်က အာလူးကြော်စားရင်း ကျမတို့ထိုင်နေတဲ့ ဆက်တီမှာ ခနလာထိုင်ပါတယ်။ ရုံးမှာဆို အစာ နည်းနည်းပဲ စားတာ တွေ့ရပေမဲ့ ဒီနေ့ညတော့ ကိုအောင်နိုင်စားနေတာ တချက်မှ မရပ်။ သူ့ကိုယ်သူလည်း သိတယ်။ ကျနော် တော်တော်များနေပြီ။ စားနေတာ။ ရပ်ကို မရပ်တော့ဘူး...လို့လည်း ကင်ဂျီတွေ တူနဲ့ကောက်စားတုန်းက ပြန်ချမလို လုပ်ရင်းပြောတော့ ကိုဇော်မိုးကျော်က မြှောက်ပေးသေးတယ်။ စား သာ စား။ ဘာမှ မဖြစ်ဘူးတဲ့။

ကိုမိုးသီး ကျမတို့ဝိုင်းနား လာတော့ တိုက်တိုက်ဆိုင်ဆိုင် ထိပ်ဆုံးက တယောက်ထိုင်ဆက်တီက လွတ်နေတော့

“ထိုင်ပါခင်ဗျ။ ဒါက ဥက္ကဋ္ဌထိုင်ဖို့ သပ်သပ်ဖယ်ထားတာပါ ”ဆိုပြီး ကိုအောင်နိုင်က ရိုသေကျိုးနွံတဲ့ ဟန်ပန်နဲ့ ကိုမိုးသီးကို နေရာပေးပါတယ်။ ကိုမိုးသီးကလည်း အိမ်ရှင်ပေးတဲ့ ထိပ်နေရာမှာ ခပ်မိန့်မိန့်ကြီး ၀င်ထိုင်ရင်း

“ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေးကို အဟုတ်ထင်နေတယ်” လို့ ပြောချလိုက်ပါတယ်။ ကိုအောင်နိုင်က ပြုံးတုံ့တုံ့နဲ့ ဘာမှ ပြန်မပြောဘဲ အာလူးကြော် ကောက်ဝါးနေပါတယ်။ ကိုမိုးသီးပြောတဲ့စကားတွေကို ကျမ နားတည့်ခဲလှပေမဲ့ ဒီတခါ စကားကိုတော့ သဘောကျတာအမှန်။

ဂျပန်သူ ဇနီးသည်မရှိတုန်း သူငယ်ချင်း အပေါင်းအသင်းတွေ တရုန်းရုန်းကို လိုက်ပြီး လိုသမျှ ကိုယ်တိုင် အောက်ခြေသိမ်း လိုက်လုပ်ပေးနေတဲ့ ကျမတို့ ဌာနမှူးကို ဂျပန်ဆီက ရတဲ့ ရွှေရည်စိမ်လွတ်လပ်ရေး….တဲ့။

ကျမက ကိုးနာရီလောက်ကတည်းက ပြန်ဖို့ သင့်နေပြီလို့ ထင်မိတယ်။ ဒါပေမဲ့ မနက်စော အလုပ်ဆင်းရမယ့် ဒေါ်မေငြိမ်းတယောက်က ဇွဲကောင်းကောင်းနဲ့ တင်းခံနေလို့ တကယ်တန်းက ၁၀ နာရီကျော်မှ ပြန်ဖို့ စဖြစ်ပါတယ်။
ဒေါ်မေငြိမ်း နှုတ်ဆက်နေတုန်းက အေးဆေးနေကြတဲ့ ဗွီအိုအေ မိသားစုဝင်တွေက ဘယ်လိုဖြစ်ပြီး ကျမ လက်တချက်မြှောက်ပြီး ပြန်တော့မယ် အော်လိုက်တာနဲ့ ၀ုန်းကနဲ ပြိုဆင်းလာကြသလဲမသိ။
မပြန်ရဘူးတဲ့။
ရှေ့မှာ ဌာနမှူး၊ နောက် ကိုသိန်းထိုက်ဦးလည်း အစပိုင်းမှာ ရှိတယ်မှတ်ပါ့။ နောက် ကိုကျော်ကျော်သိန်းနဲ့ ကိုသက်မှူး။ ဘေးမှာတော့ အစားစားပွဲမှာ ထိုင်နေကြတဲ့ မဦးတို့ မသက်စုတို့ စုံတွဲတွေ မအင်ကြင်းတို့ မစပယ်တို့ မသီရိတို့ကလည်း သူတို့ ယောက်ကျားတွေ ကျမကို ရစ်နေတာကြည့်ပြီး ရယ်လို့ မောလို့ …

နောက်ပေါက်က လှည့်ပြေးမယ်လုပ်တော့ ကိုရွှေနိုင်က ပိတ်ရပ်လို့။ ကိုသားလည်း နောက်မှာရှိနေတယ်ထင်မိတယ်။
ကိုနိုင်က လူစုခွဲပြီး အဲလိုစောပြန်တဲ့သူရှိရင် စိတ်ကောက်တတ်တယ်။ ပီးခဲ့တဲ့အပတ်က ကိုဇော်မိုးကျော်နဲ့ သဲသဲတို့ အိမ်တက်တုန်းက လည်း ကိုသားက ဧည့်သည်ရှိလို့ ၁၁ နာရီခွဲလောက်ပြန်တာကိုရော၊ ဖဲရိုက်တဲ့သူက သပ်သပ်ဖဲရိုက်နေကြလို့ရော မပျော်ရဘူး..ဆိုပြီး သူလည်း မပြောမဆို ထပြန်လာခဲ့တယ်လို့ ပွစိပွစိ ပြောနေတာ ကြားခဲ့ရတယ်။

သူက - မေရီလင်းကို ပြန်မယ့် ကားတွေ အများကြီးပဲတဲ့။ ဒေါ်မေငြိမ်းတို့ သူတို့ဘာသာ ပြန်ပေ့စေ-တဲ့။
“ငါရှိတော့ရော ဘာထူးလို့လဲဟာ။ ဟိုချောင်မှာခွေနေလိုက်။ ဒီထောင့်ကပ်နေလိုက်နဲ့ပဲနေတာ။ ငါရှိနေတာနဲ့ မရှိနေတာ ဘာမှ မထူးခြားပါဘူး” လို့ ပြောလည်းမရ။
“အိပ်ရင်လည်း အိပ်နေ။ ခွာညို- နင် ရှိနေတယ်ဆိုရင် ငါတို့ အိုကေ”တဲ့ ။ ကိုကြီးသိန်းက။
ကိုသားကတော့ တမျိုး။ လက်ကတော့ထိုးနဲ့ ယိုးဒယားက ကပြီး ကျမရှေ့ ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်။
“ကျနော် ကတိပေးပါတယ် အမရယ်၊ ကိုကြီးသိန်းကို ဘောင်းဘီချွတ်သလို အမကို မချွတ်ပါဘူး။ ကတိပေးပါတယ်”တဲ့။ ရယ်လိုက်ကြတာ အုန်း…ကနဲ။
ကိုအောင်နိုင်ကလည်း မပြန်ဘို့ဘက်က ၀င်ပြောတယ်။ ကျမကို အရင့်အရင်တွေက ခပ်တည်တည်နဲ့ ဇွတ်ခိုင်းခဲ့တာမျိုး…(ကိုမိုးချုပ် မင်္ဂလာဆောင်တုန်းကလည်း သတို့သမီး မင်္ဂလာလက်ကိုင်ပန်း ပစ်တာကို ၀င်လုမယ့် ကလေးတွေကြားထဲ ကျမကို ၀င်တန်းစီဖို့ မျက်နှာထားကြီးနဲ့ ဇွတ်တရွတ်အမိန့်ပေးခဲ့တာမျိုးပေါ့။)
ခပ်တည်တည်ပြောမရတော့ ဒီပါတီပွဲကို အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ပေးဖို့ နေခဲ့ပါတဲ့။
ကျမ ငြင်းနေရင်းနဲ့ စိတ်မကောင်းဖြစ်မိတယ်။ စိတ်ရင်းအတိုင်း ပြောရရင် ကျမ တကယ်မပြန်ချင်တာပါ။
အောက်ထပ်မှာ မောချိက စန္ဒယားတီးပြီး သဲသဲက သီချင်းဆိုလို့၊ နောက်မှာ ကိုဇော်မိုးကျော်က ဂစ်တာ တလက်နဲ့ အားဖြည့်အကူရောက်လာတယ်။ အပေါ်က ကာရာအိုကေမှာ မဆိုရဲသည့်တိုင် သူတို့ရဲ့ ကိုယ်တိုင် ဆိုတီးတာကို ဘေးက ထိုင်ပြီး နားထောင်ချင်တယ်။ (အမှောင်များနေလို့ ဗီဒီယိုတော့ ရိုက်လို့မရ။)
ခြင်ကိုက်တဲ့ဒဏ် မခံနိုင်လို့ ကိုနိုင်တို့ ကိုမိုးချုပ်တို့နဲ့ စကားလည်း သွားမပြောဖြစ်ခဲ့။ သူတို့က လူပျော် လူနောက် တွေဆိုတော့ မထင်ရင် မထင်သလို အတင်း သီချင်းဆိုခိုင်းတာမျိုးလုပ်မှာကို ရှိန်တာလည်း ပါပါတယ်။
“မပြန်လို့ မဖြစ်ဘူး။ မနက်ဖြန် အလုပ်လုပ်ရမယ်လေ”
“ညနေမှ ဆင်းရမှာကို။အေးဆေး နေစမ်းပါ”
“အမ်စီလုပ်ရမှာ”
“အမကလည်း ကျနော်လည်း ရှိနေမှာပဲဟာကို”
“မဟုတ်ဘူးဟ။ ငါ ခေါင်းမကောင်းလို့ပါ”
“ဟာ..မခွာညိုက ခေါင်းမကောင်းဘူး…”
ခေါင်းမကောင်းဘူးဆိုတာကို ကိုသက်မှူးက တအံ့တသြ ပြန်မေးပါတယ်။ ရှင်းနေရင် ပိုရှုပ်တော့မှာမို့ ဇွတ်တိုးထွက်တော့လည်း မရ။ ဒေါ်မေငြိမ်းသမီးလေးက လာခေါ်တော့လည်း ပြန်တော့ ။ ခွာညို့ကို ထားခဲ့ဆိုပြီး ပြောလွှတ်ကြ။
“သူ့အကြောင်း နင်တို့မသိဘူး။ ငါသိတယ်။ သူပြန်ပစေ။ လာ ခွာညို” ဆိုပြီး မမမာသာ ဆွဲမထုတ်ရင် ကျမ သူတို့ကို အားနာစိတ်နဲ့ နေလိုက်ပါတော့မယ်လေ…လို့ စိတ်နှလုံး ဒုံးဒုံးချလိုက်တာ ၉၀ ရာနှုန်းလောက် အင်စတောလ်လုပ်ပြီးနေပါပြီ။
ကိုကြီးသိန်းတို့က မမေငြိမ်း ခွာညို နေခဲ့တော့မယ်လို့ ဆင်းပြောကြ…
ကိုနိုင်ကတော့ လှေကားထိပ်အထိ လိုက်ပြီး မမေငြိမ်းကို ကျနော် ဖုံးဆက်လိုက်မယ်ဆိုပြီးလှမ်းဆက်… ဒီကြားထဲ..မမမာက အတင်းဆွဲခေါ်လာလို့ လှေကားတထစ်ဆင်းမယ်ပြင်တော့ ထုံးစံအတိုင်း ကိုနိုင့်နှုတ်ခမ်းက ချွန်ထွက်လာပါတယ်။ မသိဘူး။ လုပ်ချင်တာလုပ်။ ပြန်ချင်လည်းပြန်။ သဘောပဲ…ဆိုပြီး ဇောင့်..ဇောင့်နဲ့ ပြန်ဝင်သွားတယ်။ (စိတ်မကောင်းပါဘူး မောင်လေး)
ကျမ အကြောင်းကို သိထားတဲ့ ဒေါ်မေငြိမ်းတို့က ကားမထွက်သေးဘဲ စောင့်နေပေးပါတယ်။
လမ်းမှာ ကျမ စိတ်မကောင်းဖြစ်ပြီး စကားတောင် သိပ်မပြောဖြစ်ပါဘူး။
တကယ် ၀မ်းနည်းမိပါတယ်။
လူနဲ့လူချင်းအတူတူ… တညလောက် အိပ်ပျက်ခံပြီး မိတ်ဆွေတွေနဲ့ အချိန်အတူဖြုန်းနိုင် လောက်တဲ့ခွန်အား ဘာကြောင့်များ ကျမမှာ ချို့တဲ့နေခဲ့ရတာလဲ ဆိုပြီးတော့...
လူနဲ့လူချင်းအတူတူ သူများတွေလို ခွန်အား သီးသန့်မွေးမထားဘဲ အလုပ်တွေ အများကြီး လုပ်နိုင်စွမ်းရည် ဘာကြောင့်များ ကျမမှာ ပျောက်ဆုံးနေရတာလဲ။
အဲဒီလို ဘာကြောင့်များ…တွေက ဘာကြောင့်များ ကျမဆီမှာ လာစုနေရတာလဲလို့ တွေးမိတိုင်း လူဖြစ်ရကျိုး မနပ်သလို ခံစားမိပါတယ်။
ဒါပေမဲ့ …
ကျမကို  နားမလည်သည့်တိုင်အောင် ကျမရဲ့ အူကြောင်ကြောင်… ဂွကျကျ…နှေးကွေးလေးလံမှုတွေကို သည်းခံ…ဖြည့်တွေး…လက်တွဲခေါ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ညီအကိုမောင်နှမတွေလို၊ ရုံးကလည်း အိမ်ကြီးတလုံးနဲ့ တူနေတဲ့ ဒီ ဗီအိုအေ မြန်မာပိုင်းမှာ အလုပ်လုပ်နေရခွင့် ပေါ်မှာတော့ လူဖြစ်ရကျိုးနပ်ခဲ့တယ်..လို့ ရှားရှားပါးပါး ဖြေတွေးစရာ ဒုတိယမြောက် အချိန်ပိုင်းလေးတခုအဖြစ် အမြဲ ကျေနပ်နေမိမှာပါ။
နံနက် (၃နာရီ၊ ၁၁ မိနစ်)


Monday, July 19, 2010

အမည်မပေါက်တဲ့ သူရဲကောင်းအာဇာနည်များအတွက် အမှတ်တရ

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွတ် အလေးပြုရိုးထုံးစံဟာ မြန်မာလူမျိုးတိုင်းအတွက် ရင်ထဲ အသည်းထဲက မြတ်နိုးရိုးကျိုးမှုတွေနဲ့သာ ထုံမွှမ်းထားပါတယ်။ အဲဒီ မြတ်နိုး ရိုကျိုးမှုတွေနဲ့ ညွှတ်လိုက်တဲ့ ဦးခေါင်းကိုယ်စီက ငါတို့ ဦးညွတ်ရမယ် ဆိုတဲ့ အသိတရားဟာ ဖန်တီးထားတာမဟုတ်သလို ဖျောက်ဖျက်ပစ်လို့လည်း ရနိုင်တဲ့ အသိတရားမဟုတ်။

ဇူလိုင် ၁၉ က နံမည်ထင်ရှားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများနဲ့တကွ ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အမည်ပျောက် အာဇာနည်လေးများကိုပါ ဂုဏ်ပြုဖို့အတွက် ကဗျာဆရာ သစ်ကောင်းအိမ်ရဲ့ ရွှေဝါရောင်ဥဒါန်းကို ပြန်လည် တင်ဆက်ပေးပါတယ်။

သင်္ကြန်ကနဲ့ လှပျိုဖြူတွေ

ကြာပန်းပွဲမှာ မြန်မာ့အကကို နွဲ့နွဲ့နောင်းနောင်း ကပြသွားကြတာပါ။ ကင်မရာသေးသေးလေးနဲ့ ရှေ့က ပိတ်တဲ့သူတွေရှောင်ရင်းရိုက်တော့ လက်မငြိမ်ဘဲ လှုပ်နေတော့ အကကိုခံစားဖို့ အရသာသိပ်တွေ့မယ်တော့ မထင်မိပါဘူး။ ဒါပေမယ့် အမှတ်တရပါ။

Sunday, July 18, 2010

ဦးရွှေရိုးနဲ့ ဒေါ်မိုး

ဒီနေ့ ကြာပန်းပွဲတော်ကို ရောက်ခဲ့ပါတယ်။ အမေရိကန်မှာ အာရှက ကြာတွေ ကန်နဲ့အပြည့် ရှိတဲ့ နေရာလေးတခုမှာ အာရှယဉ်ကျေးမှု ဖလှယ်တဲ့ပွဲလေး ဒီနေ့ကျင်းပပါတယ်။ အဲဒီမှာ ကမကထပြုပြီး ဆောင်ရွက်ပေးနေတဲ့သူက ကိုဇော်ပါ။ ကိုရီးယားက အကုန်အကျခံတယ်လို့ သိရပါတယ်။ ဒါပေမယ့် အာရှနိုင်ငံတွေကို ဖိတ်ပြီး ယဉ်ကျေးမှုဖလှယ်တာဖြစ်တဲ့အတွက် ကမ္ဗောဒီးယားအကတို့ နောက်   ကျမ မကြည့်ဖြစ်လိုက်တဲ့ တခြား အာရှနိုင်ငံတွေက အကတချို့လည်း ပါဝင်ပါလိမ့်မယ်။ မြန်မာအကမှာတော့ ဦးရွှေရိုးနဲ့ ဒေါ်မိုး၊ သင်္ကြန်က၊ နောက် ခွပ်ဒေါင်းအငြိမ့်တွေနဲ့ ဆင်နွဲခဲ့ကြပါတယ်။

ဦးရွှေရိုးအဖြစ် ကိုယဉ်ထွေးနဲ့ ဒေါ်မိုးအဖြစ် မမြရင်ချောတို့ အတိုင်အဖောက်ညီညီ ကပြသွားကြတာ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ လူတိုင်း နှစ်သက်ကြပုံပါ။



မြန်မာအကကို မြတ်နိုးတွယ်တာသူများအတွက် မျှဝေမှုပါ။ ပျော်ရွှင်ကြပါစေ။

Thursday, July 8, 2010

ခွပ်ဒေါင်းအလံ

၈၈ အရေးအခင်းဖြစ်တဲ့အချိန် ပြည်ကောလိပ်က ကဗျာစာအုပ်လေး ခပ်ပါးပါး တအုပ်ထွက်တဲ့အထဲ နှစ်ပေါင်း ၂၀ ကျော်အတွင်း စွဲစွဲမြဲမြဲ တင်ကျန်ရစ်တဲ့ ကဗျာအပိုင်းအစလေး လေးကြောင်းရှိတယ်။

ကျုပ်တို့သေပြီး 
မြေကြီးဖြစ်လည်း
ရွှေထီးအမှန်
ပြည်သူ့ထံသို့.....တဲ့။ 

ဘယ်လောက်တောင် ရဲရင့်ပြတ်သားလိုက်တဲ့ စာလေးလဲ။ ဘယ်လောက်တောင် ခွန်အားကောင်းတဲ့ စာသားလဲ။ ဘာအဖွဲ့အနွဲ့မှ မပါဘဲ ရိုးရိုးတွေးပြီး ရှင်းရှင်းလေး ချပြသွားခဲ့ပုံများ။ ဘာဖြစ်လို့များ ကဗျာဆရာလေးရဲ့ အမည်ကို မှတ်မထားခဲ့မိပါလိမ့်လို့....ကိုယ့်ကိုကိုယ် အပြစ်တင်မိတာ အကြိမ်ကြိမ်ပါ။ 


ကဗျာလေးရဲ့ အရှင်ကို မှတ်တမ်းတင်ဖို့ ပျက်ကွက်ခဲ့သလိုပဲ ဒီ ခွပ်ဒေါင်းအလံသီချင်းကို ဘယ်အဖွဲ့က ဘယ်သူတွေဆိုတာ အတိအကျ သိချင်မိပါတယ်။ ကျမ တွေ့လိုက်တဲ့အချိန်မှာတော့ တေးရေးတေးဆိုကို အခု ရုပ်-သံ အစမှာ စာတမ်းထိုးပေးထားသလိုပဲ တွေ့ခဲ့မိတာကြောင့် အဲဒီအတိုင်းပဲ ရေးပေးထားတာပါ။ 

တကယ်လို့မျှား အမှန်သိသူ ရှိခဲ့ရင် ၀င်ရောက် ပြုပြင်ပေးနိုင်ပါတယ်ရှင်။

Tuesday, July 6, 2010

သတင်းစာတွေထဲက သမိုင်းမှတ်တမ်း အတိုအထွာ

ရွှေဝါရောင် တော်လှန်ရေးပြီးသွားတဲ့နောက် ၂၀၀၈ ခုနှစ်အတွင်း တိမ်စစ်တမ်း...လို့ ခေါ်တဲ့ မှတ်တမ်း ဒီဗီဒီ အခွေလေးတခု ထုတ်ခဲ့ဖူးပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုရိုက်ချက်တွေအားလုံး ကျမတို့ မိုးကြိုးရုံးမှာ အဆင်သင့်၊ နောက် စက်မှုပစ္စည်းနဲ့ လူအလုံအလောက်မရှိသည့်တိုင်အောင် လုပ်ချင်တာကို လုပ်ခွင့်ရဖို့တော့ လုံလုံလောက်လောက်အနေအထားမှာရှိတဲ့အတွက်....နေက်တခါ လိုချင်တယ်လို့ ပြောတဲ့သီချင်းကို ချက်ခြင်းပို့ပေးတဲ့ စင်ကာပူက မိတ်ဆွေ ကိုဘိုဘိုဝင်းနဲ့ ပိုက်ဆံလိုတယ်ဆိုတာနဲ့ ချက်ခြင်း ထုတ်ပေးခဲ့တဲ့ အင်္ဂလန်ရောက် ကိုဇော်ဇော်အောင်တို့ရဲ့ ပံ့ပိုးအားပေးမှုတွေကလည်း အလုပ်ဖြစ်သွားဖို့ ခွန်အားတွေရခဲ့ပါတယ်။

Template by : kendhin x-template.blogspot.com