Showing posts with label နေ့စဉ်မဟုတ်သော မှတ်တမ်း. Show all posts
Showing posts with label နေ့စဉ်မဟုတ်သော မှတ်တမ်း. Show all posts

Sunday, August 1, 2010

ပျော်ခဲ့ရတဲ့ ည...၀မ်းနည်းမိတဲ့ည



တကယ်တော့ သွားဖို့ မသွားဖို့တောင် အတော်ကြီး ချီတုံ ချတုံ ဖြစ်ခဲ့ရတာပါ။
ပါတီနံမည်ကိုက ဟာဝါပါတီတဲ့။ လွန်ခဲ့တဲ့အပတ်ကတည်းက ကိုသားက တက်ကြွနေတာ။
“ကိုနိုင်နဲ့ မခွာညို။ ကျနော့်အိမ်မှာလိုက်အိပ်။ အ၀တ်တွေ အပိုထည့်ယူလာခဲ့။ ကျနော့်အိမ်ကနေ ရုံးတက်”
 ဆိုပြီး အိမ်ဝေးပြီး ကားမရှိကြတဲ့ ကျမတို့နှစ်ယောက်ကို သူက ပါတီအပြန်အတွက် တခါတည်း စီစဉ်ပေးနေခဲ့တာ။ ဘယ်သူကမှန်းမသိ “ဟာဝါပါတီ HAWA Party ဆိုတာ ဘာလဲ သိလား” လို့ ကျမကိုမေးတော့ ဘေးကနေ ဌာနမှူးက မိန့်မိန့်ကြီး ပြုံးပြီး ကျမကို ကြည့်နေတယ်။ ကျမကတော့ အရာရာမှာ နောက်ကျရင်ကျ မကျရင် လွဲချော်သူ ပီပီ…ထုံးစံမပျက် ဟိုး…တောဘက်တွေမှာ အာဝါဒေး…ဆိုပြီး လောင်းကစားတွေ တရားဝင်လုပ်ကြတဲ့နေ့လိုမျိုးလား…ဟု မေးတော့ ထုံးစံအတိုင်းကျမ အရယ်ခံရတာပါပဲ။
“Home Alone, Wife Away Party” လို့ ဌာနမှူးက ကျမကို ရှင်းပြတယ်။ ဇနီးချော ဂျပန်ပြည် ပြန်ချိန်… အထီးကျန်နေရတဲ့ရက်တွေမှာ မိတ်ဆွေတွေနဲ့ အိမ်ကို စိုပြေအောင်လုပ်တဲ့ပွဲကလေးပါ…တဲ့။
ကက်သီးကက်သတ်။ ဒါပေမဲ့ ကျမထင်တဲ့ အာဝါဒေးနဲ့ ခပ်ဆင်ဆင်ပါပဲ။ (ဌာနမှူးက မ.ယ.က လို့ သူကိုယ်တိုင် ၀န်ခံထားတာ။) မိတ်ဆွေတွေနဲ့ အိမ်ကို ဆူညံပွက်လောရိုက်ပြီး ငါ..အိမ်ထောင်ဦးစီးကွ၊ ငါ လုပ်ချင်တဲ့ပွဲ လုပ်လို့ ရသကွ…ဆိုပြီး ထင်တိုင်းကျဲပြတာ (မိန်းမ မရှိတုန်း)
ဒါက တချက်။ နောက်တချက်က မိန်းမပြန်လာခါနီး။ တလလောက် တယောက်တည်း ပွချင်သလောက်ပွနေတဲ့ အိမ်ကို ပါတီရှိတော့ ပြောင်စင်အောင် ရှင်းလင်းသုတ်သင်ဖြစ်အောင်လည်း လုပ်တာဖြစ်မယ်ထင်ပါရဲ့။ တချက်ခုတ်ရင် လေးငါးနေရာ ပြတ်အောင် တင်ခုတ်တတ်တာကို တွေးရင်း ပါတီ နံမည်ကြားရရုံနဲ့တင် စိတ်ပေါ့ပါး ပျော်ရွှင်ရတာပါ။
သောကြာနေ့ညနေက ဌာနမှူး မပြန်ခင်   ပါတီရှိတယ်နော်လို့ သတိပေးတုန်း အန်တီလုံးကတော့ မလာဘူး…လို့ တခါတည်း ငြင်းလို့ အပြန်လက်မှတ်ထိုးကာနီး အန်တီလုံးကို မျက်စောင်းအကြီးကြီးနဲ့ ပစ်ပြီး ထွက်သွားတာ တွေ့လိုက်တယ်။
“ငါ့ကို အိုဗာတိုင် ဆင်းခိုင်းထားတာကိုး၊ မလာဘူး” လို့ အန်တီလုံးကလည်း ဌာနမှူးရဲ့ မျက်စောင်းကို ထပ်ပြီး အာခံပါတယ်။
ကျမလည်း အန်တီလုံးလို မလာဘူး…လို့ ပြောချင်လိုက်တာ။ ဒါပေမဲ့ ကျမကရဲ့ အချိန်စာရင်းက အိုဗာတိုင် ပေးထားတယ်လို့ ပြောလို့ ရတာမဟုတ်တဲ့ ပုံမှန် အပတ်စဉ် အလုပ်ဆင်းရက်တွေ။ အထူးသဖြင့် ပါတီလုပ်မယ့် စနေက ကျမ ပိတ်ရက်။ တနင်္ဂနွေကျတော့လည်း နေ့ခင်းဘက်မှာဆင်းရမှာဆိုတော့ ကျမက ချောင်ချောင်ကြီးလွတ်နေရက်နဲ့ မလာဘူး…လို့ ကျမ မပြောရဲ။
ကျမက အိမ်က ထွက်ဖို့ အလွန်ပျင်းရတဲ့အထဲ ဆူဆူညံညံအသံတွေ…ရုတ်ရုတ်သဲသဲ တွေကြားမှာ ကြာကြာမနေနိုင်။ အခုမှ အများကြီးတော်သွားသေးတာ။ ငယ်ငယ်က ဒီထက်ပိုဆိုးသေးရဲ့။
အခုတလော ခေါင်းထဲက နာနေတာကိုလည်း စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အတွက် ပွဲတွေကို ရှောင်ပြီး ငြိမ်ငြိမ်လေးပဲ နေချင်တယ်။ ကျမကို အမြဲ ကျန်းမာရေးနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးလေ့ရှိတဲ့ ဦးဆိုင်းကလည်း “မခွာညို၊ အဲလို ဖြစ်ဖြစ်နေတာ ကျနော် မကြိုက်ဘူး။ အဲဒီ condition ကို ကျနော် သဘောမကျဘူးဗျာ။ ဂရုစိုက်ပါ” လို့ သတိပေးထားတော့ အလုပ်လုပ်ရမယ့်အချိန်၊ လုပ်ရမယ့်အလုပ်။ လုံလောက်တဲ့ အနားယူချိန်ဆိုတာတွေကို ကျမက အမြဲ တွက်ဆနေရတာ။
သူများတွေ…အထူးသဖြင့် ဒေါ်မေငြိမ်းများဆို မနက်စော သုံးနာရီလောက်ကတည်းက ထပြီး အလုပ်ဆင်း၊ အပြန်ကျ ပါတီ တခုခုရှိရင် အလုပ်ကနေ ချက်ခြင်း အဲဒီနေရာကိုရောက်။ အဲဒီ ပါတီရှိရာကို  ညနေမှရောက် ၂ နာရီကျော်လောက်နေပြီး ကျမ ပြန်တဲ့တိုင်အောင် သူက မပြန်သေး။ ဒါတောင် မနက်စော အဲလိုပဲ သုံးနာရီလောက်ဆို ပြန်ထရအုံးမှာ…
သူ့လိုကျန်းမာရေးမျိုးကို အားကျရုံကလွဲပြီး ကျမ မတတ်နိုင်။ (တခါတလေ မနာလိုဖြစ်မိတယ်လို့ ဒီနေ့ အပြန်လမ်းမှာတောင် ကျမ သူ့ကို ၀န်ခံလိုက်မိပါသေးတယ်။)
အခုတလော သိပ်ပြီး အဆင်မပြေလှတဲ့ အခြေအနေကြောင့်   ကျမ နေ့ခင်းအထိ သွားသင့် မသွားသင့် ချီတုံ ချတုံ။ မနေ့က မမမာ ဖုံးဆက်တော့တောင် ကျမ မသွားဖြစ်ဘူး. ခေါင်းနာနေတယ် လို့ ပြောထားမိသေးတာ။

ဒါပေမဲ့ သူများတွေ သွားနိုင် စားနိုင် လုပ်နိုင်သလို ငါလည်း လုပ်နိုင်တယ်…လို့ ကျမ ကိုယ့်ကိုကိုယ် မဲတင်း ထားချင်တယ်။ အလုပ်တူတူလုပ်ကြတယ်ဆိုပေမယ့် နေ့ဆိုင်း ညဆိုင်းကွဲနေတော့ ပါတီရှိမှ လူစုံတွေ့ရတာ ဆိုတော့ မတွေ့တာကြာလှနေတဲ့ မနက်ပိုင်းကတာဝန်ကျနေတဲ့သူတွေနဲ့လည်း တွေ့ချင်တာအမှန်။

ဒီလိုနဲ့ပဲ ကြက်သား ဗန်းလေး တဗန်းထကြော်ဖြစ်တော့ ညနေ သုံးနာရီလောက်ရှိနေပြီ။

ဌာနမှူးအိမ်ကိုရောက်တော့ ညနေ ၆ နာရီလောက်ရှိနေပြီ။ ယုနဲ့ ဦးရော်နီကတော့ အစောဆုံး။ ဦးကျော်ဇံသာနဲ့ မသင်းတို့ မိသားစုလည်း ရောက်နှင့်နေပြီ။ နန္ဒာတို့မိသားစု။

ဘောင်းဘီတို ရှပ်လက်တိုနဲ့ အသားကင်ဖို နှစ်ခုအလယ်မှာ အလုပ်ရှုပ်နေတဲ့ ကျမတို့ ဌာနမှူးက တနှစ်တခါ သူကိုယ်တိုင် အသားကင်ပြီး တဌာနလုံးကို Serve လုပ်လာတာ ၆ နှစ်မြောက်ဆိုပဲ။ ကျမကတော့ ဒါ ပထမဆုံး အကြိမ်ပါ။
စားပွဲပေါ်မှာ ဌာနမှူး လုပ်ထားတဲ့ အမဲသား၊ ၀က်သားကင်တွေနဲ့ ဟင်းရွက်သုတ်ဗန်းတွေရှိနေပါပြီ။ နောက် အန်ကယ်လ်ကျော်ဇံသာ့ အမျိုးသမီးလက်ရာ မုန့်ဟင်းခါး။ ကိုရာကျော်ကတော့ ၀ရန်တာမှာထွက်ပြီး ၀က်သားတုတ်ထိုးကို စိတ်ရှည်လက်ရှည် လှီးနေပြီ။ ဒေါ်မေငြိမ်းက ထုံးစံအတိုင်း ပွားနေပြီ။

ပန့်ခ်ျ ဆိုလား။ ဘာလဲမသိ။ သူကိုယ်တိုင် ရောစပ်ထားတဲ့ အရည်တွေကို အရက်မဟုတ်ဘူး ဆိုပြီး တယောက်တခွက် အတင်း လိုက်ငှဲ့တိုက်ပါတယ်။

မကြာခင် အပေါ်က ကာရာအိုကေ၀ိုင်း စတော့ “ခွာညို…ဟို မှာ ခေတ်ဟောင်းသီချင်းတွေ ဆိုနေပြီ။ သွားဆိုလေ” ဆိုလို့ ကျမ ရယ်မိသေးတယ်။ သက်စုက ကြည့်စမ်း အမကို အထင်သေးလိုက်တာ…တဲ့။

မိုးကြိုးမှာတုန်းကဆို ကျမတို့ ဦးလေးက သီချင်းမဆိုမနေရ...ဆိုပြီး ဇွတ်ဆိုခိုင်းလို့ ဦးက ဒီမိုကရေစီအတွက်လုပ်နေပြီး ဘာလို့ ဒီမိုကရေစီမရှိနေတာလဲ။ ညို..ဆိုချင်မှ ဆိုမှာပေါ့..ဆိုရင်း အဖွဲ့ရဲ့ပျော်ပွဲကနေ နိုင်ငံရေးတွေနဲ့ ထည့်ပြီး ငြင်းခဲ့ကြတာ ပြန်ပြီး သတိရမိတယ်။
လူစုံသလောက်ရှိတော့ သူကိုယ်တိုင် နှစ်ပေါက် စပ်ထားတယ်ဆိုတဲ့ နောက်တမျိုးကို ခွက်ပေါက်စလေးတွေနဲ့ လိုက်တိုက် ပြန်ပါတယ်။ ထုံးစံအတိုင်း …သောက်။ လက်မတဆစ်လောက်ပဲ ရှိတဲ့ခွက်ကလေးတွေနဲ့ ဘောင်းဘီတို အကျီ င်္ရင်ဘတ် ဟကွဲနဲ့ လူက ခပ်ပိန်ပိန်နဲ့ တအိမ်လုံးအနှံ့ ပြန့်ကျဲနေတဲ့လူတွေဆီကို လျှောက်တိုက်နေပုံက ဗမာပြည်က အမိန့်ရ အရက်ဖြူ ဆိုင်က အရက်ရောင်းတဲ့ တရုတ် စားပွဲထိုးနဲ့တောင် တူနေမလားမသိ...

အရက်လား…မူးမှာလား..လို့မေးမိတယ်။ ဘာအရသာလည်းသိချင်လို့ စမ်းကြည့်ချင်ပေမဲ့ ကျမအစာအိမ်က ဆေးပြင်းပြင်းတောင် လက်သင့်ခံတာမဟုတ်။ မမူးပါဘူး။ မူးလည်း ထမိန်ကျွတ်ကျရုံထက် ဘာမှ ပိုမဖြစ်ဘူး…ဆိုပြီး ထမိန် ၀တ်လာတဲ့ ကျမကို မျက်စိနောက်နေခဲ့သလို ပြောပါတယ်။ ဒီခရီး ဒီထီးနဲ့ တော်ပါ့မလားလို့ မရွေးတတ်တာ ကျမရဲ့ ညံ့ဖျင်းမှုတွေထဲက တခု ဖြစ်နိုင်ပါတယ်။ အမေရိကားမှာ ပါတီိကို ထမိန်ဝတ်ပြီးလာတာက ကျမတယောက်တည်းကိုး။ ကျမ ၀တ်ချင်ရင် ၀တ်လိုက်တာပါပဲ။ ဘယ်တော့မှ အခန်းအနားတွေ...နေရာတွေကို သိပ်ထည့်တွက်လေ့ရှိခဲ့တာမဟုတ်။


ကလေးတွေကလည်းအောက်ထပ်မှာ တရုန်းရုန်း … သူ့အုပ်စုနဲ့သူ ပျော်လို့။ တွဲစရာ အဖော်မရှိတဲ့ ကလေးနှစ်ယောက်ကတော့ နန္ဒာနဲ့ ကိုအာလူးရဲ့သားကြီးသြရဿကလေးနဲ့ မသင်းရဲ့ သားကြီး ဒေးဗစ်တို့ပါ။

နှစ်နှစ်ဆိုတဲ့ အရွယ်လေးက သူ့ထက် လေးငါးနှစ်ကြီး တဲ့ ကလေးကြီးတွေနောက် ပြေးလိုက်ရင်း မောနေရှာတယ်။ သူ ၀ိုင်းထဲဝင်လာရင် အကြီးတွေက အော်ထုတ် တော့ ယဉ်ယဉ်ကျေးကျေး..ဘိုင်…လို့ လက်ပြပြီး အသာတကြည်ထွက်သွားပေးတာကိုကြည့်ရင်း နန္ဒာက သူ့သားကြီးအတွက် စိတ်မကောင်းဖြစ်နေတယ်။

အပေါ်ထပ်မှာတော့ မသင်းရဲ့သား ဒေးဗစ်။ အောက်မှာဆော့နေကြတဲ့ ၅ နှစ်ကနေ ဆယ်နှစ်အတွင်း ကလေး အုပ်ထဲလည်း အရပ်ကြီး ကလန်ကလားနဲ့ ၀င်မပါနိုင်။ လူကြီးဝိုင်းမှာ ၀င်နွဲရအောင်ကလည်း အသက်က မပြည့်  သေး။ ဒီတော့ သူ့ခမျာ အစားအစာတွေကိုသာ အားအားရှိ ထစားလိုက်။ သူ့အသက်နဲ့ရွယ်တူ ဌာနမှူးရဲ့ ခွေးကို ပွတ်သပ်လိုက်…
ို
မမေငြိမ်းက သူ့ဝက်သားတုတ်ထိုးကို ညွှန်းတော့ ကိုနိုင်က ထုံးစံအတိုင်း ကိုရာကျော့်လက်ရာဆိုပြီး ၀င် ၀င် စလို့ မမေငြိမ်းက မျက်စောင်းတထိုးထိုး။ ဟေ့..အဲဒါ ငါ့ကြက်သားကြော်...လို့ ကျမက ကိုနိုင့်လက်ထဲက ကြက်ကြော်ကို မဏ္ဍပ်တိုင် တက် တော့ ဒေါ်မေငြိမ်းက တနေ့က ရုံးမှာ အန်တီလုံးက ကျမကို ပြောနေတဲ့စကား လူကြားထဲမှာ ပြန်ပီး ဖောက်သည်ချတယ်။

ကိုအောင်နိုင်က အန်တီလုံးကတဆင့် ခွာညို့ကို ပြောခိုင်းနေတယ်လေ။ လခလည်းမရသေးဘဲ ဘာဖြစ်လို့ ခွာညိုက ဟင်းတွေချက်ချက်ယူလာနေတာလဲ။ ယူမလာစေနဲ့လို့ ပြောလိုက်ပါတဲ့...အခုလည်း ကြက်ကြော်တွေလုပ်လာတယ်..တဲ့။

မသက်စုက အမ ပိုက်ဆံလိုရင် ပြောနော်...လို့ ချက်ခြင်း ဘဏ်တိုက်အသစ်ဖွင့်ပေးပါတယ်။ အစကတည်းကလည်း ကိုနိုင်၊ ဒေါ်မေငြိမ်းနဲ့ မမမာတို့ကလည်း ၁၀ ရက်ကျော်ပြီး လစာကိစ္စ အဆင်မပြေဖြစ်နေတာတွေ သိကတည်းက တွေ့တိုင်း လိုရင် ပြောလို့ အမြဲ ပြောနေကြတာပါ။

ကိုသားကတော့ လူနောက်ပီပီ ဟိုး..တခါ လုပ်တဲ့ ပါတီမှာ ကိုကြီးသိန်း ဘောင်းဘီဆွဲချွတ်တဲ့ အကြောင်း… ကိုကြီးသိန်းရဲ့ မိန်းမ အရင်းခေါက်ခေါက် မစပယ်က လက်ခုတ်လက်ဝါးတီးပြီး ရယ်မောရင်း ကိုသားပြောတဲ့ မပြည့်စုံတဲ့ အကြောင်း အရာတွေကို ရှင်းလင်း ဖြည့်စွက်လို့ ကိုကြီးသိန်း အပြင်ကိုထွက်ပြေးသွားပါတယ်။

မဦးကတော့ ကိုသားရဲ့ အစအနောက်သန်မှုကို စိတ်တိုပြီး…“သူများကို ကိုသား အဲလိုဂျောက်တွန်းတယ် ပေါ့လေ။ ဒီတခါ ကိုသားအလှည့်…ကိုသားကို ပြန်ဆွဲချွတ်မယ်”…လို့ ကြိမ်းဝါးပါတယ်။ ကိုသားက ယောင်ယမ်းပြီး သူ့ဘောင်းဘီခါးပတ်ကို တင်းနေအောင် ဆုတ်ထားတာကြည့်ပြီး ကျမတို့ ရယ်လိုက်ရတာ အမောသား။

ဒေးဗစ်က သူ့အမေဘေးမှာ ထိုင်နေရင်း ဒေါ်မေငြိမ်းဗိုက်ကိုကြည့်ပြီး အမေလုပ်သူကို တိုးတိုးလေး ကပ်မေးပါတယ်။
အမေ အန်တီမေငြိမ်းက ဗိုက်ကြီးနေတာလား...တဲ့။ သူ့ဗိုက်သူ လက်နဲ့ပွတ်နေမိတဲ့ ဒေါ်မေငြိမ်း ဒေးဗစ်ကို နာကျည်းသွားတာကြည့်ပြီး ကျမတို့ ရယ်မိကြပြန်ရော။ ဘယ်သူကမှန်း မသိ။ ဟုတ်တယ်။ လေးလရှိပြီလို့ နောက်တော့ ဒေးဗစ်က အသံမထွက်ဘဲ ခေါင်းငုံ့ရယ်နေတယ်။ ဒေါ်မေငြိမ်းက - သားအမေနဲ့အတူတူပဲ..လို့ အဖော်ညှိလိုက်ပါသေးတယ်။

မနက်စော အလုပ်ဆင်းရမဲ့ မသင်းက အန်ကယ်လ်ကျော်ဇံသာတို့ မိသားစုနဲ့အတူ အစောဆုံး ပြန်သွားပါတယ်။

မသင်းတို့ ပြန်သွားပြီးမှာ အာရ်အက်ဖ်အေဘက်က တဖွဲဖွဲ..ကိုနိုင်တယောက်က ရထားနဲ့လာတယ်ဆိုလို့  ကိုကြီးသိန်းက သွားခေါ်…

ကျမကတော့ ထိုင်နေရင်း ကိုယ့်ကိုကိုယ် အားမရ။ ဓာတ်ပုံရိုက်ချင်လို့ ကင်မရာယူလာပြီး လိုက်ရိုက်ရမှာကို ရွံ့နေခဲ့တယ်။ တကယ်ဆို ကျမ ဌာနမှူး အသားကင်နေတာကို ရှေ့တည့်တည့်ကနေ သွားရိုက်သင့်တာပေါ့။ နောက်ပြီး အရက်စပ်နေတာကို ရိုက်ထားရမှာပေါ့။ ပြင်ဆင်ထားတဲ့ စားပွဲပေါ်က အစားတွေကိုလည်း ရိုက်ထားသင့်တာပေါ့။ ကလေးလေးတွေ ဆော့နေကြတာ ဘယ်လောက်ပျော်စရာကောင်းလဲ။ ရိုက်ထားသင့်တာပေါ့။

စိတ်ထဲမှာ ရိုက်ချင်နေတာတွေ ရှိရှိကြီးနဲ့ ကျမ ထိုင်ခုံမှာ ကျောက်ချပြီး ထိုင်နေမိတယ်။ ငြိမ်နေတဲ့ကျမကို မခွာညိုက… ထမိန်ကျွတ်ကျမှာ စိုးလို့ ထိုင်ရာကကို မထတော့ဘူး..ဆိုပြီး အော်အော်ရယ်ကြတာကို ခံနေရတယ်။

ကျမ တကယ် အဲလိုဖြစ်မှာ စိုးရိမ်နေတယ်လို့ ကိုအောင်နိုင်က ထင်သွားပုံရတယ်။ “ကျနော့  ခါးပတ်ရှိတယ်။ ပတ်ထားမလား”….လို့ အတည်ပေါက်မေးရလောက်အောင် လှမ်းမေးတယ်။ ကျမ မူးမှမမူးတာ။ ဒါပေမဲ့ မမူးဘူး...ဆို ဇွတ်တိုက်နေမှာစိုးလို့ ရယ်ကျဲကျဲနဲ့ ချော်လဲ ရောထိုင်ပေါ့။ ကျမ မူးတာ ကိုယ့်ကိုယ်ပိုင် အမူး။ အရက်မူးမဟုတ်ဘူးလို့ မိန်းမတွေချည့် ကျန်တော့မှ တိုးတိုးပြောတော့ မသီရိက ကောင်းတာပေါ့။ ကိုသိန်းထိုက်ဦးတို့များ မူးချင်လို့ ညနေတိုင်း ၀ယ်သောက်နေရတာ...လို့ သူ့ရဲ့ ချစ်လှစွာသော...ကို မေးငေါ့ပြီး ပြောပါတယ်။

ကိုမိုးသီးက ဓာတ်ပုံရိုက်မယ် ပြောနေလို့ ဓာတ်ပုံရိုက်ပေးဖြစ်သေးတယ်။ ခနကြာတော့ တနေကုန် ပင်ပန်းထားတဲ့ ကိုအောင်နိုင်က အာလူးကြော်စားရင်း ကျမတို့ထိုင်နေတဲ့ ဆက်တီမှာ ခနလာထိုင်ပါတယ်။ ရုံးမှာဆို အစာ နည်းနည်းပဲ စားတာ တွေ့ရပေမဲ့ ဒီနေ့ညတော့ ကိုအောင်နိုင်စားနေတာ တချက်မှ မရပ်။ သူ့ကိုယ်သူလည်း သိတယ်။ ကျနော် တော်တော်များနေပြီ။ စားနေတာ။ ရပ်ကို မရပ်တော့ဘူး...လို့လည်း ကင်ဂျီတွေ တူနဲ့ကောက်စားတုန်းက ပြန်ချမလို လုပ်ရင်းပြောတော့ ကိုဇော်မိုးကျော်က မြှောက်ပေးသေးတယ်။ စား သာ စား။ ဘာမှ မဖြစ်ဘူးတဲ့။

ကိုမိုးသီး ကျမတို့ဝိုင်းနား လာတော့ တိုက်တိုက်ဆိုင်ဆိုင် ထိပ်ဆုံးက တယောက်ထိုင်ဆက်တီက လွတ်နေတော့

“ထိုင်ပါခင်ဗျ။ ဒါက ဥက္ကဋ္ဌထိုင်ဖို့ သပ်သပ်ဖယ်ထားတာပါ ”ဆိုပြီး ကိုအောင်နိုင်က ရိုသေကျိုးနွံတဲ့ ဟန်ပန်နဲ့ ကိုမိုးသီးကို နေရာပေးပါတယ်။ ကိုမိုးသီးကလည်း အိမ်ရှင်ပေးတဲ့ ထိပ်နေရာမှာ ခပ်မိန့်မိန့်ကြီး ၀င်ထိုင်ရင်း

“ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေးကို အဟုတ်ထင်နေတယ်” လို့ ပြောချလိုက်ပါတယ်။ ကိုအောင်နိုင်က ပြုံးတုံ့တုံ့နဲ့ ဘာမှ ပြန်မပြောဘဲ အာလူးကြော် ကောက်ဝါးနေပါတယ်။ ကိုမိုးသီးပြောတဲ့စကားတွေကို ကျမ နားတည့်ခဲလှပေမဲ့ ဒီတခါ စကားကိုတော့ သဘောကျတာအမှန်။

ဂျပန်သူ ဇနီးသည်မရှိတုန်း သူငယ်ချင်း အပေါင်းအသင်းတွေ တရုန်းရုန်းကို လိုက်ပြီး လိုသမျှ ကိုယ်တိုင် အောက်ခြေသိမ်း လိုက်လုပ်ပေးနေတဲ့ ကျမတို့ ဌာနမှူးကို ဂျပန်ဆီက ရတဲ့ ရွှေရည်စိမ်လွတ်လပ်ရေး….တဲ့။

ကျမက ကိုးနာရီလောက်ကတည်းက ပြန်ဖို့ သင့်နေပြီလို့ ထင်မိတယ်။ ဒါပေမဲ့ မနက်စော အလုပ်ဆင်းရမယ့် ဒေါ်မေငြိမ်းတယောက်က ဇွဲကောင်းကောင်းနဲ့ တင်းခံနေလို့ တကယ်တန်းက ၁၀ နာရီကျော်မှ ပြန်ဖို့ စဖြစ်ပါတယ်။
ဒေါ်မေငြိမ်း နှုတ်ဆက်နေတုန်းက အေးဆေးနေကြတဲ့ ဗွီအိုအေ မိသားစုဝင်တွေက ဘယ်လိုဖြစ်ပြီး ကျမ လက်တချက်မြှောက်ပြီး ပြန်တော့မယ် အော်လိုက်တာနဲ့ ၀ုန်းကနဲ ပြိုဆင်းလာကြသလဲမသိ။
မပြန်ရဘူးတဲ့။
ရှေ့မှာ ဌာနမှူး၊ နောက် ကိုသိန်းထိုက်ဦးလည်း အစပိုင်းမှာ ရှိတယ်မှတ်ပါ့။ နောက် ကိုကျော်ကျော်သိန်းနဲ့ ကိုသက်မှူး။ ဘေးမှာတော့ အစားစားပွဲမှာ ထိုင်နေကြတဲ့ မဦးတို့ မသက်စုတို့ စုံတွဲတွေ မအင်ကြင်းတို့ မစပယ်တို့ မသီရိတို့ကလည်း သူတို့ ယောက်ကျားတွေ ကျမကို ရစ်နေတာကြည့်ပြီး ရယ်လို့ မောလို့ …

နောက်ပေါက်က လှည့်ပြေးမယ်လုပ်တော့ ကိုရွှေနိုင်က ပိတ်ရပ်လို့။ ကိုသားလည်း နောက်မှာရှိနေတယ်ထင်မိတယ်။
ကိုနိုင်က လူစုခွဲပြီး အဲလိုစောပြန်တဲ့သူရှိရင် စိတ်ကောက်တတ်တယ်။ ပီးခဲ့တဲ့အပတ်က ကိုဇော်မိုးကျော်နဲ့ သဲသဲတို့ အိမ်တက်တုန်းက လည်း ကိုသားက ဧည့်သည်ရှိလို့ ၁၁ နာရီခွဲလောက်ပြန်တာကိုရော၊ ဖဲရိုက်တဲ့သူက သပ်သပ်ဖဲရိုက်နေကြလို့ရော မပျော်ရဘူး..ဆိုပြီး သူလည်း မပြောမဆို ထပြန်လာခဲ့တယ်လို့ ပွစိပွစိ ပြောနေတာ ကြားခဲ့ရတယ်။

သူက - မေရီလင်းကို ပြန်မယ့် ကားတွေ အများကြီးပဲတဲ့။ ဒေါ်မေငြိမ်းတို့ သူတို့ဘာသာ ပြန်ပေ့စေ-တဲ့။
“ငါရှိတော့ရော ဘာထူးလို့လဲဟာ။ ဟိုချောင်မှာခွေနေလိုက်။ ဒီထောင့်ကပ်နေလိုက်နဲ့ပဲနေတာ။ ငါရှိနေတာနဲ့ မရှိနေတာ ဘာမှ မထူးခြားပါဘူး” လို့ ပြောလည်းမရ။
“အိပ်ရင်လည်း အိပ်နေ။ ခွာညို- နင် ရှိနေတယ်ဆိုရင် ငါတို့ အိုကေ”တဲ့ ။ ကိုကြီးသိန်းက။
ကိုသားကတော့ တမျိုး။ လက်ကတော့ထိုးနဲ့ ယိုးဒယားက ကပြီး ကျမရှေ့ ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်။
“ကျနော် ကတိပေးပါတယ် အမရယ်၊ ကိုကြီးသိန်းကို ဘောင်းဘီချွတ်သလို အမကို မချွတ်ပါဘူး။ ကတိပေးပါတယ်”တဲ့။ ရယ်လိုက်ကြတာ အုန်း…ကနဲ။
ကိုအောင်နိုင်ကလည်း မပြန်ဘို့ဘက်က ၀င်ပြောတယ်။ ကျမကို အရင့်အရင်တွေက ခပ်တည်တည်နဲ့ ဇွတ်ခိုင်းခဲ့တာမျိုး…(ကိုမိုးချုပ် မင်္ဂလာဆောင်တုန်းကလည်း သတို့သမီး မင်္ဂလာလက်ကိုင်ပန်း ပစ်တာကို ၀င်လုမယ့် ကလေးတွေကြားထဲ ကျမကို ၀င်တန်းစီဖို့ မျက်နှာထားကြီးနဲ့ ဇွတ်တရွတ်အမိန့်ပေးခဲ့တာမျိုးပေါ့။)
ခပ်တည်တည်ပြောမရတော့ ဒီပါတီပွဲကို အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ပေးဖို့ နေခဲ့ပါတဲ့။
ကျမ ငြင်းနေရင်းနဲ့ စိတ်မကောင်းဖြစ်မိတယ်။ စိတ်ရင်းအတိုင်း ပြောရရင် ကျမ တကယ်မပြန်ချင်တာပါ။
အောက်ထပ်မှာ မောချိက စန္ဒယားတီးပြီး သဲသဲက သီချင်းဆိုလို့၊ နောက်မှာ ကိုဇော်မိုးကျော်က ဂစ်တာ တလက်နဲ့ အားဖြည့်အကူရောက်လာတယ်။ အပေါ်က ကာရာအိုကေမှာ မဆိုရဲသည့်တိုင် သူတို့ရဲ့ ကိုယ်တိုင် ဆိုတီးတာကို ဘေးက ထိုင်ပြီး နားထောင်ချင်တယ်။ (အမှောင်များနေလို့ ဗီဒီယိုတော့ ရိုက်လို့မရ။)
ခြင်ကိုက်တဲ့ဒဏ် မခံနိုင်လို့ ကိုနိုင်တို့ ကိုမိုးချုပ်တို့နဲ့ စကားလည်း သွားမပြောဖြစ်ခဲ့။ သူတို့က လူပျော် လူနောက် တွေဆိုတော့ မထင်ရင် မထင်သလို အတင်း သီချင်းဆိုခိုင်းတာမျိုးလုပ်မှာကို ရှိန်တာလည်း ပါပါတယ်။
“မပြန်လို့ မဖြစ်ဘူး။ မနက်ဖြန် အလုပ်လုပ်ရမယ်လေ”
“ညနေမှ ဆင်းရမှာကို။အေးဆေး နေစမ်းပါ”
“အမ်စီလုပ်ရမှာ”
“အမကလည်း ကျနော်လည်း ရှိနေမှာပဲဟာကို”
“မဟုတ်ဘူးဟ။ ငါ ခေါင်းမကောင်းလို့ပါ”
“ဟာ..မခွာညိုက ခေါင်းမကောင်းဘူး…”
ခေါင်းမကောင်းဘူးဆိုတာကို ကိုသက်မှူးက တအံ့တသြ ပြန်မေးပါတယ်။ ရှင်းနေရင် ပိုရှုပ်တော့မှာမို့ ဇွတ်တိုးထွက်တော့လည်း မရ။ ဒေါ်မေငြိမ်းသမီးလေးက လာခေါ်တော့လည်း ပြန်တော့ ။ ခွာညို့ကို ထားခဲ့ဆိုပြီး ပြောလွှတ်ကြ။
“သူ့အကြောင်း နင်တို့မသိဘူး။ ငါသိတယ်။ သူပြန်ပစေ။ လာ ခွာညို” ဆိုပြီး မမမာသာ ဆွဲမထုတ်ရင် ကျမ သူတို့ကို အားနာစိတ်နဲ့ နေလိုက်ပါတော့မယ်လေ…လို့ စိတ်နှလုံး ဒုံးဒုံးချလိုက်တာ ၉၀ ရာနှုန်းလောက် အင်စတောလ်လုပ်ပြီးနေပါပြီ။
ကိုကြီးသိန်းတို့က မမေငြိမ်း ခွာညို နေခဲ့တော့မယ်လို့ ဆင်းပြောကြ…
ကိုနိုင်ကတော့ လှေကားထိပ်အထိ လိုက်ပြီး မမေငြိမ်းကို ကျနော် ဖုံးဆက်လိုက်မယ်ဆိုပြီးလှမ်းဆက်… ဒီကြားထဲ..မမမာက အတင်းဆွဲခေါ်လာလို့ လှေကားတထစ်ဆင်းမယ်ပြင်တော့ ထုံးစံအတိုင်း ကိုနိုင့်နှုတ်ခမ်းက ချွန်ထွက်လာပါတယ်။ မသိဘူး။ လုပ်ချင်တာလုပ်။ ပြန်ချင်လည်းပြန်။ သဘောပဲ…ဆိုပြီး ဇောင့်..ဇောင့်နဲ့ ပြန်ဝင်သွားတယ်။ (စိတ်မကောင်းပါဘူး မောင်လေး)
ကျမ အကြောင်းကို သိထားတဲ့ ဒေါ်မေငြိမ်းတို့က ကားမထွက်သေးဘဲ စောင့်နေပေးပါတယ်။
လမ်းမှာ ကျမ စိတ်မကောင်းဖြစ်ပြီး စကားတောင် သိပ်မပြောဖြစ်ပါဘူး။
တကယ် ၀မ်းနည်းမိပါတယ်။
လူနဲ့လူချင်းအတူတူ… တညလောက် အိပ်ပျက်ခံပြီး မိတ်ဆွေတွေနဲ့ အချိန်အတူဖြုန်းနိုင် လောက်တဲ့ခွန်အား ဘာကြောင့်များ ကျမမှာ ချို့တဲ့နေခဲ့ရတာလဲ ဆိုပြီးတော့...
လူနဲ့လူချင်းအတူတူ သူများတွေလို ခွန်အား သီးသန့်မွေးမထားဘဲ အလုပ်တွေ အများကြီး လုပ်နိုင်စွမ်းရည် ဘာကြောင့်များ ကျမမှာ ပျောက်ဆုံးနေရတာလဲ။
အဲဒီလို ဘာကြောင့်များ…တွေက ဘာကြောင့်များ ကျမဆီမှာ လာစုနေရတာလဲလို့ တွေးမိတိုင်း လူဖြစ်ရကျိုး မနပ်သလို ခံစားမိပါတယ်။
ဒါပေမဲ့ …
ကျမကို  နားမလည်သည့်တိုင်အောင် ကျမရဲ့ အူကြောင်ကြောင်… ဂွကျကျ…နှေးကွေးလေးလံမှုတွေကို သည်းခံ…ဖြည့်တွေး…လက်တွဲခေါ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ညီအကိုမောင်နှမတွေလို၊ ရုံးကလည်း အိမ်ကြီးတလုံးနဲ့ တူနေတဲ့ ဒီ ဗီအိုအေ မြန်မာပိုင်းမှာ အလုပ်လုပ်နေရခွင့် ပေါ်မှာတော့ လူဖြစ်ရကျိုးနပ်ခဲ့တယ်..လို့ ရှားရှားပါးပါး ဖြေတွေးစရာ ဒုတိယမြောက် အချိန်ပိုင်းလေးတခုအဖြစ် အမြဲ ကျေနပ်နေမိမှာပါ။
နံနက် (၃နာရီ၊ ၁၁ မိနစ်)


Tuesday, July 6, 2010

အဖေတယောက် သားတယောက်


အဖေများနေ့မှာ အဖေ့အကြောင်းလေးတွေ အားပါးတရ ရေးပြီး လှည့်မကြည့်တာကြာလှပြီဖြစ်တဲ့ ဘလော့လေးမှာ တင်လိုက်မဟဲ့..လို့ မောင်းတင်ထားခဲ့ပေမဲ့ တကယ်တန်းကျ ဘာမှ မလုပ်ဖြစ်ခဲ့။ ဒီအချိန်မှာပဲ အကိုကတော့ ကလေးအဖေဘ၀ကို ကူးပြောင်းသွားလေရဲ့။



(တနင်္လာသား ကျားလေး မွေးတယ်ဗျို့...တဲ့။ အွန်လိုင်းမှာ လာဟစ်နေတာ သူ့အဖေပေါ့....)

ကလေးကို ကျပ်မပြည့်မှာတို့ ဘာတို့ ကြောက်သတဲ့။ မမွေးခင်ရက်ပိုင်းလောက်မှာ ချက်တင်မှာတွေ့တုန်း သူက အဲလို ပြောတော့ အဖေ့ကို သချုင်းထဲက ဆွဲခေါ်လာပြီး ပြချင်လိုက်တာလေ။
အသက် ၃၅ နှစ်ပဲ ရှိသေးတဲ့ အဖေက ဆေးလိပ်ရော အရက်ပါ အပြတ်ဖြတ်ခဲ့တာ သူ့ကြောင့်ပေါ့။ အဖေက ဆေးလိပ် အရက်သောက်ရင်း “သား၊ ဆေးလိပ် အရက်ဆိုတာ ကောင်းတာမဟုတ်ဘူး။ မသောက်နဲ့” လို့ ပြောတဲ့အခါ သူ့စကားကို သားက အလေးမထား၊ ပြက်ရယ်ပြုမှာ၊ အပြောတခြား အလုပ်တခြားဖြစ်လို့ သူ့စကား အထမမြောက် မခန့်ညားမှာကို အဖေ စိုးရိမ်စိတ်နဲ့ ဆေးလိပ်နဲ့ အရက်ဖြတ်ပစ်ခဲ့ချိန်က အကို့အသက် (၁၄) နှစ်။

ကျမက စိတ်ပုပ်တယ်လို့ ပြောချင်ပြော။
တခါတခါကျရင် သူ့ကို သိပ်ပြီး ၀ဋ်လိုက်စေချင်ခဲ့ဖူးတယ်။ အဖေ့ နောက်ဆုံးအချိန်တွေမှာ နောက်ဆုံး…ဆိုတာ သိသိကြီးနဲ့ အဖေ့အနားမှာ အချိန်ပြည့်မနေနိုင်သလို အပြင်ထွက်သွားတဲ့အခါမျိုးတွေမှာ ကျမ အဲလို စိတ်ပုပ်တွေ ၀င်ဝင်လာဖူးတယ်။

အဖေဟာ အပေါ့အပါးသွားချင်ပေမဲ့ တယောက်တည်း သူ့နားရှိတဲ့ ကျမရဲ့ ခွန်အားဗလကို သိတော့ သမီး အဖေ့ကို တွဲပါအုံး….လို့ ပြောရမှာ အားနာပြီး မျက်နှာငယ်လေးနဲ့ ငြိမ်နေခဲ့တဲ့ အဖေ့ကို   ပြန်တွေးတဲ့အခါ တကယ်ပဲ ၀ဋ်လိုက်ပါစေလို့…
ဆုတောင်းမိလုနီးနီး ကျမ  အကို့ကို ဒေါသထွက်ခဲ့တယ်။

ရေဖျဉ်းဆွဲနေပြီး လက်ကျန်ခွန်အားဆိုလို့ အသက်မျှဉ်းမျှဉ်း ရှူနေဖို့လောက်သာ ရှိတော့တဲ့ အဖေက မအောင့်နိုင်တဲ့အဆုံးမှ ကျမကို ခေါ်ခဲ့တာ။ ကုလားထိုင်က ထဖို့ ရေအိမ်ကိုရောက်အောင် သွားရတဲ့ ခြေလှမ်းတရာလောက် အကွာအဝေးကို ကျမ တွဲပို့ပေးနိုင်ပေမဲ့ အိမ်သာက ဘိုထိုင် မဟုတ်တော့ ထိုင်ရာက ပြန်ထနိုင်ဖို့ ကျမရဲ့ရှိသမျှအား အကုန်သုံးပြီး ထူတာတောင် အဖေကိုယ်တိုင်ကလည်း ရှိသမျှ သူ့ခွန်အားတွေ အကုန်သုံးမှ မတ်တပ်ပြန်ရပ်နိုင်ခဲ့တာပါ။ (အိုးနဲ့ သွားဖို့ ပြောပေမဲ့ အဖေက အားနာတာရော၊ ရှက်တာရောကြောင့် အိုးနဲ့ သွားဖို့ ဘယ်လိုမှ ပြောမရ။)

အဲဒါတောင်မှ သူ့သားနဲ့ပတ်သက်လို့ ၀မ်းနည်းစကား မဆိုရက်ခဲ့တဲ့ အဖေ။
သမီးက နှုတ်ခမ်းကိုစေ့ပြီး မျက်နှာထားတင်းနေပြီဆိုရင် ဘာလဲဆိုတာ….
 သမီးအကြောကို ကောင်းကောင်းသိတဲ့ အဖေက
ယောက်ကျားလေးပဲ သမီးရယ်…လို့
သူ့ဘက်က တောင် ရှေ့နေလိုက်ပေးနေသေးတယ်။
အဲဒီအခါမျိုးကျရင်တော့ ကျမ ပါးစပ်က စက်သေနတ် ဖြစ်သွားတတ်ပါတယ်။

အဖေတို့ အမြဲ အဲဒီလိုပဲ။ မိန်းကလေးလည်း လူပဲ။ ထမင်းစားတာချင်းတူရင်တောင် သူက သမီးတို့ထက် ပိုစားသေးတယ်။ ပို အကောင်းကြိုက်သေးတယ်။ မုန့်ဖိုးလည်း ပိုသုံးသေးတယ်။ ငွေရှာတာချင်းတူရင် သူ့လခ အကုန်မအပ်လည်း ယောက်ကျားပဲ သမီးရယ်။
အိမ်အလုပ် ကူမလုပ်လည်း ယောက်ကျားလေးပဲ သမီးရယ်…တချိန်လုံး အဖေတို့က ယောက်ကျားလေးပဲ သမီးရယ်…ချည့်ပဲ….

ကျမ ပြောသမျှကို အဖေက ပြုံးပြီးနားထောင်နေခဲ့ပါတယ်။ ကျမ လေသေနတ် အပစ်ရပ်တော့မှ-
သမီးရယ်..သမီး လုပ်ပေးနေသမျှလည်း အဖေက ကျေးဇူးလည်းတင်၊ အားလည်း ကိုးပါတယ်။ တကယ်လို့ သမီး အဖေ့ကို နောက်ထပ် ဘာမှ လုပ်မပေးနိုင်တော့ဘူး ဆိုရင်လည်း အဖေ သမီးကို အပြစ်တင်မှာမဟုတ်ပါဘူး။ သမီး မိဘအပေါ်တာဝန်ကျေတာ အဖေ သိပါတယ်။ သမီး မနိုင်တော့လို့ ရပ်လိုက်ရင်လည်း အဖေ ကျေနပ်ပါတယ်….တဲ့။

ကဲ…ကျမ ဘာများ ပြောနိုင်အုံးမှာလဲ။ ဘာဆက်ပြီးတော့လည်း ပြောရက်တော့မှာလဲ။ အဖေ့လို စိတ်မျိုးထားတတ်လာအောင် ကြိုးစားဖို့ကလွဲရင် ကျမမှာ ဘာမှ ပြောစရာ လုပ်စရာ မရှိခဲ့တော့ပါဘူး။

အခုတော့ အကို့ကို ၀ဋ်မလိုက်ပါစေနဲ့လို့ ကျမ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေမှာပါ။
သူလည်းပဲ အဖေ့လိုပဲ သူ့သားလေးအတွက် ဆေးလိပ်နဲ့ အရက် ဖြတ်လာနိုင်ပါစေလို့လည်း ဆုတောင်းပါတယ်။
ဒါက သူနဲ့ ပတ်သက်တဲ့ အဖေနဲ့ အမေ့ရဲ့ မျှော်လင့်မှုတွေထဲက တခုဖြစ်နေလို့ပါ။

Monday, May 10, 2010

နေကောင်းလား မေမေ...


‘ငါနော်…အရုပ်သာဆိုရင် တစစီဖြစ်အောင် ချိုးဖဲ့ လွှတ်ပစ်လိုက်ပြီး အသစ်တရုပ် အစားပြန်ဝယ် လိုက်ချင်တယ်’….တဲ့။ အမြဲတမ်း ထော်လော်ကန့်လန့်တွေချည့် ပြောတတ်…လုပ်တတ်… စဉ်းစားတတ်တဲ့ သူ့သမီးကြီးကို ဒေါသထွက်လွန်းမက ထွက်လို့ ပြောတတ်တဲ့ အမေ့ ဒေါသပါ။
ည..ည..ဆိုရင်တော့ အမေတစ်ယောက် အကို့အိပ်ယာခေါင်းရင်းမှာ ရှိနေတတ်ပြီး အကို့နား နား လေးကပ်ပြီး…တတွတ်တွတ်နဲ့ ဘာတွေမှန်းမသိ ပြောနေတတ်တာကို လူမှန်းသိစကတည်းက တွေ့ခဲ့ဖူးတယ်။ နောက်မှ သိရတာက အော်တိုဆပ်ဂျက်ရှင်း…လို့ခေါ်တဲ့ မသိစိတ်ကို အမိန့်ပေးတယ်.. ခေါ်မလား မသိပါ။ အဲဒါ လုပ်ပေးနေခဲ့တာတဲ့။
အိပ်မပျော့်…တပျော် အချိန်မှာ ဖြစ်စေချင်တာကို အဲဒီလို ပြောပေးမယ်ဆိုရင်..မသိစိတ်က မှတ် ထားပြီး လိုက်လုပ်လို့ အဲဒီအတိုင်း ဖြစ်တယ်…လို့ စိတ်ပညာစာအုပ်တွေမှာ သူ ဖတ်ဖူးလို့…ဆိုတာပါပဲ။ အကိုက သူဖြစ်စေချင်သလို သူ မျှော်လင့်သလို ဖြစ်မလာပေမယ့် သူဟာ တနေကုန် တနေခန်း အိမ် အလုပ်တွေ တနင့်တပိုးကို မနိုင်ရင်ကာလုပ်…ကျောင်းကိုလည်း စာပြေးသင်ထားပါလျက်နဲ့ နောက်နေ့ လည်း မနက်စောစော ထရမှာ ဖြစ်ပါလျက်..အကို အိပ်ချိန်ကို စောင့်ပြီးမှ သူဖြစ်ချင်တာ လေးတွေကို တတွတ်တွတ် ပြောနေခဲ့ရတာက ညတိုင်း မပျက်မကွက် လုပ်ခဲ့တဲ့ မိခင်တယောက်ရဲ့ ၀တ်တစ်ပါး….




အဲဒီအကိုက လူပျိုပေါက်မှာ ရည်းစားများတဲ့ မိန်းကလေးတွေကကြိုက်ကြတော့ ထားစရာမရှိအောင် စိုးရိမ်ကြီးခဲ့တဲ့အမေ....

‘…ကြီးလာရင် စာရေးဆရာမလုပ်မယ်’….လို့ ပြောတဲ့အခါ အနားမှာ ရှိနေတဲ့ အမေက ပြောလိုက်ပါတယ်။
‘ကိုယ့်…….ကိုယ် ပြောင်အောင် သုတ်တတ်အောင် လေ့ကျင့်စမ်းပါအုံး’..တဲ့။ သူ့စိတ်ထဲမှာ ဘယ်လိုမှ ကြီးပြီး မြင်လို့မရတဲ့ သူ့မျက်စေ့အောက်…သူ့အရိပ်အောက်…သူ့ရင်ခွင်ထဲက ထွက်သွားမှာ စိုးရွံ့စိတ်နဲ့ သမီးလေးရဲ့ အိမ်မက်ကို လက်မခံနိုင်ခဲ့ပုံများ ပြောပါတယ်။ ၁၆ နှစ် အရွယ်သမီးကိုများ အမေက …..ပြောင်အောင် သုတ်တတ်အောင် လေ့ကျင့်စမ်းပါအုံး….တဲ့။
ငှက်ဖျားဒဏ်ကို သေလုမျောပါး ခံခဲ့ရပြီားဏ်ရည်တိုးတက်မှု နှေးကွေးသွားတဲ့ အငယ်ဆုံး သမီးလေး ကို ညညဆို အိမ်စာမပီးလို့ တရွှဲရွှဲငိုနေတာကို ချော့မော့နှစ်သိမ့်ပြီး စာကူကျက်ပေးတတ်တဲ့ အမေ….




ဖြစ်နိုင်မယ်..ဆိုရင် အနှီးနဲ့ထုတ်ပြီး သွားလေရာကို ခေါ်သွားချင်တုန်းပဲ..လို့ အပျံသင်နေပြီတဲ့ သား...သမီးတွေကို ငေးရင်း ဆွေးဆွေးမြည့်မြည့် ပြောတတ်ခဲ့တဲ့ အဲဒီ အမေ.....
နေကောင်းလား…မေမေ…



Saturday, March 13, 2010

(၁၃) ရက် မှတ်တမ်း

အခုတော့ မိုးတွေကြားမှာ ဆန္ဒပြတဲ့သူတွေကို သတင်းတပုတ်လုပ်ဖို့ စုံစမ်းမေးမြန်းတာလေး သတင်းယူမယ့်သူကို အရံကူခဲ့တာကလွဲရင် အလုပ်ထဲမှာမို့ ဘာမှ ရှည်ရှည်ဝေးဝေး အတွေးနယ်ချဲ့နေချိန်မရှိခဲ့။

အိမ်ပြန်ရောက်လို့ ကိုယ့်ဘလော့ ချောက်တိချောက်ချက်လေးကိုဖွင့်တဲ့အခါ ဘေးမှာတွဲထားတဲ့ ကိုလူထွေးဘလော့က ဘလော့ဂါတွေပြောတဲ့မတ်လ ဆိုတဲ့ စာတန်းလေးကို ငေးရင်း အဲဒီတုန်းက ငါ..ဘယ်မှာပါလိမ့်…လို့ ကိုယ့်ကိုကိုယ်ပြန်မေးမိတယ်။

(ဒီတလော အချိန်တခု ပျောက်သွားလောက်အောင် ခေါင်းအရမ်းနာနေလို့ တခုတခုဆို အရမ်း စဉ်းစားရပါတယ်။)

အဲဒီတုန်းက ကျမ ၀က်ထီးကန်မှာ။

(၇) ဧကလောက်ကျယ်တဲ့ ကျောင်းဝန်းကြီးထဲက ကျောင်အုပ်ကြီးရဲ့ အိမ်မှာပါ။

(ဒီလိုပြောလို့ သိပ်ခန်းခန်းနားနားလို့ တော့ မမြင်စေချင်ဘူး။ ကျောင်းဆောင်သစ်ဆောက်တုန်းက ပိုတဲ့သစ်တိုသစ်စတွေနဲ့ ဆောက်ထားတဲ့ အလင်းရောင်ခပ်နည်းနည်း မှိန်ကုပ်ကုပ်အိမ်ကလေးပါ။ သွပ်တောင်မှ ကျောင်းဆောင်ဟောင်းက ဖြုတ်ချထားတဲ့ သွပ်ဟောင်းတွေနဲ့မိုးထားတာပါ။)

အိမ်ရဲ့အရှေ့ဘက်မှာ ၀က်ထီးကန်ရေပြင်ကြီးရှိနေပြီး အိမ်ရှေ့ ၀ရန်တာလေးကနေ လှမ်းမျှော်ကြည့်လိုက်ရင် ကန်ရဲ့ တဖက်က လက်ပံပင်ကြီးဟာ တပင်လုံး ရဲရဲနီအောင်ပွင့်နေတာကို တွေ့နေရတဲ့အချိန်ပေါ့။

ပေါက်၊ လဲ၊ လက်ပံ၊ စိန်ပန်းနီတို့နဲ့ တလောကလုံး နီစွေးနေတဲ့အချိန်မှာ ဖုန်းမော်ရဲ့သတင်းကို နားထောင်ခဲ့ရတာ။

အဲဒီတုန်းက အဲဒီပန်းပွင့်နီနီတွေဟာ တော်လှန်ရေးရဲ့ သွေးနမိတ်လိုပဲ မြင်ယောင်မိပြီး ကဗျာတိုလေးတပုတ်တောင် ရေးဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခု ပြန်မမှတ်မိတော့ပါ။

သေချာတာတခုက မတ်လမှာ တော်လှန်ရေးနေ့ဖြစ်ခဲ့တယ်။ မတ်လမှာ ကျောင်းသားသွေးမြေကျခဲ့တယ်။
မတ်လမှာ တောင်သူလယ်သမားအရေးတော်ပုံလည်းဖြစ်ခဲ့တယ်…..

ပန်းနီနီတွေ လှိုင်အောင်ပွင့်တဲ့ အဲဒီ ကျမတို့ အမိမြေရဲ့ မတ်လမှာပါ…

Friday, March 5, 2010

တွေးမိတွေးရာနောက်က .... ရေးမိရေးရာ

ကိုနေလင်းနဲ့က တွေ့ခဲပေမယ့် တွေ့တဲ့အခါ တံလျှပ်ရွှေပြည်ကို ကြိုက်တဲ့အကြောင်းရော..စောင့်ဖတ်နေတဲ့အကြောင်းရော..လိုအပ်ချက်တွေဝေဖန်တာရော..အားပါးတရပြောပြတတ်တယ်။ အဲလိုမိတ်ဆွေတယောက်ရှိတာ ရေးဖို့ တအားပဲ လို့ ခံစားမိတယ်။ ဘလော့မိတ်ဆွေအချင်းချင်း...သူ့စာကိုယ်ဖတ်..ကိုယ့်စာသူဖတ်ပြီး ပြောကြ ဝေဖန် ချီးမွမ်းကြတာနဲ့ နည်းနည်းလေး ကွဲပြားတဲ့ ခံစားချက်တခုကို ရတယ်လို့ ထင်တယ်။

တကယ်တော့ တံလျှပ်က အပိုင်း (၈) အထိ ရောက်နေပါပြီ။ တကယ်ဆို ဒီလအတွက် ကျမ (၉) ကိုရေးရတော့မှာပါ။ ဒီလက တခြားလတွေထက် အလုပ်ချိန်တွေများလာတော့ အဲဒီဘက်ကို စိတ်ကို မလည်ဘဲဖြစ်နေတာ။

ကိုယ်က အခန်းဆက်ရေးမိမှတော့ ရပ်ထားလို့ မရတော့တဲ့အတွက် အနည်းဆုံးတလတကြိမ်တော့ ရေး ဖြစ်မှာပါ။ လောလောဆယ် ဖတ်ပီးသားတွေပေမယ့် ဘလော့မှာ အပိုင်း (၈) ကို ကျော်တင်လိုက်ရင်လည်း မဖြစ်ပြန်တာကြောင့် အခု အပိုင်း (၄) ကိုပဲ အားနာ ပါးနာ ပြန်တင်ပေးရအုန်းတော့မယ်။

ဒီနေ့တော့လား.... CR လို့ခေါ်တဲ့ သတင်းဆောင်းပါး တပုတ်၊ နောက် Fresh News လို့ခေါ်တဲ့ လတ်တလော တက်လာတဲ့ သတင်းက လေးငါးပုတ်...(ပုံမှန်ကတော့ လေးပုတ်လောက်ပါ။ ကိုယ်ရေးတဲ့အပုတ်က အသစ်တက်လာရင် အဲဒါကို Second Show အတွက် renew ပြန်ပြန်လုပ်ပေးရသေးတာနဲ့ဆိုတော့ တမနက်အတွင်းမှာ လေးငါးခြောက်ပုတ်လောက်...ဒါတောင် ကိုယ့်ဖာသာကိုယ် လုပ်နိုင်ပါ့မလား..စိုးရိမ်နေတုန်း...

အခက်ဆုံးက အဖွဲ့အစည်းနံမည်တွေ ဗမာလို ဆီလျှော်အောင် စဉ်းစားရတာ (အလကား သက်သက် ပဏာယူပြီးရေးနေတာ။ စီနီယာတွေကို မေးလိုက်တာက များပါတယ် ...တကယ်တော့) နောက်တခုက နိုင်ငံတကာက လူမျိုးပေါင်းစုံရဲ့ နံမည်တွေကို မှန်အောင်ခေါ်ရတာ။ အခုထိ နံမည်ရွတ်တိုင်း ထစ်ထစ်နေသေးတယ်။ ဒါကြောင့် သည်းခံခွင့်လွှတ်နားဆင်တဲ့ ပရိတ်သတ်ကို သိပ်ကျေးဇူးတင်တာပဲ)

ရာထူးတက်သွားတဲ့ အမေ့အတွက် ကွန်ဂရက်ကျူးလေးရှင်း ...လို့ လှမ်းပြောတဲ့ ဦးလေးစကားကိုတော့ တရုတ်ဇာတ်လိုက်သံ ခပ်ပါပါနဲ့....“ကျနော်မျိုးကြီး မခံယူဝံ့ပါ...” လို့ ဒါမှ မဟုတ် “ကျနော်မျိုး ရှက်မိပါတယ်” ...လို့ လက်သီးနှစ်ဘက်ဆုပ်ယှက်ရင်း ပြန်ပြောလိုက်ရင် ကောင်းမလား စဉ်းစားမိတယ်။ လူကြီးကို နောက်သလို ဖြစ်ရာ မကျဘူးဆိုရင်ပြောတာပါ။

မတ်လ (၅) ရက်။ ၂၀၁၀။

Friday, February 12, 2010

တုံးကျော် ဘလော့


ဘလော့ရှိနေတုံးက စာတွေတော်တော်ရေးဖြစ်ပါတယ်။ ကောင်းတာရော …မကောင်းတာရော.. အုတ်အရောရော ကျောက်အရောရော…
ဘလော့ပျက်သွားတဲ့အခါကျတော့ စာရေး နှေးသွား နည်းသွားတာအမှန်ပါပဲ။ စာပေါ့ပေါ့တွေ မရေးဖြစ်တာပေါ့…လို့ ရသေ့စိတ်ဖြေ နေလိုက်တာပါပဲ။
အခုတော့… ကိုယ့်ထမင်းကိုယ်စားပီး ဂျီးဒေါ်နွားကို အလကား လာကျောင်းပေးတဲ့ ကလေးတယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ သူက တညလုံးမအိပ်ဘဲနဲ့ ကျမအတွက် ဘလော့ပြန်လုပ်ပေးဖို့ ကြိုးစားနေတယ်ဆိုတာ သိလိုက်တော့ ဇာဂနာပြောသလိုပါပဲ။ အားလည်းနာ...ခင်လည်းခင် တယ်ဆိုတော့….
အင်း….စာရေးမှ ဖြစ်တော့မယ်လို့…ကိုယ့်စိတ်ကိုယ် ကီးသွင်းထားရပါတော့တယ်။ သူက စာရေးစေချင်လို့ လုပ်ပေးနေသလားမှလဲ မသိတာကိုး...
စာရေးဖြစ်အောင် တွန်းအားတခုဖြစ်စေတဲ့ ဘလော့လေးကို အသစ်ပြန်ဆောက်ပေးနေတဲ့ ဘလော့မိတ်ဆွေလေးကို ကျေးဇူးတင်ကြောင်းနဲ့ စပီး ဘလော့ဖွင့်ရမှာပါ။
Template by : kendhin x-template.blogspot.com