Monday, May 10, 2010

နေကောင်းလား မေမေ...


‘ငါနော်…အရုပ်သာဆိုရင် တစစီဖြစ်အောင် ချိုးဖဲ့ လွှတ်ပစ်လိုက်ပြီး အသစ်တရုပ် အစားပြန်ဝယ် လိုက်ချင်တယ်’….တဲ့။ အမြဲတမ်း ထော်လော်ကန့်လန့်တွေချည့် ပြောတတ်…လုပ်တတ်… စဉ်းစားတတ်တဲ့ သူ့သမီးကြီးကို ဒေါသထွက်လွန်းမက ထွက်လို့ ပြောတတ်တဲ့ အမေ့ ဒေါသပါ။
ည..ည..ဆိုရင်တော့ အမေတစ်ယောက် အကို့အိပ်ယာခေါင်းရင်းမှာ ရှိနေတတ်ပြီး အကို့နား နား လေးကပ်ပြီး…တတွတ်တွတ်နဲ့ ဘာတွေမှန်းမသိ ပြောနေတတ်တာကို လူမှန်းသိစကတည်းက တွေ့ခဲ့ဖူးတယ်။ နောက်မှ သိရတာက အော်တိုဆပ်ဂျက်ရှင်း…လို့ခေါ်တဲ့ မသိစိတ်ကို အမိန့်ပေးတယ်.. ခေါ်မလား မသိပါ။ အဲဒါ လုပ်ပေးနေခဲ့တာတဲ့။
အိပ်မပျော့်…တပျော် အချိန်မှာ ဖြစ်စေချင်တာကို အဲဒီလို ပြောပေးမယ်ဆိုရင်..မသိစိတ်က မှတ် ထားပြီး လိုက်လုပ်လို့ အဲဒီအတိုင်း ဖြစ်တယ်…လို့ စိတ်ပညာစာအုပ်တွေမှာ သူ ဖတ်ဖူးလို့…ဆိုတာပါပဲ။ အကိုက သူဖြစ်စေချင်သလို သူ မျှော်လင့်သလို ဖြစ်မလာပေမယ့် သူဟာ တနေကုန် တနေခန်း အိမ် အလုပ်တွေ တနင့်တပိုးကို မနိုင်ရင်ကာလုပ်…ကျောင်းကိုလည်း စာပြေးသင်ထားပါလျက်နဲ့ နောက်နေ့ လည်း မနက်စောစော ထရမှာ ဖြစ်ပါလျက်..အကို အိပ်ချိန်ကို စောင့်ပြီးမှ သူဖြစ်ချင်တာ လေးတွေကို တတွတ်တွတ် ပြောနေခဲ့ရတာက ညတိုင်း မပျက်မကွက် လုပ်ခဲ့တဲ့ မိခင်တယောက်ရဲ့ ၀တ်တစ်ပါး….




အဲဒီအကိုက လူပျိုပေါက်မှာ ရည်းစားများတဲ့ မိန်းကလေးတွေကကြိုက်ကြတော့ ထားစရာမရှိအောင် စိုးရိမ်ကြီးခဲ့တဲ့အမေ....

‘…ကြီးလာရင် စာရေးဆရာမလုပ်မယ်’….လို့ ပြောတဲ့အခါ အနားမှာ ရှိနေတဲ့ အမေက ပြောလိုက်ပါတယ်။
‘ကိုယ့်…….ကိုယ် ပြောင်အောင် သုတ်တတ်အောင် လေ့ကျင့်စမ်းပါအုံး’..တဲ့။ သူ့စိတ်ထဲမှာ ဘယ်လိုမှ ကြီးပြီး မြင်လို့မရတဲ့ သူ့မျက်စေ့အောက်…သူ့အရိပ်အောက်…သူ့ရင်ခွင်ထဲက ထွက်သွားမှာ စိုးရွံ့စိတ်နဲ့ သမီးလေးရဲ့ အိမ်မက်ကို လက်မခံနိုင်ခဲ့ပုံများ ပြောပါတယ်။ ၁၆ နှစ် အရွယ်သမီးကိုများ အမေက …..ပြောင်အောင် သုတ်တတ်အောင် လေ့ကျင့်စမ်းပါအုံး….တဲ့။
ငှက်ဖျားဒဏ်ကို သေလုမျောပါး ခံခဲ့ရပြီားဏ်ရည်တိုးတက်မှု နှေးကွေးသွားတဲ့ အငယ်ဆုံး သမီးလေး ကို ညညဆို အိမ်စာမပီးလို့ တရွှဲရွှဲငိုနေတာကို ချော့မော့နှစ်သိမ့်ပြီး စာကူကျက်ပေးတတ်တဲ့ အမေ….




ဖြစ်နိုင်မယ်..ဆိုရင် အနှီးနဲ့ထုတ်ပြီး သွားလေရာကို ခေါ်သွားချင်တုန်းပဲ..လို့ အပျံသင်နေပြီတဲ့ သား...သမီးတွေကို ငေးရင်း ဆွေးဆွေးမြည့်မြည့် ပြောတတ်ခဲ့တဲ့ အဲဒီ အမေ.....
နေကောင်းလား…မေမေ…



3 comments:

Unknown said...

အမေတွေကတော့ ဒီလိုချည်းပါပဲအစ်မရာ။ ဘယ်တော့မဆို ကလေးလိုပဲ ထင်တတ်ကြရဲ့ စိုးရိမ်တတ်ကြရဲ့ ။ ဟိုတုန်းကတော့ အဲဒါတွေကို မေတ္တာလို့မထင်ခဲ့ဘူး..။ ဝေးနေတော့လည်း လွမ်းသား..။

ကိုလူထွေး said...

အမေကိုယ်တိုင်ကလည်း...

ခွန်အားတစုံ လိုလာတိုင်း
စာရေးဆရာတချို့နဲ့ စကားပြောဖြစ်တိုင်း
ရွယ်တူမိန်းကလေးတွေကို မြင်ရတိုင်း
မယ်ဇလီဖူးသုတ်စားတိုင်း
တိုက်ဆိုင်မှု တစုံတရာ ရှိလေတိုင်း

သမီးနေကောင်းလား...သမီး...

လို့ တွေးနေမှာအသေအချာပါ

းဝ)

ဂျူနို said...

မခွာညို မအယ် လာဖတ်တာ ၃ခါ ရှိပြီ။
မခွာညိုက အမေ နေကောင်းလား ဆိုတော့ သူလည်း သမီးနေကောင်းလားလို့ တွေးနေမယ် ပြောနေမယ် ထင်ပါတယ်။

Template by : kendhin x-template.blogspot.com