Tuesday, July 6, 2010

အဖေတယောက် သားတယောက်


အဖေများနေ့မှာ အဖေ့အကြောင်းလေးတွေ အားပါးတရ ရေးပြီး လှည့်မကြည့်တာကြာလှပြီဖြစ်တဲ့ ဘလော့လေးမှာ တင်လိုက်မဟဲ့..လို့ မောင်းတင်ထားခဲ့ပေမဲ့ တကယ်တန်းကျ ဘာမှ မလုပ်ဖြစ်ခဲ့။ ဒီအချိန်မှာပဲ အကိုကတော့ ကလေးအဖေဘ၀ကို ကူးပြောင်းသွားလေရဲ့။



(တနင်္လာသား ကျားလေး မွေးတယ်ဗျို့...တဲ့။ အွန်လိုင်းမှာ လာဟစ်နေတာ သူ့အဖေပေါ့....)

ကလေးကို ကျပ်မပြည့်မှာတို့ ဘာတို့ ကြောက်သတဲ့။ မမွေးခင်ရက်ပိုင်းလောက်မှာ ချက်တင်မှာတွေ့တုန်း သူက အဲလို ပြောတော့ အဖေ့ကို သချုင်းထဲက ဆွဲခေါ်လာပြီး ပြချင်လိုက်တာလေ။
အသက် ၃၅ နှစ်ပဲ ရှိသေးတဲ့ အဖေက ဆေးလိပ်ရော အရက်ပါ အပြတ်ဖြတ်ခဲ့တာ သူ့ကြောင့်ပေါ့။ အဖေက ဆေးလိပ် အရက်သောက်ရင်း “သား၊ ဆေးလိပ် အရက်ဆိုတာ ကောင်းတာမဟုတ်ဘူး။ မသောက်နဲ့” လို့ ပြောတဲ့အခါ သူ့စကားကို သားက အလေးမထား၊ ပြက်ရယ်ပြုမှာ၊ အပြောတခြား အလုပ်တခြားဖြစ်လို့ သူ့စကား အထမမြောက် မခန့်ညားမှာကို အဖေ စိုးရိမ်စိတ်နဲ့ ဆေးလိပ်နဲ့ အရက်ဖြတ်ပစ်ခဲ့ချိန်က အကို့အသက် (၁၄) နှစ်။

ကျမက စိတ်ပုပ်တယ်လို့ ပြောချင်ပြော။
တခါတခါကျရင် သူ့ကို သိပ်ပြီး ၀ဋ်လိုက်စေချင်ခဲ့ဖူးတယ်။ အဖေ့ နောက်ဆုံးအချိန်တွေမှာ နောက်ဆုံး…ဆိုတာ သိသိကြီးနဲ့ အဖေ့အနားမှာ အချိန်ပြည့်မနေနိုင်သလို အပြင်ထွက်သွားတဲ့အခါမျိုးတွေမှာ ကျမ အဲလို စိတ်ပုပ်တွေ ၀င်ဝင်လာဖူးတယ်။

အဖေဟာ အပေါ့အပါးသွားချင်ပေမဲ့ တယောက်တည်း သူ့နားရှိတဲ့ ကျမရဲ့ ခွန်အားဗလကို သိတော့ သမီး အဖေ့ကို တွဲပါအုံး….လို့ ပြောရမှာ အားနာပြီး မျက်နှာငယ်လေးနဲ့ ငြိမ်နေခဲ့တဲ့ အဖေ့ကို   ပြန်တွေးတဲ့အခါ တကယ်ပဲ ၀ဋ်လိုက်ပါစေလို့…
ဆုတောင်းမိလုနီးနီး ကျမ  အကို့ကို ဒေါသထွက်ခဲ့တယ်။

ရေဖျဉ်းဆွဲနေပြီး လက်ကျန်ခွန်အားဆိုလို့ အသက်မျှဉ်းမျှဉ်း ရှူနေဖို့လောက်သာ ရှိတော့တဲ့ အဖေက မအောင့်နိုင်တဲ့အဆုံးမှ ကျမကို ခေါ်ခဲ့တာ။ ကုလားထိုင်က ထဖို့ ရေအိမ်ကိုရောက်အောင် သွားရတဲ့ ခြေလှမ်းတရာလောက် အကွာအဝေးကို ကျမ တွဲပို့ပေးနိုင်ပေမဲ့ အိမ်သာက ဘိုထိုင် မဟုတ်တော့ ထိုင်ရာက ပြန်ထနိုင်ဖို့ ကျမရဲ့ရှိသမျှအား အကုန်သုံးပြီး ထူတာတောင် အဖေကိုယ်တိုင်ကလည်း ရှိသမျှ သူ့ခွန်အားတွေ အကုန်သုံးမှ မတ်တပ်ပြန်ရပ်နိုင်ခဲ့တာပါ။ (အိုးနဲ့ သွားဖို့ ပြောပေမဲ့ အဖေက အားနာတာရော၊ ရှက်တာရောကြောင့် အိုးနဲ့ သွားဖို့ ဘယ်လိုမှ ပြောမရ။)

အဲဒါတောင်မှ သူ့သားနဲ့ပတ်သက်လို့ ၀မ်းနည်းစကား မဆိုရက်ခဲ့တဲ့ အဖေ။
သမီးက နှုတ်ခမ်းကိုစေ့ပြီး မျက်နှာထားတင်းနေပြီဆိုရင် ဘာလဲဆိုတာ….
 သမီးအကြောကို ကောင်းကောင်းသိတဲ့ အဖေက
ယောက်ကျားလေးပဲ သမီးရယ်…လို့
သူ့ဘက်က တောင် ရှေ့နေလိုက်ပေးနေသေးတယ်။
အဲဒီအခါမျိုးကျရင်တော့ ကျမ ပါးစပ်က စက်သေနတ် ဖြစ်သွားတတ်ပါတယ်။

အဖေတို့ အမြဲ အဲဒီလိုပဲ။ မိန်းကလေးလည်း လူပဲ။ ထမင်းစားတာချင်းတူရင်တောင် သူက သမီးတို့ထက် ပိုစားသေးတယ်။ ပို အကောင်းကြိုက်သေးတယ်။ မုန့်ဖိုးလည်း ပိုသုံးသေးတယ်။ ငွေရှာတာချင်းတူရင် သူ့လခ အကုန်မအပ်လည်း ယောက်ကျားပဲ သမီးရယ်။
အိမ်အလုပ် ကူမလုပ်လည်း ယောက်ကျားလေးပဲ သမီးရယ်…တချိန်လုံး အဖေတို့က ယောက်ကျားလေးပဲ သမီးရယ်…ချည့်ပဲ….

ကျမ ပြောသမျှကို အဖေက ပြုံးပြီးနားထောင်နေခဲ့ပါတယ်။ ကျမ လေသေနတ် အပစ်ရပ်တော့မှ-
သမီးရယ်..သမီး လုပ်ပေးနေသမျှလည်း အဖေက ကျေးဇူးလည်းတင်၊ အားလည်း ကိုးပါတယ်။ တကယ်လို့ သမီး အဖေ့ကို နောက်ထပ် ဘာမှ လုပ်မပေးနိုင်တော့ဘူး ဆိုရင်လည်း အဖေ သမီးကို အပြစ်တင်မှာမဟုတ်ပါဘူး။ သမီး မိဘအပေါ်တာဝန်ကျေတာ အဖေ သိပါတယ်။ သမီး မနိုင်တော့လို့ ရပ်လိုက်ရင်လည်း အဖေ ကျေနပ်ပါတယ်….တဲ့။

ကဲ…ကျမ ဘာများ ပြောနိုင်အုံးမှာလဲ။ ဘာဆက်ပြီးတော့လည်း ပြောရက်တော့မှာလဲ။ အဖေ့လို စိတ်မျိုးထားတတ်လာအောင် ကြိုးစားဖို့ကလွဲရင် ကျမမှာ ဘာမှ ပြောစရာ လုပ်စရာ မရှိခဲ့တော့ပါဘူး။

အခုတော့ အကို့ကို ၀ဋ်မလိုက်ပါစေနဲ့လို့ ကျမ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေမှာပါ။
သူလည်းပဲ အဖေ့လိုပဲ သူ့သားလေးအတွက် ဆေးလိပ်နဲ့ အရက် ဖြတ်လာနိုင်ပါစေလို့လည်း ဆုတောင်းပါတယ်။
ဒါက သူနဲ့ ပတ်သက်တဲ့ အဖေနဲ့ အမေ့ရဲ့ မျှော်လင့်မှုတွေထဲက တခုဖြစ်နေလို့ပါ။

No comments:

Template by : kendhin x-template.blogspot.com