Saturday, March 13, 2010

(၁၃) ရက် မှတ်တမ်း

အခုတော့ မိုးတွေကြားမှာ ဆန္ဒပြတဲ့သူတွေကို သတင်းတပုတ်လုပ်ဖို့ စုံစမ်းမေးမြန်းတာလေး သတင်းယူမယ့်သူကို အရံကူခဲ့တာကလွဲရင် အလုပ်ထဲမှာမို့ ဘာမှ ရှည်ရှည်ဝေးဝေး အတွေးနယ်ချဲ့နေချိန်မရှိခဲ့။

အိမ်ပြန်ရောက်လို့ ကိုယ့်ဘလော့ ချောက်တိချောက်ချက်လေးကိုဖွင့်တဲ့အခါ ဘေးမှာတွဲထားတဲ့ ကိုလူထွေးဘလော့က ဘလော့ဂါတွေပြောတဲ့မတ်လ ဆိုတဲ့ စာတန်းလေးကို ငေးရင်း အဲဒီတုန်းက ငါ..ဘယ်မှာပါလိမ့်…လို့ ကိုယ့်ကိုကိုယ်ပြန်မေးမိတယ်။

(ဒီတလော အချိန်တခု ပျောက်သွားလောက်အောင် ခေါင်းအရမ်းနာနေလို့ တခုတခုဆို အရမ်း စဉ်းစားရပါတယ်။)

အဲဒီတုန်းက ကျမ ၀က်ထီးကန်မှာ။

(၇) ဧကလောက်ကျယ်တဲ့ ကျောင်းဝန်းကြီးထဲက ကျောင်အုပ်ကြီးရဲ့ အိမ်မှာပါ။

(ဒီလိုပြောလို့ သိပ်ခန်းခန်းနားနားလို့ တော့ မမြင်စေချင်ဘူး။ ကျောင်းဆောင်သစ်ဆောက်တုန်းက ပိုတဲ့သစ်တိုသစ်စတွေနဲ့ ဆောက်ထားတဲ့ အလင်းရောင်ခပ်နည်းနည်း မှိန်ကုပ်ကုပ်အိမ်ကလေးပါ။ သွပ်တောင်မှ ကျောင်းဆောင်ဟောင်းက ဖြုတ်ချထားတဲ့ သွပ်ဟောင်းတွေနဲ့မိုးထားတာပါ။)

အိမ်ရဲ့အရှေ့ဘက်မှာ ၀က်ထီးကန်ရေပြင်ကြီးရှိနေပြီး အိမ်ရှေ့ ၀ရန်တာလေးကနေ လှမ်းမျှော်ကြည့်လိုက်ရင် ကန်ရဲ့ တဖက်က လက်ပံပင်ကြီးဟာ တပင်လုံး ရဲရဲနီအောင်ပွင့်နေတာကို တွေ့နေရတဲ့အချိန်ပေါ့။

ပေါက်၊ လဲ၊ လက်ပံ၊ စိန်ပန်းနီတို့နဲ့ တလောကလုံး နီစွေးနေတဲ့အချိန်မှာ ဖုန်းမော်ရဲ့သတင်းကို နားထောင်ခဲ့ရတာ။

အဲဒီတုန်းက အဲဒီပန်းပွင့်နီနီတွေဟာ တော်လှန်ရေးရဲ့ သွေးနမိတ်လိုပဲ မြင်ယောင်မိပြီး ကဗျာတိုလေးတပုတ်တောင် ရေးဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခု ပြန်မမှတ်မိတော့ပါ။

သေချာတာတခုက မတ်လမှာ တော်လှန်ရေးနေ့ဖြစ်ခဲ့တယ်။ မတ်လမှာ ကျောင်းသားသွေးမြေကျခဲ့တယ်။
မတ်လမှာ တောင်သူလယ်သမားအရေးတော်ပုံလည်းဖြစ်ခဲ့တယ်…..

ပန်းနီနီတွေ လှိုင်အောင်ပွင့်တဲ့ အဲဒီ ကျမတို့ အမိမြေရဲ့ မတ်လမှာပါ…

1 comment:

ကိုလူထွေး said...

ပန်းနီနီတွေလှိုင်အောင်ပွင့်တာမြင်တိုင်း သွေးမြေကျတဲ့ထိ ခံလာခဲ့ရတဲ့ ကျောင်းသားပြည်သူတွေရဲ့ အဖြစ်ဆိုးတွေကို ပြန်မြင်ယောင်မိတော့မှာပဲ...

Template by : kendhin x-template.blogspot.com