Sunday, March 14, 2010

အာရုံကျောအားနည်းလို့ ဖြစ်တဲ့ ခေါင်းထဲက နာကျင်မှုကို ခံစားဖူးပါသလား

ခေါင်းနာတယ်…ဆိုတဲ့စကားကို လူတွေက သူတို့နားမလည်တဲ့အခါမှာ ကိုယ့်ကို အရူးတယောက်လို ကြည့်သလိုမျိုး ခံရတာကို အာရုံကျောအားနည်းသူတိုင်း ခံစားဖူးမလားတော့ မသိဘူး။

လူတွေက ခေါင်းနဲ့ပတ်သက်လို့ သိတာဆိုရင် ခေါင်းမူးတာရယ်… ခေါင်းကိုက်တာ ရယ်… ဒိထက်ပိုတာဆို ခေါင်းမကောင်းဘူး (ရူးနေတယ်) ဆိုတာရယ်ပဲ သိတာ။ ဒါကြောင့် အဲဒီ သုံးခုနဲ့ လွတ်ကင်းပြီး ခေါင်းနာတယ်..လို့ ပြောသံကြားရင် သူတို့ မခံစား ဘူးတဲ့ဝေဒနာဖြစ်တဲ့ (ရူး) ဆိုတဲ့ စာရင်းသွင်းသလို လေသံမျိုးနဲ့ တဟဲဟဲ… လုပ်ကြတော့တာပါပဲ။

ဒါထက်ပိုဆိုးတာက ကိုယ်က လူလွတ်တယောက်ဖြစ်တော့ “သိပ်မတွေးနဲ့လေ…ဟဲ ဟဲ ဟဲ…” ဆိုတဲ့ စကားမျိုး အရယ်မျိုးနဲ့ သရော်မော်ကား အပြောခံရတာပါပဲ။

“နျူရို နဲ့ ဆိုက်ကို” ဆိုတာလောက်တောင် ခွဲခြားမသိနိုင်တဲ့ ကျန်းမာရေး အသိချို့တဲ့ သူတွေကြားမှာ ကိုယ့်ကျန်းမာရေး အခြေအနေက အဲဒီလိုပဲ အမြဲ အရယ်ခံနေရတာကို တော်တော် စိတ်ကုန်နေမိပြီ။

အဲဒီအခါမျိုးမှာ ထုံးစံမပျက် ၀င်လာတဲ့ အကြီးမားဆုံး အကုသိုလ်အတွေးကတော့-

“အမေက အစကတည်းက သမီးကို ဘာဖြစ်လို့ အသေလေး မမွေးခဲ့တာလဲ။ အမေက ဘာဖြစ်လို့ ခဏ ခဏ သေမလိုဖြစ်တဲ့ သမီးကို မသေမရှင် လူစဉ်မမှီတဲ့ ကျန်းမာရေးမျိုးနဲ့ လူပြိန်းတွေ နားမလည်နိုင်တဲ့ ဝေဒနာမျိုးနဲ့
သမီးကို အ သက်ရှင်နေအောင် ဘာဖြစ်လို့ အချိန်ကုန် ငွေကုန် လူပင်ပန်းခံပြီး ဆေးကု ရှင်သန်စေခဲ့တာလဲ…”လို့သာ
ရန်တွေ့သလို မေးချင်တော့တာပါပဲ။

ပြဿနာရဲ့အစက တကယ်ပဲ ကျမအမေက…လို့ ပြောရမှာပါ။ ဒါမှမဟုတ် ကျမရဲ့ ကံကြမ္မာပေါ့…

အသက် ဆယ့်ရှစ်နှစ်နဲ့ အိမ်ထောင်ကျခဲ့တဲ့ အမေဟာ အဲဒီအချိန်မှာ ဆရာမလည်း ဖြစ်နေခဲ့ပြီး ကလေးတွေနီးတော့ ကျမအလှည့်ကျမှ မြန်မာသန္ဓေတားဆေးကို မှီဝဲခဲ့ သတဲ့။ ကျမကို နှစ်လခွဲရတဲ့အထိ ကလေးရှိနေတာမသိဘဲ
အဲဒီဆေးကို သောက်ခဲ့ ပေမယ့် ကလေးလေးရှိနေတာသိတာနဲ့ ချက်ခြင်းဆေးကိုဖြတ်ခဲ့တယ်လို့ အမေက ပြောပါတယ်။ ဒါပေမယ့် ကျမဟာ မွေးလာတဲ့အချိန်မှာ လေးပေါင်ခွဲတောင် မပြည့်ခဲ့ဘူးတဲ့။

“နို့ကို တခြားကလေးတွေလို စုတ်ပြီး စို့ဖို့ကို အားမရှိလို့ သက်ကျတဲ့နို့ကိုပဲ လျှာနဲ့ယက်နေခဲ့တဲ့သမီးပိစိကွေးလေးကို ဆောင်းတွင်းချမ်းချမ်းစီးစီးမှာ အမြဲ ငုပ်တုပ်ထိုင်ပြီး နို့တိုက်ခဲ့ရတယ်။ တနေကုန် ကျောင်းမှာ ပင်ပန်းလာတော့ တစောင်းလှဲအိပ်ရင်း နို့တိုက်ရင် ဖိမိပြီး သေသွားမှာစိုးလို့။ သက်ကျတဲ့နို့ကို စောင့်သောက်နေတဲ့သမီးကို နို့တိုက်ရတာ သမီးဝတဲ့အထိဆိုရင် နို့တခါတိုက်ရင် အနည်းဆုံး တနာရီခွဲ နှစ်နှစ်နာရီတော့ ကြာတယ်”

ဆောင်းတွင်းမှာမွေးပြီး လူစဉ်မမီတဲ့ သမီးအတွက် အမေ့ဒုက္ခကလည်း သေးလှတယ်တော့ မဟုတ်။

“သူများတွေ လေးဘက်တွားသွားတဲ့အရွယ်မှာ သမီးရဲ့ အရိုးလေးတွေက အရမ်းပျော့ ပြီး လေးဘက်မထောက်နိုင်လို့ သမီးဟာ လေးဘက်မတွားဘဲ ဖင်ရွှေ့ ဖင်ရွှေ့နဲ့ပဲ မတ်တပ်လျှောက်တဲ့အဆင့်ကိုရောက်လာခဲ့တာ။ သမီးက သူများတွေလို လေးဘက် ထောက်ပြီး မသွားခဲ့ဘူး”…တဲ့။

ဒါတင်မက တနှစ်အတွင်းမှာ (၃) ခါတိတိ သေမလောက်ဝေဒနာတွေနဲ့အတူ ခွဲစိတ်ကု သမှုတခုလည်း သုံးလသမီးအရွယ်မှာရှိခဲ့။ ကိုးလအရွယ်မှာ ညှပ်ရိုးကျိုးခဲ့... အခါလည် မှာ အထက်လှန်အောက်လျှောဖြစ်ခဲ့...ဖြစ်လိုက်တဲ့အချိန်တိုင်း အိမ်နီးချင်းတွေက ကလေးအသုဘအိမ်က အမေတယောက်ရဲ့ငိုသံကိုသာ ကြားရဖို့စောင့်နေတဲ့ အခြေ အနေမျိုးချည့်...လို့ အဖေက အမြဲပြန်ပြောတတ်တယ်။

လူမှန်းမသိတသိမှာ မှတ်မိနေတဲ့ဆေးတွေကတော့ သာလာဆပ်ဖ်ဆေးပြားတွေ... ဂျဲလ်မက်ဆေးပြားတွေ...
ကြာတော့ အဲဒီအညိုရောင်ဆေးပုလင်းထဲက အဖြူရောင် ဆေးပြားကို ဖောက်မြင်ရုံနဲ့ အန်ချင်စိတ်ပေါက်လာအောင် အဖြူရောင်ဆေးတွေကို မုန်းတီးရွံလျာလာတဲ့အထိ။ ငယ်ငယ်တုန်းကများ ကြောင်အိမ်ရှေ့ရပ်မိလို့ အဲဒီ ဆေးပုလင်းတွေ ရှေ့ရောက်နေတာမြင်ရရင် မျက်နှာလွှဲပြီး ဆေးပုလင်းတွေကို ဟိုးနောက်ထဲ ရွှေ့ထားမိတယ်။ မြင်ကို တကယ်မမြင်ချင်။

မွေးကင်းစ ကလေးတယောက်ဟာ ငါးပေါင်ခွဲရှိမှ ပေါင်ပြည့်တယ်လို့ သတ်မှတ်တယ်။
တကယ်လို့ အဲဒီကိုယ်အလေးချိန်အောက်ကျနေတဲ့ ကလေးတယောက်ဟာ ကျန်းမာရေးချူခြာ ဒါမှမဟုတ်ရင်လည်း ဦးနှောက်မပြည့်တာမျိုးဖြစ်တတ်တယ်...

လို့ ဆေးသုတေသနဆောင်းပါးတစောင်မှာ ဖတ်ဖူးလိုက်ပါတယ်။ ကျမဟာ ကျန်းမာရေးချူခြာတဲ့ အမျိုးထဲမှာပါ။ တကယ်လို့ ကျပ်မပြည့် (ဦးနှောက်ပုံမှန်မဟုတ်) ဘူးဆိုရင် ဘယ်နှယ်လုပ်ပြီး အခုလို စာမျိုး ရေးနိုင်ပါ့မလဲနော်....

4 comments:

ရေတမာ said...

ဖြစ်တတ်တယ်ပဲ ပြောတာပါ။ ဖြစ်မယ်လို့မှ ပြောမထားတာ။ ကျနော်လည်း အဲဒီလို ခေါင်းနာတဲ့ ရောဂါခံစားနေရတယ်။

မြ said...

ဟေးးးးးအဖော်တွေ့ပီကွ!

မေငြိမ်း said...

ဂျီးဒေါ် စိတ်လျှော့.. တချို့က နောက်တာဖြစ်မှာပါအေ..။ တကယ်တော့ ခဏခဏသာ မဟုတ်လို့ပါ.. ကျုပ်လည်း ဖြစ်ပါတယ်။ ခေါင်းက ဆံပင်တွေကို ဆုပ်ဆွဲခံရသလို နာတာ။ မပူနဲ့ အဖော်တွေ ရှိပါတယ်..။

ကိုလူထွေး said...

အမေကို အဲ့လိုအပစ်မတင်ပါနဲ့.. သူလည်း ဒီလိုဖြစ်စေချင်လို့မှမဟုတ်တာ...

ရလာတဲ့ သားသမီးကို ချစ်လို့ပဲ ဒီကနေ့ ဒီလိုစာတွေရေးနိုင်အောင် ကောင်းတဲ့ ခေါင်းတလုံး အမွေပေးခဲ့တာ...

အဖော်တွေ့တော့ ပျော်တယ်လား...

းဝ)

Template by : kendhin x-template.blogspot.com