Monday, February 15, 2010

နန်းခြည်ကျွမ်းခဲ့ ဖန်မီးအိမ်

(တစ်)
မမျှော်လင့်ဘဲရောက်လာသည့် အမျိုးသမီးဧည့်သည်ကိုကြည့်ကာ သူမ ပျော်ရွှင်သွားရပါသည်။ ထောင်ထောင်မောင်းမောင်းနှင့် ကျန်းမာရေးကောင်းသော၊ ရင်းနှီးဖော်ရွေသော မျက်နှာပိုင်ရှင် ဧည့်သည်မျိုးကိုမြင်ရသည့်အတွက် ကိုယ့် ရောဂါကို အချိန်အနည်းငယ်မျှ မေ့လျော့ထားနိုင်စွမ်းလေသည်။

သူမက ခပ်မှောင်မှောင် အခန်းကျဉ်းလေးထဲမှာ သေခြင်းတရားကိုအနုလုံ ပဋိလုံတွေးရင်း စိတ်တွေယောက်ယက်ခတ်နေရ တာ။ ငြီးငွေ့ပျင်းရိမှုများနှင့် စိတ်ကျဝေဒနာတို့ကို အဖော်ပြုရင်း တုန်လှုပ်ခြောက်ခြားမှုတွေကို ဇွတ်အတင်းမောင်းထုတ်ရင်း သေမင်းကို ရင်ဆိုင်ဖို့ ထည်းတည်း ပြင်ဆင်နေရသူ။

သည်လိုအချိန်မျိုးမှာ ကိုယ့်ဆီကို မအားသည့်ကြားက တကူးတက ရောက်အောင်လာသူ ဧည့်သည် မည်သူ့ကိုမဆို
အခုလို ကြိုဆိုမိမှာပါပဲ။

“ဟယ်၊ အ၀င်း လာ လာ။ ဘယ်ကနေလှည့်လာတာလဲ”

“ဘယ်ကလှည့်လာရမလဲ။ ဒီကိုပဲ တည့်တည့်လာနေတာ မြင်ရဲ့သားနဲ့။ ရုံးပြေးကို လာဖမ်းတာလေ”

အ၀င်းက တင်းကားဖောင်းပြည့်နေသည့် သူမ၏၀မ်းဘိုက်ပြင်ကို လှစ်ကနဲဝေ့ကြည့်ရင်း ဘာမှမထူးခြားဟန်နှင့် ပုံမှန် စကားကိုဆိုသည်။ ထောင်ကပြန်လွတ်လာပြီးကတည်းက ဗဟန်းကအဖွဲ့ချုပ်ရုံးကိုလည်းမသွားဖြစ်တော့။ သူမ တာဝန်ရှိရာ အလုံမြို့နယ်ရုံးကိုလည်း မရောက်တော့တာကို ဧည့်သည်က ရည်ညွှန်းလိုက်တာကို သူမ သဘောပေါက် ပါသည်။

သူမ ဘာမှပြန်မဖြေဖြစ်ဘဲ ခပ်ယဲ့ယဲ့ပြုံးရင်း ဆက်တီပေါ်မှာ ရှုပ်နေသည့် ပစ္စည်းတချို့ကို မိတ်ဆွေအမျိုးသမီးထိုင်စရာရရန်
ရှင်းပေးဖို့ ကြိုးစားလိုက်သည်။ ဧည့်သည်ကအရှင်းမခံ။ သူ့ဖာသာသူပဲ ဇိုးဇိုးဇတ်ဇတ်နှင့် ပစ္စည်းတွေကို တခဏလေး အတွင်းမှာ နေသားတကျဖြစ်သွားအောင် သူမကိုစကားပြောရင်း သူ့အိမ်သူ့ယာကို ရှင်းလင်းနေသလို အလုပ်လုပ်သွား သည်ကို သူမငေးကြည့်နေဖြစ်သည်။

“ပြောပါအုန်း၊ ဘာဖြစ်လို့ အဆက်အသွယ်တွေ အကုန်ဖြတ်ပြီး နေနေရတာလဲ။ ဆက်မလုပ်တော့ဘူးလား”
သူမက မချိပြုံးလေး ပြုံးလိုက်မိသည်ထင်သည်။

“ကျမ တကယ်ပဲ ဆက်လုပ်ချင်ပါတယ် အ၀င်းရယ်။ ဒါပေမယ့် ကျမ ကျန်းမာရေးကို ကျမ အားမရတော့ဘူး။ ကျမမှာ ဆေးကုစရာ ပိုက်ဆံလည်းမရှိတော့ဘူး။ အလုပ်အကိုင်လည်းမရှိတော့ဘူး။ စိတ်ပြေလက်ပျောက် ရုံးတက်ချင်တာတောင်မှ ခရီးစရိတ်က မလွယ်တော့တဲ့အခြေအနေကို ရောက်နေပြီ။ ငွေဖန်တီးဖို့ဆိုရင် ကျမမှာ ဒီ စိန်နားကပ်လေးတရံပဲ ကျန်တော့ တာ။ ကျမ ကျန်းမာရေး အတွက် အရေးပေါ် ဒါမှမဟုတ် ကျမရဲ့ အသုဘစရိတ်အတွက် ချန်ထားသင့်တယ်လို့ ထင်တယ် လေ၊ ကိုယ်ယုံကြည်ရာကို လုပ်နေတာက မွေးချင်းမိဘတွေကို သေသည် အထိတော့ ဒုက္ခပေးခဲ့တာမျိုး ဖြစ်မသွားချင်ဘူး”

အလုံမြို့နယ်၏အမတ်တဦးဖြစ်သောသူမနှင့် မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့၏ စည်းရုံးရေးတာဝန်များကို ယူထားသော အ၀င်းတို့က တခါတရံ ရုံးချုပ်မှာ ဆုံကြချိန်ကလွဲလျှင် အချင်းချင်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုမရှိခဲ့ကြ။ အခုတော့ စကားတွေ ထိုင်ပြောရင်းက ရင်းနှီးသွားလိုက်သည်မှာ တအူတုံဆင်း ညီအမရင်းခြာများနှယ်။ မိုးကြီးစုပ်စုပ်ချုပ်မှ စကားစကို အတင်း ဖြတ်ကြရသည်။ နောက်တပတ်တနင်္ဂနွေနေ့တွင် သူမအိမ်ကို ထမင်းလာစားရန် ဇွတ်ခေါ်ပြီး အ၀င်း ပြန်သွားလေသည်။

ကျန်းမာရေးကောင်းကောင်း၊ သွားနိုင်လာနိုင်၊ ဖျတ်ဖျတ်လတ်လတ်ရှိနေသော၊ နိုင်ငံတာဝန်ကို ကျရာနေရာက ထုံပေပေ နှင့် ထမ်းဆောင်နေနိုင်သေးသော အ၀င်း၏နောက်ကျောပြင်ကို ငေးရင်း ကြည်နူးခြင်းနှင့် ကြေကွဲခြင်းကို တပြိုင်တည်း ခံစားရလေသည်။

(နှစ်)

သူမက အိမ်ထောင်ရေးမှာ ကံမကောင်းခဲ့။ သူမ နှစ်ရှည်ထောင်ကျနေစဉ်မှာ ခင်ပွန်းက နောက်အိမ်ထောင်ပြု သွားခဲ့သည်။ ကိုယ်ကလည်း ကလေးတယောက်လောက်တောင် နှောင်ကြိုးလေးတမျှင်အဖြစ် ချည်နှောင်ပေးနိုင်စွမ်း မရှိခဲ့တာက တကြောင်းလည်းဖြစ်နိုင်ပါသည်။ အရာရာကို ကံ-လို့ပဲယိုးမယ်ဖွဲ့ရမည့် ဘ၀မှာ သူမက ဘုရားနှင့် တရားကို အာရုံပြုဖို့ကလွဲလျှင် စိတ်ထဲမှာ နာကျင်ခံစားနိုင်စွမ်းမရှိတော့။

သူမက သားအိမ်မကောင်းခဲ့။ ဆေးကုစမှာပင် ထောင်ကျခဲ့ရသောအခါ ထောင်ထဲတွင် မည်သည့်ဆေးဝါးကိုမှ မရခဲ့။ ဆရာဝန်နှင့်တွေ့ရန် တောင်းဆိုလိုက်တိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထွက်ပါ။ အမတ်အဖြစ်က နှုတ်ထွက်ပါ ချက်ခြင်း လွှတ်ပေးပါမည်ဆိုသည့်စကားကိုသာ ထပ်တလဲလဲကြားနေခဲ့ရသည်။ နောက်ပိုင်း သူမ ဘာဆရာဝန်၊ ဘာဆေးဝါးကိုမှ မတောင်းဆိုခဲ့တော့ပါ။

နေရာထိုင်ခင်း မသန့်ရှင်းမှု၊ သုံးစွဲရသည့်ရေ၏ညစ်ညမ်းမှု၊ ရေလုံလောက်စွာ သုံးစွဲခွင့်မရရှိမှု၊ လိုအပ်သော ဆေးဝါး ဓာတ် စာ ပြတ်လပ်မှုတို့ကြောင့် သူမ သွေးသွန်လေသည်။ သူမ၏ ၀မ်းဗိုက်ကလည်း တနေ့ တခြားကြီးထွားလာလိုက်သည်မှာ မွေးဖွားကာနီး ဗိုက်တလုံးနှင့်မခြား။ လမ်းပင် ကောင်းကောင်းလျှောက်၍ မရတော့သည့်အခြေသို့ ရောက်လာသောအခါ ထောင်အာဏာပိုင်များက ထောင်ထဲသေလျှင် နံမည်ပျက်ရချည့်ဟုတွေးမိကြပုံနှင့် သူမအား ကျန်းမာရေးမကောင်းသူဖြစ်၍ လူသားချင်း စာနာထောက်ထား၍ ဟုဆိုကာ ပြန်လွှတ်ပေးလိုက်လေသည်။ သို့သော် ဒါဟာ လူမသိ သူမသိဘ၀ကို အဆုံးသတ်ရေး၏နိဒါန်းပဲ ဟု သူမ သိနေခဲ့သည်။
ဒါကြောင့် ထောင်ကထွက်ကတည်းက သူမသည် တရားရိပ်သာမှလွဲ၍ ဘယ်ကိုမှ မသွားခဲ့။

(သုံး)

စားပွဲပေါ်မှာ ပြည့်နေသည့်ဟင်းပွဲများကို ကြည့်ကာ သူမက အ၀င်းတို့မိသားစုကို အားနာမိလေသည်။ ငါးခေါင်းချဉ်စပ် ဟင်းရည်။ ငါးကုန်းဘောင်ကြီးကျော်၊ ကြက်သားကို ငရုပ်သီးတောင့်ပွနှင့်ချက်ထားသည့် ငရုပ်သီးချက် မွှေးမွှေးလေး။ အစိမ်ကြော်နှင့် ဟင်းရွက်စုံ တို့စရာတွေကလည်း ဖွယ်ဖွယ်ရာရာ။

သွားရလာရခက်သောကြောင့် အပြင်မထွက်ချင်သော်လည်း အ၀င်း၏ ဖိတ်ကြားချက်ကိုတော့ လက်ခံခဲ့တာက အ၀င်းနှင့် စကားပြောရသည်မှာ စိတ်ပေါ့ပါးလွတ်လပ်ပြီး ဝေဒနာကိုမေ့ထားနိုင်၊ စိတ်အပြောင်းအလဲဖြစ်စေနိုင်သောကြောင့်သာပါ။
ကိုယ်တိုင် မချက်နိုင်တော့သည့်အတွက် ထမင်းဆိုင်က အိမ်ရှေ့လာချပေးသည့် ချိုင့်ကို တယောက်တည်း ဖွင့်စားနေ ရသည့် လပေါင်းများစွာအတွင်း အခုလို ဖွယ်ဖွယ်ရာရာထမင်းစားပွဲကိုက ရောဂါဝေဒနာကို မေ့သွားနိုင်လောက်အောင် သူမ အာရုံကို ဖျားယောင်းထားနိုင်လေသည်။

အ၀င်းသမီး အလတ်မလေးက သူမတို့ထမင်းမစားခင် အပြင်မှ ပြန်လာကာ ထမင်းကို သုတ်သုတ်စားပြီး ခပ်သုတ်သုတ်ပဲ ပြန်ထွက်သွားသည်။ ဆရာမအလုပ်ကထွက်ကာ အိမ်၏ စီးပွားရေးအတွက် အမေ့နိုင်ငံရေးစရိတ်အတွက် အပြင်မှာ ကျူရှင်တွေလည်ပြနေရသည်ဟု ဆိုသည်။

“အန်တီ အေးအေးဆေးဆေးနားနေပါနော်၊ သမီးတော့ နောက်တ၀ိုင်းပြေးလိုက်အုန်းမယ်” ဟု လည်း သူမကို အပြေးအလွှား နှုတ်ဆက် သွားသေးသည်။

အ၀င်း၏အမျိုးသားကလည်း ကျန်းမာရေးသိပ်မလှ။ ခြေထောက်တွေက ဖူးယောင်ကာ ညိုမည်း၍ပင်နေသည်။ မျက်နှာ လည်း ချောင်ကျနေသည်ကိုတွေ့ရ၏။ သို့သော် သူ့အတွက်အချိန်မပေးနိုင်တော့သည့် ဇနီးအပေါ်မှာ စိတ်ကွက်ငြူစူခြင်း အလျဉ်းမရှိသူ အမျိုးသားကြီးကိုကြည့်ကာ စွန့်ထားရစ်ခဲ့သူကြီးကို တိတ်တဆိတ်သတိရလိုက်မိသေးသည်။ ပိုက်ဆံ မချမ်းသာသော်လည်း မေတ္တာနှင့် အေးချမ်းနေသည့် မိသားစုလေးဆီကို လာလည်ရတာ သူမအတွက် တကယ် မမေ့နိုင်စရာ အဖိုးတန်အချိန်လေးတွေပဲဖြစ်ပါသည်။

ထမင်းက စား၍ကောင်းနေသည်။ ဟင်းရည်ဇွန်းကိုလည်း လက်ကပင် မချချင်။ သူမ၏ပုံမှန် မဟုတ်သော ၀မ်းဗိုက်၏ ပူနေမှုကြောင့် တခုခုက အစာအိမ်ကိုလာဖိထားသည့်နှယ် နည်းနည်းစားသည့်တိုင် ဗိုက်က အလွန်အမင်း အင့်ကယ် ကယ်နေသည့်ဒဏ်ကို ခံရမည်မှန်း သိသိကြီးနှင့် အတော်ကို စားပစ်လိုက်သည်။ ထမင်းစားပြီး အ၀င်းက အစာကြေ ဆေးတိုက်ရင်းသူမအား ရာဇသံတခုပေးသည်။

“ကဲ သူငယ်ချင်း၊ မင်းဘာမှ ငြင်းမယ်လို့ စိတ်မကူးနဲ့၊ မနက်ဖြန် မွတ်စလင်ဆေးရုံမှာ ဆေးစစ်ရမယ်။ လိုအပ်တဲ့ ကုသ မှုတွေအားလုံးကို လက်ခံရမယ်၊ မင်းနေမကောင်းဖြစ်နေတာ သူ့ကို ဘယ်သူမှ လာမပြောရကောင်းလားလို့ အမ သိပ်စိတ်ဆိုးနေတယ်။ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတဲ့သူတွေ၊ ကိုယ့်ပါတီရပ်တည်ရေးအတွက် မိုးထဲရေထဲမှာ ရုန်းကန်လာပေးခဲ့တဲ့သူတွေ ပိုက်ဆံမရှိလို့ ဆေးမကုလိုက်ရဘူးဆိုတဲ့စကားက လူကြားလို့လည်း မကောင်းဘူး၊ ဖြစ်လည်း မဖြစ်သင့်ဘူးလို့ အမက ပြောလိုက်တယ်။ အဲဒါ မင်း ငြင်းဖို့မပြင်နဲ့”

‘အမ’ လို့ သူမက ကြိုးစားပီး မခေါ်မပြောဘဲနေနေခဲ့သည်။ ခေါ်မိလျှင် ပြောမိလျှင် နိုင်ငံရေးပိုးက ကြွထလာဦးမှာစိုး၍ပါ။ အခုတော့ အ၀င်းက အမက… အမက…လို့ ပြောပြောနေတာတွေ နားထောင်ရင်း ကိုယ့်ကိုယ်ကို အားမလိုအားမရစိတ်၊ ငါ လုပ်များလုပ်နိုင်ဦးမလား၊ လုပ်ကြည့်ဦးမှပါပဲ…ဆိုသည့် စိတ်ကလေးက ခေါင်းပြူလာပြန်သည်။ ဇာတ်မင်းသားတွေ ဘယ်နေရာရောက်ရောက် ဆိုင်းသံကြားတာနဲ့ ခြေတွေလက်တွေက ချိုးပီးသားဖြစ်နေပီ..ဆိုသလိုပါပဲ။

“ငါတို့ခေါင်းဆောင်က ဒီလို လူတယောက်ချင်းစီရဲ့ မပြေလည်မှုတွေကိုတောင်မှ ဖြေရှင်းပေးချင်တာပါလား၊ အရေးတယူ ရှိလှပါလား၊ ငါ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကလည်း ငါ့ကို ပစ်မထားကြပါလား” ဟု သူမက ၀မ်းနည်းဝမ်းသာ မြည်တမ်းချိန် တွင် သူမလိုပင် သားအိမ်မကောင်းဘဲ ခွဲစိတ်ကုသမှုနှစ်ကြိမ်ခံထားပြီးဖြစ်သော၊ သားအိမ်ခေါင်း ဖြတ်ထုတ်ထားသည့် တိုင်အောင် ထောင်ထဲမှာသွေးတွေသွန်နေ၍ အပြင်ပြန်ရောက်လာရသော ဒေါ်ကျင်ကျင်ဝင်းက မျက်ရည်လည်း လွယ်သူပီပီ ငိုပါလေတော့သည်။

“ငါတို့ နိုင်ငံရေးလုပ်တာ ဘာတွေရလို့မှ လုပ်နေကြတာမဟုတ်ဘူး၊ တယောက်ကို တယောက်မှီခိုရင်း အပြန်အလှန် ဖေးမပြီးတော့ ရပ်တည်နေနိုင်တာလေးကိုပဲ ကျေနပ်ရင်း လုပ်နေကြရတာ၊ အမကို ဘယ်သူတွေက ပစ်ထားလို့လဲ။ ကျနော်လည်း သားအိမ်ကင်ဆာဖြစ်နေတာပဲ။ ကျနော် ပြန်ထွက်လာတော့ ဆရာဝန်ကညွှန်တဲ့ဆေးက တပုလင်း သုံး သောင်းခွဲဆိုတော့ မတတ်နိုင်လို့ သေရတော့မှာပဲဆိုပြီး ငိုလိုက်ရတာ။ အဲဒီတုန်းကလည်း မမ၀င်းပဲ စမ်းချောင်းမသီတာ ဆီမှာ သွားအလှူခံပေးလို့ ကျနော် ဒီနေ့ အထိ အသက်ရှင်နေသေးတာ၊ အမလည်း ကောင်းသွားမှာပါ”

စမ်းချောင်းမသီတာသည်လည်း ထိုကိစ္စနှင့်ပင် ထောင်ထဲမှာ အတော်လေးခံစားလိုက်ခဲ့ရပြီး အချိန်မီ သားအိမ်ထုတ်လိုက်နိုင်သည့် အတွက် ကောင်းမွန်ကျန်းမာနေလေပြီ။ မသီတာက သူမအတွက်ဝယ်ထားပြီး သောက်ရန်မလိုတော့သည့် ဆေးကို မျှဝေဒါန ပြုလိုက်သည့်အတွက် ဒေါ်ကျင်ကျင်ဝင်းက အသက်ဆက်ရှင်နေသတဲ့လား။

ဆေးဖိုးတလ သုံးသောင်းခွဲဆိုသည့်ပမာဏသည် အိပ်မက်ပင် မမက်ရဲသည့် ပမာဏဖြစ်သောကြောင့် ဒီဆေးမှမရရင် သေ ရမှာပဲ ဆိုကာ ကျင်ကျင်ဝင်း ဘယ်လောက်များ သောကရောက်ခဲ့မလဲ သူမ ကိုယ်ချင်းစာ၍ရပါသည်။ ဆေးအလှူခံ ပေး သူကိုရော၊ ဆေးလှူခဲ့သူရောကို သူမက သာဓုအကြိမ်ကြိမ်ခေါ်မိသည်။ စိတ်ထဲကလည်း ဆေးကုလိုက်ရရင်တော့ သူမ လည်း ကျင်ကျင်ဝင်းလို ကောင်းသွားမှာပဲ၊ ရုံးပြန်တက်နိုင်တော့မှာပဲဟု မျှော်လင့်ချက်အလင်းရောင်လေး သန်းလာသည်။

“ဒေါ်ကျင်ကျင်ဝင်းရယ်။ ခင်ဗျားအားပေးပုံကလည်း မျက်ရည်လည်ရွဲနဲ့ တော်တော် အားရှိဖို့ကောင်းတာပါလား” ဆိုသည့် အ၀င်းအမျိုးသား၏ နောက်ပြောင်ကျီစယ်သလို သတိပေးတော့မှ အငိုတိတ်ရန် ကြိုးစားသည့် ကျင်ကျင်ဝင်းကို ကိုယ်ကပင် ပြန်လည် ရယ်မောက ချော့မော့နိုင်ခဲ့လေသည့်အတွက် ကိုယ့်ကို ကိုယ် ကျေနပ်အားရမိလေသည်။

(လေး)

ကုန်ကျစရိတ်ထက် မျှော်လင့်ချက်ရှိပါ့မလားမသေချာသည့်သူမအနေအထားကို ပုခုံးဖက်လျှက် ခါးပွေ့လျှက် ရယ်မော စရာများပြောလျှက် နှစ်သိမ့်ရင်းက အားလုံးက ပူပန်နေခဲ့ကြရသည်။ သူမက အ၀င်းလက်ကို အားကိုးတကြီး ဆွဲကိုင်ထားရင်း-
“အ၀င်း၊ ကျမကိုခွဲတဲ့အချိန်မှာ လာစောင့်ပေးနေပါနော်။ အမကို တောင်းပန်ပေးပါနော်၊ ကျမနားမှာ အ၀င်းရှိနေရင် အားရှိသလိုပဲ။ ခွဲချိန်လေးတချက်ပဲ လာနေပေးပါနော်” ဟု တောင်းပန်မိသည်။ အ၀င်းက သူ့မူပိုင်ဖြစ်ဟန်တူသည့် ဘယ်တော့မှ မတုန်လှုပ်သည့် ကြံ့ကြံ့ခံအပြုံးနှင့် သူမ၏ လက်ကို တင်းတင်းပြန်ဆုပ်ကိုင်ပေးထားရင်း-

“ပြောစရာလားကွဲ့။ ကျမ တယောက်ထဲတောင်မဟုတ်ဘူး၊ ကျင်ကျင်ဝင်း၊ စိုးစိုး အကုန်လာမှာ။ အမလည်း လာခဲ့ မယ်လို့ပြောထားတယ်။ စန်းစန်းကသာ ခွဲဖို့သဘောတူပါစေ၊ အဲဒီမနက် မခွဲခင် သူလာခဲ့မယ်လို့ ငါ့ကို မှာလိုက်ပြီးသား”
“ဟုတ်လား၊ အမရောလာမလား၊ အို- ကျမပျော်လိုက်တာ အ၀င်းရယ်၊ အ၀င်းကိုရော အားလုံးကိုရော ကျမ ဘယ်လိုကျေးဇူးတင်မှန်းမသိတော့ဘူး။ အမ…အမကိုရော…”

(လေး)

ခွဲစိတ်မည့်နံနက်တွင် အမ တကယ်ပဲ ဆေးရုံကို ရောက်လာခဲ့သည်။ ရွှင်လန်းတက်ကြွသည့် အမ၏ အပြုံးကလည်း သူမ အတွက် ခွန်အားတရပ်ဖြစ်စေခဲ့သည်။ ‘ဘာမှ အားမငယ်နဲ့၊ ဘာကိုမှလည်း တွေးကြောက်မနေနဲ့၊ လုပ်စရာရှိသမျှ အကောင်းဆုံးတွေကိုချည့်ပဲ မျှော်လင့်ပြီး လုပ်နေကြတဲ့သူတွေပဲ၊ ဒီလောက်ဝေဒနာလေးကို အားလုံးလက်တွဲပြီး ရင်ဆိုင် ကြတာပေါ့နော်’ ဟု အမက သူမလက်ကို အသာဆုပ်ကိုင်ကာ အားပေးလာတော့ သေမျိုးမဟုတ်တော့သလိုမျိုး လုပ်ရန်ရှိ သည်များ၊ လုပ်သင့်သည့်အလုပ်များက တသီကြီး အာရုံမှာ တန်းစီပီးပေါ်လာသည်။

“စိတ်ချ အမ၊ ကျမ ဆေးရုံက ဆင်းတဲ့နေ့ဟာ ကျမ ရုံးပြန်တက်တဲ့နေ့ပဲ” ဟု ပြောလိုက်နိုင်သည်အထိ မျှော်လင့် တက်ကြွလျှက်။

(ငါး)

အားလုံးခန့်မှန်းထားသည့်အတိုင်း ကင်ဆာဖြစ်နေခဲ့လေသည်။ သူမ၏၀မ်းဗိုက်အတွင်းမှ အမြစ်တွယ်နေသော အဆီပြင်လုံးကြီးသည် ကျန်ကျောင်းအိပ်အဖြူရောင်နှင့်အပြည့်ဖြစ်နေပြီ ဟု နားစွန်နားဖျား ကြားလိုက်မိသည်။ ဗိုက်ထဲက အလုံးမပျက်ထုတ်နိုင်ဖို့ ဖွင့်ထားသည့်ဗိုက်အပေါက်ကသေးနေသတဲ့။ အကယ်၍ သူမသာ ထောင်ထဲမှာကတည်းက ဆေးကုသခွင့်ရခဲ့ပါလျှင်…

(ခြောက်)

“ကျမ မျက်လုံးတွေ မမြင်ရတော့ဘူး အ၀င်းရဲ့” ဟု သူမက အ၀င်းလက်အား အမှောင်ထဲမှာ လက်ကို ယမ်းကာ ရှာဖွေရင်း ပြောသောအခါ အ၀င်းက “ ငါသိပါတယ် သူငယ်ချင်းရယ်” ဟု ပြောလျှက် သူမ၏ ဝေ့နေသည့်လက်ကို ဖမ်းဆုတ် ထားခဲ့သည်။
တကယ်တော့ သွေးအားနည်း၍ သွေးတပုလင်းလောက်သွင်းရုံမျှဖြစ်သည့်အတွက် ဂျပန်ဆေးရုံကို သူမတက်ခဲ့တာ အိမ်နှင့်နီးသော ဆေးရုံဖြစ်နေတာကတကြောင်း၊ မျှော်လင့်ချက်နည်းနေသည့် သူမအတွက် အမကို ပိုက်ဆံထပ် မကုန်စေ လိုတော့တာက တကြောင်းကြောင့် သာပါ။ အခုလို သွေးမလတ်ဆတ်၍ လိုလို၊ သွေးဘဏ်ထဲက ထုတ်လိုက်သော သွေး၏ မူလရှိသင့်သည့် အပူချိန်ကို ပြန်မရောက်ဘဲသွင်းလိုက်၍လိုလို သူတို့ချင်းတိုးတိုးပြောသောစကားတွေက မရေရာလှသော်လည်း သေချာတာတခုက သူမ၏မျက်လုံးများက သွေးသွင်းနေဆဲမှာပင် တဖြေးဖြေးေ၀၀ါးကာ မမြင်ရတော့ဘဲ သွင်းလက်စ သွေးပုလင်းကိုလည်း ချက်ခြင်းဖြုတ်သိမ်း သွားကြခြင်းကတော့ အသေအချာ။

အ၀င်းက သူမအား ဘားလမ်းဆေးရုံသို့ ပြန်ခေါ်လာခဲ့သည်။ ကိုယ့်အသိုင်းအ၀ိုင်းကြားထဲပြန်ရောက်လာသောအခါ ရရှိသည့် လုံခြုံနွေးထွေးမှု၊ အမအသံလေးကို ကြားလိုက်ရသောအခါ ဖြစ်ပေါ်လာသည့် မျှော်လင့်ခြင်းတို့ဖြင့် မျက်လုံးကွယ်နေသော်ငြားလည်း ဘ၀ကို နေပျော်သလိုလို။ အမလက်ချောင်းပျောင်းနွဲ့နွဲ့လေးတွေကို တင်းနေအောင်ဆုပ်ကိုင်မိရင်း-

“အမ၊ ကျမ အလုပ်လုပ်ချင်သေးတယ်။ အမကို အများကြီး ကူပေးချင်သေးတယ်” ဟု ကယောင်ကတန်းများ ပြောမိသေးသလားမသိ။ ဒေါင့်တဒေါင့်မှ ရှိုက်သံသဲ့သဲ့တချက်ထွက်လာသည်။ ကျင်ကျင်ဝင်းပဲ ဖြစ်မှာပါ။ ဒင်းက အလွန် မျက်ရည်လွယ်တဲ့ကောင်…
မျက်မမြင်တယောက်အတွက် နေ့တွေ ညတွေ မလိုတော့သည့်အတွက် သူမကိုယ်သူမ အိပ်ချိန်မဟုတ်ဘဲ အိပ်ပျော်နေ မိသလား တွေးနေရန်မလို။ တခါတရံ သူမ နိုးလာချိန် ‘အ၀င်းရေ’ ဟု ခေါ်မိလိုက်သည်ထင်သည်။ တခါတလေ ‘သူငယ်ချင်း၊ ငါရှိတယ်လေ’ ဆိုကာ လက်ကိုကိုင်ထားပေးတတ်သည်။ တခါတလေတော့ တယောက်ယောက်က ‘မမ၀င်း၊ အမဆီခဏပြန်တယ်’ ဟု ဖြေတတ်၏။
သူမ နေကောင်းလျှင် အ၀င်းတို့အိမ်ကို အလည်သွားချင်သေးသည်။ ငါးခေါင်းဟင်းချိုလေးကို မိသားစုနှင့်အတူ သောက် ရတာ အရမ်းကိုနှစ်သက်စရာကောင်းလွန်းလို့ပါ။

အဲသည်နေ့က အိမ်ပြန်ရောက်တော့ စိတ်ထဲမှာ ပေါ့ပါးလန်းဆန်းနေခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်သွားတယ် အ၀င်းရဲ့၊ အဲဒီတော့ မနက်ကျတော့ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းနိုးလာတာပေါ့။ ထောင်ထဲကထွက် ကတည်းက မက်နေခဲ့တဲ့ ထောင်အိပ်မက်တွေတောင် အဲဒီညက မမက်ခဲ့ဘူး။

နင်နေမယ်ဆိုရင် ငါတို့က တသက်လုံးခေါ်ထားမှာပါ သူငယ်ချင်းရယ်၊ မရှိအတူ ရှိအတူပေါ့… ဆိုတဲ့ အ၀င်းရဲ့အသံက ဟိုးအဝေးကြီးကနေ သူမဆီလွင့်လာတာ ပဲ့တင်သံတွေထပ်နေလိုက်တာများ အခုထိ။

အခုရော အ၀င်း ကျမနားမှာ ရှိနေတယ်မို့လား၊ ကျမလက်ကို ကိုင်ထားပေးတာ အ၀င်းလား၊ အမလား၊၊

အ၀င်းဆီကရတဲ့ စိတ်ချယုံကြည်မှုခွန်အားတွေ၊ အမလက်ချောင်းလေးတွေထဲက ကျမခန္ဓာကိုယ်ထဲစီးဝင်လာတဲ့ ရဲရင့်မှုနဲ့ မျှော်လင့်ချက်တွေလိုအပ်တယ်။ အို…အမလက်ကို ကျမဆီက ဖြုတ်သွားလိုက်ပြီလား။ ကျမလက်ကို ဆက်ကိုင်ထားပေးပါ အမရယ်…
ကျမမှာ ယောက်ကျားပစ်သွားပေမယ့်လို့ ကျမကို သည်းခံစောင့်ရှောက်ပေးနေတဲ့ မိဘမွေးချင်းတွေ…
ကျမနဲ့ အေးအတူ ပူအမျှ ခံစားပေးဖို့ အဆင်သင့်ရှိနေတဲ့ ကျမရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ…
နောက်ပြီး ကျမ လုပ်ဖို့ ရှိနေသေးတဲ့ ကျမရဲ့ နိုင်ငံရေးတာဝန်တွေ…

ကျမရဲ့ပါတီက ဒီမိုကရေစီခရီးရှည်ကြီးကို လျှောက်နေရတာလေ။ လမ်းကအရမ်းကြမ်းတယ်။ ကျမတို့ တယောက်လဲရင် နှစ်ယောက်ဝင်တွဲနိုင်ဖို့ လူတွေအများကြီးလိုတယ်။ ဒီလို တာဝန်ယူမှုတွေ… လုပ်စရာတွေ အများကြီး ရှိနေသေးတာ။ ကျန်းမာရေးအကြောင်းပြပြီး ကိုယ်လွတ်ရုန်းသွားလို့ ဘယ်ဖြစ်ပါ့မလဲနော်…
အမ ကျမကို ရအောင်ကယ်ပါနော်။ ကျမ ဆေးရုံကဆင်းရင် ရုံးကို ချက်ခြင်းလာခဲ့မယ်သိလား...

(ခုနစ်)

အာလေးလျှာလေးနှင့် ဟိုဟိုဒီဒီ တယောက်ယောက်ကို ရှာဖွေရင်း သူမအသံသည် တဖြေးဖြေး ပို၍ ဗလုံးဗထွေးဖြစ်လာကာ နောက်ဆုံး လုံးဝ ငြိမ်သက်သွားခဲ့သည်။
ၾကိတ္မနိုင္ခဲမရ ရိႈက္ငိုသံတခို့် သူမေဘးမွာ ခပ္သဲ့သဲ့။ ဘယ်တော့မှ စဲမည်မဟုတ်သည့် နာကျင်ဆွေးမြည့်သည့် ရှိုက်သံတွေဖြစ်သည်။


ခွာညို
၃၁၊ သြဂုတ်လ၊ ၂၀၀၇။

နိုင်ငံရေးသတ္တိအပြည့်နှင့် ဒုက္ခပေါင်းစုံကို အန်တုရင်ဆိုင်ခဲ့ကြသော၊ ရင်ဆိုင်နေဆဲဖြစ်သော မြန်မာ့အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူများသို့ ဦးညွတ်ဂုဏ်ပြုလျှက်-
(ရွှေခမောက်တွင်ဖော်ပြပြီး)

4 comments:

Unknown said...

သိပ်ကောင်းတဲ့ ၀တ္ထုတိုလေးပဲ အစ်မရေ... တကယ် မြောက်ပြောတာမဟုတ်ဘူး.. ဖတ်ရင်းတကယ်စိတ်မကောင်းဘူး.. ကောင်းတယ်ဆိုတာထက်ကို ရသမြောက်တယ်ပြောရမလားပဲ..။ ကျွန်တော်လည်း ကျောင်းပြန်ဖွင့်နေတော့ မရောက်ဖြစ်တာ အားရင်အားသလို ၀င်ခဲ့ပါ့မယ်.. အစ်မ blog လေးက စကာစဆိုတော့ လူဝင်နည်းနေသေးပေမယ့် နောက်လူတဖြည်းဖြည်းသိလာရင် များလာမှာပေါ့နော့်.. ကျွန်တော့်အစ်မ အဆင်ပြေပါစေ...

မေဓာဝီ said...

အမရေ ဖတ်ရတာ စိတ်မကောင်းစရာပဲ။
အမရဲ့ အရေးအသားထဲမှာ မျောပါသွားတယ်။ တကယ် ရသမြောက်ပါတယ်။ အဲဒီလိုမျိုး ပန်းတိုင်ဆီကို အတူသွားနေကြရင်း လက်တွဲဖြုတ်ခဲ့ကြရတဲ့ လက်တွေ ဘယ်လောက်များနေပြီလဲ ... စဉ်းစားရင်း ၀မ်းနည်းမိတယ်။

Moe Cho Thinn said...

မျက်ရည်ကျရင်း ဖတ်ရတယ်။
ဘ၀တွေ အသက်တွေ စတေးခဲ့ကြရတဲ့ စတေးနေဆဲ အဖြစ်အပျက်တွေကို စိတ်ထိခိုက်လွန်းလို့ပါ။

Sint Si said...

I am secretly wishing or hoping that. ......it's not a true story but I know better. Very touching and so sad!

Template by : kendhin x-template.blogspot.com