(တစ်)
(၉၆) ကနေ (၁၉၉၉) လောက်အထိ ကျမတို့နေရတဲ့အိမ်ကလေး၏မျက်နှာစာက လမ်းဘက်ကို မျက်နှာမူ နေပြီး ရှေ့မှာ ရပ်ကွက်ဈေးကလေးရှိနေသည်။ နောက်ပြီး အိမ်ခြံစည်းရိုးမှာ မေးတင်ဆောက်ထားသည့် ကွမ်းယာဆိုင်ကလေးလည်း ပါသည်။
အဲသည်တုန်းက မူလတန်းပြ ဆရာမတယောက်၏လစာက (၇၅၀) ကျပ်ဖြစ်ပြီး ဘားဆုံးပါမှ (၁၀၂၅)။ ညီအမနှစ်ယောက်လစာပေါင်းလို့မှ အိမ်လခ (၂၀၀၀) မပြည့်။ ရေ တပီပါကို (၃၀) ကျပ်နှင့် မိသားစု ခြောက်ယောက် ဘယ်လိုမှ လောက်အောင် သုံး၍မရပါ။ သည်တော့ ခြေတိုအောင် ကျူရှင်တွေလည်ပြ ကာမှ အိမ်စရိတ်ကာမိရုံ။ အမေ့ခရီးစရိတ်နှင့် လူမှုရေးစရိတ်တွေ…နောက်ပြီး အဖေ့ဆေးဖိုး…။
သည်လိုနှင့်ပဲ နတ်တို့ဖန်ဆင်းသလို အဆင်သင့်ပါလာသည့် ကွမ်းယာ ဆိုင်လေးမှာ ယူနီဖောင်းတောင် မချွတ်နိုင်ဘဲ ကွမ်းယာရောင်းခဲ့ရပါသည်။
ကျောင်းမှာ ကလေးတွေကို ဆေးလိပ်မသောက်ဖို့..ကွမ်းမစားဖို့ စသည်ဖြင့် တပြည့်ကျော်တွေကို ဆုံးမ လိုက်… အိမ်ပြန် ရောက်တော့ အဲဒါတွေရောင်းလိုက်။ သို့သော် ကျမအဖေအတွက်တော့ အပျင်းပြေ စကားပြောဖော်တွေ အများကြီးရလာသည်။ ကရင်ရပ်ကွက်ဖြစ်သည့်အတွက် ကွမ်းရောင်းကောင်းသော ရပ်ကွက်ဖြစ်သည်။ ကျမအမက ကွမ်းယာတာမျိုး ကို စိတ်မရှည်။ သို့သော် ဆိုင်အတွက်လိုအပ်သည့် ကွမ်း တို့ ကွမ်းသီးတို့ အဲလိုမျိုး အလေးအပင်တွေ မဟယ်…ချဟယ်နှင့် ဈေးသက်သာအောင် သီရိမင်္ဂလာဈေး သွားဝယ်ရမည်ဆိုလျှင် မညည်းမညူ။ ရွှံ့ပေပေ..ဗွက်ပေပေ သွားရှာသည်။
ကျမတို့ညီအမတွေက ကွမ်းစားတာနှင့် အလှမ်းကွာသည်။ ဘယ်သူမှ ကွမ်းမယာတတ်။ တခါတော့ ကျမ အမက ကွမ်းရွက် ကို အချောဘက် က ထုံးသုတ်လိုက်သည်။ သုတ်တာမှ တိုက်နံရံဆေးသုတ်သလို သုတ် လိုက်တာ။ “အဘရေ… ကျနော်တို့ ကို ပစ်မထားပါနဲ့” ဟု သူတို့ အဖေ့ကို အော်ခေါ်ကြသည်။ နောက်တော့ - ပိုက်ဆံသာယူပါဗျာ။ ကျနော့်ဖာသာ ယာ စားပါ တော့မယ် ဆိုပီး သူတို့ဖာသာ ယာယူသွားတတ်ကြသည်။
ကျမနှင့်ကျ (၉၂) လို့ပြောလည်း ဘယ်ဆေးဗူးမှန်းမသိ။ ဆေးပေါင်းဆိုတာလည်း ဘာမှန်းမသိ။ ဆေးမွှေးနှင့် အာမွှေးလည်း မခွဲတတ်။ ထည့်လိုက်လျှင်လည်း အများကြီးဖြစ်သွားတတ်သည်။ စိတ်ထဲမှာ နည်းနည်း ထည့်ပေးလျှင် မတန်ဘူးထင်မှာ စိုး၍ အများကြီး ခါချလျှင် သူတို့ကပဲပြန်ပြီး “ဒီဆေးကို အဲလောက်ထည့်ရင် ခင်ဗျား မွဲသွားမှာပေါ့ဗျ။ တယာကို ဒီလောက်ပဲ ထည့်ရတယ်” ဟု ပြန်ပြီးသင်ပြပေးသွားတတ်ကြသည်။
အဲသည်ကွမ်းယာဆိုင်မှာ လာစားနေကျ လူတယောက်နှင့်ဆက်နွယ်ပြီး ကျမ မျောက်ကလေး နှစ်ကောင်ကို တပြိုင်တည်း ထိန်းကျောင်းခဲ့ရဖူးလေသည်။
(နှစ်)
သူများတွေတော့ မသိ။
ကျမအတွက်ကတော့ ကူညီပါ..ဆိုသည့်စကားက တော်တော်ရုန်းရခက်သည့် ကြိုးတချောင်းဖြစ်သည်။ သူ့တူလေးကို တနှစ်ကျမသွားအောင် ကူညီပါဟု ကိုစောကျော်ဦးက အတူအညီတောင်းလာသည်။
အရည်အချင်းကလား…သူတို့အတန်းထဲမှာ ကျောင်းသား (၆၇) ယောက်အနက် အဆင့် (၆၆) တဲ့။ စာမေးပွဲဖြေဖို့က တလမျှသာ ကျန်တော့သည်။ ကျောင်းပျက်ရက်တွေများလွန်းလို့ ရုံးခန်းရောက်ပြီး သည့်နောက် ကျောင်းတက်ခွင့် မပေးတော့ဘဲ စာမေးပွဲဖြေဖို့ကိုသာ ခွင့်ပြုလိုက်သတဲ့။ အသက်က ဆယ့်လေးနှစ်၊ ရှစ်တန်းကျောင်းသား…
သူ့ချည့်ပဲသာလော…မေးလာလျှင်…၀န်ဇင်း မင်းရာဇာလေသံနှင့် “ဆားနှင့်ပါ ဘုရား” ….ဟု ဖြေရမည်။
သူ့သူငယ်ချင်း ကိုးတန်းကျောင်းသားလေးကိုလည်း တခါတည်းသင်ပေးပါ..တဲ့။ စာသင်ခန်းထဲမှာ ဆရာမကို ပြန်ပြောမှုဖြင့် သူလည်းပဲ စာမေးပွဲဖြေခွင့်ပဲရပြီး ကျောင်းတက်ခွင့်အပိတ်ခံထားရသူပဲဖြစ်နေပြန်သည်။
မအားသည့်အကြောင်း… တာဝန်ယူလက်စ ကလေးတွေကလည်း စာမေးပွဲရာသီရောက်လာလျှင် အချိန်တိုးပြီး ဂရုစိုက်ပေးနေရကြောင်း..ဘယ်လို အကြောင်းပြပြ..မရ။
ခက်တာက ဆရာမဆိုလျှင် ပညာအကုန်တတ်ပြီး ဘယ်ဘာသာရပ် ဘယ်အတန်းမဆို သင်တတ်တယ် ထင်နေတာ။ သူငယ်တန်းသင်နေကျဆရာမက ဘာကိုမှ မလေ့လာဘဲ လေးတန်းကိုတောင် သင်၍ မရတာ…ဆယ်တန်းဆရာမပေမယ့် ကလေးအထာ မကျွမ်းလျှင် သူငယ်တန်းကို သင်၍ မဖြစ်တာ…ဆိုတာတွေကို အရပ်သားတွေ နားမလည်။
တွေ့သည်နှင့် အတင်းပဲ အကူအညီပေးပါ..ဆိုသည့်စကားကို ဆိုင်ရှေ့မှာရပ်ပြီး နာရီဝက်ငြင်းလည်း မရ။ နောက်ဆုံးတော့ အဖေကိုယ်တိုင်က ကျမတို့ဆိုးမျိုးကိုခံကာ ကွမ်းယာကိုအားပေးကြသော သူ့ဖောက်သည် ကို အားနာပြီး “သမီးရယ်” …ဟု ဆိုလာတာနှင့်ပဲ ကျမ က နှစ်မဲ တမဲနှင့် အရေးနိမ့်ခဲ့ရလေသည်။
(သုံး)
“ဆရာမ တပြည့်တွေ အခြေအနေဘယ်လိုလဲ” ဟုမေးလာသော ကိုစောကျော်ဦးကို ကျမ အထူး အဆန်း ပြန်ကြည့်ကာ-
“သူတို့ကို ကျမ မြင်တောင် မမြင်ဘူးသေး ဘူး” ဟု ပြန်ဖြေလိုက်သည်။ ကိုစောကျော်ဦး သူ့နဖူးသူ ဖြန်းကနဲ...ရိုက်သံထွက် လာလေသည်။
တကယ်ဆို ကျမအိမ်နှင့် မျက်နှာချင်းဆိုင်မှာ လမ်းချိုးလေးထဲဝင်သွားလိုက်လျှင် တမိနစ်အတွင်းမှာ ကိုးတန်းကျောင်းသား လူဝင်းရဲ့အိမ်ရှိနေပြီး အေးအေးသက်သာ နောက်တမိနစ်လျှောက်ရုံနှင့် ရှစ်တန်း ကျောင်းသား သိုးကလေးတို့အိမ်ကို ခလုတ်တိုက်တွေ့ရမည်။ အဲသည်လောက် နီးကပ်သည့်အနေအထားမှာ ကျမဆီကိုလွှတ်လိုက်ဆိုထားသည့် တပတ်အထိ သူတို့နှစ်ယောက် ကျမဆီကို ရောက်မလာခဲ့။
ကျမက မနက်ပိုင်းကျောင်းသွားရသည်။ ပြန်လာတာနှင့် အိမ်ဝေယျဝစ္စတွေလုပ်ရသည်။ နေ့ခင်းနှင့်ညဦး ပိုင်းတွေမှာ နှစ်စ ကတည်းက ယူထားသည့် ဟုမ်းကျူရှင်တွေကို ပြေးရသည်။ ည ကိုးနာရီလောက်မှ အိမ်ပြန်ရောက်ရတာ။ သည်ကြားထဲက မေတ္တာနှင့်ကူညီရမည့် သူတို့နှစ်ယောက်ဆီကို သွားရမည်ဆိုလျှင် ကျမမှာ အ၀တ်လဲဦး..ခေါင်းဖြီးဦး… ဆိုသည့် ကရိကထ တွေ ထပ်တိုးလာဦးမည်။ မလုပ်ချင်။ တကယ်ဆို ကျမလို ကျန်းမာရေးညံ့သူတယောက်အတွက် နားချိန်ပင် မလုံလောက် သည့်ကြားက အိပ်ချိန်ကို ထပ်ဖဲ့ပြီး သင်ပေးရမှာ။ ဒါကို ကျေးဇူးရှင် မင်းနှစ်ပါးက ကြွချီတော် မူမလာခဲ့ကြ။
ခနနေတော့ ဦးလေးလုပ်သူက မောင်းသွင်းလာသဖြင့် အဲသည် မျောက်ကလေးနှစ်ကောင် ကျမရှေ့ ရောက်လာသည်။
အကြီးကောင် လူဝင်းက စကားသိပ်မပြော၊ အပြစ်တင်တာကို နှုတ်ခမ်းရဲရဲလေးမပွင့်တပွင့်ဖွင့်ကာ ရယ် နေသည်။ အ၀တ်အစား၊ ဆံပင်ပုံစံတို့က သပ်ယပ်မှုရှိပါသည်။ တရုတ်နှင့် ကချင်စပ်သည်ဆိုလား။ အသားဖြူသော ကလေးတယောက်ဖြစ်၏။
သိုးကလေးကတော့ အသားညိုညို ပိန်သွယ်သွယ်၊ ဆံပင်ဘုတ်သိုက် အုပ်လုံးလုံးလေးနှင့် အရည်လဲ့နေ သည့် မျက်လုံး လေးတွေက သူလုပ်သမျှ အပြစ်မဖြစ်ရလေအောင် ကာကွယ်ပေးထားနိုင်စွမ်းရှိ အောင်ကို ဆန်းကြယ်နက် ရှိုင်းသည်။ အရပ်ကြီးရှည်သလောက် အသားမရှိသောကိုယ်ခန္ဓာက ရေညှောင့်ကောင် လေးနှင့်တူနေစေသည်။ ယုံချင်စရာတခုမှ မပါမှန်း သူကိုယ်တိုင်သိသိကြီးနှင့် သားက… သားက…ဆိုသည့် စကားလုံးတွေထဲထည့်လိပ်သော ဆင်ခြေတွေကို ဇွတ်တရွတ်ပြောပြနေသည်။ ခွေးစွယ်လို သွားတက် ချွန်ချွန်လေး နှစ်ချောင်းထုတ်ထုတ်ပြပြီး ရယ်ပြနေ တာကို ကြည့်ရင်း နှင့်ပဲ နောက်ဆုံးတော့ ကျမပဲ သူတို့အိမ်သွားသင်ဖို့ သဘောတူလိုက်ရတော့တာ။
(လေး)
လူဝင်းရဲ့ဦးလေးက လာအကဲခတ်သည်…ဆိုတော့ စိတ်ထဲ ထောင်းကနဲဖြစ်သွားရသေးသည်။ ကျမက ငွေနှင့်သင်သည်ဆိုလျှင်တောင် အုပ်ထိန်းသူဖြစ်သည့် သူက ကျမဆီကို လာပြီး ကျောင်းသားအပ်ရဦးမှာ။ အခုတော့ ကြားလူတယောက်က အကူအညီတောင်းတာကို ကလေးကလည်း “ကျနော် ကိုယ်ဘာလုပ်ရ မယ်ဆိုတာကို သိပါတယ် ဆရာမ၊ ဒီနှစ် ကိုးတန်းမကျချင်ပါဘူး” ဆိုသည့် အပြုံးကို ရပ်တန့်ကာ တည်တည် တံ့တံ့နှင့် သူ့ဆန္ဒလေးကို ပြောခဲ့သောကြောင့်ပါ။
ကျမထံ သူ့ကိုလာအပ်တဲ့ ကိုစောကျော်ဦးက ဒီကလေးက ဦးလေးအိမ်မှာနေရပြီး ဦးလေးကလည်း ယောက်ခမ အိမ်မှာ နေရသူဖြစ်သောကြောင့် သည်ကလေးမှာ အိမ်တွင်းရေးပြဿနာအခက်အခဲတွေနှင့် စိတ်မပျော်ရွှင်မှုတွေ ရှိနေသည် ဆိုသောကြောင့် မိခင်စိတ်နှင့် ဆရာမစိတ်ပေါင်းကာ ကျမ စာသင်ပေးဖို့ လက်ခံခဲ့တာဖြစ်သည်။
ပိုက်ဆံနှင့် သင်ရမည်ဆိုလျှင် ဘယ်လောက်ရရ မသင်နိုင်။ တနှစ်လုံးသင်ထားသမျှစာကို ကျမက သူတို့ဆီ သွားခါနီးတိုင်း ရှစ်တန်းစာရော ကိုးတန်းစာကိုပါ ဘာသာစုံ ပြန်ဖတ်ရတာ။ သူတို့ ဘာမေးမေး ဖြေနိုင်ဖို့ ဆိုတာ ကျမအတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ ကျမသာလျှင်အသိဆုံး။
ကျမတို့တုန်းက ရူပဗေဒနှင့် ဓာတုဗေဒတို့သင်ခဲ့ရသော်လည်း မြန်မာလို။ အခု ကျမက တအုပ်လုံးကို အင်္ဂလိပ်လိုဖတ်ရသည်။ နောက်ပြီး ကျမက ဆယ်တန်းအောင်ကတည်းက ဒဿနိက ဗေဒကိုယူခဲ့သူမို့ သိပ္ပံဘာသာရပ်တွေနှင့် ဆယ်နှစ်ကျော်အဆက်ပြတ်နေခဲ့ပြီ။ ဇီဝဗေဒဆိုလျှင် သင်ခဲ့ရတာ တောင်မဟုတ်။ ဆိုတော့..သည်ကလေးနှစ်ယောက်ပေါင်းကို သင်ပေးဖို့ ကျမက ဘာသာရပ်ပေါင်း နှစ်ဆယ်လောက်ကို တနှစ်စာကို တထိုင်တည်းဖတ်ဖတ်ပြီးသင်ရတာ။
တကယ်ဆို အနီးကပ်ကျူရှင်ဆိုတာ နှစ်စကတည်းက သင်တာထက် သုံးလေးဆ ပိုက်ဆံပေးပြီး သင်ရတာ မျိုး။ အထူးသဖြင့် အိမ်ကိုလိုက်သင်လျှင် နောက်ထပ်ပိုတိုးပေးရတာမျိုး။ အခုတော့ အလကားလည်း သင် ပေးရသေး။ လူကြီးက လာအပ်တာလည်းမဟုတ်၊ ဒီကြားထဲက လာချောင်းသည်ဆိုတော့ ဘာကြောင့် ချောင်းချောင်း ကျမကို စော်ကားသလို ခံစားရသည်။ သို့သော် လူဝင်းကို သနားသောကြောင့် ကျမ သည်းခံမျိုသိပ်ထားလိုက်ပါသည်။
တပြည့်သက်တမ်း (၂) ရက်သာရှိသေးသည့်တိုင် ဆိုးရုံသာဆိုးပြီး မရိုင်းစိုင်းသော၊ ပြောစကားကို
မြေ၀ယ်မကျ နားထောင်သော သည်ကလေးနှစ်ယောက်၏ စရိုက်သဘာဝလေးတွေကို ခန့်မှန်းမိ သည့်အတွက် ဘယ်လိုပဲဖြစ်ဖြစ် ကျမ သူတို့ စာမေးပွဲ နောက်ဆုံးရက်အထိ တာဝန်ယူပေးဖို့ ဆုံးဖြတ်ပြီးသားဖြစ်ခဲ့ပြီ။
ကျမကိုမြင်သည်နှင့် နှစ်ယောက်သား မီးဖိုထဲပြေးဝင်ပြီး ကော်ဖီဖျော်ဖို့လုကြ…. ဒိုးဒိုးဒန့်ဒန့်…တွန်းတွန်း တိုက်တိုက်နှင့် ကြားက ကော်ဖီမမှောက်ကျအောင်သယ်လာကြနှင့် ဆရာမက သူတို့ကို ထားရစ်ခဲ့ကြမှာ ကိုတော့ စိတ်ပူရှာကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ကျမ သည်းခံလိုက်ပါသည်။
(ငါး)
“ဖိုးသိုး၊ မင်း လူဝင်းကို လျှာထုတ်ပြောင်ပြနေတာကို မရပ်ရင် ငါ တုတ်စာကျွေးတော့မယ်နော်” ဟု ကျမ ပြောလိုက်သံ အဆုံးတွင် ဓာတုဗေဒ ဗေလင်စီညှိနေသည့် လူဝင်းထံမှ ခပ်ကြိတ်ကြိတ်ရယ်သံနှင့်အတူ သိုးကလေးက ကျမဘေးကို စွေ့ ကနဲ ရောက်လာသည်။ ခေါင်းငုံ့ကာ စာစစ်နေသည့် ကျမမျက်လုံးတွေကို မြင်ရအောင် ရှည်ကိုင်းသော ခါးကိုညွတ်ချိုး လျှက် မျက်မှန်အောက်က ကျမမျက်လုံးတွေကို အတင်း လာ ကြည့်ဖို့ကြိုးစားသည်။
“ဆရာမ သား လျှာထုတ်နေတာကို ဘယ်လိုလုပ်မြင်လဲ။ ဆရာမက ခေါင်းလည်းငုံ့ထားတယ်။ မျက်လွှာလည်းချထားတယ်။ စာလည်းစစ်နေတယ်။ သားကို ဘယ်လိုလုပ်ပီး မြင်လဲ” ဟု အထူးအဆန်းမျက်လုံးတွေနှင့် အတင်းမေးနေသည်မှာ ပီဘိကလေးလေးလို…
စာရွတ်ဆိုနေရင်း နရီမှန်မှန် ပြတ်သွားသည့် အသံကြောင့် ကျမ သူ့ကို မော့မကြည့်လည်း သူဘာလုပ်နေ လည်း သိနိုင်နေတာပါ။ ကျမက ရယ်မောလျှက်
“ဆရာမ မဖြစ်ခင် ကျောင်းသားဘ၀ကို အရင်ဖြတ်သန်းခဲ့တာလေ သားရဲ့။ မင်းတို့လုပ်သမျှ ဆရာမသိ အောင် လုပ်လိုက် မယ်ဆိုတဲ့ ဆရာကို ပညာပြတာတွေ။ အရူးလုပ်တာတွေအားလုံး ဆရာမလည်း လုပ်ခဲ့ ဖူးတာပဲ” ဟု ခပ်တည်တည်နှင့် ဖိန့်လိုက်ပြီး ကိုယ့်နေရာကိုယ်ပြန်ထိုင်၊ စာကောင်းကောင်းကျက်…ဟု အမိန့်ပေးလိုက်တော့မှ ငြိမ်သွားသည်။
တခါတလေများ ကျမ နောက်ကျပြီဆိုလျှင် သူတို့ဆီ မလာတော့ဘူးထင်ပြီး မျက်နှာငယ်လေးတွေနှင့် စိတ်မကောင်းဖြစ်နေကြသည်ဟု သိုးကလေးရဲ့အမေက ပြန်ပြောပြ၏။ ဆရာမအနားမှာထိုင်နေရင် စာကျက်ဖြစ်တယ်။ စာကျက်ရတာလည်း အားရှိတယ်…ဟုလည်း ပြောသတဲ့။ သည်လိုနှင့် ကျမမှာ သန်းကောင်နားနီးမှချည့် အိမ်ပြန်ရတော့သည်။
(ခြောက်)
ကျမက စာမေးပွဲစမဖြေခင်ရက်နှင့် သူတို့ကျက်ရမည့် ကျောင်းကပေးထားသည့်စာအပုဒ်ရေကို အချိုးကျ တွက်ကာ တနေ့ကို ဘယ်ဘာသာမှာ ဘယ်နှစ်ပုဒ်ပီးအောင်ကျက်ရမည်ဆိုတာကို တခါတည်းတွက်ပေး ထားသည်။ ကျမက သမိုင်း၊ ပထ၀ီလိုစာတွေကို အဓိကအချက်ကလေးတွေထုတ်ပေးပြီး တထိုင်တည်း ရအောင် ရှင်းပြရင်း ကူကျက်ပေးသွားသည်။ အင်္ဂလိပ်စာနှင့်သိပ္ပံတွဲဆိုလျှင် ရှင်းပြပြီး လေ့ကျင့်ခန်းတွေ ထားပေးခဲ့သည်။ ကျမ ရောက်လာလျှင် တယောက်ကိုစာစစ်ပေးရင်း တယောက် စာပြန်တာကို နားထောင်၊ တပြိုင်တည်းမှာ နှစ်ယောက်လုံးကို အဲဒီလိုစာစစ်ပေးရသည်။
တနေ့ လူဝင်း စာကောင်းကောင်းမရဘဲဖြစ်နေတော့ ကျမ စိတ်နည်းနည်းတိုလာသည်။
“သားတို့ကို ဆရာမ နှိပ်စက်နေတာမဟုတ်ဘူး။ ဒီအချိန်မှာ ဒီလိုမှ မကြည့်ရင် သားတို့ စာမေးပွဲမှာ ဘယ်လိုမှ မဖြေနိုင်ဘူး။ သေချာတယ်။ နောက်တနှစ်လုံး ဒီစာတွေပြန်ကြည့်မနေရအောင် အခု တလလောက်ကို ဘာကြောင့် အပင်ပန်းမခံချင်ရတာလဲ” ဟု အပြစ်တင်သောအခါ လူဝင်းက မျက်နှာငယ်လေးနှင့် …
“သား၊ စာတကယ်ကျက်ထားပါတယ် ဆရာမ၊ ဒါပေမယ့် အခု ဘာလို့ မေ့သွားလဲမသိဘူး။ ခေါင်းထဲမှာ လည်း အုံပြီး ခြေထောက်တွေကလည်း ညောင်းနေသလိုပဲ။ ဘယ်လိုကြီးလဲမသိဘူးဖြစ်နေပြီးတော့ ရပီး သားစာတွေ အခု မမှတ်မိတော့ဘူး ဖြစ်နေတယ်” ဟုပြောသည်။
ကျမက လူဝင်းမျက်နှာကို သေသေချာချာစိုက်ကြည့်လိုက်သည်။ ညာသလားဆိုတာကို…လူဝင်းက သိုးကလေးလို ပြောင်ချော်ချော်ရုပ်ကလေးနှင့် ချွဲလိုက်…ပလီပလာပြောလိုက် လုပ်တတ်သည့် ကလေး မဟုတ်သည့်အတွက် သူ့စကားကို ယုံလိုက်သည်။
သိုးကလေး အမေက အထဲကနေ - အလကား ဆရာမ၊ ဆရာမကို သက်သက်မဲ့ ပလီပလာပြောပြီး လိမ်နေတာ၊ မယုံနဲ့ - ဟုလှမ်းအော်သည်ကို ကျမ ယုံသွားမှာကို စိုးရိမ်သွားသည့် ဟန်က သူ့မျက်နှာမှာ လှစ်ကနဲပေါ်လာသည်။
“ညက ဘယ်အချိန် အိပ်သလဲ”
“နှစ်နာရီ”
“ဘာလုပ်နေလို့ အဲဒီအချိန်မှ အိပ်သလဲ”
“လမ်းမပေါ်မှာ စကိတ်စီးနေကြတာ”
ဇန်န၀ါရီလကုန်ရက်ဆိုတာ ဆောင်းကြွင်း အအေးပိုသည့်အချိန်၊ ခေါင်းဆောင်းမပါ၊ အနွေးထည်ပါးပါးနှင့် သန်းကောင်သန်းလွှဲ အပြင်မှာနေမှတော့ အအေးမိကရောပေါ့ကွယ်။
“ကဲ…မမေရေ၊ ကော်ဖီတခွက်နဲ့ ပါရာစီတာမောလ် တပြားလောက် လူဝင်းကို လုပ်ပေးလိုက်ပါအုံး” ဟု တောင်းသည်ကို သူ မဖျားပါဘူး…ဟု ကျမကို ခံငြင်းနေသေးသည်။ သားကို ဆရာမ အဆိပ်ကျွေးနေတာ မဟုတ်ဘူး။ သောက်လိုက်…ဆိုတော့ မငြင်း၊ ကျမ ဆေးရှိန်မြန်မြန်တက်အောင် ၀ါးစားခိုင်းလိုက်သည်။ ခါးပြီး ရှုံ့မဲ့သွားတော့ သနားစရာတော့ ကောင်းသား။ သို့သော် ဆယ့်ငါးမိနစ်လောက်ရှိတော့ သူ သဘော ပေါက်သွားသည်။ ခေါင်းကြည်ပြီး သူမေ့နေသော စာတွေ ပြန်ပီး မှတ်မိလာသည်။
သိုးကလေးအမေက သူတို့နှစ်ယောက်က ညတိုင်း နာရီပြန်နှစ်ချက်မှ အိမ်ထဲဝင်ကြောင်းနှင့် အိပ်လိုက် လျှင်လည်း စောင်တထည်ကို နှစ်ယောက်လုခြုံပြီး အိပ်ပျော်သွားတာနှင့် အဲသည်စောင်တထည်က ဘယ်သူ့ပေါ်မှာမှ မရှိဘူး…ဟုလည်း ၀င်ပြောသည်။
“စာမေးပွဲ တကယ်အောင်ချင်ရင် မင်းတို့ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရလိမ့်မယ်။ နေမကောင်းရင် စာတွေ မမှတ်မိတာအပြင်ကို ရပီးသားစာတောင် မေ့သွားတယ်ဆိုတာ အခု သိပြီမဟုတ်လား။ ဒီတော့ ညကျရင် (၁၂) နာရီနောက်ဆုံးထားပြီး မင်းတို့ အိမ်ထဲဝင်ပါ့မယ်လို့ ဆရာမကို ကတိပေးပါ”
လူဝင်းက ခေါင်းငြိမ့်မည်ပြင်ဆဲ…သိုးကလေးက နှုတ်ခမ်းလေးထော်ကာ အထွန့်တက်သည်။
“ဆရာမပြန်တော့ပဲ သန်းကောင်ကျော်ကျော်နေပီဟာ၊ ဒါဆို သားတို့က ဆရာမကိုတောင် အိမ်အပြန်လိုက်ပို့ပေးလို့ မရတော့ဘူးပေါ့”
ကျမက သိုးကလေးရဲ့ ဆံပင်ဘုတ်သိုက်ကို ဆွဲဖွရင်း ရယ်မောမိပါသည်။
“ဘာလဲသိုး၊ မင်းက ဆရာမကို စောစောနှင်နေတာလား” ဟုမေးတော့ ပျာပျာသလဲနှင့် “ဟာ..မဟုတ်ပါဘူး ဆရာမ၊ မဟုတ်ပါဘူး” ဟု ငြင်းသည်။
“သားတို့က ဆရာမပေးခဲ့တဲ့ အိမ်စာကို အကုန်ကျက်ထားမယ်ဆိုရင် ဆရာမလည်း စောစောပြန်လို့ရတာပေါ့။ သားတို့က အကြွေးချန်ထားရင် တရက်အတွက် သတ်မှတ်ထားတဲ့စာ မပြတ်ဘဲနဲ့ ပြန်ရမှာ ဆရာမ ဘယ်စိတ်ဖြောင့်ပါ့မလဲ”
ဆိုတော့… ဆရာမကို သနားသွားဟန်နှင့် “သားတို့ ကတိပေးပါတယ်။ စာလည်းရအောင်ကျက်ထားမယ်၊ ည ဆယ့်နှစ်နာရီမှာလည်း အိမ်ထဲအရောက်ပြန်ဝင်ပါ့မယ်” ဟု ကတိပေးလာသည်။
ကျမက ရယ်မောလျှက် “ကတိ…နော်” ဟု တုပ်နှောင်စကားဆိုသောအခါ-
“ယောက်ကျားကတိပါ ဆရာမ” တဲ့။
ပေးထားသည့်ကတိကို သူတို့ တကယ်တည်ခဲ့ကြပါသည်။ သိုးကလေးရဲ့အမေကဆို ဘယ်သောအခါမှ သူ့စကား နားမ၀င် သည့် သူ့သားကို အံ့တွေသြလို့မဆုံးနိုင်။
(ခုနစ်)
ကျမက ကလေးတွေကို စာသင်သည့်အခါ လိုအပ်သည်ဟု ယူဆလျှင် အနားပေးလေ့ရှိပါသည်။ ဒါကို သိုးကလေးအမေက နားမလည်။ ဆက်တိုက်သင်စေချင်သည်။ တနှစ်လုံးစာကို တထိုင်တည်း ကြည့်ရ သည့်ပင်ပန်းမှုကို သူမတွက်တတ်သည်ကို ကျမက နားလည်အောင်ရှင်းပြလည်း သူသိပ်တော့ နား မလည်ပါ။
တနေ့…ကျမက သိုးကလေးကို စာရှင်းပြနေစဉ် -
“အား…ဆရာမ၊ သား ဘယ်လိုမှ မနေနိုင်တော့ဘူး၊ ခနလေးနော်” ဟု ဆိုကာ ကျမအဖြေကို မစောင့်ဘဲ လူဝင်းဆတ်ကနဲထလိုက်တော့ ကျမစိတ်မှာ ဗိုက်နာလို့များ ရေအိမ်ဝင်ချင်သလားမှတ်လိုက်သည်။ သို့သော် လူဝင်းက အတွင်းကိုမပြေးဘဲ အပြင်ကို ပြေးထွက်သွားသည့်အတွက် နဝေတိမ်တောင်ဖြစ်သွားသည့် ကျမကို စာပြန်ရင်း ကျန်ရစ်ခဲ့သည့် သိုးကလေးက မြွေမြွေချင်း ခြေမြင်သည့်ပြုံးတုံ့တုံ့နှင့် ကျမကို အကဲခတ်သလိုကြည့်နေသည်။
ထို့ကြောင့် အပြင်က ၀င်လာသည့် ကိုစောကျော်ဦးကို မေးကြည့်တော့ သူကလည်း ပြုံးစေ့စေ့နှင့် ပြောသည်။
“ဆရာမ တပြည့် ရှေ့မှာ ထွက်ကနေတာ ကွေးလို့-” တဲ့….
“ဟောတော်..” ဟု ကျမ အံ့သြတော့ သိုးကလေးက နောင်နောင်သည်က ဖွင့်တဲ့အသံ ဟိုး..အဝေးကြီးကတည်းက ကြားနေကတည်းက သူရွနေတာဆရာမ” ဟု ကျမကို အတို့အထောင်လုပ်သည်။
နောင်နောင်သည်..ဆိုတာက ရာသီစာ ဆီးသီး၊ သရက်သီးတို့ကို နွယ်ချိုတို့ ငရုပ်သီးမှုန့်တို့နှင့်နယ်ကာ မောင်းထုရောင်းသည့် တွန်းလှည်းဈေးသည်ကို သူတို့ခေါ်ကြတာဖြစ်သည်။ သည်တော့မှ ပတ်ဝန်းကျင်က အသံကို ကျမ သတိထားမိသည်။ ဟုတ်သား…အင်္ဂလိပ်သီချင်း ခပ်မြူးမြူးက လမ်းမပေါ်ကနေ ကျမတို့ဆီကို လှိမ့်ဝင်နေတာကိုး…
“သူကတော့ သားလည်း ကချင်တာပေါ့ ဆရာမ၊ သားလည်း ကမယ်နော်၊ ခဏလေးပါနော်…” နော်…နော်…ဆိုသည့် တောင်းဆိုသံကိုသာ ထားရစ်ခဲ့ပြီး ကျမဆီက ခွင့်ပြုချက်ကို ယူမသွားဘဲ သိုးကလေးကပါ ပြေးထွက်သွားတော့ ကျမမှာ သူတို့နှစ်ယောက်ရဲ့ ပြန့်ကျဲနေသည့် စာအုပ်ပုံတွေကြားမှာ ငုပ်တုပ်။
အဲဒါကြောင့် ပြောတာပေါ့။ ကျမက ဆရာမ အမည်ခံပြီး မျောက်ထိန်းလုပ်နေရတာပါလို့….
(နိဂုံး)
ကျမက မေတ္တာနှင့် ကူညီခြင်း သက်သက်ဖြစ်သောကြောင့် အခကြေးငွေမရဘူးဟု မဆိုလိုပါ။ တောမှာ ဆန်စက်ရှိသော သိုးကလေးအမေက ကျမတို့ကို သူတို့ဆန်စက်က ဆန်အကောင်းစားတွေကို အိတ်လိုက်ထမ်းပြီး လာပို့ခိုင်းပါသည်။ အုန်းသီးတွေရော..တောစာတွေရော သယ်လာပေး၏။ အဖေ့ကို ထုတ်ဆန်ကြမ်းကြမ်းကိုသာ ကျွေးနေရသည့်အတွက် စိတ်မကောင်းဖြစ်နေသော ကျမအတွက် အဲသည်ဆန်အိတ်မကုန်မချင်း အဖေ့အတွက် စိတ်ချမ်းသာရပါသည်။
လူဝင်းကတော့ သူ့ဦးလေးက ပေးခိုင်းလိုက်သည့် တတောင်မက ကြီးသော ကကတစ် ငါးကြီးတွေ နှစ်ခါလား သုံးခါလား မမှတ်မိတော့၊ လာလာပေးသွားသည်။ သူ့ဦးလေးက အဲသည်တုန်းက မြန်မာပြည်က ငါးတွေကို တရုတ်ပြည်ကိုပို့သည့် ငါးကုမ္ပဏီမှာ မန်နေဂျာကိုး…။ အမှန်အတိုင်း ၀န်ခံရလျှင် ဤမျှ အရသာကောင်းသောငါးက ဈေးလည်း အလွန်ကြီးသောကြောင့် အဖေကြိုက်မှန်းသိသည့်တိုင် ကျမ အကြိမ်များစွာ ၀ယ်မကျွေးနိုင်ခဲ့ပါ။
သိုးကလေးက ဂုဏ်ထူး နှစ်ဘာသာနှင့်…လူဝင်းက တဘာသာဂုဏ်ထူးနှင့် အဲသည်နှစ်က သူတို့အတန်းတင် စာမေးပွဲတွေ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့မှုကြောင့် ရရှိခဲ့သည့် ပီတိကတော့ အချိုမြဆုံး စာသင်ကြေး…ဟု ပြောရပါလိမ့်မည်။
ဖေဖော်ဝါရီလ (၂၆) ရက်။
(မှတ်ချက်။ ။ ဖေဖော်ဝါရီလသည် စာမေးပွဲရာသီဖြစ်သောကြောင့် ကျမ၏မျောက်ကလေးတွေနှင့် ကျမ အမြဲတမ်း ဆူညံပွက်လောရိုက်ကာ နေကြရသည့် ကာလနှင့် တိုက်ဆိုင်စွာ ကျမ သည်စာကို ရေးဖြစ်နေတာ အခုမှကို သတိထားမိပါသည်။ )
ရွာပြင်ထုတ်ခံရသူများ
13 years ago