Friday, February 19, 2010

မျောက်ထိန်း-မိတ်ဆက်စကား

ကိုယ့်ကိုကိုယ် ဆရာမ…လို့ မိတ်ဆက်မယ့်အစား “မျောက်ထိန်း” လို့
ပစ်ပစ်ခါခါ ပြောမိတဲ့အကြိမ်ပေါင်းက မရေတွက်နိုင်ပါ။

ကိုယ့်အလုပ်ကိုယ်နာကျည်းတာလား…ကလေးတွေကိုပဲ ဆိုး..ဆိုးနိုင်လွန်းလို့
အချဉ်ပေါက် အငေါ်တူးမိသလား…
တခါတခါကျတော့ ဒေါသထွက်လွန်းအားကြီးလို့
“ဟင်…နင်တို့မိဘတွေက ထမင်းအိုးတလုံးနဲ့ ပစ်ထားလိုက်ကြသလား။
ဒါတွေကို သင်ပြဆုံးမပေးရကောင်းမှန်း မသိဘူးလား…” လို့
ဒေါသတကြီး အော်ဟစ်မိတဲ့အခါတွေလည်းရှိခဲ့ဖူး…။

******

ကျမရှေ့မှာ ငြိမ်ငြိမ်ကလေး ဂိမ်း ထိုင်ဆော့နေတဲ့ (၆) နှစ်သားလေးကိုကြည့်ရင်း ကျမ အိပ်ငိုက်လာပါတယ်။

ဒီနေ့ ညလယ်မှာ အလုပ်ဆင်းခဲ့ရပြီး နေမွန်းမတည့်ခင်တော့ အိမ်ပြန်ရောက်ပါရဲ့။
(တကယ်တော့ မြန်မာပြည်မှာလို နေမွန်းတည့်ခြင်း မတည့်ခြင်းက
ဒီနိုင်ငံက ဆောင်းနှင်းတွေကြားမှာ နည်းနည်းမှ စာဖွဲ့ရင်ခုန်လို့မကောင်းပါ။)

သတင်းတွေဘာသာပြန်ရင်း တနာရီအတွင်း..Line up တက်တက်လာတဲ့သတင်းတွေကို
News One က တက်လာပြန်ပီဆိုပီး လာထုတ်ပေးမှာကို နှလုံးရောဂါရမတတ်တထိတ်ထိတ်နဲ့ မပီးသေးတဲ့ဘာသာပြန်ခြင်းအလုပ်ကို ခေါင်းမမော့တမ်း...
ရေဆာလို့မှ ကောက်မမော့နိုင်လောက်အောင် ကုန်းရုန်းနေခဲ့ရင်း
မအိပ်ဖြစ်တဲ့ကြားက အိပ်ချင်ဖို့တောင် နည်းနည်းလေးမှ သန်းဝေချိန်မရအောင်စိတ်ဖိစီးရတာ။

အိမ်ပြန်ရောက်တဲ့အခါ အဖေရော အမေရောက အလုပ်တွေနဲ့
ကလေးနှစ်ယောက် ကျောင်းဆင်းချိန် လူကြီးမရှိလို့
အမြဲတမ်း အလုပ်ကို စိတ်ဖြောင့်ဖြောင့်မလုပ်နိုင်တဲ့ မိတ်ဆွေတွေကိုကူညီလိုစိတ်နဲ့
“ကျမ စောင့်ပေးမယ်” လို့ ခပ်လွယ်လွယ်ပြောမိတဲ့စကားအတိုင်း
ညနေ သုံးနာရီခွဲမှာ သည်ကလေးနှစ်ယောက်ကို (၅) မိနစ်လောက်အိမ်ကလျှောက်ရင် ရောက်တဲ့ကျောင်းရှေ့မှာသွားကြို။ ပြီးတော့ သူတို့အိမ်အထိလိုက်။
ကလေးတွေအမေပြန်မလာခင် (၅) နာရီဝန်းကျင်အထိ ထိုင်စောင့်။

Wii လို့ခေါ်တဲ့ အင်တာနက်နဲ့ချိတ်ပြီး ကစားတဲ့ဂိမ်းကို စွဲလမ်းပြီး ကျောင်းလွယ်အိပ်ချပြီးတာနဲ့
တီဗီဖွင့်ပြီး ကစားနေလိုက်တာ…ထမင်းမေ့..ရေမေ့…အိမ်သာတက်ဖို့တောင် မေ့နေကြတဲ့ သည်ကလေးတွေကို ထိုင်ကြည့် အိပ်ငိုက်ရင်း ချစ်လှစွာသော တပြည့်လေးတွေဆီကို စိတ်က အပြေးအလွှားပြန်ရောက်နေတော့တယ်။

3 comments:

ကိုလူထွေး said...

မိဘတွေကို ပြောပြလိုက်ရောပေါ့ဗျာ...

ကိုယ်ကအိပ်ရေးပျက်လွန်းပြီး ကလေးတွေကို ထိရောက်တဲ့ လုံခြုံမှု မပေးနိုင်တဲ့ အခါမျိုးကျရင် အပြစ်က ကိုယ့်အပေါ် ပုံကျလာအုံးမယ်...

နောက်ပြီး ပင်ပန်းလွန်းလို့ နေထိုင်မကောင်း ဖြစ်လာတဲ့အခါကျရင်လည်း ပုံမှန်လုပ်နေရတဲ့ အလုပ်ကိုတောင် ထိခိုက်လာအုံးမယ်...

ဘယ်သူမှ အကျိုးမရှိတဲ့ နောက်ဆက်တွဲတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကလေးရှင်တွေကို အစောကတည်းက အကျိုးအကြောင်း ပြောပြထားရင် ကောင်းမယ်ထင်တာပဲ...

းဝ)

မြ said...

တကယ်တော့ ဒီကလေးလေး နှစ်ယောက်က လိမ်လိမ်မာမာ ငြိမ်ငြိမ်လေးတွေပါ... ဂိမ်းဆော့ပီး ငြိမ်လွန်းလို့တောင် သိပ်အားမရဘူး။ စာသင်ရတာလည်းမဟုတ်၊ ထိုင်ပီး အဖော်လုပ်ပေးရုံပါ။ (၂) နာရီတောင်မပြည့်တဲ့ ကူညီမှုပါ။

ကျမပြောတဲ့ “မျောက်.”..ဆိုတာက
ကျမရဲ့ ဆရာမ သက်တမ်းတလျှောက်မှာ ကျမကို ဒေါသထွက်အောင်...စိတ်ပူပင်အောင်...
ဂရုဏာသက်အောင်...စသည်ဖြင့် စိတ်ခံစားမှုမျိုးစုံပေးခဲ့ဖူးကြတဲ့...
ကျမရဲ့ တပြည့်လေးတွေကိုရည်ညွှန်းတာပါ။

ဆရာဦးအောင်သင်းကိုလည်း သူ့မိတ်ဆွေတွေက အဲလိုပဲ စာသင်ခိုင်းကြတော့ သူပြန်ပြောတဲ့စကားတခွန်းကို မှတ်မိနေတယ်။

“သူတို့က ပြောတာတော့ စာသင်ပေးပါ ဆိုပီး မျောက်ထိန်းခိုင်းတာပဲ။ သူတို့ကလေး တယောက် တယောက်ဆိုတာကလည်း မျောက်သုံးကောင်အားနဲ့ညီနေတာ...သေရချည်ရဲ့”

ကျမရဲ့ ဆရာမသက်တမ်း အနှစ် နှစ်ဆယ်ထဲမှာ ကျမဆီရောက်လာတဲ့ လှောင်အိမ်ကလွတ်တဲ့ မျောက်ကလေးတွေအကြောင်း အမှတ်တရ စာရေးမလား...စိတ်ကူးပေါက်လာမိတာပါ။ ဒီကလေးတွေနားမှာထိုင်ရင်း ကျမ ကလေးတွေကို ပြန်သတိရတာကိုသာ ဆိုလိုတာပါ ဦးလူထွေးရေ...

ကိုလူထွေး said...

ဂလိုကိုး...

းဝ)

Template by : kendhin x-template.blogspot.com